ပြောင်းလဲလာတဲ့ မြန်မာပြည်အခြေအနေနဲ့ လူ့ဘောင်သစ်အမြင်

ပြောင်းလဲလာတဲ့ မြန်မာပြည်အခြေအနေနဲ့ လူ့ဘောင်သစ်အမြင်

မြန်မာပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ ဗမာပြည်ထဲမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြောင်းအလဲဘက်ကို ဦးတည်တဲ့အစရဲ့အစ သဘောမျိုး သူမြင်နေရပြီလို့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကိုအောင်မိုးဇော် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အဲဒီအမြင်နဲ့ ပတ်သက်လို့ ကျနော်အနေနဲ့တော့ သဘောတူတယ်လို့ ပြောလိုတယ်။ ဒါက တချက်ပေါ့။ နောက်တခုက ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောတယ်။ သမ္မတ ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတော့ အဲဒီအခြေအနေတွေက အခုနလိုပေါ့။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကာယကံရှင်ဖြစ်တဲ့သူက သမ္မတနဲ့ စကားပြောတာ ဖြစ်တယ်။ သူကိုယ်တိုင် ပြောတဲ့စကားအပေါ်မှာ ကျနော်တို့ အလေးအနက်ထားသင့်တယ်လို့ ကျနော်တို့ ထင်တယ်။ ယုံကြည်မှု ပေးသင့်တယ်။ ယုံကြည်ရလိမ့်မယ်လို့ အဲဒီလို ယူဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလိုတွေ့တယ်ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် ပတ်ဝန်းကျင်လောက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်ဘက်ခေါင်းဆောင်ပိုင်းနဲ့ ဒီလို လူသိရှင်ကြား မကြေညာဘဲနဲ့ တွေ့ခဲ့တာတွေ ရှိတယ်။ အဲဒါတွေကနောက်မှ စစ်အစိုးရ ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လာမှ ကျနော်တို့ သိရတယ်။ အဲဒီအချိန်တုန်းကလည်း ဒီလိုမျိုးတွေ တွေ့ဆုံမှုတွေ ရှိခဲ့တယ်ဆိုတော့ အဲဒီအချိန်က တွေ့ဆုံမှုနဲ့ အခုတွေ့ဆုံမှု ဘာတွေများ ကွာခြားမှုရှိပါသလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်လည်း အခုန ကိုသန်းလွင်ထွန်း ထုတ်ပြတဲ့ကိစ္စကို မကြာခဏပြောလေ့ ရှိပါတယ်။ နအဖ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေကို ကိုယ့်ဆွေးနွေးဖော် ဆွေးနွေးဖက်တွေကို နောက်ကျောက ခဏခဏ ဓါးနဲ့ ထိုးတတ်တဲ့လူတွေလို့ ကျနော် ခဏခဏ ပြောတတ်ပါတယ်။ ဒါပေမဲ့လို့ အဲဒီ အခြေအနေတုန်းက နှစ်ဦး တွေ့တယ်။ နှစ်ဦးသဘောတူ ထုတ်ပြန်ကြေညာချက်တွေ လုပ်တာမျိုး ရှိခဲ့တဲ့ အနေအထားမျိုး မရှိခဲ့ဘူး။

အခု ဥပမာ ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့တယ်။ နှစ်ခေါက်တွေ့တယ်။ နှစ်ခါစလုံး သတင်းထောက်တွေကို စကားပြောတယ်။ နောက် ဒုတိယတခါမှာ ထုတ်ပြန်ကြေညာချက်တွေ ဘာတွေတောင် လုပ်တယ်။ အဲဒါပြီးမှ သမ္မတနဲ့ တွေ့တယ်။ ဆိုတဲ့အခါကြတော့ တွေ့ပြီးတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က အခုနလို တစုံတရာအပြုသဘော ဒီကိစ္စအပေါ်မှာမြင်တဲ့ အခြေအနေရှိတယ်။ ဒါတွေက အခုနလို ကွာခြားမှုတွေ ဖြစ်တယ်လို့ ကျနော်အနေနဲ့ အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ တွေ့ဆုံခဲ့တဲ့ အကြောင်းအရာတွေ၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာချက်တွေကနေလွှဲလို့ အတူတကွ ပူးပေါင်း ဆောင်ရွက်မယ့်အကြောင်း ထုတ်ပြန်ကြေညာချက်တွေကလွှဲလို့ အသေးစိတ် တစုံတရာ ပြောခဲ့တာ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ထုတ်ပြောစရာအကြောင်း မရှိသေးလို့ အချိန်မသင့်သေးလို့ မထုတ်ပြောသေးဘူးလို့ ဆိုတယ်။ အဲဒီတော့ အပြင်ဘက်မှာရှိနေတဲ့ လူ့ဘောင်သစ်ပါတီတို့၊ ကိုအောင်မိုးဇော် တို့အနေနဲ့က ဘာတွေများ ခန့်မှန်းထားတာ ရှိပါသလဲ။ ဘယ်လို ဘယ်ဘက်ကို ဦးတည်နေသလဲလို့ ထင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အခြေအနေက အခုနလို ပြောဖို့တော့ အတော်ခက်တယ်။ အကောင်းဘက်ကိုလည်း ဦးတည်သွားနိုင်တယ်။ နောက်ကိုလည်း ပြန်လှည့်သွားနိုင်တယ်။ အဆိုးလည်း ဖြစ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့အနေနဲ့ကတော့ ကောင်းတာကို မြင်ချင်တယ်။ အကောင်းကိုပဲ မျှော်လင့်ချင်ပါတယ်။ တပြိုင်တည်းမှာ ဆိုးတာတွေအတွက် တစုံတရာ ပြင်ဆင်မှုရှိရမယ်လို့၊ သတိရှိရမယ်လို့ ထင်ပါတယ်။ တပြိုင်တည်းမှာ ကျနော်တို့ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုအသီးသီးအနေနဲ့ မြင်သင့်တယ်လို့ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်တယ်။ အဲဒီအတွက် ကနေ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ သူ ကြိုးစားဆောင်ရွက်နေတဲ့ကိစ္စတွေကို ကျနော်တို့ လေးနက်မှု ရှိရလိမ့်မယ်။ ဒီအပေါ် ကျနော်တို့ ယုံကြည်မှု ရှိရလိမ့်မယ်လို့ အဲဒီလို ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းသတင်းစာတစောင်နဲ့ တွေ့ဆုံခန်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒီ နိုင်ငံရေးမှာပါတီရဲ့ အခန်းကဏ္ဍ၊ ပါတီရပ်တည်ရေးဟာ အရေးကြီးတယ်။ ပါတီ တည်တန့်ခိုင်မြဲရေးဟာ အရေးကြီးတယ်ဆိုတဲ့ စကားမျိုး ပြောလာတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီတရပ်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဦးတည်နေတယ်ဆိုတဲ့ သဘောမျိုးကို မြင်နိုင်ပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တော့ အဲဒီလို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ ၂၀၁၅ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဦးတည်ပြီး ဆောင်ရွက်နေတယ်လို့ မယူဆပါဘူး။ ကျနော်အနေနဲ့ ယူဆတာကတော့ ကနေ့ တိုင်းပြည်အတွင်းမှာ ရှိတဲ့အခြေအနေတွေကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဘက်ကို ဦးတည်သွားအောင်လို့ ဒါကတချက်။ ဒုတိယတချက်ကတော့ တိုင်းရင်းသား ညီအကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်သွားအောင်လို့ဆိုတဲ့ မျှော်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ဒီကိစ္စကို ဆောင်ရွက်နေတယ်လို့ ယူဆပါတယ်။ ရွေးကောက်ပွဲတခုတည်းကို ဦးတည်ပြီးတော့ ဆောင်ရွက်နေတယ်လို့ ကျနော်အနေနဲ့ အဲဒီလို မယူဆဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက တဘက်က ဒီမိုကရေစီဆောင်ရွက်နေတဲ့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေရဲ့ ကဏ္ဍကို ပြောတာပေါ့။ တဘက်က မြန်မာအစိုးရအနေနဲ့ကရော။ မြန်မာအစိုးရအနေနဲ့က အခုလက်ရှိ ်လုပ်ဆောင်လာတဲ့ ကမ်းလှမ်းမှုတွေ၊ အပြောင်းအလဲတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေဟာ ရုတ်ခြည်း ဂငယ်ကွေ့ ပြောင်းလဲလာတာလား။ အစီအစဉ်တကျ သူတို့အနေနဲ့ စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း တစတစ ပြောင်းလဲလာတာလို့ ယူဆပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော် ထင်တာကတော့ နှစ်ခုစလုံး တွေးလို့ရတယ်လို့ ထင်ပါတယ်။ တဘက်ကနေ အခုနလို သူတို့အနေနဲ့ plan A, B, C ရှိကောင်းရှိနိုင်ပါတယ်။

ကျိန်းသေတာကတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရပ်တည်မယ်။ အတိုက်အခံ မှန်သမျှကို ဖယ်ချင်တယ့် သဘောထားတော့ ရှိခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားမဝင်တော့ဘူးလို့ ကြေညာတာမျိုးတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လက်တွေ့အခြေအနေက အဲဒီလို လုပ်ဖို့ သူတို့မှာ အခက်အခဲ ရှိနိုင်ပါတယ်။

ဆိုတော့ ကျိန်းသေတာကတော့ ကနေ့ စစ်အစိုးရထဲမှာလည်း တိုင်းပြည်က ဒီလိုအခြေအနေနဲ့ ဆက်သွားလို့ မရနိုင်တော့ဘူး။ တခုခုတော့ အပြောင်းအလဲလုပ်ဖို့ လိုမယ်။ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တခုခု ညှိနှိုင်းဖို့ လိုလိမ့်မယ်လို့ ယူဆတဲ့ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့်မို့လည်း သူတို့ပြောင်းရတာ ဖြစ်ပါလိမ့်မယ်။ ကျိန်းသေတာကတော့ သူတို့ ရွေးကောက်ပွဲပြီးသွားတယ်။ သူတို့ constitution ပြီးသွားတယ်။ သို့သော်လည်း သူတို့မှာ ရှိနေတဲ့ legitimacy နဲ့ ပတ်သက်တဲ့ အခက်အခဲက ဆက်ပြီးရှိမြဲရှိနေတယ်။ သူတို့မှာ ရှိနေတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခက်အခဲက ရှိမြဲရှိနေတယ်။ သူတို့မှာ ရှိနေတဲ့ နိုင်ငံရေးပတ်သက်တဲ့ အခက်အခဲကလည်း ဆက်ရှိမြဲရှိနေတာပဲ။ အဲဒီတော့ သူတို့ တခုခုတော့ အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကိုယ်တိုင် သဘောပေါက်ကောင်း ပေါက်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အပြောင်းအလဲတွေကြားထဲမှာ ထူးခြားတဲ့ ပြည်ပမှာရှိနေတဲ့ လူတွေကို ရိုက်ခတ်တဲ့ အပြောင်းအလဲတခုပေါ့။ အဲဒါကတော့ ပြည်ပမှာ ရှိနေတဲ့လူတွေ ပြန်လာချင်ရင် ပြန်လာနိုင်ပါတယ်ဆိုတဲ့ ဖိတ်ခေါ်မှုမျိုး။ အဲဒါက ပြည်ပမှာရှိတဲ့ ဦးအောင်မိုးဇော်တို့ နိုင်ငံရေး လှုပ်ရှားသူတွေ ကြားထဲမှာ ဘယ်လောက်အထိ ရိုက်ခတ်မှု ဖြစ်သွားသလဲ။

ဦးအောင်မိုးဇော် ။ ။ အခုအချိန်အထိတော့ ထူးထူးခြားခြားတော့ မတွေ့ရသေးဘူး။ မနေ့တနေ့က ဦးပီတာလင်းပင် ပြန်သွားတယ်လို့ ကျနော်တို့ သိရတယ်။ နောက်တခုက ဦးစိန်ကျော်လှိုင်တို့ ပြန်သွားတယ်လို့ ကြားရတယ်။ ဒီလောက်ပဲ ကြားသိရတယ်။ ထူးထူးခြားခြားကြီးတော့ ကျနော်တို့ဘက်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေပေါ်မှာတော့ ထူးထူးခြားခြား ရိုက်ခတ်မှုမရှိဘူးလို့ ကျနော်တော့ ယူဆတယ်။ ဖိတ်ခေါ်ပုံ ဖိတ်ခေါ်နည်းကလည်း သိပ်ပြီတော့ ယေဘုယျကျတာ ဆိုတဲ့အခါကြတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ရိုက်ခတ်မှု မရှိဘူးလို့ မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဖိတ်ခေါ်ပုံ ဖိတ်ခေါ်နည်းက လူတဦးချင်းစီအနေနဲ့ ဖြစ်နေတာကို။ တကယ်လို့များ လူ့ဘောင်သစ်ပါတီအနေနဲ့ တချိန်တုန်းကဆိုလည်း မြန်မာပြည်မှာ ဒုတိယ အင်အား အကြီးဆုံး ပါတီတခုအနေနဲ့ ရှိခဲ့တယ်ဆိုတော့ လူ့ဘောင်သစ်ပါတီအနေနဲ့ ဗမာပြည်ထဲဝင်ပြီး မှတ်ပုံတင်ခွင့် ရခဲ့လို့ရှိရင် ဗမာပြည်ထဲမှာ ပါတီတရပ်အနေနဲ့ လှုပ်ရှားခွင့်ရခဲ့တယ်ဆိုရင်။

ဦးအောင်မိုးဇော် ။ ။ ကျိန်းသေတာကာတော့ တိုင်းပြည်ထဲမှာရှိတဲ့ နိုင်ငံရေး အဝန်းအကျယ်ကို ကြည့်ရပါလိမ့်မယ်။ တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအဝန်းအကျယ်က အားလုံးစည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်တိုင်းပြည်ရဲ့ ကိစ္စအဝဝကို လုပ်ဆောင်နိုင်တဲ့ အခြေအနေ လမ်းစပွင့်တယ် ဆိုလို့ရှိရင် ကျနော်တို့လည်း အခုနလို နိုင်ငံရေးပါတီတခုအနေနဲ့ ဗမာပြည်ထဲမှာ ရပ်တည်သင့်ရင် ရပ်တည်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးတွေက ကနေ့ကာလမှာ မရှိဘူးဆိုတဲ့ လက္ခဏာကို ကျနော်တို့ အခုအချိန်အထိ မတွေ့ရသေးဘူးဖြစ်တယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာတော့ ကျနော်တို့ လုပ်ရမယ့် ပုံမှန်အလုပ်တွေကိုပဲ ဆက်ပြီး လုပ်ရမှာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းက အခြေအနေတွေကို ပြန်ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးတွေကို လေ့လာရသလောက်တော့ ပြည်တွင်းမှာ လုပ်နိုင်တဲ့ အနေအထားတွေ၊ လှုပ်ရှားနိုင်တဲ့ အနေအထားတွေဟာ အတိုင်းအတာတခုအထိသာ ရှိနေမယ်ဆိုတာကို သူ့အနေနဲ့ သဘောပေါက်ထားတယ်။ ဆိုတော့ ပြည်တွင်းမှာ လမ်းမထွက် ဆန္ဒပြလှုပ်ရှားမှုမျိုးတွေနဲ့ ပတ်သက်လို့ ဆိုလို့ရှိရင် ဒီအခြေအနေမှာ အခုလို တဘက်နဲ့တဘက် ဆွေးနွေးနေကြတဲ့၊ ပြောဆိုနေကြတဲ့၊ အကဲစမ်းနေတဲ့ အခြေအနေမှာ ဒါတွေက ဖြစ်သင့်သလား။

ဥပမာအားဖြင့် ဧရာဝတီမြစ်ဆုံကိစ္စအတွက်၊ ရေကာတာကိစ္စအတွက် ဆန္ဒပြမှုမျိုးတွေ။ တရုတ်သံရုံးရှေ့ ဆန္ဒပြမှုမျိုးတွေ၊ လှုံဆော်တဲ့ကိစ္စမျိုးတွေ။ အဲဒါတွေဟာ ဒီအခြေအနေမှာ တကယ်တမ်း ဖြစ်လာလို့ရှိရင် ထိန်းမနိုင် သိမ်းမရအခြေအနေမျိုးထိ ရောက်သွားနိုင်သလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်ထင်တယ်၊ တချို့ အနေအထားတွေမှာ တချို့နိုင်ငံတွေက အပြောင်းအလဲတွေမှာ ဒါမျိုးတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံမှာလည်း ဒါမျိုးတွေ မဖြစ်ဘူးလို့ ပြောဖို့တော်တော်ခက်ပါတယ်။

ဒါပေမဲ့ ကျနော်အမြင်ကို ပြောချင်တာကတော့ ကနေ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပဲဖြစ်ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို သူတို့စပြီး လျှောက်လှမ်းဖို့ ကြိုးစားနေတယ်။ ဒါကို ကျနော်တို့ ယုံကြည်မှုအကြည့်နဲ့ ကျနော်တို့ နောက်ကနေ ရံဖို့လိုအပ်တယ်လို့ ကနေ့ကာလမှာ မြင်တယ်။

သို့သော် ဒီကိစ္စကလည်း အကန့်အသတ် ရှိပါလိမ့်မယ်။ အချိန်အကန့်အသတ် ရှိနိုင်တယ်။ ဒီလို အကန့်အသတ်တွေ ကျော်လွန်ပြီးတဲ့ အနေအထားတွေမှာတော့ အခုနလို လှုပ်ရှားမှုတွေ အများကြီး ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဧရာဝတီလို ကိစ္စမျိုးကတော့ ထူးခြားတဲ့ကိစ္စဖြစ်တယ်။ နိုင်ငံရေးကိစ္စတခုတည်းကိုပဲ ကြည့်လို့မရဘူး။ တိုင်းပြည်တခုလုံး၊ ပြည်သူလူထုတခုလုံး။ သမိုင်း၊ ပြည်သူတွေရဲ့ Livelihood ဒါတွေနဲ့လည်း အားလုံးသက်ဆိုင်တယ်။ ဆိုတဲ့အခါကျတော့ ဧရာဝတီကိစ္စကတော့ တစုံတရာ လေးနက်ရလိမ့်မယ်။ သို့သော်လည်း တဘက်ကလည်း အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့၊ အာဏာလက်ရှိ ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီကိစ္စတွေကို လေးလေးနက်နက် ရှိစေချင်တယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ causes ကောင်းလည်း ထွက်နိုင်တယ်။ ဒါ အားလုံးရဲ့ အကျိုးစီးပွား။ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားကို သွားထိခိုက်နေတဲ့ ကိစ္စဖြစ်လို့ ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ တွေ့ဆုံမှုတွေထဲမှာ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လှုပ်ရှားသူတွေအနေနဲ့ တောင်းဆိုနေတဲ့အချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ အဖြေတွေက ရေရေရာရာ မရှိသေးတာကို တွေ့ရတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို အချိန်အတိုင်းအတာ သတ်မှတ်မှုတွေ လုပ်စေချင်သလဲ။

ဦးအောင်မိုးဇော် ။ ။ တစုံတရာ တဘက်က စစ်အုပ်စုအနေနဲ့ဖြစ်ဖြစ်၊ အစိုးရအနေနဲ့ ဖြစ်ဖြစ် တစုံတရာ အာမခံချက်ရှိမှ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်ပြီး တစတစ လွှတ်ပေးမယ်ဆိုတဲ့ သဘောမျိုး ရှိပုံ ရတယ်။ ကျနော် မြင်တဲ့အမြင်ကတော့ ကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုဆွေးနွေးမှု ပြီးတဲ့ အခိုက်မှာ တကယ် အချိန်အကန့်အသတ်နဲ့ သေသေချာချာ ဆက်ပြီး လုပ်စေချင်တယ်။ တပြိုင်နက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်တဲ့ကိစ္စကို စပြီး စဉ်းစားစေချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပရောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။