ရှေးလက်ရာမပျက် ပြန်လည်တည်ဆောက်နိုင်ဖို့

ပန်းပုအမွှန်း ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ မန္တလေးမြို့မှာ နှစ်ပေါင်းရာချီက ဆောက်ခဲ့တဲ့ ကျောင်းတော်တွေ အဆောက်အဦးဟောင်းတွေကို ပြန်လည်ပြုပြင်မွမ်းမံတဲ့အခါမှာ မူလတန်ဖိုးအတိုင်းမှီအောင် မလုပ်နိုင်ဘူးလို့ ပန်းပုအမွှန်း ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင် က ပြောပါတယ်၊ မင်းတုန်းမင်းလက်ထက်က ဆောက်ခဲ့တဲ့ သုဓမ္မာဇရပ်တွေကို ဦးဆောင်ပြန်လည်တည်ဆောက်နေတဲ့ ဦးဝင်းမောင်ဟာ မဟာအတုလ ကျောင်းတော် ပြန်လည်မွန်းမံရေးကိုလဲ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်၊ ရှေးလက်ရာမှီအောင်လုပ်ပေမဲ့ ကုန်ကြမ်းအခက်အခဲ၊ စရိတ်စကတွေကြောင့် မူလတန်ဖိုးအတိုင်းမှီအောင် မလုပ်နိုင်ဘူးလို့ VOA နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ ရှေးဟောင်းလက်ရာတွေ ပြန်လည်မွန်းမံတဲ့အခါမှာ တေ့ွရတဲ့ စိန်ခေါ်မှုတွေကို VOA (ရန်ကုန်ရုံး) တာဝန်ခံ ဒေါ်ခင်စိုးဝင်းက တမ္ပဝတီဦးဝင်းမောင်ကို တေ့ွဆုံမေးမြန်းထားတာပါ၊

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ ဆရာ။

ဦးဝင်းမောင် ။ ။ မင်္ဂလာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို ကျမတို့ ဗွီအိုအေ အမေရိကန်အသံကို လာရောက်တွေ့ဆုံ မေးမြန်းခွင့်ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင့်။

ဦးဝင်းမောင် ။ ။ ကျနော်ကလည်း ကျနော့်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ရေဒီယိုကနေတဆင့် ပြည်သူပြည်သားတွေကို ပြောခွင့်ရတာကို ကျနော်ကလည်း အထူးကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဆရာက အခုလောလောဆယ် ဒီ စီမံကိန်းမှာ ဆရာရဲ့ ဗိသုကာအမွှန်းပညာ ဆောက်လုပ်ရေးဘက်မှာ အဲဒီ ပညာနဲ့ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ပြီးတော့ ကြီးကြပ်ပေးနေတာလဲ။

ဦးဝင်းမောင် ။ ။ ပထမ ဒီလုပ်ငန်းလေးကို တင်ပြပါရစေ။ ဒီလုပ်ငန်းလေးက မင်းတုန်းမင်းကြီး မြို့တည်နန်းတည် သတ္တဌာန (၇) ဌာန တည်ခဲ့တဲ့အနက် ဒုတိယကမ္ဘာစစ်အတွင်းက (၇) ဌာနနီးပါး ပျက်စီးယိုးယွင်းသွားခဲ့ပါတယ်။ ဒါကြောင့်မို့ ခေတ်အဆက်ဆက်မှာ ပြန်လည်ပြုပြင်တဲ့အခါမှာ ကနေအချိန်ထိ ဒီလုပ်ငန်းမစခင်အထိ (၇) ဌာနထဲက (၃) ဌာန ပြုပြင်ဖို့ ကျန်ပါတယ်။ ပြုပြင်ဖို့ကျန်တဲ့ (၃) ဌာနကတော့ မင်းတုန်းမင်းကြီး တည်ထားခဲ့တဲ့ သုဓမ္မာဇရပ်တော်ကြီး၊ သူ့ဘေးမှာ ရှိနေတဲ့ မဟာပဌာန်းဟောသိမ်တော်၊ မန္တလေးတောင်ခြေမှာရှိတဲ့ ပိဋကတ်တိုက်တော်တို့ ဖြစ်ပါတယ်။ ဒီလုပ်ငန်း (၃) ခုကို ပြန်လုပ်တဲ့လုပ်ငန်းပါ။ လုပ်တဲ့နေရာမှာ ဒီလုပ်ငန်းမှာ ကျနော်ရဲ့ အဓိက အသက်မွေးကျောင်းဖြစ်တဲ့ ပန်းပုပညာအပြင်၊ ကျောက်ကိုဆစ်ရတဲ့ ကျောက်ဆစ်ပညာ၊ အင်္ဂတေနဲ့ လုပ်ရတဲ့ ပန်းတော့ပညာ၊ သစ်သားကို ထုရတဲ့ ပန်းပုပညာ၊ သံပြားကိုလုပ်ရတဲ့ ပန်းတင်ပညာ စတဲ့ ပန်းဆယ်မျိုး ပညာရပ်တွေအားလုံးပါတော့ ဒီလုပ်ငန်းမှာ ကျနော်က ပါသမျှ ပန်းဆယ်မျိုး ပညာရပ်တွေကို ပုံစံထုတ်ပေးရတယ်။ နောက် လုပ်တဲ့လက်ရာကို ခေတ်နဲ့လျော်ညီအောင် စီစစ်ပေးရတယ်။ တပ်ဆင်တဲ့နေရာမှာလည်း ရှေးမူမပျက်ဖြစ်အောင် ဒီလုပ်ငန်းတွေအားလုံးက မင်းတုန်းမင်းကြီး ရတနာပုံခေတ်က တည်ခဲ့တဲ့လက်ရာအတိုင်း ဖြစ်နိုင်သမျှဖြစ်အောင်။ ရတနာပုံခေတ်မှာ အကြမ်းမျဉ်းပြောရင်တော့ ပုဂံခေတ်လက်ရာ၊ အင်းဝခေတ်လက်ရာ၊ ကုန်းဘောင်ခေတ်လက်ရာ ဆိုပြီးတော့ ရှိပေမယ့် ကုန်းဘောင်ခေတ်လက်ရာထဲမှာ ကုန်းဘောင်ခေတ်ဦး၊ ကုန်းဘောင်ခေတ်လယ်၊ ကုန်းဘောင်ခေတ်နှောင်း ဆိုပြီးရှိတော့ ရတနာပုံခေတ်က ကုန်းဘောင်ခေတ်နှောင်းထဲမှာ ပါပါတယ်။ ကုန်းဘောင်ခေတ်နှောင်းကိုပဲ အသေးစိတ်ပြန်ကြည့်မယ်ဆိုရင် ၁၂၂၁ ခု မင်းတုန်းမင်းကြီး မြို့တည်တဲ့အချိန်က လက်ရာကတမျိုး၊ မင်းတုန်းမင်းကြီး နတ်ရွာစံပြီးတော့ သားတော်သီပေါမင်းတက်တဲ့ ၁၂၄၀ ခုနှစ် ပတ်ဝန်းကျင်က လက်ရာကတမျိုး၊ ၁၂၄၇ ခုနှစ် သီပေါမင်း ပါတော်မူခံနီးမှာ လုပ်တဲ့လက်ရာကတမျိုး။ တနည်းအားဖြင့်ပြောရင် ရတနာပုံခေတ်ကိုပဲ အသေးစိတ်ပြန်ကြည့်ရင် ရတနာပုံခေတ်ဦးလက်ရာ၊ ရတနာပုံခေတ်လယ်လက်ရာ နဲ့ ရတနာပုံခေတ်နှောင်လက်ရာဆိုပြီး ဒီအဆောက်အဦးတွေအားလုံးက ရတနာပုံခေတ်ဦးလက်ရာနဲ့ဆိုင်တော့ ဒီထဲမှာထုသမျှ ဝင်ပေါက်တံခါးတွေ၊ အမွမ်းမံတွေ၊ ကြမ်းပြင်မှာရှိတဲ့ပန်းတွေ၊ အမိုးမျက်နှာကြက်မှာရှိတဲ့ ပန်းတွေ အားလုံးက ရတနာပုံခေတ်ဦးလက်ရာ ဖြစ်နိုင်အောင် ကျနော်တို့ ကြိုးစားရပါတယ်။ အဲဒါက ဒီလုပ်ငန်းကြီးရဲ့ အဓိကပါ။ အဲဒီတော့ ရတနာပုံခေတ်နှောင်းလက်ရာတွေကတော့ မန္တလေး ပတ်ဝန်းကျင်မှာလည်းကောင်း၊ ကျန်တဲ့ အမရပူရ၊ စစ်ကိုင်း၊ အင်းဝ ပတ်ဝန်းကျင်မှာ ရှာလို့ရပါတယ်။ မင်းတုန်းမင်းကြီး နန်းတက်ခါစ ၁၂၂၁ ခုနှစ်နဲ့ ၁၂၂၅ ခုနှစ်အတွင်း ခေတ်ဦးလက်ရာက တော်တော်ရှာပါတယ်။ မန္တလေးမြို့မှာဆိုရင် အားလုံးသိတဲ့အတိုင်း နံမည်ကျော် ဘုန်းကြီးကျောင်း (၃) ခု ရှိပါတယ်။ လူတိုင်းသိနေတဲ့ ရွှေနန်းတော်ကျောင်း။ နောက်တခါ သီပေါမင်း ပါတော်မူခံနီးမှာ ဆောက်သွားတဲ့ …ကျောင်း။ ဒီနှစ်ခုမှာ ရွှေနန်းတော်ကျောင်းက ရတနာပုံခေတ်ရဲ့ ခေတ်လယ်လက်ရာ ဖြစ်ပါတယ်။ ..ကျောင်းဆိုရင် ရတနာပုံခေတ်ရဲ့ ခေတ်နှောင်းလက်ရာ ဖြစ်ပါတယ်။ ခေတ်ဦးလက်ရာ ရှာတဲ့အခါမှာ မန္တလေးမြို့မှာ (၅၀) ရာခိုင်နှုန်းလောက် ပျက်စီးယိုးယွင်းနေတဲ့ သင်္ဂဇာကျောင်းတခုပဲ ရှိပါတယ်။ ဒီ သင်္ဂဇာကျောင်းကိုပဲ အခြေပြုပြီးတော့ ရွှေဘိုမြို့နယ်ထဲမှာရှိတဲ့ မင်းတုန်းမင်းကြီးလက်ထဲက ဆောက်လုပ်ခဲ့တဲ့ သီးလုံးကျောင်း။ နောက် မြင်းခြံမြို့နယ်ထဲမှာ ရှိနေတဲ့ ယွန်းကျောင်းဆိုတဲ့ မင်းတုန်းမင်းခေတ်ဦးနဲ့ဆိုင်တဲ့ မြန်မာပြည်အရပ်ရပ်က - မြန်မာပြည်အရပ်ရပ်ဆိုလဲ တခြားနေရာတွေ မဟုတ်ဘူး။ အပူပိုင်းဒေသ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတွေမှာ လက်ရှာတဲ့အခါမှာ အနည်းဆုံး အထောက်အထားက (၅) နေရာလောက်ပဲ ရပါတယ်။ အဲဒီ ရသမျှ (၅) နေရာကနေ အမိုးပိုင်းဆိုင်ရာ အမွှန်းပန်းတွေ၊ ကြမ်းပြင်ပိုင်းဆိုင်ရာ အမွှန်းပန်းတွေ၊ နံရံပိုင်းဆိုင်ရာ အမွှန်းပန်းတွေ၊ အတွင်းပိုင်းဆိုင်ရာ အမွှန်းပန်းတွေ အားလုံးကို ရတနာပုံခေတ်ဦးလက်ရာနဲ့ ရှေ့မူမပျက် လုပ်ဖို့ရာ ဒီလုပ်ငန်းကြီးရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီလိုမျိုး အမွှန်းပန်းပညာကို ဆရာအနေနဲ့ လက်ဆင့်ကမ်းပြီးတော့ တခြားမျိုးဆက်သစ်တွေကို ဆရာအနေနဲ့ ပြုစုပျိုးထောင်ပေးဖို့ ရှိပါလား။

ဦးဝင်းမောင် ။ ။ ရှိပါတယ်။ အခုလဲ ပြုစုပျိုးထောင်လျက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖျဉ်းပြောရင် မြန်မာမင်း ပါတော်မူပြီးနောက်မှာ ကျနော်တို့ရဲ့ ပန်းဆယ်မျိုး ပညာရပ်တွေက အပ်မယ့်လူ မရှိဘဲနဲ့ အလုပ်မရှိ အကိုင်မရှိ ဖြစ်ကြပါတယ်။ လွတ်လပ်ရေး ပြန်ရလာတဲ့အချိန်လေးမှာ နည်းနည်းပြန်ပြီးတော့ နလန်ထူပေမယ့်၊ ထင်သလောက်ကို မဖြစ်ပါဘူး။ တကယ် ပန်းဆယ်မျိုး ပညာရပ်တွေ ထွန်းထွန်းကားကား ပြန်ဖြစ်လာတာက ၁၉၉၀ ပတ်ဝန်းကျင်လောက်မှာ တည်ဆောက်ပြုပြင်လုပ်ငန်းတွေ နိုင်ငံတော်အစိုးရက လုပ်လာပါတယ်။ အဲဒီလို လုပ်တဲ့နေရာမှာ မန္တလေးနန်းတော်ကြီးကို တည်ဆောက်တယ်။ အဲဒီနောက်မှာ ပဲခူးနန်းတော်ဆောက်တယ်။ အဲဒီနောက် ရွှေဘိုနန်းတော်ဆောက်တယ်။ နောက်ဆုံး ပုဂံနန်းတော်ဆောက်တယ်။ အဲဒီလိုပဲ သာသနာရေးပတ်သက်ပြီး အတုမရှိကျောင်းကြီးကို ပြန်ဆောက်တယ်။ အမရပူရ ဗားဂရာကျောင်းကြီးကို ပြန်ဆောက်တယ်။ မန္တလေးတောင်ခြေက ရွှေကျင်ကျောင်း ဆောက်တယ်ဆိုတော့ အဲဒီလို ကျောင်းတွေနန်းတော်တွေ ပြန်ဆောက်တဲ့အခါမှာ ပထမပိုင်းက ကျနော့်မှာ တတ်တဲ့လူ (၅) ယောက်လောက်ပဲ ရှိပါတယ်။ အဲဒီ (၅) ယောက်နဲ့ ဖြစ်သလိုလုပ်ရင်နဲ့ အခုတဖြည်းဖြည်း ကျနော်က တပည် (၅) ယောက်ကို သင်ပေးတယ်။ တပည် (၅) ယောက်က သူတို့တပည်တွေကို ပြန်သင်ပေးတယ်။ တပည်တွေကတဆင့် နောက်လူငယ်တွေကို ပြန်သင်ပေးခဲ့တာ အခု မန္တလေးမြို့တဝိုက်မှာ လူ (၅၀၀) လောက် ဒီလုပ်ငန်းကို လုပ်နိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို ဒီလိုလုပ်ငန်းတွေ လုပ်ရင်နဲ့ ဆရာအနေနဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရပါလား။

ဦးဝင်းမောင် ။ ။ အခက်အခဲ ရင်ဆိုင်ရတာတော့ နံပတ် (၁) က အချိန် အခက်အခဲပါ။ ဘယ်လုပ်ငန်းပဲလုပ်လုပ် ကျနော်တို့က ကန့်သတ်အချိန်အတွင်းမှာ ပြီးအောင်လုပ်ရပါတယ်။ အနုပညာလုပ်ငန်းတခုဟာ စိတ်တိုင်းကျလုပ်မယ်ဆိုရင် တနှစ်လဲ ကြာရင်ကြာမယ်။ (၂) နှစ်လဲ ကြာရင်ကြာမယ်။ ဒါပေမဲ့ အခု တည်ဆောက်ပြုပြင်ရေး လုပ်ငန်းတွေ လုပ်နေတဲ့အချိန်မှာ နံပတ်တစ် တွေ့ကြုံရတဲ့ အခက်အခဲက အချိန် အခက်အခဲပါ။ အချိန်အခက်အခဲဆိုတာ ကျနော်တို့ တချို့လက်ရာတွေကို ဒီထက်စိတ်တိုင်းကျ ပိုပြီးတော့ အနုစိတ်လုပ်ချင်ပေမယ့် အချိန်မမီမှာ စိုးတဲ့အတွက် လျှော့ပြီးတော့ လုပ်ရတော့ အခက်အခဲရှိတယ်။ နောက်တခုကတော့ ပစ္စည်းရှာဖွေမှု အခက်အခဲ။ တကယ်တမ်းတော့ ကုန်ကြမ်းအခက်အခဲ။ အရင်တုန်းကတော့ ကျနော်တို့ မြန်မာနိုင်ငံတော်မှာ ကုန်ကြမ်းမျိုးစုံ ပန်းဆယ်မျိုးနဲ့ ပတ်သက်တဲ့ ကျောက်ဆိုရင်လဲ စကျင်တောင်ကြီးတခုလုံး ရှိတယ်။ ကြေးသွန်ဆိုလဲရှိတယ်။ သစ်သားဆိုလဲ သစ်တောတွေ အများကြီး ရှိပေမယ့် အခုပိုင်းမှာက ကျောက်တွေလဲ နိုင်ငံခြားပုဂ္ဂိုလ်တွေက ကိုယ်တိုင်းကိုယ်ကျ လာပြီးတော့ တည်ဆောက်ပြီးတော့ လာဝယ်တာရှိတယ်။ ကျွန်းသားဆိုရင်လဲ အားလုံးသိတဲ့အတိုင်း ကျနော်တို့က မီးခြစ်ဆန်လောက်ပဲ သုံးရတာ တကယ့် အချင်း (၂) ပေ (၃) ပေရှိတဲ့ဟာက တခြားနိုင်ငံတွေကို ရောက်သွားတယ်ဆိုတော့ ကုန်ကြမ်းမှာလဲ ခက်ပါတယ်။ အဲဒါကြောင့်မို့ ဒီဟာတွေ ပြန်ဆောက်တဲ့အခါမှာ တချို့တိုင်လုံးကြီးတွေဆိုရင် မူလသစ်သားတိုင်လုံးတွေပါ။ အခု ဒီတိုင်လုံးတွေရအောင် စောင့်နေမယ်ဆိုရင် ဒါကြီးက (၂) နှစ်လဲ ကြာရင်ကြာမယ်။ (၃) နှစ်လဲ ကြာရင်ကြာမယ်။ အဲဒါကြောင့်မို့ တချို့ အခက်အခဲရှိနိုင်မယ့်ဟာတွေကို ကျနော်တို့က ပစ္စည်းအမျိုးအစားပြောင်းလိုက်ရတယ်။ သစ်သားတိုင်အစား ကွန်ဂရစ်တိုင်ကို လောင်းလိုက်ရတယ်။ ရှေးတုန်းက သစ်ဆေးသုတ်တဲ့အစား အခု သင်္ဘောဆေး သုတ်ရတယ်။ ရှေးတုန်းကဆိုရင် ရွှေအဆစ်ချတဲ့ဟာတွေပါ။ ရွှေအဆစ်ချတဲ့ဟာတွေအစား အခု ရွှေဆေးသုတ်ရတယ်။ တကယ်တမ်း ပြောမယ်ဆိုရင်တော့ ရှေးလက်ရာကို မှီအောင်လုပ်ပေမယ့် တန်းဖိုးအနေနဲ့ ရှေးလက်ရာမှီအောင်လို့ ငွေရေးကြေးရေးပေါ် မူတည်ပြီးတော့ မှီအောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီလို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာပေါ့။ ဆရာ ဒီလိုမျိုး လုပ်ငန်းလုပ်တဲ့အတွက်ကြောင့်မို့ နိုင်ငံတော်အပိုင်းက ဘယ်လိုမျိုး ပံ့ပိုးမှုတွေ ရှိပါလဲ။

ဦးဝင်းမောင် ။ ။ နိုင်ငံတော်အပိုင်းကတော့ ပစ္စည်းရအောင် အခု ဒီမှာတော့ သိပ်အခက်အခဲ မရှိဘူး။ နန်းတော်တွေ ဆောက်တုန်းကဆိုရင် သစ်လုပ်ငန်းနဲ့တွဲပြီးတော့ သစ်လုပ်ငန်းက လိုသလောက်သစ်တွေ ရအောင်လို့ တတ်နိုင်သမျှ သစ်လုပ်ငန်းကို ရောက်လာတဲ့ သစ်ထဲကတော့ ရနိုင်သမျှ ထုတ်ပေးပါတယ်။ ဒါပေမဲ့ တခြားပစ္စည်းပစ္စယတွေ ကျနော်တို့ နန်းတော်ဆောက်တုန်းက ကျနော်တို့နိုင်ငံက ဒီလောက်အထိ ပွင့်လင်းမြင်သာမှု မရှိသေးတော့ နိုင်ငံခြားပစ္စည်းတွေကိုရဖို့ အခက်အခဲရှိတော့ ရနိုင်တဲ့ပစ္စည်းနဲ့ ဖြစ်အောင်လုပ်ခဲ့ရတယ်။ အခုခေတ်က တိုးတက်တဲ့ ခေတ်ကြီးဆိုတော့ နည်းပညာတွေအားလုံး တိုးတက်နေတော့ လုပ်ငန်းအားလုံးကို လက်မှုပညာတင်မဟုတ်ဘဲ အစောတုန်းက ပြောခဲ့တဲ့အတိုင်း အချိန်အကန့်အသတ်ရှိတော့ မြန်မြန်ဆန်ဆန်ပြီးအောင် စက်ကရိယာတွေ ကူနိုင်ရင်တော့ မြန်မြန်ဆန်ဆန်ပြီးတော အခုပိုင်းမှာတော့ တဝက်တပျက်ကို စက်နဲ့လုပ်တယ်။ နောက်ဆုံး အပြီးသတ်တဲ့ဟာကိုပဲ လက်နဲ့လုပ်တဲ့အတွက် ပိုပြီးတော့ အရင်တုန်းက လုပ်ငန်းထက်ဆရင်တော့ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ရှိလာခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီ စီမံကိန်းကို ရန်ပုံငွေ ဘယ်လောက် ခွဲဝေချထားပေးလဲ။

ဦးဝင်းမောင် ။ ။ ဒီဟာက နိုင်ငံတော် စီမံကိန်း မဟုတ်ပါဘူး။ ပုဂ္ဂလိက မန္တလေးမြို့က မြေပိုင်ရှင်တယောက်ရဲ့ တဦးတည်း အလှုရှင်ပါ။ မူလတုန်းကတော့ အဆောင်ကြီး (၃) ဆောင် သုဓမ္မာဇရပ်တော်ကြီး၊ မဟာပဌာန်းဟော်သိမ်တော်၊ ပိဋကတ်တိုက်တော် (၃) ခုကို တခုကို သိန်းပေါင်း (၅) သောင်းနဲ့ သိန်းပေါင်း (၁) သိန်းခွဲ လုပ်ခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တဦးတည်း အလှုရှင်က လုပ်တာလား။

ဦးဝင်းမောင် ။ ။ တဦးတည်း အလှုရှင်က လုပ်တာပါ။ တကယ် လုပ်တဲ့အခါကြတော့ လုပ်ငန်းတွေက တိုးလာပါတယ်။ သုဓမ္မာဇရပ်ကြီးဆိုရင် မြန်မာမင်းများလက်ထက်က အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မြန်မာမင်းလက်အောက်မှာရှိတဲ့ ရဟန်းတော်တွေ စာဖြေတဲ့ဌာနကြီး။ အခုခေတ် နားလည်အောင်ပြောရင်တော့ စာမေးပွဲခန်းမကြီး (Exam Hall)။ အဲဒီကိုလာတဲ့ အနယ်နယ်အရပ်ရပ်က ရဟန်းတော်တွေ တည်ဖို့ခိုဖို့အတွက် ကျူံဘေးမှာ လူတိုင်းသိနေတဲ့ သုဓမ္မာဇရပ်တန်းဆိုတဲ့ (၃၃) ဆောင် ဇရပ်တွေမှာ ဒီရဟန်းတော်တွေက တည်ခိုရပါတယ်။ မူလက (၃၃) ဆောင် ရှိပေမယ့် အခုတော့ (၁၉) ဆောင်ပဲ ကျန်ခဲ့ပါတယ်။ ပိုပြီးတော့ လေ့လာတဲ့အခါမှာ ဒီ စာမေးပွဲကို လာပြီးကြီးကြပ်တဲ့ ဆရာတော်တွေ ခေတ္တနားနေဖို့ဆိုပြီး သုဓမ္မာကျောင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အခု ဒီနေရာက သုဓမ္မာကျောင်းတော်ကြီးပါ။ ဟိုဘက်က မြင်နေရတဲ့ အဆောင်ကြီးမှာ စာမေးပွဲအချိန်မှာ လာကြီးကြပ်တဲ့ ဆရာတော်တွေနေတဲ့ အဆောင်ဖြစ်ပါတယ်။ အဲဒီတော့ မူလ (၃) ဆောင်အပြင် သုဓမ္မာကျောင်းတော်ပါ တိုးလာတယ်။ တခါ သုဓမ္မာဇရပ်နဲ့ အနီးဆုံးရှိနေတဲ့ ကျောက်တော်ကြီးဘုရားရဲ့ ထောင့် (၄) ထောင့်မှာ မင်းတုန်းမင်းကြီးက ဗောဓိပင် (၄) ပင် စိုက်ခဲ့ပါတယ်။ အဲဒီ ဗောဓိပင် (၄) ပင်ကလဲ (၃) ပင်က အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့အခါ အခု အလှုရှင်ကပဲ ကျန်တဲ့ (၃) ပင်ကို ပြန်စိုက်တဲ့အခါ အဲဒါလဲ (၃) ခု ထပ်တိုးလာပါတယ်။ နောက်တခါ အလှုရှင် ပြောခဲ့တဲ့ စေတနာက မင်းတုန်းမင်းတရားကြီးက မန္တလေးမြို့ကို မြို့တည်နန်းတည် မင်းတရားကြီးဖြစ်ပေမယ့် သူနဲ့ ထိုက်တန်တဲ့ ရုပ်လုံးမရှိခဲ့ဘူး။ အဲဒါကြောင့် ပြန်ဆောက်တဲ့အခါမှာ ဒီဝန်းထဲမှာ မင်းတုန်းမင်းတရားကြီးနဲ့ သတ္တဌာန (၇) ဌာနကို ဦးစီးဆောက်ခဲ့တဲ့ မြောက်နန်းမိဖုရားကြီး ရှင်သဲတို့ရဲ့ ပုံတူရုပ်ထုကြီးတွေ ထားချင်တယ်ဆိုပြီးတော့ မင်းတုန်းမင်းရဲ့ ပုံတူအဆောင်လည်း ထပ်တိုးလာပါတယ်။ နောက်တခါ လုပ်ငန်းအဝဝကို ငွေရေးကြေးရေး ဘယ်လောက် အကုန်အကျခံခဲ့တယ်။ ဘယ်လို ပညာရှင်တွေ ဆောက်ခဲ့တယ်။ ဘယ်အထောက်အထားတွေကို မူတည်ပြီး ရှေးမူမပျက် လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုလည်း ကျောက်တက်အက္ခရာတင်ပြီးတော့ မော်ကွန်းတိုက်တတိုက်လည်း ဆောက်လုပ်ပါမယ်။ မော်ကွန်းတိုက်အပြင် နောက်တခါ အသောကမင်းကြီးရဲ့ ကျောက်တိုင်ကို အတုယူပြီးတော့ မော်ကွန်းကျောက်တိုင်ကြီးတခုလည်း လုပ်မယ်ဆိုတော့ မူလက (၃) ခုကနေ အခုက (၉) ခုလောက်အထိ ပွားသွားခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။