၂၀၁၅ နိုင်ငံရေးသုံးသပ်ချက် စကားဝိုင်း

ဒေါ်ခင်စိုးဝင်း (VOA)၊ ဒေါက်တာခင်မောင်ညို၊ ဒေါက်တာရန်မျိုးသိမ်း နဲ့ ဦးစည်သူအောင်မြင့်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးခြားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ အခြေခံတဲ့ သုံးသပ်ချက်တွေကို ဒေါ်ခင်စိုးဝင်း က ဒေါက်တာခင်မောင်ညို၊ ဒေါက်တာရန်မျိုးသိမ်း နဲ့ ဦးစည်သူအောင်မြင့် တို့နဲ့ ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ကျမတို့တတွေ ၂၀၁၅ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ထူးခြားဖြစ်စဉ်လေးတွေနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ် ဆွေးနွေးကြမယ်လို့ စီစဉ်ထားပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေကတော့ ဆရာဒေါက်တာခင်မောင်ညို၊ စာရေးဆရာဦးစည်သူအောင်မြင့် နဲ့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ကြပါတယ်။ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ပဲ စလိုက်ကြရအောင်ပါ။ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအလွန်ကာလမှာ အရေးကြီးဆုံးကတော့ မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးပါ။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ဆွေးနွေးနေတဲ့ ခရီးအတိုင်းအတာလဲ အတော်လေး ခရီးပေါက်နေပြီပေါ့။ ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် က .လည်း ပါဝင်လာပြီ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်ခံသမိုင်းလေး။ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ အတိုင်းအတာလေးကို ဆရာ သုံးသပ်ပေးပါအုံး။

ဒေါက်တာခင်မောင်ညို ။ ။ မြန်မာနိုင်ငံဆိုတာက Record တင်ထားတာပေါ့။ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံ တခုပေါ့။ အခု အဲဒီ record ကို အခုအချိန်ကြတော့ ကျနော်တို့ ဖောက်ဖျက်တော့မှာပေါ့။ ဘယ်သူကတော့ ရှေ့ကိုတက်သွားမလဲ မသိဘူး။ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းမှာဆိုရင် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အဖွဲ့ကတော့ ဒီကိစ္စ ငြိမ်းချမ်းရေးကိစ္စကို မဖြစ်မနေ လုပ်ဆောင်တယ်ဆိုပြီးတော့ နိုင်ငံတကာကလဲ ဝင်ပြီးတော့ အကူအညီပေးကြတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ကြတယ်။ အကျိုးအကြောင်းတွေတော့ မျိုးစုံရှိတာပေါ့။ အဲဒီအထဲမှာမှ (၈) ဖွဲ့က NCA လက်မှတ်ထိုးနိုင်ခဲ့တယ်။ NCA လက်မှတ်ထိုးနိုင်ခဲ့တဲ့ အခြေအနေလေးကို အခုဆက်ပြီးတော့ ဒုတိယအဆင့်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြတော့မယ်။ အဲဒီတော့ ဒီအခြေအနေလေးတွေကို ကျနော်တို့က ဆက်ပြီးတော့ ကြည့်လိုက်တဲ့အခါမှာ ဦးအောင်မင်းတို့ကြီးပဲ လုပ်လို့ မရတော့ဘူး။ သူတို့က ဆက်ပြီးတော့ message ထားပေးရမယ်။ ပထမပိုင်းက ဒေါ်အောင်ဆန်းစုကြည်က လုံးဝမပါဝင်ဘူးလေ။ NLD က လုံးဝပါဝင်တာကို မတွေ့ရဘူး။ အခု NLD က အခု မဲအနိုင်ရရှိတဲ့ပါတီ ဖြစ်တယ်။ သူက အစိုးရအဖွဲ့လည်း ဖွဲ့ရမယ်။ သူ့ရဲ့တာဝန်က အများကြီး ရှိလာပြီပေါ့။ အဲဒီတော့ ဒီဟာလေးကို ကျနော်တို့ အင်မတန်လှပတဲ့ ရှုခင်းကို ၂၀၁၆ မှာ ကြည့်ရတော့မယ်လို့ ကျနော် ယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးမှာ (၈) ဖွဲ့ကတော့ အားလုံးသိတဲ့အတိုင်း ထိုးပြီးသွားပြီပေါ့။ ကျန်တဲ့အဖွဲ့တွေ ပါဝင်လာအောင် ဘယ်လိုများ လုပ်ရင်ကောင်းမလဲ။ နောက်ကြောင်းပြန်ပြီး သုံးသပ်ကြည့်ပါအုံး။

ဦးစည်သူအောင်မြင့် ။ ။ အဓိကတော့ NCA စာချုပ်ဆိုတာက အခုလက်ရှိ အပစ်ရပ်တဲ့လူကော၊ မရပ်တဲ့လူကော အကုန်လုံးပါပြီး၊ ဆွေးနွေးပြီးမှ သဘောတူလာတဲ့ဟာ။ အဲဒီ NCA စာချုပ်ကို သဘောမတူတဲ့လူ တယောက်မှ မရှိဘူး။ ပြောချင်တဲ့သဘောက ဒါက သဘောတူထားတဲ့ စာချုပ်ဖြစ်တယ်။ ကောင်းလည်းကောင်းတယ်။ စာချုပက်တော့ ရသွားပြီ။ ဒါပေမဲ့ ဒီစာချုပ် လက်မှတ်ထိုးတဲ့ဆီမှာ ပြဿနာ ပေါ်လာတယ်။ အဲဒီတော့ တချို့အဖွဲ့တွေက ထိုးတယ်။ တချို့အဖွဲ့တွေက မထိုးဘူး။ ဒါကလဲ ဆက်ပြီးတော့ သွားရမယ်။ ပထမ တချက်ပေါ့။ နောက် ဒုတိယတချက်မှာဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကိစ္စ။ အခုဆိုရင် တဘက်ကလဲ မပြီးသေးဘဲနဲ့ အစိုးရက ဘာဆက်ပြီး လုပ်နေသလဲဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေကို NCA စာချုပ်မှာပါတဲ့အတိုင်း ဆက်လုပ်နေတယ်။ ဆက်လုပ်တာလဲလုပ်ပါ။ ပြဿနာ မရှိဘူး။ ဒါပေမဲ့ လုပ်နည်းကိုင်နည်း ပုံသဏ္ဍာန်ကြတော့ ကျနော့်တဦးချင်း သုံးသပ်ချက်အရတော့ ပြဿနာတွေ အများကြီးတွေ့တယ်။ အများကြီး ဘာကြောင့်တွေ့သလဲဆိုတော့ NCA စာချုပ်က ဘာဖြစ်လို့ ရခဲ့သလဲဆိုတာကို ကြည့်လိုက်တဲ့အခါကြတော့ သူက ရိုးရိုးလေးပဲ။ နှစ်ဘက်ပဋိပက္ခ ဖြစ်တယ်။ အဲဒီ နှစ်ဘက် ပဋိပက္ခဖြစ်တဲ့ လူတွေပဲ တိုက်ရိုက်တွေ့ဆုံဆွေးနွေးပြီးတော့မှ လုပ်ကြတဲ့အခါကြတော့ သူလိုချင်တာသူပြော၊ ကိုယ်လိုချင်တာ ကိုယ်ပြောပြီးတော့ အဲဒီလို ရှင်းရှင်းလင်းလင်း လုပ်ခဲ့လို့ ရခဲ့တာ။ ဒီတချက်က တော်တော်အရေးကြီးတယ်။ အဲဒီတော့ အခုဒီမှာ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်ကြတော့မယ်။ ငြိမ်းချမ်းရေးညီလာခံတို့ ဘာတို့ပေါ့။ အဲဒီအခါကြတော့ ဘယ်သူတွေ ဆွေးနွေးကြမလဲ။ ဒီမှာ မေးစရာမေးခွန်း ပေါ်လာတယ်။ အဲဒီတော့ ကျနော်တို့ နားလည်သလောက်က တိုင်းပြည်ထဲမှာဆို အခုလောလောဆယ်အချိန်အထိ အင်အားစုက သိပ်များများစားစား မရှိဘူး။ (၃) ခုလောက်ပဲ ရှိမယ်။ အဲဒီ (၃) ခုက ဘာလဲဆိုရင် ပထမတချက်က ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတာဆိုရင် ရွေးကောက်ခံအမတ်၊ အဖွဲ့အစည်းတွေ။ ဒါပဲရှိမယ်။ အဲဒီမှာဆိုရင် အခု ရွေးကောက်ပွဲက ပြီးသွားပြီ။ NLD အများဆုံးရတယ်ဆိုတော့ သူက အများစုဖြစ်မှာပေါ့။ ကြံ့ခိုင်ရေးက ပါတယ်ဆိုရင် ကြံ့ခိုင်ရေးက ပါမှာပေါ့။ တိုင်းရင်းသားအမတ်တွေလည်း ပါမှာပေါ့။ အဲဒီအင်အားစုကြီးက တခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအင်အားစုကြီးက ရွေးကောက်ခံဆိုတဲ့ဟာက တိုင်းပြည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတောင် ဆွဲလို့ရတယ်။ ပြုပြင်လို့ရတယ်ဆိုတော့ အရေးကြီးဆုံး အဖွဲ့အစည်း။ သူကတော့ နံပတ်တစ်၊ ပင်မ အရေးကြီးတယ်။ ဒုတိယက တပ်မတော်။ တပ်မတော်ဆိုတဲ့ဟာက ကျနော်တို့ သမိုင်းဖြစ်စဉ်အရ ပေါ်ပေါက်လာတာ။ လက်နက်ကိုင်ထားတယ်။ အင်အားရှိတယ်။ ပြီးတော့ ဒီနေ့အချိန်အထိ သူဟာ လွတ်လပ်သော အဖွဲ့အစည်းတခုအနေနဲ့ သီးခြားရပ်တည်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ နေတဲ့အခါကြတော့ နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေ ဖြေရှင်းမယ်ဆိုရင် သူပါမှဖြစ်မယ်။ နောက်တတိယတခုက ကျနော်တို့ဆီမှာ ဒီလိုမပြေလည်မှုတွေ ဖြစ်နေတဲ့အခါကြတော့ လက်နက်ကိုင်တိုင်းရင်းသားတွေက ပုန်ကန်တယ် ဘာညာဆိုတဲ့ဟာက နှစ်ကာလများစွာ ရှိနေတယ်။ အဲဒီတော့ သူတို့တွေကလဲ နိုင်ငံရေးဆွေးနွေးပွဲထဲမှာ ပါကိုပါရမယ့် အင်အားစုတစု။ အဲဒီတော့ ဒီအင်အားစု (၃) စု စနစ်တကျ ရှေ့က NCA ညှိ့သလို၊ တွေ့ဆုံညှိနှိုင်းပြီး လုပ်တယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကြီးဆိုတဲ့ဟာက အောင်အောင်မြင်မြင် သွားမှာပဲ။ ဒါပေမဲ့ အခုလောလောဆယ် ဒါကို ကျနော်က ဘာကြောင့် ပြောရသလဲဆိုရင်တော့ အခုလောလောဆယ် NCA စာချုပ်အရ အခုနလို အစိုးရအဖွဲ့က ဆက်ပြီးတော့ သွားနေတဲ့ဆီမှာ အဲဒီပုံစံ မဟုတ်ဘူး ဖြစ်နေတယ်။ မဟုတ်ဘဲနဲ့ ကိုယ်စားလှယ်ပေါင်း (၇၀၀) ကျော် အမျိုးမျိုး အဖွဲ့အစည်းတွေ။ ပြည်သူလူထုက တမဲမှ မထည့်လို့ လုံးဝရွေးကောက်မခံရတဲ့ လူတွေလည်း ဒီထဲမှာ ပါလိုပါ။ နောက်ပြီးတော့ ပညာရှင်ဆိုပြီး ဟိုကဒီက ထည့်မှာတွေလဲ ရှိလာတဲ့အခါကြတော့ ဒါတွေက မမှန်ကန်တဲ့နည်းတွေ။ ဆိုတော့ ဒီနည်းအတိုင်း ဆက်ပြီးတော့ သွားတော့မှလျှင် ကျနော်တို့ဆီမှာ ကောင်းမွန်တဲ့အဖြေတွေ ရမယ်။ မြန်မြန်ဆန်ဆန် အဖြေရမယ်။ လက်တွေ့ကျတဲ့ အဖြေတွေ ရမယ်လို့ ကျနော်ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ NCA မှာ လက်မှတ်မထိုးတဲ့ အဖွဲ့တွေ။ အဲဒီအဖွဲ့တွေ ပါဝင်လာအောင် NLD အနေနဲ့ ဘယ်လိုများ ဆွဲဆောင်လို့ ရမလဲလို့ ထင်ပါလဲရှင့်။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော် သုံးသပ်မိသလောက် အဓိကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာအရှိန်အဝါ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ယုံကြည်မှု။ အဲဒါက တော်တော်အရေးကြီးတယ်လို့ မြင်တယ်။ လက်ရှိ အခြေအနေမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို NCA ကို လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မပါဘဲနဲ့ ဒီအတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်တဲ့ ညီလာခံ ဖြစ်လာမယ့်အလားအလာ မရှိဘူးလို့ ကျနော်က ယုံကြည်တယ်။ အဲဒီလို လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပါဝင်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ သမ္မတအပါအဝင် အစိုးရအကြီးအကဲတွေ။ နောက်ပြီးတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ လိုတယ်လို့ ကျနော်က မြင်တယ်။ အဲဒီလို ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ်ဆိုရင် NCAA ကို လက်မှတ်မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွ့ဲအစည်းတွေအနေနဲ့ အားလုံး ဒီညီလာခံမှာ ပါဝင်လာနိုင်မယ်လို့ မြင်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ ၂၀၁၅ ခုနှစ်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲက အဓိကကျတာပေါ့။ အဲဒီသမိုင်းဝင် ရွေးကောက်ပွဲမတိုင်ခင်မှာ ပြည်ခိုင်ဖြိုးပါတီ - ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွင်းမှာ အကွဲအပြဲတွေ ဖြစ်ခဲ့တာပေါ့။ အဲဒီ အကွဲအပြဲဟာ ဒီရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကျဆုံးတာရဲ့ အဓိက အချက်တချက်ပါတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဆရာဘယ်လို သုံးသပ်လို့ ရပါလဲ။

ဒေါက်တာခင်မောင်ညို ။ ။ ဒါကတော့ သူတို့ပါတီတွင်းကိစ္စနဲ့ ဆိုင်တာပေါ့။ ကျနော်အနေနဲ့ ဒီဟာကို မထင်ဘူး။ ဒီအချိန်မှာ ရွေးကောက်ပွဲမှာ NLD က နိုင်ရတဲ့အကြောင်းရင်း အဓိကအကြောင်းရင်းက ပြည်သူလူထုက လက်ရှိအစိုးရကို လုံးဝလက်မခံချင်ဘူး။ ကျနော့်အနေနဲ့ကတော့ အဲဒီလောက်လေး ကွဲတဲ့ဟာကတော့ သူတို့ပါတီထဲမှာ ရှိကြမှာ ထင်ပါတယ်။ အဲဒီတော့ သူတို့အချင်းချင်း ကွဲကြပြဲကြတာတွေကတော့ ပါတီတွင်းမှာ ရှိကြတာပဲ။ ဒါက အဓိကအချက်လို့ ကျနော်က မယူဆဘူး။ သို့သော်လဲ နောက်ဆုံးအခြေအနေကတော့ ဒါကတော့ ကျနော် မပြောနိုင်ဘူး။ အဲဒီတော့ ကျန်တဲ့ ပုဂ္ဂိုလ်များလည်း သုံးသပ်လို့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ဆရာဦးစည်သူအောင်မြင့်အနေနဲ့ ပြည်ခိုင်ဖြိုးပါတီတွင်း အကွဲအပြဲက ပြည်ခိုင်ဖြိုးပါတီ ကျဆုံးရေးအရ အစနိဒါန်းလို့ ပြောလို့ရလား။

ဦးစည်သူအောင်မြင့် ။ ။ အဓိကတော့ ရွေးကောက်ပွဲပေါ့။ ရွေးကောက်ပွဲရလဒ် ဒီလိုမျိုး ဖြစ်သွားတဲ့ဆီမှာတော့ ပါတီတွင်း အကွဲအပြဲက အဓိကအချက်တော့ မဟုတ်ဘူး။ အဓိကအချက်က ဆရာ အခုနပြောသလိုပဲ နှစ်ပေါင်းများစွာ ပြည်သူတွေက ပြောင်းလဲချင်ကြတယ်။ ဒါကတော့ အဓိကကျတယ်။ ဒါပေမဲ့ ရုပ်ပျက်ဆင်ပျက် ဖြစ်သွားရလောက်တဲ့အထိ ကိစ္စမှာတော့ အဲဒီကိစ္စ ပါပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမျိုး ပါတီတွင်းမှာ ရုပ်ဆိုးအကျည်းတန်စွာ ပါတီဌာနချုပ်ကို ဝင်စီးရတဲ့အခြေအနေ။ ပြီးတော့ ထိပ်ဆုံးခေါင်းဆောင်တွေကို ဖယ်ရတဲ့အခြေအနေဆိုတာ ပြောလို့လဲ မသင့်တော်ဘူး။ အဲဒီလို ဖြစ်လာတဲ့အခါကြတော့ ရွေးကောက်ပွဲမှာ အဲဒီလို ဖြစ်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲမှာ ဘယ်သူကို သူတို့တွေက မဲရအောင်နိုင်အောင် စည်းရုံးမလဲဆိုတာ ကွဲပြားသွားပြီ။ သူ့လူတွေ ကိုယ့်လူတွေ ဖြစ်ကုန်ပြီ။ အဲဒါတွေကတော့ သူတို့ မဲရှုံးတဲ့ဆီမှာ ဆိုးဆိုးဝါးဝါး ရှုံးသွားရတဲ့အကြောင်းရင်းဆိုရင်တော့ မှန်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကြီး တခုလုံး ရှုံးသွားတဲ့အနေအထားကတော့ အဲဒါကြောင့် မဟုတ်ဘူး။ တဘက်က ပြည်သူလူထုကြီးကိုယ်တိုင် လိုအင်ဆန္ဒ အပြောင်းအလဲ ဖြစ်ချင်တယ်။ နောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုလည်း လိုလားတယ်။ ဒီဥစ္စာတွေ အကုန်လုံး ပေါင်းစပ်ပြီးတော့ ဖြစ်သွားတယ်လို့ ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာရန်မျိုးသိမ်းအနေနဲ့ ဘယ်လို သုံးသပ်လို့ ရပါလဲ။ ပြည်ခိုင်ဖြိုးပါတီအတွင်း အခြေအနေလေး။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော်ကတော့ ပြည်ခိုင်ဖြိုးပါတီတွင်းမှာ ကွဲပြဲတယ်လို့ မယူဆဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖြစ်စဉ်ရဲ့နောက်ပိုင်းမှာ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီရဲ့ ဗဟိုကော်မတီဝင်အဖြစ် ဆက်ပြီးတော့ ရှိနေတယ်။ အဲဒီအခါကြတော့ နောက်ပြီးတော့ အခြားပါတီထဲမှာ တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေကလဲ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ဆက်ပြီးတော့ ဝင်ပြိုင်တယ်။ သူရဦးရွှေမန်းကိုယ်တိုင်လဲ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ဆက်ပြီးတော့ပြိုင်တယ်။ အဲဒီအခါကြတော့ ကျနော်က ဒီဖြစ်စဉ်ကြီးကို သုံးသပ်တဲ့အခါမှာ ဒါက ပါတီအတွင်း အကွဲအပြဲလို့ ပြောဖို့ခက်တယ်လို့ ကျနော်က ထင်တယ်။ နောက်တချက်က ဘာလဲဆိုတော့ ကျနော် သုံးသပ်ကြည့်တဲ့အခါ ဒါဟာ တမင်များဖန်တီတဲ့ လူတွေကို လှည့်စားလို့ရအောင်။ အထူးသဖြင့်တော့ အတိုက်အခံခေါင်းဆောင်နဲ့ အတိုက်အခံပါတီကို လှည့်စားလို့ရအောင် လုပ်တဲ့အကွက်တခုလား။ နိုင်ငံရေးလှည့်ကွက်တခုလားလို့ ကျနော်က သုံးသပ်တယ်။ အဲဒီလို ကျနော်က ဘာဖြစ်လို့ ပြောလဲဆိုတော့ ကျနော် လက်ရှိ အခြေအနေအထိ သုံးသပ်ကြည့်တဲ့အခါမှာ လက်ရှိ လူအများက ပြောနေတဲ့ လက်ရှိ ပြည်ခိုင်ဖြိုးပါတီဟာ သူတို့ရဲ့ Exit Strategy သူတို့ရဲ့ ထွက်ပေါက်ဗျူဟာကို လုပ်နေသလားလို့ လူတွေက သုံးသပ်တယ်။ ဒါပေမဲ့ ကျနော့်အမြင်က ဘာလဲဆိုတော့ သူတို့က Exit Strategy ကို လုပ်နေတာ မဟုတ်ဘူး။ Containment Strategy ကို လုပ်နေတယ်လို့ ကျနော်က သုံးသပ်တယ်။ ဥပမာ ထိန်းချုပ်နိုင်တဲ့ မူဝါဒကို သူတို့က လုပ်နေတယ်။ သူတို့ ခင်းပေးထားတဲ့ လမ်းမှာပဲ သူတို့သတ်မှတ်ထားတဲ့ အခြေအနေတွေကြားထဲမှာ အလုပ်လုပ်နေရတဲ့ အနေအထားတွေရှိတယ်။ လက်ရှိ ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင်လဲ ကျနော့်အမြင်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်က တော်တော်ကြီးကို ထိန်းထိန်းညှိညှိနဲ့ သိမ့်သိမ့်မွေ့မွေ့ သွားနေရတဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲဒီအခါကြတော့ လက်ရှိအခြေအနေ အစိုးရနဲ့ တပ်မတော်နဲ့ Containment Strategy ဟာ လက်ရှိအခြေအနေအထိ အလုပ်ဖြစ်နေတယ်၊ အောင်မြင်နေတယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။ အဲဒီ Containment Strategy ကို ကျနော်တို့ တကယ် ဖောက်မထွက်နိုင်သမျှ ကျနော်တို့ဟာ သူတို့ ချပေးထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံထဲမှာပဲ ဆက်ပြီးသွားနေရမယ့် အနေအထားရှိတယ်လို့ ကျနော်က သုံးသပ်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လေးပွင့်ဆိုင် ပထမဦးဆုံး တောင်းဆိုခဲ့တာပေါ့။ လေးပွင့်ဆိုင် တွေ့ချင်ပါတယ်ဆိုပြီး သမ္မတကြီးဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ လွှတ်တော်နှစ်ရပ်က ဥက္ကဋ္ဌကြီးတွေဖြစ်တဲ့ သူရဦးရွှေမန်း နဲ့ ဦးခင်အောင်မြင့်တို့ကို တွေ့ဖို့ဆိုပြီး တောင်းဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မတွေ့ဘဲနဲ့ သမ္မတကြီးဦးသိန်းစိန်က ခြောက်ပွင့်ဆိုင် တွေ့ပါတယ်။ ခြောက်ပွင့်ဆိုင် တွေ့ပြီးတဲ့အခါကြတော့ ဘာမှရလဒ်လဲ မရှိဘူး။ ဘာမှလဲ မဖြစ်မြောက်ဘူးဆိုပြီး ပြောကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအလွန် ကာလမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ခွင့်ရတယ်။ သမ္မတကြီးနဲ့လည်း တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခွင့်ရတယ်။ သူရရွှေမန်းနဲ့လည်း တွေ့ရတယ်။ ဒါထက်ပိုပြီး ထူးခြားတာက သတင်းစကားတွေအရ စာဖတ်နေတယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်မှူးကြီး၊ အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တယ်ဆိုတာ အားလုံးအသိပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဆရာ့အနေနဲ့ ဘယ်လို သုံးသပ်လို့ရပါလဲရှင့်။

ဒေါက်တာခင်မောင်ညို ။ ။ ထူးခြားမှုကတော့ ဦးသန်းရွှေက သူ့မြေး နေရွှေသွေးအောင် ကို လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဦးဆုံး စေ့စပ်ဆွေးနွေးတာတွေ ပြုလုပ်ပြီးမှ တွေ့တာပေါ့။ အဲဒီတော့ ဒီချာတိတ်လေးကို ပွဲထုတ်ချင်တဲ့ အကြောင်းအရာလေးတော့ ရှိမယ်လို့ ကျနော်ထင်တယ်။ ဒီနောက်ကွယ် ဘယ်လောက်အထိ ရှိလာမယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ဘူး။ နောက် ထပ်ကြည့်ရမှာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ ၂၀၁၆ နှစ်သစ်မှာ အားလုံး မြန်မာပြည်သူပြည်သားအပေါင်းလည်း စိတ်၏ချမ်းသားချင်း၊ ကိုယ်၏ကျန်းမာချင်းအပေါင်းနဲ့ ပြည့်စုံကြပြီးတော့ လာမယ့် ၂၀၁၆ နှစ် တခုလုံးက မြန်မာပြည်သူပြည်သားတွေ မျှော်လင့်နေတဲ့ ပြုပြင်ပြောင်းလဲရေး အပြောင်းအလဲကြီးလည်း အားလုံးမြင်ကြရလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်ရှင်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ ဒီနေ့ ပါဝင်ဆွေးနွေးကြတဲ့ ဆရာဒေါက်တာခင်မောင်ညို၊ စာရေးဆရာစည်သူအောင်မြင့် နဲ့ ဆရာဒေါက်တာရန်မျိုးသိမ်းတို့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။