ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ပြည်ထောင်စု ပြိုကွဲမယ့်အရေး စိုးရိမ်ရတယ်လို့ ဆိုနေတဲ့ အစိုးရနဲ့ ဖယ်ဒရယ်စနစ်လိုလားတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေ အခုထိ အောင်မြင်နေတဲ့အတွက် တနေ့မှာ ငြိမ်းချမ်းရေး ရလာမယ်လို့ မျှော်လင့်ပါတယ်လို့ ငြိမ်းချမ်ရေးဆိုင်ရာ ပညာရှင် ဦးဇာကျဲလျန်က ပြောဆိုပါတယ်၊ Switzerland နိုင်ငံ Geneva အခြေစိုက် Center for Humanitarian Dialogue ရဲ့ ရန်ကုန်ရုံးခွဲ အကြီးတန်း စီမံကိန်းအရာရှိ ဦးဇာကျဲလျန် တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့ဟာ ကမ္ဘာတဝန်း ပဋိပက္ခဖြစ်ပွားတဲ့ နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ကျွမ်းကျင်မှု အထောက်အပံ့ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်၊ ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံက အပစ်အခတ်ရပ်စဲရေးနဲ့ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဦးဇာကျဲလျန်ရဲ့ အမြင်ကို သိရှိနိုင်ဖို့ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက တေ့ွဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။
ဦးဇာကျဲလျန် ။ ။ မင်္ဂလာပါ အန်တီ။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ ဗွီအိုအေအသံကို ဦးဇာကျဲလျန် ကိုယ်တိုင်လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
ဦးဇာကျဲလျန် ။ ။ ကျနော်လည်း အရမ်းကျေးဇူးတင်တယ်။ နိုင်ငံသားတယောက်အနေနဲ့ အခုလို ကိုယ့်အမြင် ကိုယ့်အတွေးတွေကို မျှဝေခွင့်ရတဲ့အတွက် ကျေးဇူးပဲ။
ဒေါ်ခင်စိုးဝင်း ။ ။ ဦးဇာကျဲလျန်အနေနဲ့ အခု မြန်မာနိုင်ငံမှာ လက်တွေ့ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ နည်းပညာပိုင်ဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ သိရပါတယ်ရှင့်။ ဒီလိုမျိုး အကူအညီပေးနေတဲ့ နေရာမှာ လတ်တလော မကြာခင်က လက်မှတ်ရေးထိုးလိုက်တဲ့ NCA လို ခေါ်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူဖို့အတွက် မူကြမ်း လက်မှတ်ရေးထိုးတာ။ အဲဒီ လက်မှတ်ရေးထိုးတဲ့ နောက်ပိုင်းမှာ အဲဒါကို အတည်ဖြစ်အောင် အားလုံးဝိုင်းဝန်းသဘောတူဖို့အတွက် အလားအလာ ဘယ်လိုများ ရှိပါသလဲရှင့်။
ဦးဇာကျဲလျန် ။ ။ ဖြစ်နိုင်ဖွယ် ရှိမရှိအပိုင်းမှာ အဓိကတော့ သူတို့ဘက်မှာ တကယ်လိုလားတဲ့ လိုချင်တဲ့ စိတ်ဆန္ဒ ရှိလာမရှိဘူးလား ဆိုတာက ကျနော်တို့အားလုံးလည်း မသိကြဘူး။ ဒါပေမဲ့ အဓိကတော့ အဲဒီစာချုပ်အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ဒီအဆင့်မှာ ပါဝင်စေချင်တဲ့ အချက်အလက်တွေကတော့ တော်တော်လေး ပြည့်စုံနေတယ်။ တကယ်လို့ အစိုးရဘက်ကမှာ တကယ် လိုလားချက်ဆန္ဒ ရှိတယ်ဆိုရင် တဆက်တည်း တိုင်းရင်းသားလက်နက်ကိုင် ထိပ်တန်းခေါင်းဆောင်တွေကလည်း လိုလားတဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် မထိုးနိုင်စရာ အကြောင်းမရှိဘူးလေ။ အဲဒီလိုပဲ သုံးသပ်ချင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီ NCA သဘောတူညီချက် မူကြမ်းမှာ ပါဝင်တဲ့အချက်တွေကို ဗမာပြည်သူလူထုတွေ သိရအောင် နည်းနည်းလေး ရှင်းပြပေးပါလားရှင့်။
ဦးဇာကျဲလျန် ။ ။ ဖြစ်စဉ်ကို နည်းနည်းလေး ရှင်းပြမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်ဘက်ကလဲ ဒီစာချုပ်မှာ ပါဝင်စေချင်တဲ့ အချက်တွေကို သီးသန့်ပြင်ဆင်လာတယ်။ ပြီးတော့ အစိုးရဘက်ကလည်း ပြင်ဆင်လာတယ်။ အဲဒီနှစ်ခုကို ပေါင်းပြီးမှ ဒီမူကြမ်း စာချုပ်ပေါ်လာအောင် နှစ်ဘက်စလုံးက တွဲပြီးတော့ လုပ်လာခဲ့တယ်။ အဲဒီ အခု မူကြမ်းမှာ အခန်း (၇) ခန်း ပါပါတယ်။ အဲဒီ အခန်း (၇) ခန်းမှာ အဓိကတော့ ပထမအခန်းက အခြေခံမူများ။ ဒုတိယဆိုရင် ဦးတည်ချက်တွေ။ တတိယအခန်းဆိုရင် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ။ အဲဒီလိုမျိုး အခန်း (၇) ခန်း ရှိပါတယ်။ အဓိကတော့ အခြေခံမူများလို့ ပြောတဲ့နေရာမှာ ဥပမာ ထပ်ပြီးတော့ ရှင်းပြရမယ်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကို ပြန်လည်တည်ထောင်တဲ့အခါမှာ ဘာကို အခြေခံပြီးတော့ ပြန်လည်ပြုပြင်မှာလဲ။ အစိုးရ အကြံပြု လိုချင်တဲ့ဟာမျိုးမူ။ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ရမယ်ဆိုတဲ့ အချက်အလက်တွေ။ တဘက်က ပြန်ပြောမယ်ဆိုရင် ကျနော်တို့အားလုံး ပြည်ထောင်စု မပြိုကွဲအောင်၊ တို့တာဝန် အရေး (၃) ပါးကို လက်ခံတယ်။ အဲဒီ အခြေခံမူထဲမှာ ပါပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကြားနေ ပုဂ္ဂိုလ်တယောက်အနေနဲ့ နှစ်ဘက်ရဲ့ ယုံကြည်မှု အတိုင်းအတာကို ဘယ်လို တိုင်းတာသုံးသပ်လို့ ရပါလဲရှင့်။
ဦးဇာကျဲလျန် ။ ။ အယုံအကြည်မှုတော့ လုံးဝမရှိဘူးလို့ စပြီးတော့ ပြောပါရစေ။ အဓိက အခု ငြိမ်းချမ်းရေးလို့ ပြောနေတဲ့အချိန်မှာ တိုက်ပွဲတွေလည်း ဖြစ်နေတဲ့အခါကြတော့ တချို့က ကျနော်တို့ ငြိမ်းချမ်းရေးတဘက်က ပြောနေတယ်။ မြန်မာနိုင်ငံ စစ်တပ်ဘက်ကလည်း နယ်မြေတိုးချဲ့လာတယ်။ တိုက်ပွဲတွေ ဆင်နွှဲလာတယ်။ ပြီးတော့လဲ ကျနော်တို့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အခါမှာ အကောင်အထည်ဖော်မှုတွေ မရှိခဲ့တဲ့အပိုင်းတွေ အများကြီး ရှိခဲ့တဲ့အခါကြတော့ သူတို့အနေနဲ့ အခု ငြိမ်းချမ်းရေးဖြစ်စဉ် သွားနေတဲ့ လက်မှတ်ရေးထိုးမယ်ဆိုရင် သူတို့ စိုးရိမ်ချက်က အစိုးရဘက်က တကယ် အကောင်အထည်ဖော်မှုတွေ မရှိလာဘူးဆိုရင် ပြည်သူတွေ၊ နောက်မှာရှိတဲ့ လူတွေ ဝေဖန်မလား။ သမိုင်းတရားခံအနေနဲ့ အပစ်ပုံချမလား။ သူတို့ စိုးရိမ်ချက်တွေ ရှိလာတယ်။ အဲဒါက ဘာကြောင့်လဲဆိုရင် အယုံအကြည် စိတ်ချမှုတွေ မရှိတဲ့အကြောင်းကြောင့် ဒီလိုဖြစ်တယ်လို့ သုံးသပ်တယ်။ ဒါပေမဲ့ တခု ကောင်းတယ်လို့ သုံးသပ်တဲ့ဟာက ဆွေးနွေးမှု၊ ငြိမ်းချမ်းရေးဖြစ်စဉ် လုပ်မယ်။ အပစ်အခတ်ရပ်စဲရေး အရင်လုပ်မယ်ဆိုတဲ့ဟာမျိုးနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ စတွေ့ပြီးတော့ လူချင်း ဆွေးနွေးလာတဲ့ နောက်ပိုင်းမှာ သူတို့အချင်းချင်းလည်း နားလည်မှုတွေ ပိုပြီးတော့ ခိုင်မာလာတယ်။ အချင်းချင်းလည်း ခင်လာတယ်။ ယုံကြည်မှုက တဖြည်းဖြည်းချင်းတော့ ပုဂ္ဂိုလ်ချင်းပြောရင် ပိုမြင့်တက်လာတယ်။ အဲဒီလို ပြောချင်ဖြင့် သူတို့ လိုချင်တဲ့ စာချုပ်တော့ ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ လူချင်းတွေ့ ဆွေးနွေးပြီးနောက်ပိုင်းမှာတော့ ယုံကြည်မှု ပိုခိုင်မာလာတယ်လို့ ထင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဆက်ဆံရေး ကောင်းလာတယ့် သဘောပေါ့။ ယုံကြည်မှု တည်ဆောက်ရင်နဲ့ပဲ နှစ်ဘက်ပြေလည်လာတဲ့သဘော ရှိတာပေါ့။ အဲဒီတော့ ကျမ သိချင်တာက MPC ရဲ့ အခန်းကဏ္ဍက ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကျိုးသက်ရောက်မှု တော်တော်ရှိတယ်လို့ ယူဆပါလား။
ဦးဇာကျဲလျန် ။ ။ အဲဒီအပေါ်မှာ အမြင်ချင်းကတော့ မတူကြဘူး။ ဒါပေမဲ့ MPC ရဲ့ လုပ်ငန်းက အခုထိ ကျနော် နားလည်သလောက်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စပြီးတော့ တွေ့ဆုံ၊ အပစ်အခတ်ရပ်စဲရေး လုပ်ဖို့အတွက် ဆွေးနွေးမှုတွေမှာ အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်တဲ့ Secretariat အဖွဲ့လို့ ကျနော် မြင်တယ်။ သူတို့က အစည်းအဝေး ကျင်းပတာကအစ၊ တော်တော်လေး ပင်ပန်းကြပါတယ်။ ကျနော်အနေနဲ့တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်မှာ အစိုးရကိုယ်စား တာဝန်ပေးခံရတဲ့ MPC ဖြစ်သလို၊ သူတို့ကလည်း အတတ်နိုင်ဆုံး ကြိုးစားပါတယ်လို့ ကျနော် မြင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါကတော့ MPC အပိုင်းပါ။ NCCT အပိုင်းမှာကော။ NCCT မှာ ပါဝင်တဲ့ လူကြီးတွေအားလုံး ခေါင်းဆောင်တွေက တယောက်နဲ့တယောက် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင်နဲ့ သဘောထား ကွဲလွဲတာတွေ ဘာတွေ ရှိလား။ ဒါမှမဟုတ် တသဘောတည်း ရပ်တည်ကြပါလား။
ဦးဇာကျဲလျန် ။ ။ NCCT အဖွဲ့ထဲမှာ (၁၆) ဖွဲ့ ရှိတယ်။ သူတို့ အကျေအလည် ငြင်းခုန်ကြမှာပဲ။ တချို့ အစည်းအဝေးတွေမှာ။ နောက်ဆုံးတော့ အားလုံးရဲ့ သဘောတူညီချက်၊ ဘုံသဘောတူညီချက်ကိုပဲ အာရုံစိုက်ပြီးတော့ လာမယ့်အပိုင်းမှာ လေ့လာစေချင်တယ်။ အခုအထိ NCCT ရဲ့ စရပ်တည်ကတည်းကနေ နိုဝင်ဘာလ (၁၃) ကနေ ဒီနေ့အထိ သူတို့က ညီညီညွှတ်ညွှတ် ရှိတယ်လို့ ကျနော် ခံစားပါတယ်။ ပြီးတော့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သီးသန့်သွားတာ မဟုတ်ဘဲနဲ့ တိုင်းရင်းသားအချင်းချင်း မြန်မာနိုင်ငံ ပြန်လည်တည်ထောင်တဲ့ နေရာမှာ နိုင်ငံရေးအရ ဘာ အဓိကထား လိုချင်တာလဲဆိုတဲ့အပိုင်းမှာ သူတို့ရဲ့ နိုင်ငံရေးပန်းတိုင်က အတူတူပဲ ဖြစ်နေတယ်။ အဲဒီအခါကြတော့ တူညီနေတဲ့ နိုင်ငံရေးပန်းတိုင်နဲ့ ဘုံရပ်တည်ချက်အပေါ်မှာ ကျနော်တို့ လက်တွဲပြီး လုပ်ကြရအောင်။ အဲဒါကြောင့် သူတို့ရဲ့ Principle guideline နေနဲ့ သုံးတဲ့ တခုက ကျနော်တို့ လက်မှတ်ထိုးတယ်ဆိုရင် တဖွဲ့ချင်း သီးသန့်လက်မှတ်ထိုးတာ မဟုတ်ဘဲနဲ့ အားလုံးလက်တွဲပြီး ထိုးမယ့်ဟာမျိုးနဲ့ ကြိုးစားမယ်ဆိုပြီး အခု ဖြစ်စဉ်ကို ဦးဆောင်လာသလို။ ဒီနေ့အထိလဲ ညီညီညွှတ်ညွှတ်နဲ့ သွားလာနိုင်တာကိုလည်း ကျနော်တို့ တွေ့ရှိရပါတယ်။ အဲဒါကြောင့် အချင်းချင်း ညီညွတ်မှု၊ တခါတလေတော့ ပုဂ္ဂိုလ်ရေးအရ အမြင်လွှဲတာတော့ ရှိတာပေါ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အရုပ်ဆိုးတဲ့ သဘောထားကွဲလွဲမှုမျိုး မတွေ့ရသေးဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ အခြားနိုင်ငံတွေမှာ လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်နဲ့ ငြိမ်းချမ်းရေး ယူမယ်ဆိုရင် နှစ်ဖွဲ့ပဲ ရှိမှာပေါ့။ မြန်မာနိုင်ငံမှာတော့ အနေအထားအရ တိုင်းရင်းသားတွေက အတော်လေးများတယ်။ တရားဝင် (၁၃၅) မျိုးလောက် ရှိတယ်ဆိုတဲ့အခါကြတော့ အဲဒီအထဲမှာ လက်နက်ကိုင်အဖွဲ့က အတော်လေးများပါတယ်။ ဒီလိုမျိုး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ တခြားနိုင်ငံတွေရဲ့ အနေအထားကို နှိုင်းယှဉ်ပြီးတော့ ဒီနိုင်ငံရဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး အလားအလာက ဘယ်လိုများ သုံးသပ်လို့ ရပါလဲ။
ဦးဇာကျဲလျန် ။ ။ မြန်မာနိုင်ငံအစိုးရနဲ့ ဆွေးနွေးပြီဆိုရင် ဘာတွေ တောင်းဆိုမယ်ဆိုတဲ့အပိုင်း။ ဥပမာ ကျနော့် ချဲ့ပြချင်တာက နိုင်ငံရေးပန်းတိုင် သူတို့အားလုံး တူကြတယ်။ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ချင်ကြတယ်။ ဖယ်ဒရယ်ပြည်ထောင်စုလို့ ပြောတဲ့အခါမှာ ကိုယ့်ပြည်နယ်တွေမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ပြဌာန်းပိုင်ခွင့်တွေ ရှိမယ်ဆိုတဲ့နေရာမှာ သူက ကချင်ဆိုရင် ကချင်တွေက ပြဌာန်းထားတဲ့ ဥပဒေနဲ့ ကချင်ပြည်နယ်ကို ကချင်လူမျိုးတွေက အုပ်ချုပ်မယ်။ ဒါက တပိုင်း။ ဒုတိယအပိုင်းက ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ပါဝင်နေတဲ့ အဖွဲ့ဝင်ဖြစ်သလို။ ကျနော်တို့ ပြည်ထောင်စုအစိုးရကို အုပ်ချုပ်နေတဲ့အပိုင်းမှာ ကျနော်တို့လည်း ပါဝင်မယ်ဆိုတဲ့ဟာမျိုး။ နိုင်ငံရေးအရ တန်းတူမှုတွေ ရှိမယ်။ ဒီမိုကရေစီစနစ်ကျကျ ဖြစ်ရမယ်ဆိုတဲ့ ပန်းတိုင်တွေ တူနေတယ်။ အဲဒီတော့ သူတို့အချင်းချင်း ပြင်ဆင်လာတဲ့အပေါ်မှာ အမှန်ဆိုရင် တဖွဲ့ချင်း သီးသန့်အမြင်ကွဲလွဲတာ မရှိတော့ဘူး။ အဓိက အပိုင်းမှာ သဘောက တချို့ကိစ္စ ထူးထူးထွေးထွေ သိပ်အရေးမကြီးတဲ့အပိုင်းမှာ ကွဲလွဲတာတော့ ရှိမှာပေါ့။ အဓိကအကျဆုံး နိုင်ငံရေးအပိုင်းမှာတော့ ရည်ရွယ်ချက်တွေ ပန်းတိုင်တွေ တူနေတော့ သူတို့အချင်းချင်းက စုနေကြပြီ။ နောက်ဆုံးတော့ တဘက်က ကောင်းတယ်လို့ မြင်တာက ကျနော်တို့ အစိုးရအတွက် လွယ်တာပေါ့။ ညှိတဲ့အပိုင်းမှာ ကဲ မင်းတို့စုကြ၊ အချင်းချင်းစုကြပြီးတော့ ကျနော်တို့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမယ်ဆိုတာမျိုး ပြောစရာမလိုတော့ဘူး။ ကိုယ်တိုင်က နှစ်ပေါင်းများစွာ စုလာတဲ့အခါမှာ အခု ဒီနေ့အထိ NCCT မျိုး ပေါ်လာတာကလည်း အဖွဲ့တွေ များပေမယ့် တော်တော်လေး အပြုသဘောဆောင်ပြီးတော့၊ အကောင်းဆုံးကို မျှော်လင့်ပြီးတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပေါ်ပေါက်နိုင်ဖို့အတွက် သူတို့ကိုယ်တိုင် ကြိုးစားပြီးတော့ ကမကထ လုပ်တဲ့အပေါ်မှာ ချီးကျူးစရာလို့ ကျနော် မြင်တယ်။ အဲဒီအပိုင်းမှာတော့ အဖွဲ့များတဲ့အပေါ် သိပ်ပြီးတော့ မစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခုက Federalism ဖယ်ဒရယ်မူလို့ အရင်တုန်းက ပြောလိုက်လို့ရှိရင် ဒီနိုင်ငံမှာရှိတဲ့ အစိုးရတော်တော်များများ ဖယ်ဒရယ်မူဆိုရင် နည်းနည်းလေး သဘောမကျတာ ရှိပါတယ်။ အခုနောက်ပိုင်းမှာ ဖယ်ဒရယ်မူနဲ့ ပတ်သက်ပြီးတော့ သူတို့နှစ်ဘက် သဘောတူညီမှု၊ နားလည်မှု အထိုက်အလျောက် အပေးအယူ၊ အလျှော့အတင်းတွေနဲ့ နားလည်မှုတွေ ရသွားပြီလို့ ယူဆပါလား။
ဦးဇာကျဲလျန် ။ ။ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်ကိုင်ပြီးတော့ တော်လှန်ရေးလုပ်နေတာ အဓိက သူတို့ ရချင်တာက ဖယ်ဒရယ်ပြည်ထောင်စုလို့ ကျနော်တို့ ပြောတဲ့ဟာ နိုင်ငံရေးပန်းတိုင်။ အရင်တုန်းကတော့ အန်တီ ပြောသလို။ အဲဒီ့ ဖယ်ဒရယ်မူက နိုင်ငံကို ပူးပေါင်းမယ့် စနစ်မဟုတ်ဘဲနဲ့ ခွဲထွက်နိုင်တဲ့ စနစ်မျိုး ဖြစ်တဲ့သဘောနဲ့ နားလည်မှု လွှဲတာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ဖယ်ဒရယ်မူက မတူကွဲပြားတဲ့လူမျိုးတွေက ခိုင်မာတဲ့ နိုင်ငံတွေ တည်ထောင်တဲ့နေရာမှာ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်းပေးတယ်။ အဲဒီ လူနည်းစုတွေကိုလည်း ပြည်ထောင်စုအတွင်းမှာ ကိုယ်စားပြုမှုလည်း ပေးတဲ့ အင်္ဂလိပ်လို ပြောမယ်ဆိုရင် Self Rule and Share Rule ပူးပေါင်းပြီးတော့ အုပ်ချုပ်ကြမယ် ပြည်ထောင်စုအဆင့်မှာ။ ကိုယ့်ပြည်နယ်မှာ ကိုယ်ပိုင်းအုပ်ချုပ်ခွင့်လည်း ရမယ်ဆိုတဲ့ စနစ်ပေးတဲ့ စနစ်ဖြစ်တယ်။ အမှန်တကယ်ဆိုရင် အခွင့်အရေး မဟုတ်ဘဲနဲ့ ပူးပေါင်းပေးတဲ့ စနစ်ဖြစ်တယ်။ အဲဒါကို အားလုံးလည်း လက်ခံကြပြီ။ ကောင်းတဲ့အချက်က ကျနော်တို့ မြန်မာနိုင်ငံ အစိုးရကလည်း အခု လက်ခံပြီးတော့ မြန်မာနိုင်ငံ ပြန်လည်တည်ထောင်တဲ့နေရာမှာ ဖယ်ဒရယ်မူ ဖြစ်ရမယ်ဆိုပြီးတော့ နိုင်ငံတော်ရဲ့ အကြီးအကဲ ခေါင်းဆောင် သမ္မတကြီးဦးသိန်းစိန် ကိုယ်တိုင်က ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ လက်မှတ်ထိုးလိုက်ပြီ။ အဲဒါကြောင့် ကျနော်အနေနဲ့ ငြိမ်းချမ်းရေး အောင်မြင်နိုင်တယ်လို့ မျှော်လင့်တဲ့အပိုင်းက တိုင်းရင်းသားတွေ လက်နက်ကိုင်တာကို ပစ်ပယ်ချင်တယ်။ ပစ်ဖို့ ကြိုးစားနေတဲ့ အပိုင်းက ဒီ ဖယ်ဒရယ်မူ။ တဘက်ကနေ ပြန်သုံးသပ်မယ်ဆိုရင် ပြည်ထောင်စုအစိုးရကလည်း ပြည်ထောင်စု ပြိုကွဲမှာကို အရမ်းစိုးရိမ်တယ်။ ခွဲထွက်ရေးတို့ ဘာတို့ပေါ့။ အခု တိုင်းရင်းသားခေါင်းဆောင်တွေက ကျနော်တို့ အခု ခွဲမထွက်ချင်ဘူး။ ပြည်ထောင်စု မြန်မာနိုင်ငံက ကျနော်တို့ မြန်မာနိုင်ငံပဲ။ ပြန်လည်ပြီးတော့ ချို့ယွင်းချက်ရှိတဲ့ စနစ်တွေကို ပြင်ပြီးတော့ ခိုင်မာအောင် ပြုပြင်ကြမယ်။ အဲဒါကြောင့် မခွဲထွက်ဘူး။ ဒို့တာဝန် အရေး (၃) ပါးကိုလည်း လက်ခံတယ်ဆိုပြီးတော့ ကတိကဝတ်နဲ့ ပေးလာတဲ့အခါမှာ ပြန်ကြည့်မယ်ဆိုရင် အန်တီ သုံးသပ်ကြည့် တိုင်းရင်းသားတွေ လိုချင်တဲ့ ဖယ်ဒရယ်မူလည်း မူအားဖြင့် သဘောတူလာပြီ။ အစိုးရရဲ့ အစိုးရိမ်ဆုံး ပြည်ထောင်စု ပြိုကွဲမှာ စိုးရိမ်တဲ့အချက်ကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေက မခွဲထွက်ဘူးဆိုတော့ ဒါက အဓိကအချက်လို့ ကျနော် မြင်တယ်။ အဲဒါကြောင့် လာမယ့်အပိုင်းမှာတော့ အချိန်တော့ ကြာမယ်။ ဒါပေမဲ့ ဖြစ်စဉ်ပဲ နှစ်ဘက်ပူးတွဲပြီးတော့ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းကြမယ်ဆိုရင် အဓိကအပိုင်းမှာ သူတို့ သဘောတူညီမှု ရနိုင်မယ်။ တဖြည်းဖြည်းချင်း ဆက်ပြီး ကြိုးစားမယ်ဆိုရင် ကျနော်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရေရှည်အနေနဲ့ သုံးသပ်မယ်ဆိုရင် ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။
ဦးဇာကျဲလျန် ။ ။ အခုလို အချိန်ပေးတဲ့အတွက် ကျနော်ကလည်း ကျေးဇူးပါပဲ။