ပွင့်လိုက် ပိတ်လိုက် မြန်မာ့အင်တာနက်

  • မသင်းသီရိ

ပွင့်လိုက် ပိတ်လိုက် မြန်မာ့အင်တာနက်

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အရင်တုန်းက ပိတ်ပင်ထားတဲ့ ပြည်ပ သတင်းဌာနတချို့ရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာတချို့ကို ပြီးခဲ့တဲ့တပတ်ကျော်လောက်က တိုက်ရိုက် ကြည့်ရှုလို့ ရနေခဲ့ပါတယ်။ ဒါပေမဲ့ အခုကတော့ ဒီဝက်ဘ်ဆိုက်တွေ အားလုံး ကြည့်လို့မရတော့ဘဲ ပြန်ပိတ်သွားတယ်လို့ သိရပါတယ်။ သတင်းမီဒီယာရဲ့အခန်းကဏ္ဍကို မြင့်တင်မယ်လို့ အစိုးရကပြောပြီး ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ ကြည့်ခွင့်ရလာတာက သတင်းအင်တာနက် ထိန်းချုပ်တာတွေ လျော့လာပြီလား ဆိုတဲ့ သုံးသပ်ချက်တွေကို ရိုက်ချိုးခံလိုက်ရသလို ဖြစ်နေပြီလို့ ပြည်တွင်းသတင်းသမားတွေက ဆိုပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။

ပြည်တွင်းမှာ ကြည့်ခွင့်မပေးဘဲ ပိတ်ပင်ထားတဲ့ ပြည်ပသတင်းဌာနတွေရဲ့ သတင်းစာမျက်နှာ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ် တွေနဲ့အတူ Youtube လို အင်တာနက် ဝက်ဘ်ဆိုက်တွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းအတွင်းမှာ တိုက်ရိုက်ဝင်ပြီးကြည့်လို့ ရနေတာကြောင့် သတင်းသမားတွေနဲ့အတူ အင်တာနက်သုံးကြတဲ့ လူငယ်အများအပြား အတော် ဝမ်းသာခဲ့ကြတာပါ။ ဒါပေမဲ့ အခု အဲဒီကြည့်လို့ရနေတဲ့ ဝက်ဘ်ဆိုက်တွေအားလုံး ပြန်ပိတ်သွားပြီးတော့ ဘယ်လိုမှ ပြန်ဖွင့်လို့ကို မရတော့ဘူးလို့ အင်တာနက်သုံးတဲ့ လူငယ်တဦးက ပြောပါတယ်။

“ပထမတရက်ကဖွင့်တော့ Youtube ပွင့်တယ်ပေါ့နော်။ နောက် ဧရာဝတီ ဆိုက်ပွင့်တယ်ပေါ့နော်။ မဇ္ဈိမ တို့ဘာတို့ ပွင့်တယ်။ နောက် တရက် နှစ်ရက်နေတော့ Youtube တခုပဲရပြီး ကျန်တာအကုန်လုံး ပြန်ပိတ်သွားတယ်။”

ရန်ကုန်မြို့ခံ လူငယ်တဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရလက်ထက် တလျှောက်လုံး သတင်းထိန်းချုပ်မှု ရှိခဲ့သလို အင်တာနက်ပြင် ဆက်သွယ်မှုဆိုင်ရာ လုပ်ငန်းတွေအားလုံးမှာ ကန့်သတ်ချက်တွေ များတာကြောင့် မြန်မာနိုင်ငံဟာ သတင်းနဲ့စာနယ်ဇင်း လွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံအဖြစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့်အဖွဲ့ကြီးတွေက သတ်မှတ်ထားတာပါ။

ဒါပေမဲ့ အခုအရပ်သားအစိုးရ တက်လာပြီး နိုင်ငံရဲ့ သတင်းမီဒီယာကဏ္ဍကို မြင့်တင်မယ်လို့ သမ္မတရဲ့ ပထမဦးဆုံး နိုင်ငံတော် မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အရင်ကခွင့်မပြုတဲ့ သတင်းတချို့ ဖော်ပြခွင့် ပေးလာတာ၊ အစိုးရအခမ်းအနားတွေမှာ သတင်းတချို့ ယူခွင့်ရေးခွင့် ရလာတာတွေ ဖြစ်လာပြီးတဲ့နောက်ပိုင်း အင်တာနက်တွေကိုပါ ကြည့်ရှုခွင့် ရလာပြီဆိုတော့ သတင်းထိန်းချုပ်မှုတွေ လျော့ကျလာပြီ၊ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်တွေအတွက် ခြေလှမ်းကောင်း အစ ဖြစ်တယ်လို့ ခန့်မှန်းချက်တွေအားလုံး အခုတော့ ပျက်ကုန်ပြီလို့ ပြည်တွင်းသတင်းအယ်ဒီတာ တဦးက ပြောပါတယ်။

“သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်ကို ဦးစားပေးပြောသွားတဲ့အခါကျတော့ အားလုံးကတော့ အရင်ထက်ပိုပြီး လွတ်လပ်ခွင့် ရတော့မယ်လို့ မျှော်လင့်နေတဲ့အချိန်မှာ အဲဒီလိုလေးတွေ ဖွင့်ပေးလိုက်တော့ အများစုကတော့ ဒါဟာ အကောင်းဘက်ကို ရောက်သွားပြီလို့ အကုန်လုံးက မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ အခုလို ပိတ်လိုက်တဲ့အခါကျတော့ ဒုံရင်းဒုံရင်း ပါပဲ။ ဟန်ပြလုပ်နေတာပဲ ဆိုတဲ့ အမြင်မျိုးတွေ လူတွေမှာ ပိုပြီး ခိုင်မာသွားပါတယ်။”

ဒီလိုမျိုး အင်တာနက်တွေကို လွတ်လွတ်လပ်လပ် သုံးခွင့်မရှိတာဟာ သတင်းလုပ်ငန်းတွေမှာ အတော်ထိခိုက်သလို ကမ္ဘာကြီးအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအားလုံးအတွက် သူတို့ဟာ အမှောင်ချသလို ခံစားရတယ်လို့လည်း ဆိုပါတယ်။

“နောက်ဆုံးအခြေအနေတွေကို သူ့ထက်ငါ အပြိုင်အဆိုင် စာဖတ်ပရိဿတ်၊ ဒီ့ထက်ပြောရရင်တော့ ပြည်သူလူထုကို အသိပေးဖို့ကြိုးစားနေတဲ့အချိန်မှာ ခုနကလို ကန့်သတ်ခြင်းခံရတယ်၊ ကွန်နက်ရှင်မကောင်းဘူး၊ အပိတ်ခံရတယ် ဆိုလို့ရှိရင် သူတို့က နောက်ဆုံးအခြေအနေတွေကို စာဖတ်ပရိဿတ်ကို ပြနိုင်မှာမဟုတ်ဘူး။ ဒါဟာ အများကြီး ထိခိုက်ပါတယ်။ သတင်းဆိုတာက အချိန်နဲ့ တပြေးညီ ပြောင်းလဲနေတာလေ။ အဲဒီတော့ နောက်ဆုံး အနေအထားတွေကို တင်ပြနိုင်မှ ဖော်ပြနိုင်မှ ဒါက တာဝန်လည်းကျေရာရောက်မယ်။ ပြည်သူလူထုကလည်း ပိုပြီးတော့ စိတ်ဝင်စားမှု ရှိမယ်လေ။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး ပြောပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ အင်တာနက် အဓိကဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေကတော့ အစိုးရကထိန်းချုပ်ထားတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ Yadanabon Teleport ကုမ္ပဏီတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်ပသတင်းဌာနတချို့ရဲ့ သတင်းစာမျက်နှာတွေ၊ ဘလော့ဂ်တွေနဲ့ နိုင်ငံခြားသတင်းစာတွေကို အင်တာနက်ကျွမ်းကျင်တဲ့လူငယ်တွေက ပရောက်ဆီ ဆာဘာတွေ ခံပြီးတော့မှ တဆင့်ကျော်ပြီး ဝင်ရောက်ကြည့်ရှုနေကြတာ ဖြစ်ပါတယ်။