မြန်မာ့လူ့အခွင့်အရေးကော်မရှင် လုပ်ဆောင်နိုင်သမျှ

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ လူ့အခွင့်အရေး အသိပညာ ပြန့်ပွားရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး ကိစ္စတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေ နဲ့ သီးခြားလွတ်လပ်စွာ ဆောင်ရွက်နိုင်ပါတယ်လို့ ကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောလိုက်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ကော်မရှင်ကို တိုင်တန်းလာတာတွေကို အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရတာမို့ အစိုးရနဲ့ လူ့အခွင့်အရေး ကော်မရှင်ကြားမှာတော့ နားလည်မှု တည်ဆောက်နေတယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ သူက ပြောကြားခဲ့ပါတယ်။ ကော်မရှင်ကို တိုင်တန်းခံရတဲ့ထဲက လူသိများတဲ့ သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ကိစ္စ၊ လက်ပံတောင်း ဒေါ်ခင်ခင်ဝင်း အမှု၊ လက်ပတန်း ကျောင်းသား ဖိနှိပ်မှု စတဲ့ အမှုကိစ္စတွေအပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်စီရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်နိုင်မဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဦးစစ်မြိုင်ကို တေ့ွဆုံမေးမြန်းထားပါ။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဦးစစ်မြိုင် ။ ။ မင်္ဂလာပါခင်မျာ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ VOA အမေရိကန်အသံကို အခုလို ဒီမှာလာပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဦးစစ်မြိုင် ။ ။ ကျနော်တို့ကလည်း ကော်မရှင်အကြောင်း ပြောပြခွင့်ရတာ၊ အခွင့်အရေးတရပ်ပါ ခင်များ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို အများအမြင်မှာတော့ ဒါက အစိုးရက ဖွဲ့စည်းပေးထားတာ၊ ပါဝင်တဲ့ ဥက္ကဋ္ဌကြီးကနေ စပြီးတော့ အဖွဲ့ဝင်တွေအားလုံးကလည်း အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း အငြိမ်းစားတွေ ဖြစ်နေတဲ့အခါကြတော့ လွတ်လပ်မှု အတိုင်းအတာကို တော်တော်များများက ဝေဖန်တာတွေ ကြားရပါတယ်။ အဲဒီတော့ အခု အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ပြီလားရှင်။

ဦးစစ်မြိုင် ။ ။ ကျနော်တို့ရဲ့ ဥပဒေအရ ဥပဒေနဲ့အညီ နိုင်ငံတော်သမ္မတကနေပြီးတော့ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဥပဒေအနေနဲ့ ကျနော်တို့ကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်တွေ ပြဌာန်းထားပြီး ဖြစ်ပါတယ်။ နောက် ကျနော်တို့ ကော်မရှင် ဖွဲ့စည်းတဲ့အခါမှာလည်း Paris Principles လို့ ခေါ်ကြတဲ့ ပါရီအခြေခံမူတွေနဲ့ ညီနိုင်သလောက် ညီနိုင်အောင် ကျနော်တို့ ကြိုးစားဖွဲ့ခဲ့ကြတဲ့ အနေအထားမျိုး တွေ့ပါတယ်။ ဥပဒေ ရေးဆွဲစဉ်ကလဲ ပါရီအခြေခံမူနဲ့ တတ်နိုင်သမျှညီအောင် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကို ဖွဲ့စည်းခြင်းဟာ ပါရီအခြေခံမူနဲ့ ညီတယ်လို့ ကျနော်အနေနဲ့ ပြောနိုင်ပါတယ်။ ဥပဒေမှာလည်း နိုင်ငံတော်သမ္မတက အတည်ပြုရွေးချယ်ဖို့ ထည့်သွင်းပြဌာန်းခဲ့တယ်။ ပြဌာန်းတာနဲ့အညီ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးတာ ဖြစ်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းတဲ့ ပုဂ္ဂိုလ်တွေထဲမှာ နိုင်ငံဝန်ထမ်းတွေ ပါတယ်ဆိုတဲ့ ဝေဖန်မှုကလဲ ယခင်အဖွဲ့ဟောင်း ၂၀၁၁ ခုနှစ် ဖွဲ့ကတည်းကလဲ ဒါကို ရှင်းပြခဲ့ရတာတွေလည်း ရှိပါတယ်။ မှန်ပါတယ်။ နိုင်ငံဝန်ထမ်းတွေဖြစ်တဲ့ နိုင်ငံဘက်ကလိုက်မယ်လို့ ဒီလို အများက မြင်ကြပေမယ့်၊ ဒါက ကော်မရှင်အဖွဲ့ဝင်တွေရဲ့ တဦးချင်း ခံယူချက်နဲ့ ဆိုင်ပါတယ်။ အဲဒီတော့ ကျနော့်အနေနဲ့ကတော့ ကော်မရှင်အဖွဲ့ဟောင်းဖြစ်စေ၊ အဖွဲ့သစ်ဖြစ်စေ။ ကျနော့်ရဲ့ လေ့လာမှုအရကတော့ ကော်မရှင်အဖွဲ့ဝင်တွေဟာ လူ့အခွင့်အရေးနဲ့အညီ စဉ်းစားပေးပြီး ဆုံးဖြတ်ကြတယ်လို့ မြင်ပါတယ်။ နောက် အစိုးရဝန်ထမ်းဟောင်းတွေ၊ အရာရှိကြီးဟောင်းတွေ ဖြစ်ကြတဲ့အတွက် အတွေ့အကြုံတွေ များပြီးတော့ အဲဒီ အတွေ့အကြုံတွေကို မှန်မှန်ကန်ကန် အသုံးချတဲ့အခါမှာ ကော်မရှင်အနေနဲ့ ထိရောက်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ တွေ့ရှိရတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူများရဲ့ ဝေဖန်မှုကိုလည်း ကျနော်တို့ ရရှိပါတယ်။ ဒါကြောင့် နှစ်ဖက်မျှ မြင်မယ်ဆိုရင်တော့ ဒါလေးက သဘာဝကျပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တော်တော်များတယ်ဆိုပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်တာ ရှိပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေး တကယ် ချိုးဖောက်ခံနေရတဲ့ လူတွေကနေ ဒီ ကော်မရှင်ကို တိုင်းကြားတာတွေ ရှိတယ်လို့ သိရပါတယ်။ တိုင်းကြားတဲ့အမှုတွေ ဘယ်လောက်များများ ရှိပြီးတော့၊ ဘယ်လိုများ ကိုင်တွယ်ပြီးတော့ အရေးယူဆောင်ရွက်ပေးတာ ရှိပါလဲရှင်။

ဦးစစ်မြိုင် ။ ။ ပထမဦးဆုံး ပြောချင်တာကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များတယ်ဆိုတဲ့ အချက်ပေါ့။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များတယ်ဆိုတော့ များတယ်လို့ ဝေဖန်ရင်တော့ ကျနော်တို့အနေနဲ့ ငြင်းဆိုစရာ မရှိပါဘူး။ များတယ်ဆိုတာက နှိုင်းယှဉ်စရာ သဘောသဘာဝနဲ့ ပြောရင်တော့ သဘာဝ ကျပါတယ်။ ကျန်တဲ့ တည်ငြိမ်အေးချမ်းနေတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပြည်တွင်းမှာ ပဋိပက္ခတွေ များပြားနေတဲ့ နိုင်ငံတခုအနေနဲ့ လူ့အခွင့်အရေး ထိခိုက်ချိုးဖောက်မှုတွေ များတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ တိုင်တန်းချက်တွေကို ကျနော်တို့ ကော်မရှင် စတင်ဖွဲ့စည်းကတည်းက ကျနော်တို့ကို တိုင်တန်းနိုင်တယ် ဆိုတဲ့ဟာကို ကျနော်တို့ ပြည်သူ့မီဒီယာတွေကတဆင့် ပြည်သူကို အသိပေးခဲ့ပါတယ်။ ဒါကြောင့် တိုင်တန်းမှုတွေ၊ တိုင်တန်းချက်တွေကို ကျနော်တို့ လက်ခံရရှိပါတယ်။ တိုင်တန်းချက်တွေကို ကျနော်တို့ စည်းမျဉ်းတခု ရေးဆွဲပြီးတော့ အဲဒီ စည်းမျဉ်းနဲ့အညီ ကော်မရှင်က အဖွဲ့စနစ်နဲ့ ဆုံးဖြတ်တဲ့ အလေ့အကျင့်ကောင်းတခု ဆောင်ရွက်ထားပါတယ်။ ဒီနေ့ ဒီအချိန်အထိဆိုရင် ကျနော်တို့ သုံးနှစ်ခွဲကျော် ကာလအတွင်းဆိုရင် တိုင်တန်းချက်ပေါင်း (၈၁၀၀) ကျော် လက်ခံရရှိပြီးတော့၊ အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်ဖို့ဆိုရင် (၂၃၀၀) ကျော် ပေးပို့ခဲ့ပါတယ်။ နောက် တိုင်တန်းချက်တွေကို စီစစ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုရှိတယ်။ ထိခိုက်မှု ရှိတယ်လို့ ယူဆဘွယ်ရာရှိရင်၊ ခိုင်လုံတဲ့ အထောက်အထားရှိရင်၊ ဆက်လျက်ဆောင်ရွက်ဖို့ လိုအပ်တဲ့ကိစ္စရပ်ဖြစ်ရင် အစိုးရအဖွဲ့အစည်းတွေက ဆက်လက်ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ဆက်လက်ပြီးတော့ ပေးပို့ပါတယ်။ ဒါလဲ ကော်မရှင်တွေရဲ့ အမြဲတမ်းဆောင်ရွက်လေ့ရှိတဲ့ နည်းလမ်းတခုပါပဲ။ ဒီနည်းလမ်းနဲ့ ကျနော်တို့ ဆောင်ရွက်တာပါ။ အဲဒီတော့ ကျနော်တို့ အကြောင်းကြားတဲ့အပေါ်မှာ အစိုးရအဖွဲ့ကလည်း လိုအပ်သလို အရေးယူဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ဒီ mechanism ဒီလုပ်ငန်းစနစ်ကတော့ အစိုးရနဲ့ ကျနော်တို့ကြားမှာ ကျနော့်အမြင် ပြောရရင်တော့ နားလည်မှု တည်ဆောက်နေဆဲ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပေးပို့တဲ့ တိုင်တန်းချက်ပေါင်း (၂၃၀၀) ကျော် - ဒီ (၂၃၀၀) ကျော်မှာ အစိုးရအဖွဲ့ကနေ လိုအပ်သလို ဆောင်ရွက်ပြီးတော့ (၁၀၀၀) ကျော် ကျနော်တို့ဆီ ပြန်ကြားလာတဲ့အတွက် တဝက်နီးပါး ပြန်ကြားလာတဲ့အတွက် ဒီပြန်ကြားချက်အပေါ် ကျနော့်အနေနဲ့ သုံးသပ်ချက်ကတော့ လက်ရှိ ကနဦးအဆင့်မှာ အစိုးရအဖွဲ့အနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အလားအလာ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ဥပမာ လက်ပံတောင်းတောင်မှာ ဖြစ်ခဲ့တဲ့ လယ်သူမကြီး ဒေါ်ခင်ခင်ဝင်း သေနတ်ပစ်ခံရလို့ သေဆုံးတဲ့အမှု ရှိပါတယ်။ နောက်ပြီးတော့ လက်ပတန်းမှာ ကျောင်းသားတွေ အရိုက်ခံရတယ်ဆိုတဲ့ ဆန္ဒပြတဲ့ကိစ္စ။ နောက်တခုက ကိုပါကြီး အမှုကိစ္စ။ အဲဒီ အမှုကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လိုများ သုံးသပ်လို့ ရပါလဲရှင့်။

ဦးစစ်မြိုင် ။ ။ ပထမဦးဆုံး ပြောချင်တာကတော့ ကိုပါကြီးအမှု။ ကိုပါကြီး အမှုကတော့ သူက သတင်းသမား ဖြစ်တဲ့အတွက် သတင်းသမားတယောက်ဟာ တပ်မတော်ကနေ ထိန်းသိမ်းထားစဉ်ကာလမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။ ဒီ သေဆုံးမှုဟာ သွေးရိုးသားရိုး ဖြစ်သလားဆိုတာကို ကျနော်တို့က လူ့အခွင့်အရေး ချိုးဖောက်မှု ရှိသလားဆိုတာကို ကျနော်တို့ စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ အားလုံးလဲ သိပြီးဖြစ်တဲ့အတိုင်း နိုင်ငံတော်သမ္မတကြီးရဲ့ ညွှန်းကြားချက်နဲ့ စစ်ဆေးတာ ဖြစ်ပါတယ်။ စစ်ဆေးတော့ ကျနော်အပါအဝင် ကော်မရှင်အဖွဲ့ဝင် နှစ်ဦးသုံးဦး ပါရှိပါတယ်။ ပြည်နယ်အစိုးရဝန်ကြီးတဦး၊ တပ်မတော်က ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တဦး၊ ဗိုလ်မှူးကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တဦး၊ ရဲမှူးကြီးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တဦး အပါအဝင် အရာရှိကြီးတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အားလုံး (၄၇) ဦး စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုနဲ့ ပတ်သက်လို့ ဆောင်ရွက်နိုင်သမျှကို ကြိုးပမ်းပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံး ချုပ်ပြီးတော့ တင်ပြရရင်တော့ နံပတ်တစ် ကိုပါကြီး က နိုင်ငံသားမှန်ပါတယ်။ အဲဒီအချိန်မှာ သူဟာ မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥ့ပဒေ (၂၀၀၈) ပါ အခွင့်အရေးကို ခံစားခွင့် ရှိပါတယ်။ အဲဒီ ခံစားခွင့် ရရှိဖို့အတွက် ပုဒ်မ (၃၄၇) ကို ရည်ညွှန်းပြီးတော့ ကျနော်တို့အနေနဲ့ အကြံပြုထောက်ခံခဲ့တာပါ။ ကျနော်တို့ ကော်မရှင်ကတော့ အကြံပြုတာ၊ ထောက်ခံတာရယ်၊ ညှိနှိုင်းဖျန်ဖြေတာတွေ လုပ်ခွင့်ရှိတာပါ။ ကျနော်တို့က စီရင်ချက်၊ ဆုံးဖြတ်ခွင့် မရှိပါဘူး။ ကျနော်တို့ ထောက်ခံတင်ပြချက်ကတော့ အဓိကကျတဲ့ အချက်ကတော့ ဒီအမှုကို ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် နယ်ဘက်တရားရုံးမှာ စစ်ဆေးသင့်ပါတယ်ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒါမှသာ ကိုပါကြီးက ဖွဲ့စည်းပုံအခြေခံပါ နိုင်ငံသားရဲ့ အခွင့်အရေးကို ရရှိမယ်လို့ ကျနော်တို့ ကော်မရှင်က သုံးသပ်တဲ့အတွက် ထောက်ခံခဲ့ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တင်ပြချက်အပေါ်မှာတော့ ကျနော်အနေနဲ့ တော်တော်လေး အားရကျေနပ်မှု ရှိပါတယ်။ ကျနော့် ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီအပေါ်မှာ အားမလိုအားမရ ဝေဖန်တာတွေလည်း ရှိပါတယ်။ ဒါတွေကိုတော့ ကျနော့်အနေနဲ့ သီးခြားမပြောလိုပါဘူး။ နောက်တခုကတော့ ဒေါ်ခင်ဝင်းအမှုကတော့ အဖွဲ့တဖွဲ့နဲ့ သွားရောက်ပြီးတော့ စစ်ဆေးခဲ့ပါတယ်။ အခြေအနေမှန်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ပြခဲ့ပါတယ်။ တင်ပြတဲ့အတွက် နောက်ဆုံးအခြေအနေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ လိုအပ်သလို ဌာနဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။ ပြန်ကြားချက်တော့ ကျနော်တို့ မရသေးပါဘူး။ လက်ပတန်းအမှုကတော့ လက်ရှိ လူ့အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့။ ကော်မရှင်အဖွဲ့ဝင် (၃) ဦး အဲဒီမှာ တာဝန်ယူထားပါတယ်။ အဲဒီ (၃) ဦးက ဒီနေ့ပဲ ရဲအရာရှိကြီး (၃) ဦးကို ခေါ်စစ်နေပါပြီ။ ခေါ်ပြီးတော့ သက်သေထွက်ဆိုချက်တွေ ယူနေပါတယ်။ ဆိုလိုက်တဲ့အတွက် ဒါလေးကလဲ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လူ့အခွင့်အရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျနော်တို့အနေနဲ့ အသိအမှတ် ပြုပါတယ်။ လိုအပ်တဲ့ သက်သေတွေ ဆက်သွားမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ website အင်တာနက်စာမျက်နှာကို ဖတ်လိုက်တဲ့အခါ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ နယ်ဆင်းပြီးတော့ လေ့လာတာတွေလည်း ရှိပါတယ်။ အဲဒီမှာ ရခိုင်ဒေသကိုသွားတာကိုလည်း တွေ့ရပါတယ်။ အဲဒီဒေသမှာ ရှိနေတဲ့ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလီလို့ခေါ်ပြီး၊ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့ လူနည်းစုတွေ ရှိပါတယ်။ သူတို့ရဲ့ အခြေခံကျတဲ့ ပြဿနာ၊ နိုင်ငံတကာက ဝေဖန်နေတာက ဒီလူနည်းစုကို အစိုးရက နှိပ်စက်တယ်။ အာဏာပိုင်တွေက ဖိနှိပ်တယ်။ အဲဒါကြောင့်မို့ ဒီနိုင်ငံကနေ ထွက်ပြေးနေကြရတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ခံနေရတယ်လို့ ပြောပါတယ်။ အဲဒီအခြေအနေပေါ်မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ ရပ်တည်ချက်ကလေး သိပါရစေရှင့်။

ဦးစစ်မြိုင် ။ ။ နိုင်ငံတော်အနေနဲ့ ကျနော်တို့ အဓိကအကျဆုံး အချက်ကို ပြောရမယ် ဆိုလို့ရှိရင်တော့ နိုင်ငံသားပြုမှုနဲ့ ပတ်သက်လို့ကတော့ ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှု ဥပဒေ ရှိပါတယ်။ ဒီ ဥပဒေကလဲ နိုင်ငံတနိုင်ငံအတွက်တော့ သူ့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီးတော့ ဒီလိုပဲ သေသေချာချာ လေ့လာပြင်ဆင်ပြီးတော့ ပြုစုခဲ့တဲ့ ဥပဒေလို့ ကျနော်တို့ သိရပါတယ်။ အဲဒီတော့ ဒီ ဥပဒေနဲ့အညီ လိုက်ရှိ,ရှိနေတဲ့ ဘင်္ဂလီတွေဟာ ပြုနိုင်ငံသား ရခွင့်ရှိပါတယ်။ သူ့သတ်မှတ်ချက် ဥပဒေနဲ့ ကိုက်ညီမယ်ဆိုရင်။ ဆိုတော့ ဒီ အခွင့်အရေးတွေကတော့ ရှိနေပြီသားပါ။ ဆုံးရှုံးနေတယ်လို့တော့ ပြောလို့မရပါဘူး။ အဲဒီတော့ ရခိုင်ပြည်နယ်မှာ ကျနော်တို့ စမ်းသပ်မြို့နယ်မှာဆိုရင် မင်းပြားမှာဆိုရင် ဆောင်ရွက်တဲ့ဟာ အထိုက်အလျောက် အဆင်ပြေမှု၊ အောင်မြင်မှုရတယ်လို့ သိရပါတယ်။ ဆိုတော့ ဘင်္ဂလီတွေအတွက်တော့ အကောင်းဆုံး အခွင့်အရေးတခုလို့ ကျနော် မြင်ပါတယ်။ ဒါကတော့ နိုင်ငံသားပြုမှုနဲ့ ပတ်သက်လို့ပါ။ ကျန်တာတွေကတော့ နိုင်ငံတော်အနေနဲ့ ပေးထားတာတွေကတော့ အခြေချနေထိုင်ခွင့် ရှိတယ်။ နောက် ပညာသင်ကြားခွင့်ရှိတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ခံပိုင်ခွင့်ရှိတယ်။ မြေယာပိုင်ဆိုင်ခွင့် ရှိတယ်။ စီးပွားရေးတွေ လုပ်ငန်းတွေကို အဲဒီဒေသမှာရှိတဲ့ ပုဂ္ဂိုလ်များနည်းတူ ဆောင်ရွက်ခွင့်ရှိတယ်။ ငါးဖမ်းခွင့်တွေ ရှိတယ်။ ဆိုတဲ့ အခွင့်အရေးပေါင်းများစွာ ပေးထားတယ်လို့ ကျနော် မြင်ပါတယ်။ သို့သော် နိုင်ငံသား မဟုတ်သေးတဲ့၊ နိုင်ငံသား ဟုတ်မဟုတ် စီစစ်နေတာ ဖြစ်နေဆဲဖြစ်နေတဲ့ လူမျိုးစုတခုရဲ့ သွားလာမှုကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒါလေးကတော့ ကာလအတိုင်းအတာ တခုအရ ကန့်သတ်ထားတာလို့ ကျနော် မြင်ပါတယ်။ ရေရှည်မှာတော့ နှစ်ဖက်ယုံကြည်မှုပေါ် မူတည်ပြီးတော့ ကန့်သတ်ချက်က ပြေပျောက်သွားမယ်လို့ မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လစ်ဖို့ကိစ္စလည်း အခုအချိန်မှာ တောင်မတင်ရေမကျ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီ ကိစ္စလေးနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေလေး ဘာသိရပါလဲရှင်။

ဦးစစ်မြိုင် ။ ။ နောက်ဆုံးအခြေအနေလေးတော့ ကျနော်တို့အနေနဲ့ မသိရသေးပါဘူး။ ဒါက နိုင်ငံခြားရေးက လုပ်တာဖြစ်တဲ့အတွက်ပေါ့လေ။ ဒီ OHCHR ဆိုတဲ့ အဖွဲ့နဲ့တော့ ကျနော်တို့ စတင်ဖွဲ့ကတည်းက ထိတွေ့မှုလည်း ရှိပါတယ်။ ပူးပေါင်းဆောင်ရွက်မှုလည်း ရှိပါတယ်။ ကျနော်တို့ ဥပဒေ ရေးဆွဲတဲ့အခါမှာလည်း OHCHR က အရာရှိကြီးတဦး လာရောက်ပြီးတော့ အကြံဉာဏ်တွေ ပေးပါတယ်။ ကျနော်တို့နဲ့ အစည်းအဝေးမှာ သူ့ရဲ့ အကြံဉာဏ်တွေကလည်း ကောင်းမွန်တဲ့ အကြံဉာဏ်တွေ ရရှိပါတယ်။ နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံသင်တန်းတွေလည်း ပူးပေါင်းလုပ်ဆောင်တာ ရှိပါတယ်။ ကျနော် တင်ပြချင်တာကတော့ ကျနော်တို့နဲ့ OHCHR ဆက်ဆံရေးက ချောမွေ့ပါတယ်။ အဲဒီတော့ OHCHR အနေနဲ့ ကျနော်တို့နဲ့ ပိုပြီးတော့ လက်တွဲဆောင်ရွက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးတွေ ပိုပြီးတော့ တဖတ်တလမ်း အထောက်အကူ ရနိုင်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အရင်တုန်းကဆိုရင်ပေါ့ စစ်အစိုးရ လက်ထက်တုန်းကဆိုရင်ပေါ့ Universal Declaration of Human Rights ခေါ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း ကိုင်ထားရုံနဲ့ အဖမ်းခံခဲ့ရတဲ့လူတွေ အများကြီး ရှိပါတယ်။ အဲဒီခေတ်တုန်းကပေါ့။ အခု လူ့အခွင့်အရေး ကော်မရှင်ကနေ တိုင်းရင်းသားဘာသာလေးတွေနဲ့ ကချင်၊ မွန်၊ ရှမ်းဘာသာတွေနဲ့ ထုတ်ပြန်နိုင်ပြီဆိုတော့ ဒါက အများကြီး တိုးတက်လာတယ်လို့ ပြောရမှာပါ။ ဒီ စာအုပ်လေးတွေ ပြုစုပြီးတော့ ထုတ်ပြန်ခဲ့တာနဲ့ ပတ်သက်လို့ ပြောပြပေးပါအုံးရှင်။

ဦးစစ်မြိုင် ။ ။ လူ့အခွင့်အရေးကော်မရှင်မှာ တာဝန် နှစ်ခုပဲ ရှိပါတယ်။ တခုကတော့ လူ့အခွင့်အရေး အသိပညာ ပြန့်ပွားရေး (Human Rights Promotion), နောက်တခုကတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး (Human Rights Protection) – Human Rights Promotion နဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကြေညာစာတမ်းမှာလည်း ဒါတွေကို အများပြည်သူ သိရှိအောင် ဖြန့်ဝေဖို့ဆိုတဲ့ တိုက်တွန်းချက် ပါရှိပါတယ်။ ဆိုလိုက်တဲ့အတွက် ကျနော်တို့ တာဝန်ဖြစ်လာတယ်။ ကျနော်တို့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ တာဝန် ဖြစ်လာတယ်။ အစိုးရရဲ့ တာဝန်လည်း ဖြစ်လာပါတယ်။ ဒါကြောင့် ဒီဘာသာလေးကို ကျနော်တို့ ကော်မရှင်ရဲ့ စုပေါင်းအင်အားလေးနဲ့ (၃) လခန့် အချိန်ယူပြီးတော့ အကောင်းဆုံးဖြစ်အောင် ဘာသာပြန်ပြီးတော့ ဖြန့်ဝေခဲ့တာပါ။ အခုတော့ (၃) ဘာသာ ရှမ်း၊ မွန်၊ ကချင် ဖြစ်ပါတယ်။ နောက် ဆက်ပြီးတော့ တခြားတိုင်းရင်းသား ဘာသာတွေနဲ့လည်း ဆက်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဦးစစ်မြိုင် ။ ။ ကျေးဇူးတင်ပါတယ်။