သမ္မတ နိုင်ငံရေး အကြံပေးခေါင်းဆောင်ရဲ့ အမြင်သုံးသပ်ချက်

သမ္မတ နိုင်ငံရေး အကြံပေးခေါင်းဆောင်ရဲ့ အမြင်သုံးသပ်ချက်

လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ စစ်သား လေးပုံတပုံပါ ပြည်ထောင်စုလွှတ်တော်စနစ်ဟာ တချိန်က အင်ဒိုနီးရှားနိုင်ငံမှာ ရှိခဲ့ဘူးတဲ့ ပုံစံကို အတုယူထားတာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အခုအချိန်အခါမှာတော့ ဒီလို အများပြည်သူက ရွေးကောက်စရာမလိုဘဲ စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်မှာ တိုက်ရိုက်ပါဝင်ခွင့် မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းတော့က မြန်မာနိုင်ငံရဲ့ သမ္မတအကြံပေးကိုယ်စားလှယ်အဖွဲ့ဟာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့နဲ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ပါတယ်။ ဒါအပြင် အင်ဒိုနီးရှားနိုင်ငံရေး ပြောင်းလဲတိုးတက်မှုတွေကိုလည်း လေ့လာခဲ့ပါတယ်။ အထူးသဖြင့် အားချေ (Ache) ပြည်နယ်မှာ ဆူနာမီ (Tsunami) ဘေးဒဏ်ခံရအပြီး လက်နက်ကိုင် သူပုန်အဖွဲ့အစည်း၊ အစိုးရနဲ့ နိုင်ငံတကာ အကူအညီပေးလုပ်ငန်းစဉ်တွေ ပူးပေါင်းပြီး ပြန်လည်ထူထောင်မှုတွေကို လေ့လာခဲ့တယ်လို့ ပြောဆိုပါတယ်။ သမ္မတ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ကို ဗွီအိုအေဘန်ကောက်ရုံးက ဒေါ်ခင်စိုးဝင်း ဆက်သွယ်မေးမြန်းထားတာကို တင်ပြပေးထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နမူနာတွေကို လေ့လာဖို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ဦးကိုကိုလှိုင်တို့ လေ့လာနိုင်သလောက် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ အသွင်ကူးပြောင်းရေးအတွက်ကို အင်ဒိုနီးရှားရဲ့ နမူနာကို ယူလို့ ဖြစ်နိုင်ခြေ ရှိပါသလား။

ဦးကိုကိုလှိုင် ။ ။ အကြမ်းဖျဉ်းအားဖြင့်တော့ မြန်မာနဲ့ အင်ဒိုနီးရှား တို့က သမိုင်းကြောင်း background အရလည်း တူပါတယ်။ ဒီမိုကရေစီကို အသွင်ကူးပြောင်းသွားတဲ့နေရာမှာလည်း တော်တော်လေး ဆင်တူမှုတွေ ရှိပါတယ်။ သို့သော်ငြားလည်း တချို့နေရာတွေမှာတော့ မတူတာလေးတွေလည်း ရှိပါတယ်။ လေ့လာလောက် ရသလောက်ကတော့ ကူးချလို့ ယူနိုင်တဲ့၊ ယူနိုင်တဲ့ သင်ခန်းစာတွေကို ယူမယ်။ ယူပြီးတော့ ကျနော်တို့ လက်ရှိသွားနေတဲ့ လမ်းကြောင်းကို ပိုပြီးကောင်းအောင် ဖြည့်ဆည်းနိုင်ဖို့ အဲဒီလိုမျိုး ကျနော်တို့ သွားလေ့လာတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနဲ့ အင်ဒိုနီးရှားကြားမှာ အခြေခံအားဖြင့်တော့ စစ်တပ်လွှမ်းမိုးတဲ့ နိုင်ငံရေးစနစ်က ဆင်တူတယ်လို့ ပြောလို့ရပေမယ့်လို့ လူဦးရေနဲ့ ပထဝီနိုင်ငံရေး အနေအထားကြတော့ ကွဲလွဲချက်တွေကတော့ အများကြီးရှိနေပါတယ်။

ဦးကိုကိုလှိုင် ။ ။ ပထဝီနိုင်ငံရေး အနေအထားကတော့ အင်ဒိုနီးရှားနိုင်ငံလောက်တော့ လွတ်လွတ်လပ်လပ် နိုင်ငံခြားရေးမူဝါဒ လုပ်နိုင်တာမျိုး မရှိနိုင်ဘူးပေါ့။ အများကြီး ကန့်သတ်ချက်လေးတွေ ရှိတယ်။ ဒီအပေါ်မှာ မူတည်ပြီး အကောင်းဆုံး လုပ်ကြရတာပေါ့။ သို့သော်ငြားလည်း ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလ သွားတဲ့အခါမှာ စစ်တပ်စိုးမိုးတဲ့ လူ့အဖွဲ့အစည်းကနေ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကို ကူးပြောင်းသွားတဲ့ လမ်းကြောင်းတွေမှာတော့ အတုယူလို့ ရနိုင်တာတွေ အများကြီးရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ AIPMC က အီဗာ ဆွန်ဒါရီ (Eva Sundari) ပြောသွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ လွှတ်တော်ထဲမှာ အရင်တုန်းက state enemy လို့ခေါ်တဲ့ နိုင်ငံတနိုင်ငံလုံး၊ တမျိုးသားလုံးရဲ့ ရန်သူလို့ သဘောထားခဲ့တဲ့ လွှတ်တော်အမတ်တွေက အခုဆိုလို့ရှိရင် လွှတ်တော်ထဲမှာ သူတို့နဲ့ အတူတူ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး၊ အများပြည်သူ ကောင်းရာကောင်းကျိုးအတွက် သယ်ပိုနေကြပါပြီပေါ့။ အဲဒီလိုမျိုး လုပ်နိုင်ဖို့အတွက် မြန်မာနိုင်ငံအနေနဲ့လည်း သင်ခန်းစာယူသင့်တယ်လို့ ပြောသွားတာရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ။

ဦးကိုကိုလှိုင် ။ ။ ကျနော်တို့ လက်ရှိကျင်းပနေတဲ့ လွှတ်တော်ထဲမှာပဲ အတိုက်အခံလိုပြောပြော၊ တခြားပါတီ၊ အများစုအနိုင်ရတဲ့ ပါတီမဟုတ်တဲ့ တခြားပါတီတွေထဲမှာ အရင်တုန်းက အစိုးရအပေါ်မှာ အစိုးရနဲ့ သဘောထားကွဲလွဲပြီး လှုပ်ရှားခဲ့၊ ပြောဆိုခဲ့တဲ့ ပုဂိုလ်တွေအများကြီး လွှတ်တော်အမတ်အဖြစ်နဲ့ ပါလာတာတွေ ရှိပါတယ်။ အဲဒီလိုပဲ တိုင်းရင်းသားပါတီတွေ သီးခြားသူတို့ရပ်တည်ချက်နဲ့ ထူးထောင်ခဲ့တဲ့ တိုင်းရင်းသားအမတ်တွေ။ ဟိုတုန်းက ဒီပုဂ္ဂိုလ်တွေဟာ တိုင်းရင်းသားလက်နက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့တဲ့ ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ အဲဒီတော့ ပြန်ကြည့်လိုက်မယ်ဆိုရင် ဒါတွေက ကျနော်တို့ဆီမှာ လက်ရှိ ဖြစ်နေတဲ့သဘောပေ့ါ။ ဒါမျိုးကို တွေ့နိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အတွင်းမှာ အာချေးပြည်နယ်မှာပဲ နှစ်ရက်ကြာခဲ့တယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံပြည်နယ်တွေ အများကြီးထဲက အာချေးပြည်နယ်ကို ဘာကြောင့်ရွေး လေ့လာခဲ့ပါသလဲ။

ဦးကိုကိုလှိုင် ။ ။ အာချေးကို သွားတဲ့ အဓိကရည်ရွယ်ချက်ကတော့ အာချေးမှာ အရင်တုန်းကတော့ ဂီရကန် အာချေးမာဒေးကား (Gerakan Aceh Merdeka - Free Aceh Movement ) လို့ခေါ်တဲ့ အာချေးပြည်နယ်လွတ်မြောက်ရေး လှုပ်ရှားမှုကနေ အစိုးရနဲ့ ငြိမ်းချမ်းရေးရပြီး သူတို့ဘယ်လို သူတို့ဒေသကို ပြန်လည်ထူထောင်တယ်ဆိုတာကို လေ့လာဖို့သွားပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ကွာခြားချက်ကလေးက နှစ်ခု - တခုမှာ အာချေးမှာ နိုင်ငံတကာအကူအညီတွေက ဒေါ်လာ ခြောက်ဘီလီယံ၊ ခုနှစ် ဘီလီယံလောက် ဝင်ပြီး အကူအညီပေးတဲ့အခါကြတော့ infrastrature အဆောက်အအုံတွေက တော်တော်ကြီးကို တိုးတက်တယ်။ သို့သော် ဘာတွေ့သလဲဆိုတော့ အခုနောက်ပိုင်းမှာ အဲဒီအဖွဲ့တွေ ပြန်ဆုတ်သွားတဲ့အခါမှာ တိုးတက်လက်စ အဆောက်အအုံတွေက တို့လို့ တန်းလန်း ရပ်နေတာကိုလည်း တွေ့ရတယ်။ ဆိုလိုတဲ့သဘောကတော့ အာချေးက သူများရဲ့ အကူအညီတွေနဲ့ ပြန်ထောင်မတ်လာနိုင်ပေမယ့် ကိုယ်ခြေထောက်ပေါ် ပြန်ရပ်တည်နိုင်ဖို့ ဆက်လုပ်ဖို့ အများကြီးကျန်သေးတယ်ဆိုတာကို တွေ့ရပါတယ်။ ကျနော်တို့ဆီမှာတော့ နာဂစ်မုန်တိုင်း ကျတဲ့အခါမှာ လောက်လောက်လားလား နိုင်ငံတကာအကူအညီ များများစားစား မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ကိုယ့်အားကိုယ်ကိုးပြီးတော့ ပြည်သူလူထုနဲ့ နိုင်ငံတော်။ ကျန်တဲ့ စေတနာရှင်အဖွဲ့အစည်းတွေ ဝိုင်းပြီးလုပ်ကြတဲ့အခါမှာ တော်တော်လေးပြန်တက်လာပြီ။ ဒါကလည်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီးမှ ကိုယ်ဆက်လုပ်နိုင်တဲ့ အနေအထားလေးမျိုးပေါ့။ အဲဒီကနေမှ ကျနော်တို့က ဘာကို စဉ်းစားမိသလဲဆိုရင်တော့ အကောင်းဆုံးကတော့ ပြည့်အင်အား ပြည်တွင်းမှာရှိတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာအဖွဲ့အစည်းတွေက အကူအညီရရင်တော့ မြန်မြန်ဆန်ဆန် တက်တာပေါ့။ သို့သော် sustainable development စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်မှုကတော့ ကိုယ့်နိုင်ငံသူ၊ ဒေသနိုင်ငံသားတွေရဲ့ စွမ်းဆောင်မှုအရည်အချင်းက ပိုအရေးပါတယ်လို သုံးသပ်မိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးကိုကိုလှိုင်အနေနဲ့ အခု အင်ဒိုနီးရှားခရီးစဉ်အတွင်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံး မြန်မာပြည်အတွက် အတုယူစရာအကောင်းဆုံးဖြစ်တဲ့ နမူနာတခုလောက် ပြောပြပေးပါလား။

ဦးကိုကိုလှိုင် ။ ။ ကျနော် စိတ်ထဲမှာ တော်တော်လေး သဘောကျသွားတာကတော့ အာချေးမှာပါပဲ။ သူတို့ ဘာထောင်ထားသလဲဆိုတော့ School for Peace and Democracy ကျောင်းတကျောင်း တည်ထောင်ထားပါတယ်။ နိုင်ငံတကာအကူအညီတွေနဲ့ပေါ့။ အဲဒီ သင်တန်းကျောင်းက ဘာလုပ်ပေးနိုင်သလဲဆိုတော့ တချိန်တုန်းက လက်နက်စွဲကိုင်ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ အင်အားစုတွေ။ တနည်းအားဖြင့် ပြောရရင် တိုက်ပွဲဝင်ကြတဲ့ တဖတ်နဲ့တဖတ် ဆန့်ကျင်ပြီး အစိုးရကို တိုက်ပွဲဝင်ကြတဲ့ အင်အားစုတွေဟာ နှစ်ဖက်သဘောတူပြီးမှ နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းရမယ်ဆိုတော့ သူတို့လက်နက်တွေကို စွန့်ပစ်ပြီးတဲ့အခါ နိုင်ငံရေးပါတီအဖြစ်နဲ့ ကူးပြောင်းကြတယ်။ သို့သော်ငြားလည်း သူတို့မှာ ဘာလိုအပ်နေသလဲဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ၊ အသိပညာတွေ အများကြီးလိုအပ်တဲ့အခါမှာ ဒီကျောင်းက တော်တော်များများ ဖြည့်ဆည်းပေးနိုင်တာကို တွေ့ရပါတယ်။ လူတယောက်ရဲ့ စိတ်နေသဘောထားနဲ့ အပြုအမှုတွေကို တရားမဝင် လက်နက်ကိုင် ဆန်ကျင်ပြီး တိုက်ခိုက်နေရတဲ့ဘဝကနေ အချင်းချင်းပူးပေါင်းလက်တွဲပြီး တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်ဖို့ တရားဝင်နိုင်ငံရေးဘောင်ထဲကို ဝင်လာတဲ့အခါမှာ ဒီလို အသိပညာပေးမှုမျိုးတွေ၊ လေ့ကျင့်ပေးမှုမျိုးတွေက အများကြီးလိုအပ်တယ်လို့ ခံစားမိပါတယ်။ ဒါတွေက ကျနော်တို့ဆီမှာလည်း တကယ် လိုအပ်နေတဲ့အချိန်ပေါ့။ အဲဒီတော့ အစိုးရဝန်ထမ်းတွေထဲမှာပဲဖြစ်ဖြစ်၊ ပါတီထဲမှာ ပါဝင်လှုပ်ရှားနေကြတဲ့ နိုင်ငံရေးသမားတွေပဲဖြစ်ဖြစ် တိုင်းရင်းသားအင်အားစုတွေပဲဖြစ်ဖြစ် ကျနော်တို့မှာ အများကြီးလိုအပ်နေပါသေးတယ်။ အများကြီးလည်း တယောက်နဲ့တယောက် ထိတွေ့ဆက်ဆံပြီးတဲ့အခါနောက် နားလည်းမှုတွေ။ ယုံကြည်မှုတွေ တည်ဆောက်ဖို့ လိုနေပါသေးတယ်။ ဒီလိုကျောင်းမျိုး ကျနော်တို့ဆီမှာရှိရင်တော့ သိပ်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတော်သမ္မတကြီးကနေပြီးတော့ မြစ်ဆုံ ရေကာတာစီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားမယ်၊ ဆိုင်းငံထားမယ်ဆိုတဲ့ သဝဏ်လွှာကို ပေးပို့လိုက်လို့ အားလုံးကလည်း ဝမ်းသာနေကြပါတယ်။ အဲဒီတော့ ဒီလိုမျိုး နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံစီမံကိန်းကို ရပ်တန့်သွားအောင် သမ္မတအကြံပေးအဖွဲ့ရဲ့ အခန်းကဏ္ဍလေး နည်းနည်းလေးပြောပြပေးပါလား။

ဦးကိုကိုလှိုင် ။ ။ တကယ်တမ်း ပြောရရင်တော့ ဒီကိစ္စတွေကတော့ အများကြီးသက်ရောက်မှု ရှိခဲ့တဲ့ အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အကျိုးရလဒ်လို့ မြင်ပါတယ်။ ပြည်သူလူထုတွေရဲ့ သဘောဆန္ဒတွေကလည်း မီဒီယာတွေကတဆင့် ပါလာတာတွေလည်း တွေ့ရပါတယ်။ အားလုံးရဲ့ လူကြီးတွေရဲ့ ခေါင်းထဲမှာလည်း ဒါက အကျိုးသွားနဲ့ အကျိုးဆက်ပေါ့။ Pro and Con ပေါ့ ဒါကိုလည်း စဉ်းစားနေတဲ့ အနေအထားရှိပါတယ်။ ကျနော်တို့ဘက်ကလည်း တတ်နိုင်သလောက် ကျနော်တို့မြင်တဲ့အပိုင်း ဝိုင်းပြီးတော့ သမ္မတကြီးဆီ အကြံပြုခဲ့တာမျိုးတွေလည်း ရှိပါတယ်။ အဓိကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သွားကြတဲ့အခါမှာ စီးပွားရေးဖွံ့ဖြိုးမှုတခုတည်း မဟုတ်ဘူးပေါ့။ လူမှုရေးအရ၊ ပတ်ဝန်းကျင်ရေးအရ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုးတက်ဖို့ sustainable development က လိုအပ်တယ်ဆိုတာ ကျနော်တို့ ဝိုင်းပြီးစဉ်းစားကြဖို့ တင်ပြခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ တခုတည်းမဟုတ်ပါဘူး။ ကျန်တဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ ပြည်သူလူထုရဲ့ အကြံဉာဏ်တွေ အများကြီးပါဝင်ခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုတော့ တရုတ်နိုင်ငံဘက်ကနေ ပြောနေပါတယ်။ တရုတ်နိုင်ငံရဲ့ တရုတ်ကုမ္မဏီတွေဘက်ကလည်း သူတို့ရဲ့ အကျိုးစီးပွားကိုလည်း ထည့်သွင်းစဉ်းစားပေးရမယ်။ သူတို့နဲ့ စကားပြောဆိုပါဆိုပြီး တရုတ်နိုင်ငံ ဝန်ကြီးဌာနဘက်က တုံ့ပြန်သံတွေကိုလည်း ကြားနေရပါတယ်။ ဦးကိုကိုလှိုင်တို့အနေနဲ့ ဘယ်လိုများ ခန့်မှန်းလို့ ရပါသလဲ။ နှစ်နိုင်ငံ သဘောတူညီမှုနဲ့ စာချုပ်ချုပ်ထား လက်မှတ်ထိုးထားကြတယ်ဆိုတော့ ဒီကိစ္စကိုများ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို အများက စိတ်ဝင်စားနေကြပါတယ်။

ဦးကိုကိုလှိုင် ။ ။ နိုင်ငံတကာနဲ့ ကျနော်တို့ ကတိကဝတ်တရားလည်း အလေးထားရမှာပဲ။ အထူးသဖြင့် တရုတ်နိုင်ငံက ကျနော်တို့ရဲ့ မိတ်ဖက် ကာလကြာရှည် အိမ်နီးချင်းနိုင်ငံ၊ မိတ်ဖက်နိုင်ငံဖြစ်တယ်။ ဆိုတော့ သူတို့ဘက်က တောင်းဆိုမှုကလည်း ကျနော်တို့ အလေးထားရမှာပဲ။ သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာလည်း နှစ်နိုင်ငံမိတ်မပျက် ဒီကိစ္စကို ဆက်ဆံပြီး ဆွေးနွေးဆောင်ရွက်သွားရမယ်ဆိုတာ ပါပါတယ်။ အဲဒီတော့ တရုတ်နဲ့ မြန်မာ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ရမယ့် ကဏ္ဍတွေအများကြီး ရှိသေးတဲ့အခါကြတော့ ရှဉ်လည်းလျှောက်သာ ပျားလည်းစွဲသာ ဆိုတဲ့ ဖြေရှင်းချက်မျိုး ရနိုင်ရင်တော့ အကောင်းဆုံးလို့ ထင်ပါတယ်။ ဆိုလိုတာကတော့ ပတ်ဝန်းကျင် ထိခိုက်မှုမျိုးကိုလည်း အနှိမ့်ဆုံး လျှော့ချနိုင်တဲ့ ဖြေရှင်းဖြည့်ဆည်းပေးနိုင်တယ်။ တဖတ်မှာလည်း နိုင်ငံအတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားတွေ၊ တရုတ်နိုင်ငံကို ရောင်းချမှုကလည်း ငွေတွေရနိုင်တယ်။ တခြားသော စီမံကိန်းတွေ အများကြီးရှိပါတယ်။ ဥပမာဆိုရင် မြစ်ဆုံစီမံကိန်းက စီမံကိန်းကြီးတခုထဲက တခုဖြစ်ပါတယ်။ သို့သော် ကျန်တဲ့နေရာတွေမှာ alternate စဉ်းစားလို့ရနိုင်ရင်လည်း အဲဒီလိုမျိုး အဆင်ပြေတဲ့နေရာတွေမှာ လုပ်ပေးသွားနိုင်မယ်ဆိုရင်တော့ ပြေလည်မှု ရနိုင်ကောင်းရနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျနော့်ရဲ့ ပုဂ္ဂလိကအမြင် ဖြစ်ပါတယ်။ လူကြီးတွေကတော့ ကျနော်တို့အတွက် ပိုသိတဲ့အတွက်ကြောင့် ပိုကောင်းအောင် စီမံနိုင်မယ်လို့ ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင် ကို ဗွီအိုအေ ဘန်ကောက်ရုံးက ဒေါ်ခင်စိုးဝင်း က ဆက်သွယ်မေးမြန်းခဲ့တာပါ။