မြန်မာ့လက်ဖက် ကမ္ဘာကိုရောက်နိုင်မလား

  • ဇော်ဝင်းလှိုင်

မြန်မာနိုင်ငံလက်ဖက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုညိုစိန်

Your browser doesn’t support HTML5

မြန်မာ့လက်ဖက် ကမ္ဘာကိုရောက်နိုင်မလား

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာ့မူပိုင်းအစားအစာ လက်ဖက်ကို နိုင်ငံတကာဟင်းလျာတွေထဲရောက်အောင် လုပ်နိုင်မှသာ နိုင်ငံစီးပွားရေးကို အထောက်အကူရမည့်အပြင် လက်ဖက်စိုက်တောင်သူ၊ ကုန်သည်တွေအတွက်လည်း ရေရှည်မှာ အကျိုးများစေမယ့်လို့ လက်ဖက်ရညလုပ်ငန်းတာဝန်ခံတဦးက ပြောပါတယ်။ တာဝန်ခံ ဒေါ်ညိုညိုစိန် ကို ဦးဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကျနော်တို့ သိထားတာက ဒေါ်ညိုညိုစိန်က မြန်မာနိုင်ငံလက်ဖက်အသင်းမှာ တာဝန်ရှိသူတဦးအနေနဲ့ လက်ရှိမှာ လုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။ ဒေါ်ညိုညိုစိန် လက်ရှိလုပ်ကိုင်နေတဲ့ အခြေအနေလေးတွေကို အရင်ပြောပြပါလား။

ဖြေ ။ ။ ကျမက မြန်မာနိုင်ငံလက်ဖက်အစုအဖွဲ့မှာ ဥက္ကဋ္ဌရာထူးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ကျမတို့အသင်းက လက်ဖက်စိုက်တောင်သူတွေကအစ စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့လူတွေပါတဲ့ လက်ဖက်အသင်းကြီးတခုလုံးပါတဲ့ အသင်းသားပေါင်း နှစ်သောင်းကျော်ရှိတဲ့ အစုအဖွဲ့ ဖြစ်ပါတယ်။ ကျမတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကအစ ကျမတို့ လက်ဖက်လောကကြီးတခုလုံး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူနေမှုအဆင့်အတန်းတွေ မြင့်မားလာပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဝိုင်းဝန်းပြီးတော့၊ ပူးပေါင်းပြီးတော့ ကြိုးစားတာ ဖြစ်ပါတယ်။

မေး ။ ။ စိုက်ပျိုးရေးကဏ္ဍနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေဆိုလို့ရှိရင် စိုက်ပျိုးတဲ့ တောင်သူတွေရဲ့အကျိုးဖြစ်အောင် သူတို့အတွက် ဝင်ငွေတိုးအောင် လုပ်ကြတာဆိုပြီး ကျနော်တို့ ကြားသိရတယ်။ ဥပမာ ကော်ဖီဆိုရင် ထို့နည်းလည်းကောင်းပဲ ကော်ဖီစိုက်တဲ့ တောင်သူတွေ အဆင်ပြေအောင်။ ဈေးကွက်တည်ငြိမ်အောင် ပုံမှန်လေးဝင်ငွေတက်အောင် လုပ်ပေးကြတယ်။ ဆိုတော့ မြန်မာနိုင်ငံ လက်ဖက်အသင်းကလည်း အဲဒီလိုသဘောဆန်ဆန် လုပ်နေတာလား။ လက်ဖက်စိုက် တောင်သူတွေအတွက် အဆင်ပြေအောင် ဘယ်လိုပံ့ပိုးပေးတာတွေ ရှိပါလဲ။

ဖြေ ။ ။ NGO တွေကလည်း လက်ဖက်ကိုင်ဖြတ်နည်းတို့၊ ဖွံ့ဖြိုးတိုးတက်အောင် နည်းပညာတွေ ပေးပါတယ်။ တောင်ပေါ်စိုက်ပျိုးတဲ့လူတွေအတွက်လည်း ပေးတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဧကပေါင်း နှစ်သိန်းကျော်လောက် ရှိတဲ့အထဲမှာ Network တွေ အကုန်လုံးချိတ်ဆက်မိသွားတယ်။ ပြီးတော့ TOT ဆရာတွေဖြစ် သင်တန်းတွေပေးပြီးတော့ ဆရာတွေနဲ့ လက်ဖက်စိုက် ဧကတွေအများကြီးကို နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်လာနိုင်တယ်။ ကျမတို့က ဈေးကွက်ကို ထပ်ချဲ့ဖို့ လိုလာတယ်။ လက်ဖက်တွေ ထွက်လာပြီဆိုရင်လဲ ကျမတို့က ကိုယ့်ပြည်တွင်းဈေးကွက်နဲ့ဆိုရင် မလုံလောက်တော့ဘူး။ ပြီးရင် နိုင်ငံတကာဈေးကွက်ကိုရမှ ကျမတို့ တောင်သူတွေကလည်း ဖွံ့ဖြိုးတိုးတက်မယ်။ စိုက်ပျိုးရောင်းချသူတွေလည်း ဖွံ့ဖြိုးတိုးတက်မယ်။ အဲဒီအခါကြတော့ ဈေးကွက်ချဲ့ဖို့ လိုလာတယ်။ ကုန်ကြမ်းတွေက ပုံနေပြီတော့ အဲဒီအခက်အခဲတွေ၊ အကျပ်အတည်းတွေ အများကြီးဖြစ်လာတယ်။ အဲဒီလို ပွဲရုံတွေကလဲ တောင်ပေါ်ကလူတွေက ကုန်ပို့ချင်တယ်ဆိုရင် အပို့မခံဘူး။ ရပ်ထားဖို့ ပြောတဲ့အခါကြတော့ တောင်ပေါ်သူတွေလည်း ဒုက္ခရောက်တယ်။ ကုန်စည်လည်ပတ်မှု အရမ်းအားနည်းနေတယ်။ အဲဒါနဲ့ ကျမတို့က လက်ဖက်တွေကို နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် ဈေးကွက်တွေ ပိုကျယ်လာအောင် ဘယ်လို့လုပ်မလဲလို့ စဉ်းစားတဲ့အခါကြတော့ လက်ဖက်အစိုကတော့ တကမ္ဘာလုံးမှာ မြန်မာတနိုင်ငံထဲပဲ စားပြီးတော့ အရသာကောင်းပြီး၊ စားလို့၊ စားသုံးသူများနိုင်တယ်။ ပြိုင်ဘက်လည်းကင်းတယ်။ လက်ဖက်အစိုကနေ ဈေးကွက်ကို အကျယ်ကြီးချဲ့နိုင်တယ်လို့ နိုင်ငံတကာထွက်နိုင်တဲ့ Quality တွေ ဖြစ်လာအောင် ကျမတို့လက်ဖက်အသင်းက အခုကြိုးစားပြီးတော့ မြှင့်နေတယ်။ လက်ဖက်ရဲ့ Status တွေ အဲဒါတွေ ထားနိုင်အောင်လည်း ကြိုးစားနေကြပါတယ်။

မေး ။ ။ ဈေးကွက်ကို ချဲ့ထွင်ဖို့ကိစ္စမှာကြတော့ လက်ဖက်အသင်းက အားလုံး ဒေါ်ညိုညိုစိန်က ဥက္ကဋ္ဌဆိုတော့ ဦးဆောင်ပြီးတော့ အားလုံးဝိုင်းစဉ်းစားပြီးတော့ Plan ချပြီးတော့ လုပ်ကြတာလား။ ဆိုလိုတာက ငါတို့တော့ လက်ဖက်အစိုကိုပဲ .. ဆိုကြပါစို့ ဥပမာထားပြီးတော့ .. ဘယ်နိုင်ငံတွေကို သွင်းနိုင်အောင် ငါတို့လုပ်ကြမယ်ဆိုပြီးတော့ ဝိုင်းစဉ်းစားပြီး အဲဒီလို လုပ်ကြတဲ့သဘောလား။ ဘယ်လိုပုံစံနဲ့ သွားကြလဲ။

ဖြေ ။ ။ ရှေ့ဆက်ပြီးထွက်နိုင်ဖို့ကိုလဲ သွားနေတယ်။ အဲဒီကြားထဲမှာလည်း မြန်မာနိုင်ငံရဲ့ လက်ဖက်စားသုံးသူတွေ ကျယ်ပြန့်လာအောင်လဲ။ ကိုယ့်ရဲ့ လက်ဖက်စားသုံးတဲ့ Culture ကြီး ပိုကြီးလာအောင်လို့လဲ သွာတယ်။ အဲဒါကြတော့ ချက်ချင်းလုပ်လို့ရတဲ့ဟာ။ အဲဒါကို ကျမတို့အသင်းက စားသုံးနည်းတွေကို ထွင်ကြတယ်။ Brand မျိုးစုံကနေ ထွင်ကြတယ်။ ကောက်ညှင်းပေါင်းနဲ့ လက်ဖက်ကို ပေါင်းလိုက်တယ်။ ပြီးတော့ ငါးခြောက်ကြော်တို့ ဘာတို့ထည့်လိုက်တယ်။ ကောက်ညှင်းပေါင်း၊ လက်ဖက်ပေါင်း။ ဆူရှိလုပ်တဲ့ထဲမှာ လက်ဖက်ထည့်တယ်။ ပြီးရင် ကျမတို့မန္တလေးမှာ ခနုန်ထုပ်က ကောင်းတယ်။ ဧည့်ခံတဲ့အချိန်မှာလည်းကောင်းတယ်။ ခနုန်ထုပ်ထဲမှာလည်း လက်ဖက်ထည့်တယ်။ ပြီးတော့ ရှုးရှဲဆာမူစာ၊ ပြီးတော့ လက်ဖက်အာလူးထောင်၊ လက်ဖက်နဲ့ချက်တဲ့ ဟင်းမျိုးစုံတွေလည်း လုပ်ကြတယ်။ အဲဒီလို ထွင်ကြတယ်။

မေး ။ ။ စားသုံးသူ များလာအောင်ပေါ့။

ဖြေ ။ ။ စားသုံးသူတွေက လက်ဖက်ကို ရိုးရိုးသုတ်စားတာအပြင် တခြားအများကြီးထွင်ပြီးတော့ စားလို့ရတယ်ဆိုတဲ့ ပျော်စရာကောင်းတဲ့ စားသုံးနည်းတွေ။ ကျမတို့ ဝိုင်းထွင်ကြတဲ့အချိန်မှာ ပထမဦးဆုံး (၃၅) မျိုးလောက် ထွင်လာနိုင်တယ်။ အခုဆိုရင် ဒီထက်မကတောင် ထွင်လာနိုင်တယ်။ တော်တော်များတယ်။

မေး ။ ။ ထိုင်းသင်္ဘောသီးထောင်းဆိုရင် အခု ကမ္ဘာကျော် ဖြစ်နေပြီ။ အမေရိကားဖြစ်ဖြစ် အနောက်နိုင်ငံတွေမှာ သင်္ဘောသီးထောင်း ဖြစ်သွားတယ်ဆိုတာ ထိုင်းတွေက အရမ်းစားကြတယ်။ ရောက်လေရာမှာ သင်္ဘောသီးထောင်း စားကြတော့ သင်္ဘောသီးထောင်းဆိုပြီး နိုင်ငံခြားသားတွေက ကြိုက်သွားကြတယ်။ အခု မြန်မာလက်ဖက်ကလည်း အဲဒီလို တဖြည်းဖြည်းဖြစ်လာဖို့ ကြိုးစားကြတယ် မြန်မာနိုင်ငံလက်ဖက်အသင်းက။

ဖြေ ။ ။ ကျမတို့ အဲဒါကို အစပျိုးတာပေါ့။ အခု အစပျိုးပြီး ကြိုးစားတယ်။ စားသုံးသူက များလာပြီဆိုရင် များအောင်လည်း လုပ်ရမှာပေါ့။ အဲဒီအခါကြရင် အိမ်မှာတင် မျိုးစုံလုပ်စားလို့ရအောင်။ နောက် ဆိုင်တွေမှာ ချိတ်ဆက်လို့ရအောင် လုပ်နေတယ်။ ဆိုင်တွေမှာ လွယ်လွယ်ကူကူ စားနိုင်ရင်လဲ အိမ်မှာလုပ်စရာ မလိုဘူး။ ဆိုင်တွေမှာ သွားစားလို့ရရင် ဆိုင်တွေလည်း အကျိုးရှိတယ်။ ကျမတို့ရဲ့ တောင်ပေါ်လူတွေလဲ အကျိုးရှိတယ်။ ဈေးကွက်သာ ကြီးလာရင် .. ကျမတို့က ဈေးကွက်ကြီးလာဖို့ အရင်လုပ်ရမှာပေါ့။ ဈေးကွက်ကြီးလာတာနဲ့ တောင်ပေါ်လူတွေကို ကုန်တွေကနေ ငွေဖြစ်သွားရင် တောင်ပေါ်လူတွေဟာ

မေး ။ ။ သူတို့ရဲ့ လူနေမှုအဆင့်အတန်းလည်း မြှင့်မားလာမယ်ပေါ့။ ဆိုတော့ အရည်အသွေးကတော့ အမျိုးမျိုးရှိတာပေါ့။ ကုန်ပစ္စည်းတိုင်းမှာ ကော်ဖီလည်း ကော်ဖီအလျောက်၊ လက်ဖက်ဆိုလည်း လက်ဖက်အလျောက် တခြားဟင်းလျာတွေလည်း ထိုနည်းလည်းကောင်းပေါ့ သူ့အရည်အသွေးနဲ့သူ ဈေးကလည်းကွာတာ ရှိတာပေါ့။ အရည်အသွေးကိစ္စကို ပြောလပြီဆိုရင် လက်ဖက်မှာလဲ ဟိုးနှစ်တွေတုန်းက ဆိုးဆေးတွေပါတယ်။ ဥပမာ မသန့်တဲ့ဆီတွေ သုံးတယ်ဆိုတဲ့ နာမည်ဆိုးတွေ ထွက်ခဲ့ဖူးတာ ရှိတယ်။ ဆိုတော့ အစိုးရကိုယ်တိုင်ကလည်း ကြေညာချက်တွေ ဘာတွေ ထုတ်ခဲ့တော့ အရည်အသွေး ထိန်းချုပ်ဖို့၊ အရည်အသွေး ကောင်းဖို့အတွက် မြန်မာနိုင်ငံ လက်ဖက်အသင်းအနေနဲ့ ကိုယ့်နိုင်ငံကထွက်တဲ့ ကုန်ပစ္စည်းတွေကို ဘယ်လိုလှုံဆော်နေသလဲဆိုတာကို ပေးသိပါရစေ။

ဖြေ ။ ။ အဲဒီအတွက် ကျမတို့က စံတွေ သတ်မှတ်ဖို့ ကြိုးစားနေပါတယ်။ အဲဒါကြတော့ ဂျပန်ပြည်မှာ နှစ်အကြာကြီးပဲ နှစ် (၃၀) လောက် သွားပြီးတော့ အလုပ်လုပ်လာတဲ့ ဆရာမကြီးဒေါ်နန်းလှလှဌေး ရှိပါတယ်။ သူက အခု ကျမတို့ မြန်မာနိုင်ငံ လက်ဖက်အသင်းမှာ သူက Consultant ဖြစ်တယ်။ ဆရာမကြီးက လက်ဖက်အကြောင်းနဲ့ လက်ဖက်ထဲမှာပါတဲ့ ကတ်သရှင်းတို့ဘာတို့ကို ဒါတွေကို ဂျပန်မှာ … ဆေးတွေလုပ်ရောင်းတယ်။ ဆရာမကြီးက လက်ဖက်အကြောင်းတွေကို အရမ်း နားလည်တယ်။ ဆရာမကြီးနဲ့ ပညာရှင်တွေ ပေါင်းမိတဲ့အခါကြတော့ ကျမတို့က လက်ဖက်ကို စံချိန်သတ်မှတ်မယ်။ ပြီးရင် တကယ့် မြန်မာ့လက်ဖက်ဟာ ဂုဏ်ယူရတဲ့ လက်ဖက်ဖြစ်အောင် နိုင်ငံတကာမှာသွားဖို့ မျက်နှာပန်းလှလှနဲ့ ဂုဏ်ယူရတဲ့ လက်ဖက်ဖြစ်အောင်လည်း။ ကျမတို့ လက်ဖက်အသင်းသားတွေကိုလည်း ကောင်းလာအောင် အသင်းကြီးက လုပ်သွားဖို့ ရှိပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ဖက်အမျိုးအစားက လက်ဖက်ဆိုရင် စားဖို့အတွက်ပဲ သင့်တော်တဲ့ အမျိုးအစားလား။ ဒါမှမဟုတ် တရုတ်တို့၊ ဂျပန်တို့လိုမျိုး လက်ဖက်ခြောက်ထုပ်ပြီးတော့ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ရင်ကော ရနိုင်တဲ့ အရည်အသွေးမျိုးရှိသလား။ မြန်မာနိုင်ငံမှာရှိတဲ့ လက်ဖက်အမျိုးအစားတွေကိုလဲ ပြောပြပါ။

ဖြေ ။ ။ မြန်မာလက်ဖက်ကြတော့ အချိုခြောက်၊ လက်ဖက်အစို - ထူးခြားတာက လက်ဖက်အစိုက တခြားနိုင်ငံမှာ မရှိဘဲ မြန်မာမှာပဲ ရှိနေတယ်။ လက်ဖက်ခြောက်ဆိုရင်လဲ ဖန်ပြီးပြန်ချိုတဲ့နေရာမှာ မြန်မာ့လက်ဖက်ခြောက်က တော်တော်လေးကို ကောင်းတာ။ အဲဒါကြတော့ တခြားနိုင်ငံတွေနဲ့ ထူးခြားနေတာက ပြန်ချိုနေတာ။ ချိုတဲ့အရာက မြန်မာမှာ ထူးခြားတဲ့လက္ခဏာတွေ ရှိတယ်။ လက်ဖက်ခြောက်ကို နိုင်ငံတကာ သွင်းဖို့ဆိုရင် Infrastructure တွေက အရမ်းလိုသွားပြီ။ စက်ရုံတွေ၊ ထုတ်လုပ်တဲ့ နည်းစနစ်တွေ အဲဒါတွေ အဆင့်အတန်းမီအောင် လုပ်ဖို့ကြတော့ အရင်းအနှီး၊ ကုန်ကြစရိတ် အများကြီးလိုတယ်။ ပြီးတော့ သူများနိုင်ငံတွေနဲ့ ပြိုင်ရမယ့်အချိန်မှာ ကုန်ကျစရိတ်က ကျမတို့အတွက် ကြီးသွားမှာပေါ့။ အဲဒါက နည်းနည်းခက်နေသေးတယ်။ အားကောင်းလာရင်တော့ ကျမတို့ ပြိုင်နိုင်သွားမှာ။ အခုလောလောဆယ်တော့ ကျမတို့က အာဆီယံကိုပဲ အားထားနေရတာ။ အဲဒီအတွက် လက်ဖက်စိုကိုပဲ သွားတယ်။ လက်ဖက်စိုက ဘာဖြစ်လို့ မြန်မာတနိုင်ငံထဲ ရှိနေတာလဲဆိုတော့ လက်ဖက်က .. မျိုးရိုးဖြစ်နေတယ်။ တခြားနိုင်ငံတွေနဲ့ မတူတဲ့ မျိုးရိုးဖြစ်နေတယ်။

မေး ။ ။ အစိုအဖြစ်နဲ့ စားလို့ကောင်းတဲ့ မျိုးရင်း အမျိုးအစားပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ အခု Swiss က ပညာရှင်တွေက လေ့လာပြီးတော့ သုတေသီလုပ်လိုက်တာ မြန်မာ့မျိုးရင်းက ဆယ်မျိုးတွေ့တယ်လို့ သူတို့ ပြောပါတယ်။ အဲဒီအထဲမှာမှ လက်ဖက်၊ သနပ်ခါး၊ ဇီး တို့က ထင်ရှားတယ်။ အဲဒီအထဲမှာ ကျမတို့ လက်ဖက်က အားအကောင်းဆုံး။ လက်ဖက်က သူများနိုင်ငံကလာတဲ့ မျိုး မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံရဲ့ မျိုးရင်း ဖြစ်နေတာ။ အဲဒီအတွက် မတူညီတဲ့ တစ်ရှူးတွေ ရှိနေတယ်။ အဲဒါကြောင့်မို့ လက်ဖက်ကလည်း အရသာနဲ့ ပြီပြည့်စုံပြီးတော့ အချိုအငံတွေလည်း ဝင်တယ်။ ပျော့ပျောင်းတယ်။ နုညံ့တယ်။

မေး ။ ။ နောက်ဆုံး မြန်မာနိုင်ငံလက်ဖက်အသင်းအနေနဲ့ အခု လက်ရှိ၊ လတ်တလော ဖြစ်ချင်တဲ့အရာတွေကို … လတ်တလော လုပ်ဆောင်နေတဲ့အရာတွေက စောစောက ဒေါ်ညိုညိုစိန် ပြောသွားတဲ့အထဲမှာ လက်ဖက်စားတဲ့နှုန်း ပိုပြီးတော့ များလာအောင် လက်ဖက်နဲ့ ပတ်သက်တဲ့ အစားအသောက်တွေ ထွင်တာ။ အမျိုး (၃၀) အဲဒီလို ဖြစ်လာပြီဆိုတော့ တခြားကော မြန်မာနိုင်ငံ လက်ဖက်အသင်းကနေ ဦးစားပေးလုပ်နေတာ ရှိသေးလား။ ကျနော်တို့ကို ပြောပြလို့ရနိုင်တဲ့ဟာတွေကို ပြောပြပါ။

ဖြေ ။ ။ အခုကြိုးစားနေတာကတော့ တခြားပညာရှင်တွေကပါ ဓါတ်ခွဲခန်းတွေ သုံးပြီးတော့ လက်ဖက်ထဲမှာ ဘာဓါတ်တွေက ပိုများနေလ။ ဘာဓါတ်တွေက ပိုကောင်းနေတာလဲ။ ကျန်းမာရေးနဲ့ ညီညွှတ်တယ်ဆိုတာ ဘာဓါတ်တွေလဲ အဲဒါမျိုးတွေ စစ်ဖို့တွေ အဖြေမရှိဘူး ဖြစ်နေသေးတာပေါ့။ အဲဒါတွေကို စစ်ဖို့တွေ လိုတယ်။ ပြီးရင်း Standard တွေ သတ်မှတ်ဖို့ အဲဒါတွေလည်း ပညာရှင်တွေနဲ့ ပေါင်းပြီးတော့ တခြားပညာရှင်တွေလည်း ချိတ်ဆက်ပြီးတော့ သူတိ့က ကူညီမယ်လို့လဲ ပြောပါတယ်။ ကျမတို့က ရှေ့ဆက်ပြီးသွားမယ်ဆိုရင် မြန်မာ့လက်ဖက်က အခြေအနေ အရမ်းကောင်းတဲ့ဘက်ကို ရောက်လာမယ်လို့ ကျမတို့မြင်တယ်။ နိုင်ငံဝင်ငွေလည်း တိုးတက်ပြီး အခွန်အရမ်းယူလို့ကောင်းတဲ့နေရာလို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု လက်ဖက်ခင်းတွေကို သွားကြည့်လို့ရှိရင် ကျိုးတိုးကျဲတဲတွေပဲ ရှိတယ်။ ဂျပန် လက်ဖက်ခင်းတွေလို အလုံးလောက် အလုံးလောက်ဆိုရင် ကျမတို့ မြန်မာနိုင်ငံက အရမ်းကို စီးပွားဖြစ်မှာ။ ကျမတို့ကသာ နိုင်ငံတကာရဲ့ လက်ဖက်စားတဲ့ ဈေးကွက်ကြီးကို ချဲ့နိုင်တယ်ဆိုရင် လက်ဖက်စိုက်ခင်းတွေကိုလည်း စီးပွားဖြစ်လာတယ်။ ဝင်ငွေကောင်းလာတယ် ဆိုတာနဲ့ တောင်ပေါ်သူတွေကလည်း ဒါကိုအားထည့်ပြီး လုပ်လာနိုင်မယ်။ နည်းပညာတွေလည်း ထပ်ထည့်မယ်ဆိုရင်တော့ အားကောင်းတဲ့ ဈေးကွက်ကြီးနဲ့ အားကောင်းတဲ့ လက်ဖက်ခြံကြီးတွေ ဖြစ်လာရင်တော့ ကျမတို့နိုင်ငံကလည်း အဲဒီအတွက် ဝင်ငွေအများကြီး ရနိုင်မယ်လို့ ကျမ မြင်ပါတယ်။