ထိုင်း-နယ်စပ်ဒုက္ခသည်တွေ ဘယ်တော့ နေရပ်ပြန်နိုင်မလဲ

Sally Thompson, TBC အမှုဆောင်ညွှန်ကြားရေးမှူး

Your browser doesn’t support HTML5

ထိုင်း-နယ်စပ်ဒုက္ခသည်တွေ ဘယ်တော့ နေရပ်ပြန်နိုင်မလဲ

ဒီတပတ် မြန်မာ့အရေးအစီအစဉ်မှာ ထိုင်း-မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲထားပေမယ့် အဲဒီကနေ အိုးအိမ်စွန့်ခွာပြေးကြရတဲ့ဒုက္ခသည် တစ်သိန်းလောက် နေရပ်မပြန်နိုင်ကြသေးပါဘူး။ The Border Consortium အဖွဲ့ရဲ့ အမှူဆောင် ညွှန်ကြားရေးမှူး Sally Thompson နဲ့ မအင်ကြင်းနိုင် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ပထမဦးဆုံး မေးချင်တာက အခုလက်ရှိ ထိုင်း-မြန်မာ နယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။ ဘာဖြစ်လို့လဲဆိုတော့ Sally ကိုယ်တိုင်က ဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို (၂၅) နှစ်ကျော် ကူညီလုပ်ကိုင်လာသူတဦးအနေနဲ့ အခုလက်ရှိ သူတို့ရဲ့ အခြေအနေကို ဘယ်လိုမြင်ရသလဲ။

ဖြေ ။ ။ ထိုင်း-မြန်မာနယ်စပ် စခန်း (၉) ခုမှာ လက်ရှိ ဒုက္ခသည်ပေါင်း ၉၃,၀၀၀ ကျော်နေထိုင်နေပါတယ်။ လူအများစုဟာ အဲဒီဒုက္ခသည်စခန်းတွေမှာ နှစ်ပေါင်း (၃၀) လောက်နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကျော်ကစပြီး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ ပြန်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။

သူတို့တွေဟာ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို အာဏာလွဲှဲပြောင်းခဲ့တဲ့ အခြေအနေတွေကစလို့ အခု NLD အရပ်သားအစိုးရ လက်ထက်အထိ ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေကို လေ့လာနေခဲ့ကြတာပါ။ လက်နက်ကိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံ တောင်ပိုင်းအခြေစိုက် အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတခု ထပ်ပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ပြင်ဆင်ရေးကိစ္စမှာ ဒီလို အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးတာတွေဟာ အစပျိုးစေပါတယ်။ ဒါပေမယ်လို့ တကယ်နေရပ်ပြန်နိုင်တဲ့ အခြေအနေတွေ မဖြစ်သေးပါဘူး။ လွန်ခဲ့တဲ့ (၅) နှစ်ကျော်ကာလအတွင်း ဒုက္ခသည်ပေါင်း ၁၈,၀၀၀ လောက် မြန်မာနိုင်ငံကို ပြန်သွားခဲ့ကြပြီပေမယ့် တကယ်ပြန်သွားဖို့ အခြေအနေအတွက်ဆိုရင် အလွန်နှေးကွေးတယ်လို့ ပြောရမှာပါ။ ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေတွေကို ဒုက္ခသည်တွေ အလွန်ကို သတိထားစောင့်ကြည့်နေကြတာပါ။

မေး ။ ။ အခု Sally ပြောသွားတဲ့အထဲမှာ တိုင်းပြည်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုတွေ အနည်းငယ်ရှိလာတယ်။ ဥပမာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း အစိုးရနဲ့ NCA စာချုပ် လက်မှတ်ရေးထိုးတာတွေရှိတယ်။ အခု ဒုက္ခသည်တွေ နေရပ်ရင်းပြန်ဖို့ကိစ္စမှာ စပြီးလုပ်နေတယ်။ ဒါပေမဲ့ အခုအချိန်အထိ ဒုက္ခသည်တွေက သူတို့နေရပ်ရင်းကို အများစု မပြန်နိုင်သေးတာ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ ထိုင်းနိုင်ငံဘက်ခြမ်းက ဒုက္ခသည်စခန်းကိုရောက်လာသူတွေဟာ သူတို့ ဒေသမှာ ပဋိပက္ခတိုက်ပွဲတွေကြောင့် ထွက်ပြေးလာခဲ့သူတွေပါ။ အခု မြန်မာနိုင်ငံတောင်ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး သဘောတူထားကြပေမယ့် ငြိမ်းချမ်းရေး မရသေးပါဘူး။ ဒုက္ခသည်တွေအနေနဲ့ကျတော့လည်း စစ်တပ်က သူတို့ရွာတွေထဲမှာ ရှိနေတုန်း၊ နောက်ပြီး စစ်တပ်က ကြီးစိုးနေဆဲဆိုတာကို တွေ့မြင်နေကြတာပါ။ သူတို့လိုချင်တာက တကယ့်လက်တွေ့ အောက်ခြေမှာ အပြောင်းအလဲကို မြင်ချင်ကြတာပါ။ သူတို့ရွာတွေမှာ စစ်တပ်အခြေစိုက်တာတွေကို ရုပ်သိမ်းစေချင်ကြပါတယ်။ သူတို့နေရပ်ပြန်တဲ့အခါမှာ သူတို့ဘဝတွေ မိသားစုတွေ အတွက် ကောင်းမွန်တိုးတက်အောင် လုပ်ကိုင်နိုင်ပြီး အကြောက်တရားမရှိတဲ့ အခြေအနေကို ရချင်ကြတာပါ။ ပဋိပက္ခဖြစ်ခဲ့တဲ့ ဒေသတွေမှာ နေထိုင်ခဲ့ကြသူတွေအတွက် ယုံကြည်မှုတွေ ရဖို့ နှစ်ပေါင်းများစွာကြာအောင် အချိန်ယူတည်ဆောက်ရပါတယ်။

မေး ။ ။ အဲဒီဒေသတွေမှာ နယ်စပ်တိုင်းရင်းသားတွေနယ်မြေမှာ အဓိက စစ်တပ်က လွှမ်းမိုးနေတုန်းလား။ စစ်တပ်ရဲ့ သဘောထား မပြောင်းလဲသေးဘူးလား။ ဆိုတော့ အဓိက အဲဒီမှာ ဒုက္ခသည်တွေ ပြန်ပြီးတော့ နေရာချထားရေးအတွက် အဓိက စိန်ခေါ်မှု၊ အခက်အခဲတွေက ဘာတွေပါလဲရှင့်။

ဖြေ ။ ။ ကျမအမြင်အရ ပြောရမယ်ဆိုရင် အဓိက အခြေခံအကျဆုံးကတော့ အဲဒီဒေသတွေမှာ စစ်တပ်တွေရှိနေတာ ဖြစ်ပါတယ်။ ပြီးတော့ အနာဂတ်အတွက် ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ သဘောတူညီချက်ရဖို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဘောတူညီချက်ရရုံသာ မဟုတ်ဘဲ အောက်ခြေလက်တွေ့အပြောင်းအလဲဖြစ် ပါတယ်။ ဒုက္ခသည်အများစုဟာ မြို့ပြနဲ့ ဝေးပြီး ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနည်းတဲ့ ကျေးရွာတွေကဖြစ်ပါတယ်။ ဒီလူတွေဟာ မိသားစုတွေနဲ့ အတူ သူတို့နေရပ်ပြန်လာပြီဆိုရင် သူတို့ကလေးတွေအတွက် ပညာရေး သာမက ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်မှာဖြစ်ပါတယ်။ နောက်ပြီး လုပ်ကိုင်စားသောက်ဖို့ မြေယာတွေလိုအပ်မှာပါ။ လယ်ယာစိုက်ပျိုးမှု အဓိကထားတဲ့ တိုင်းရင်းသားကျေးလက်ဒေသတွေက လာကြသူတွေဖြစ်ပြီး အဲဒီဒေသတွေမှာ ဖွံဖြိုးတိုးတက်မှုတွေ စတင်နိုင်တာမျိုးလည်း မတွေ့ရသေးပါဘူး။

မေး ။ ။ ဆိုတော့ အခုလက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အရပ်သားအစိုးရရဲ့ အခန်းကဏ္ဍ - ဒုက္ခသည်တွေ နေရာပြန်လည်ချထားရေးမှာ အစိုးရရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ဒေသဆိုင်ရာပိုင်းအရပြောရရင် ဒေသအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အတော်များများကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေကို ပြန်ပြီး နေရာချထားမပေးခင်မှာ မူဝါဒပိုင်းဆိုင်ရာအတွက် ဆွေးနွေးမှုတွေလုပ်ဖို့ အများကြီးလိုအပ်နေပါတယ်။ မြေယာကိစ္စနဲ့ ပတ်သက်ရင် အကြောင်းအရာအတော်များများရှိပါတယ်။ လယ်ယာမြေတွေ အသိမ်းခံထားရတာ၊ စီးပွားရေးလုပ်ငန်းရှင်တွေက မြေယာတွေ သိမ်းယူတာ၊ နောက် ဒုက္ခသည်တွေ အရင်က နေထိုင်ခဲ့တဲ့ နေရာတွေမှာ လူအသစ်တွေ လာရောက်နေထိုင်နေကြတာ၊ ဒါမှမဟုတ် လမ်းတွေအဖြစ် ဖောက်လုပ်ခံရတာ စတဲ့ အပြောင်းအလဲတွေဖြစ်နေပါတယ်။ ဒါကြောင့် နေရပ်ပြန်မယ့်သူတွေကို ပြန်လည်နေရာမချခင်မှာ မြေယာနဲ့ ပတ်သက်တဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေ ပထမအဆင့်အနေနဲ့ လိုအပ်ပါတယ်။ ဒီအတွက်လည်း အချိန်ယူဖို့ လိုအပ်ပါတယ်။ ဒေသဆိုင်ရာပိုင်းရော နေပြည်တော်က ဆုံးဖြတ်ချက်ပေးနိုင်သူတွေနဲ့ပါ ဆွေးနွေးမှုတွေ လိုအပ်ပါတယ်။

မေး ။ ။ အခြားတဘက်က ကြည့်ပြန်ရင်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ဘယ်လို အားပေးတာမျိုး၊ သူတို့ပြန်လာချင်အောင် ဘာတွေဆောင်ရွက်သင့်တယ်လို့ မြင်ပါလဲရှင့်။

ဖြေ ။ ။ အဓိကအရေးကြီးဆုံးလို့ ကျမမြင်တာက ဒုက္ခသည်တွေ ပြန်ဖို့ဆိုတဲ့ အချက်သက်သက်မဟုတ်ပါဘူး။ နှစ်ပေါင်း (၂၀) လောက် ဒုက္ခသည်စခန်းတွေမှာ နေထိုင်ခဲ့သူတွေ အသက်ရှင်လျှက် ပြန်လာကြမှာဖြစ်ပါတယ်။ အထုပ်အပိုးတွေပြင် နယ်စပ်ဖြတ်ပြီး ဘဝသစ်ကို စတင် ဆိုတာမျိုး မလုပ်နိုင်ပါဘူး။ အကူအညီတွေလိုအပ်ပါတယ်။ ရေတိုအတွက်မဟုတ်ပဲ ဒုက္ခသည်တွေ သူတို့ဘဝ ပြန်လည်တည်ဆောက်နိုင်တဲ့ ရေရှည်အကူအညီမျိုး လိုအပ်ပါတယ်။ နေရပ်ပြန်မယ့် ဒေသမှာ အသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်နိုင်ဖို့ အကူအညီလိုပါတယ်။ နောက် နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ အထောက်အပံလိုမျိုး လူသားချင်းစာနာမှုအကူအညီတွေ ကနဦးအစမှာ လိုအပ်ပါတယ်။ သူတို့ အခြေချမယ့်နေရာမှာရှိနေတဲ့ လူမှုအသိုင်းအဝိုင်းတိုးတက်အောင် အထောက်အကူတွေပေးရမှာဖြစ်ပါတယ်။ အဲတော့ ပြန်လာမယ့်သူတွေသက်သက်မဟုတ်ပဲ သူတို့ကို လက်ခံမယ့် လူမှု အသိုင်းအဝိုင်းကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ အရင် နှစ်ပေါင်းများစွာကတည်းက အကူအညီအထောက်အပံတွေ ရခဲ့တာမဟုတ်ပါဘူး။ ဒါကြောင့် အဲဒီ ကျေးရွာတွေမှာ ရေရှည်ခိုင်မာပြီး ဖွံဖြိုးတိုးတက်မယ့် အစီအမံတွေ လိုအပ်ပါတယ်။ နောက် ပြန်လာမယ့် ဒုက္ခသည်တွေအနေနဲ့ သူတို့နေရမယ့်အရပ်မှာ ရှိနေတဲ့ လူမှုအသိုင်းအဝိုင်းအားလုံးနဲ့ ဆက်စပ်ရာမှာလည်း ကျေးရွာ၊ နောက် မြို့နယ် အဆင့်အလိုက်ထားပြီး ဆောင်ရွက်ပေးရာမှာ ဖြစ်ပါတယ်။ ဒါမှပဲ သူတို့တွေဘဝပြန်လည်ထူထောင်ရာမှာ အထောက်အကူ ရမှာဖြစ်ပါတယ်။

မေး ။ ။ အခု မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲ့ အလှုရှင်တွေ - နိုင်ငံတကာအသိုင်းအဝိုင်းကနေ ငွေကြေးအရ ထောက်ပံ့ထားတာတွေ ရှိနေတယ်။ ဆိုတော့ အခုဒုက္ခသည်တွေ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ငွေကြေးအရ၊ တခြားအကူအညီတွေက အခုအချိန်မျာ ဘယ်လိုရှိပါလဲရှင့်။

ဖြေ ။ ။ မြန်မာနိုင်ငံကို ပြန်သွားခဲ့ကြတဲ့ ဒုက္ခသည် ၁၆,၀၀၀ နဲ့ ၁၈,၀၀၀ ကြားမှာရှိမယ်လို့ ကျမတို့ ခန့်မှန်းထားပါတယ်။ သူတို့တွေဟာ နိုင်ငံတကာအကူအညီမပါပဲ ပြန်သွားခဲ့ကြတာပါ။ သူတို့နည်းလမ်းနဲ့ သူတို့ တိတ်တဆိတ် ပြည်တွင်းထဲကို ပြန်ဝင်သွားပြီး အဲဒီက လူမှုအသိုင်းအဝိုင်းထဲမှာ ရောနှော နေထိုင်ခဲ့ကြပါတယ်။ UNHCR ရဲ့ အကူအညီနဲ့ တရားဝင်ပြန်သွားတဲ့ ဒုက္ခသည်အရေအတွက် (၇၁) ဦးရှိပါတယ်။ အခုလက်ရှိအခြေအနေမှာတော့ အခြားဒုက္ခသည်တွေပြန်ဖို့ စီစဉ်နေတာမျိုးမရှိသေးပါဘူး။ မြန်မာပြည်ကို ပြန်ချင်တဲ့ဒုက္ခသည်တွေလည်းရှိနေပါတယ်။ သူတို့ကတော့ နေပြည်တော်ရဲ့ ခွင့်ပြုချက်ကို စောင့်စားနေကြတာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က အထောက်အပံတွေဆိုရင် နှစ်ဘက်လုံးကို ကူညီဖို့လိုအပ်ပါတယ်။ ဒုက္ခသည်စခန်းတွေမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ပံမှုတွေဟာ အလွန်အရေးပါပါတယ်။ မြန်မာနိုင်ငံကို မှန်ကန်တဲ့ အခြေအနေရောက်မှ ပြန်နိုင်ဖို့ ဒုက္ခသည်စခန်းမှာ ဆက်ပြီးနေထိုင်နိုင်ရေး နိုင်ငံတကာရဲ့ ထောက်ပံမှုတွေလိုအပ်ပါတယ်။ အခုချိန်မှာ မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်မနေဘူးဆိုတာကတော့ ထင်ရှားပါတယ်။ နောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း အဆင်သင့် ဖြစ်မနေသေးပါဘူး။ ထိုင်းအစိုးရဘက်ကတော့ မြန်မာအစိုးရဘက်က အဆင်သင့်ဖြစ်လာပြီးလို့ ပြောမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည် စခန်းတွေမှာ ဆက်ပြီးရှိနေသူတွေအတွက် ထောက်ပံမှုတွေက အရေးကြီးပါတယ်။ သူတို့ဟာ စခန်းထဲမှာပဲ နေကြရတဲ့အတွက် အထောက်အပံတွေအပေါ်မှာ မှီခိုနေကြရပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းက တိုင်းရင်းသားဒေသတွေမှာရှိတဲ့ ကျေးလက်ရွာတွေ ဖွံဖြိုးတိုးတက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်း သာမက အစိုးရရဲ့ အကူအညီတွေလိုအပ်နေပါတယ်။ အခုလက်ရှိမှာ အစိုးရထိန်းချုပ်ထားတဲ့ မြို့ပြနေရာအများစုကိုပဲ သူတို့ အဓိကထားကူညီနေပါတယ်။ ကျေးလက်ဒေသတွေမှာ ဒေသခံ အသိုင်းအဝိုင်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကတဆင့် အကူအညီတွေရောက်ရှိဖို့ လိုအပ်နေပါတယ်။

မေး ။ ။ ဒါဆိုလို့ရှိရင် ထိုင်း-မြန်မာ နယ်စပ်မှာရှိနေတဲ့ ဒုက္ခသည်တွေအပေါ်မှာ လက်ရှိ ထိုင်းအစိုးရရဲ့ သဘောထားက ဘယ်လိုရှိပါလဲ။

ဖြေ ။ အခုလက်ရှိမှာ ဒုက္ခသည်တွေနေရပ်ပြန်ရေး တရားဝင် သဘောတူညီချက်မရှိသေးပါဘူး။ နေရပ်ရင်းပြန်သွားတဲ့ ဒုက္ခသည် (၇၀) ယောက်ပဲ ရှိပါသေးတယ်။ အခုချိန်မှာတော့ နောက်ထပ် လူ (၃၀၀) ပြန်နိုင်ဖို့အတွက် မြန်မာအစိုးရ ခွင့်ပြုချက်ကို စောင့်နေတာပါ။ မြန်မာ၊ ထိုင်းနဲ့ UNHCR သုံးဖက်ဆိုင် တရားဝင်သဘောတူညီချက်မရှိသေးပါဘူး။ ဒုက္ခသည်တွေနေရပ် ပြန်ရေးမှာ UNHCR က ပူးပေါင်းအကူအညီပေးရေး အခန်းကဏ္ဍမှာပဲ ရှိပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်ကလည်း အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးပါဘူး။ အခုလောလောဆယ်မှာ အုပ်စုနဲ့ချီပြီး ပြန်ပို့ဖို့ အချိန်မရောက်သေးဘူးလို့ ပြောရမှာပါ။ တယောက်ချင်းပဲဖြစ်ဖြစ်၊ မိသားစုအလိုက်ပဲဖြစ်ဖြစ် သူတို့ဆန္ဒအရ ပြန်ချင်သူတွေကို အကူအညီပေးရေးဖြစ်ပါတယ်။ ထိုင်းအစိုးရကတော့ ဒုက္ခသည်တွေနေဖို့ ထိုင်းနိုင်ငံဘက်မှာ စခန်းတွေစီစဉ်ပေးထားဆဲဖြစ်ပါတယ်။ မကြာသေးခင်မှာတော့ ထိုင်းနဲ့မြန်မာ အစိုးရကြား အနာဂတ် ဒုက္ခသည်တွေနေရပ်ပြန်ရေးကိစ္စ ဆွေးနွေးဖို့အစီအစဉ်ရှိတယ်လို့ ကျမတို့ နားလည်ထားပါတယ်။