Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်ပြည်ထောင်စုမှာ လေယာဉ်မောင်းသင်တန်း တက်ချင်နေတဲ့သူတွေ တက်ခွင့်ရအောင် ဝန်ဆောင်မှုပေးနေသူ လေယာဉ်မှုး ဦးမြင့်သက်အောင်ကို VOA မြန်မာပိုင်းအစီအစဉ် ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ မြန်မာပြည်ကနေ တကယ့်ကို အတွေ့အကြုံရင့် လေယာဉ်မှူးကြီးတယောက်အနေနဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားကလေးတွေထဲက စိတ်ဝင်စားတဲ့သူတွေကို ဒီလေယာဉ်မောင်းသင်တန်း သင်ချင်တယ်ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ သင်နိုင်အောင် အခွင့်အလမ်းတွေ ရှာပေးနေတယ်ဆိုတာကို သိရပါတယ်။ မြန်မာနိုင်ငံမှာ အရင်တုန်းက ကိုယ့်ရဲ့ လေယာဉ်မောင်း အတွေ့အကြုံ အဲဒါလေးနည်းနည်းပါးပါး ပြောပြပါလားရှင့်။
ဦးမြင့်သက်အောင် ။ ။ မင်္ဂလာပါ။ ကျနော်က ငယ်ငယ်လေးကတည်းက ဝါသနာက ပျံနေတဲ့ အရာဝထ္တုတွေ၊ ပစ္စည်းတွေ၊ သတ္တဝါလေးတွေကို အင်မတန် သဘောကျတယ်။ အဲဒါနဲ့ ငယ်ငယ်လေးကတည်းက စက္ကူလေးတွေ ခေါက်ချိုးပြီးတော့ လေယာဉ်ပျံလွှတ်တာလည်း ဝါသနာပါတယ်။ ပုစဉ်းလေးတွေ ဖမ်းကြည့်၊ ငှက်ကလေး ဖမ်းကြည့်ပေါ့။ ငယ်ငယ်ကတည်းက ဒီအရာတွေ ဘာလို့ လေထဲပျံတာလဲဆိုတာကို စိတ်ဝင်စားခဲ့တယ်။ အဲဒီမှာ လေယာဉ်မှူးဖြစ်ချင်တဲ့ စိတ်လည်း ပေါ်လာတယ်။ ကျနော့်ကို လေယာဉ်မှူး ဖြစ်စေချင်တဲ့အကြောင်းထဲမှာ One of the biggest motivations က လူငယ်လေကြောင်းသင်တန်း ဖြစ်ပါတယ်။ ၁၉၆၀ ကျော် ပတ်ဝန်းကျင် အဲဒီလောက်မှာ လူငယ်လေကြောင်းအခြေခံသင်တန်း တက်ခဲ့ရတယ်။ အဲဒီမှာ လေယာဉ်ပျံအကြောင်းကိုစပြီး ထိတွေ့တာပေါ့။ အဲဒီမှာ ကျနော်တို့ အတန်းက ခြောက်တန်းခုနှစ်တန်းလောက်ပဲ ရှိသေးတာ။ လေယာဉ်ပျံဆိုတာ မြင်လဲမမြင်ဖူးဘူး။ စိတ်ကူးနဲ့သာ ကြည့်ဖူးတာ၊ မြင်ဖူးတာ။ စာအုပ်ထဲမှာပဲ မြင်ဖူးတာ။ အဲဒီမှာ ကျနော်တို့ကို လေယာဉ်တွေဟာ ဘယ်လို လေထဲကို ပျံတက်တယ်။ လေယာဉ်မှာပါတဲ့ အစိတ်အပိုင်းတွေ၊ အခေါ်အဝေါ်တွေ၊ လေယာဉ်ငယ်ပုံစံလေးတွေ ဆောက်တာတွေ။ ကျနော်တို့ရဲ့ အခုနပြောတဲ့ Craziness degree ကို ဟိုအမြင့်ဆုံးအထိ ဆွဲခေါ်သွားတော့တယ်။ အဲဒီကနေ လေယာဉ်မှူး ဖြစ်ချင်စိတ် တဖွားဖွား မရပ်မနား ဖြစ်လာတော့ နောက်ဆုံး စစ်တက္ကသိုလ်ရောက်တယ်။ စစ်တက္ကသိုလ်မှာ တပ်မတော်လေကြောင်းရဖို့ ကြိုးစားတယ်။ တပ်မတော်လေကနေ ကျနော်တို့ကို လေသူရဲတွေအဖြစ်နဲ့ Train လုပ်ပေးခဲ့တယ်။ ၁၉၇၇-၇၈ မှာ လေယာဉ်မှူးဘဝ ရောက်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီအတွေ့အကြုံတွေပေါ် အခြေခံပြီးတော့ လူငယ်တွေ အားကျအတုယူလာအောင် သင်တန်းတွေ သွားတက်ဖို့ လုပ်ပေးတယ်ပေါ့။ ဒီမှာ မြန်မာပြည်မှာရှိတဲ့ လူငယ်တယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ လေယာဉ်မောင်းသင်တန်း သွားတက်မယ်ဆိုရင် ဘယ်လို Criteria တွေ ဘယ်လို အရည်အချုင်းတွေရှိဖို့ လိုပါလဲရှင့်။
ဦးမြင့်သက်အောင် ။ ။ လောလောဆယ် သတ်မှတ်ထားတာက အမေရိကန် FAA (Federal Aviation Administration) ကနေ သတ်မှတ်ထားတဲ့ အရည်အချင်းကတော့ (၁) အသက် (၁၈) နှစ် ပြည့်ပြီးတဲ့သူ ဖြစ်ရမယ်။ (၂) အနည်းဆုံး အခြေခံပညာအထက်တန်း (US မှာတော့ (၁၂) တန်း အောင်ရပါတယ်)။ (၃) ကျန်းမာရေး - medical checkup လုပ်ပါတယ် - လေယာဉ်မှူးတဦး ရှိသင့်ရှိအပ်တဲ့ ကျန်းမာရေးအဆင့်အတန်းတွေ အောင်မြင်ရပါတယ်။ ဒါကတော့ အနည်းဆုံး သတ်မှတ်ချက်ပါ။ နောက်တခုကတော့ သိပ္ပံတွဲကို ဦးစားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်မောင်းသင်တန်း လုပ်တဲ့အချိန်မှာ သင်ကြားရတဲ့ ဘာသာရပ်တွေက အဓိကတော့ သိပ္ပံဘာသာရပ် - အထူးသဖြင့် Math, Science, Physics တို့နဲ့ အများကြီးပတ်သက်ပါတယ်။ အဓိကတော့ အမေရိကားမှာ လေယာဉ်မောင်းသင်တန်း သွားတက်ဖို့ အင်္ဂလိပ်စာ (English) Proficiency ဖြစ်ဖို့ လိုပါတယ်။ English proficient ဖြစ်တယ်ဆိုရင် အများကြီး အထောက်အကူပြုပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု Hillsboro Academy ဆိုတာ ဘယ်ပြည်နယ်မှာ ရှိပါလဲ။
ဦးမြင့်သက်အောင် ။ ။ အဲဒါက Oregon ပြည်နယ်မှာ ရှိပါတယ်။ United States ရဲ့ West Coast မှာရှိတဲ့ Oregon ပြည်နယ် Portland မြို့တော်ကနေ နာရီဝက်လောက်မောင်းသွားရတဲ့ မြို့လေးမှာ Hillsboro မြို့လေး ရှိပါတယ်။ အဲဒီကျောင်းမှာ ကျနော်တို့ကျောင်းက အခြေစိုက်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီကျောင်းကို ဝင်ခွင့်စာမေးပွဲတွေ မလိုဘူးပေါ့။ သူတို့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေ ပြည့်မီတယ်။ အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်ဆိုရင် ရနိုင်တာပေါ့။
ဦးမြင့်သက်အောင် ။ ။ အဲဒါကတော့ ကျောင်းက ကျနော်က ဒီမှာ Cloud 9 ဆိုပြီးတော့ Cloud 9 Professional Pilot Training ဆိုပြီးထားတော့ အဲဒါအတွက် ကျနော်တို့က သူတို့ကို Train လုပ်ပေးပါတယ်။ ဝင်ခွင့်စာမေးပွဲတော့ သီးသန့်မရှိပါဘူး။ ကျနော်တို့ကသာ အမေရိကားကိုသွားမယ့် ခလေးတွေကို ဟိုမှာ Adaptable ဖြစ်အောင် ဒီကနေ Polish up လုပ်ပေးတဲ့ (၃) လ Program ရှိပါတယ်။ Training program လေး လုပ်ပေးပါတယ်။ အဲဒီ Program မှာ ပါတာတွေကတော့ (၁) Introduction to Aviation လေကြောင်းပညာဆိုတာက ကျနော်တို့ မြန်မာနိုင်ငံသူ/သားတွေအနေနဲ့ အစိမ်းသက်သက် ဖြစ်နေတယ်။ အခုန ကျနော် ပြောသလိုပဲ နောက်ဆုံးကြတော့ အကြောင်းအမျိုးမျိုးကြောင့် လူငယ်လေကြောင်းသင်တန်းတွေ ရပ်ဆိုင်းခဲ့ရတာတော့ လူငယ်လေးတွေက လေကြောင်းလောကကို ဘာမှမသိတော့ဘူး။ မိဘတွေကလည်း ဘာမှမသိတော့ဘူး။ ကျနော်တို့လို ပညာရှင်တွေပဲ အနည်းအကျဉ်းပဲ သိကြတယ်။ အမေရိကန်လို နိုင်ငံကြီးမှာ လူဦးရေသန်းပေါင်းများစွာမှာ လေယာဉ်မှူးသည် (၄) ရာခိုင်နှုန်းပဲ ရှိတယ်။ ဘယ်လောက်နည်းသလဲဆိုတာ စဉ်းစားကြည့်။ ကျနော်တို့ ဗမာနိုင်ငံမှာဆို ဘယ်လောက်နည်းမလဲ။ ကျနော်တို့ Public Exposure ဗမာပြည်မှာ အရမ်းနည်းပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ လေယာဉ်မှူးတယောက်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ဈေးကြီးပါတယ်။ တန်းဖိုးကလည်း အင်မတန်မှ ကြီးပါတယ်။ ဒီပညာရယူဖို့။ အခု ဒီ Academy မှာ သင်တန်းသွားတက်မယ်ဆိုရင် ကုန်ကျစရိတ်က ဘယ်လို ရှိပါလဲ။
ဦးမြင့်သက်အောင် ။ ။ သင်တန်းစရိတ်က ဒီကျောင်းသည် ကျနော်တို့ ပြောရမယ်ဆိုရင်တော့ Commercial Pilot License (CPL) အဲဒါကတော့ မရှိမဖြစ် လိုအပ်တယ်။ ဒီလေကြောင်းလိုင်းတွေမှာ အလုပ်ရဖို့အတွက် လိုအပ်တဲ့ အနည်းဆုံး အရည်အချင်းက Commercial Pilot License ခေါ်ပါတယ်။ အဲဒါ အောင်ရပါတယ်။ နောက်တခါ Instrument Rating (IR) ဆိုတာ ရှိပါသေးတယ်။ အဲဒါကတော့ မိုးထဲလေထဲမှာ ရာသီဥတု ဆိုးဆိုးဝါးဝါးထဲမှာ အပြင်ကို မကြည့်ဘဲနဲ့ လေယာဉ်ထဲမှာရှိတဲ့ ဒိုင်ခွက်တွေကို ဆက်သွယ်စက်တွေနဲ့ ကြည့်ပြီးတော့ လေယာဉ်ကို ထိန်းကျောင်းမောင်းနှင်းနိုင်ဖို့ အန္တရာယ်ကင်းကင်း။ အဲဒီ သင်တန်းတွေ တက်ရပါတယ်။ အဲဒီတော့ ဒီကျောင်းသည် အနည်းဆုံး အခြေခံ လိုအပ်ချက်ဖြစ်တဲ့ CPL နဲ့ IR အဲဒီနှစ်ခုကို ပေးပါတယ်။ အဲဒီဟာနှစ်ခုကို တနှစ်သင်တန်း တက်ရောက်ရပါတယ်။ အဲဒီသင်တန်း တက်ရောက်ဖို့ကတော့ အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲလောက် ကုန်ကျပါတယ်။ ဒါပေမဲ့ ဒီခြောက်သောင်းခွဲက ကျနော်တို့ Hillsboro Academy ကနေ ကလေးတွေအတွက် Accommodation Provide လုပ်ပေးပါတယ်။ ကျောင်းသားတွေအတွက် နေစရာ ပေးပါတယ်။ နေစရာပေးပါတယ်ဆိုတဲ့ နေရာမှာ ကျနော့်အရင် အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် ဒီကျောင်းကပေးတဲ့ နေစရာအိမ်ရာ အင်မတန် ကောင်းပါတယ်။ Apartment ခေါ်ပါတယ် လုံးချင်းအိမ်နီးပါးရှိပါတယ်။ ကျောင်းသားတယောက်ကို အနည်းဆုံး အိမ်ခန်းတခန်းပါတယ်။ ရေချိုးခန်း၊ ဧည့်ခန်းပါတဲ့ အခြေခံလိုအပ်ချက်တွေထက် အများကြီးပိုပါတယ်။ လူနေအိမ်ပါ။ Family တခု နေလို့ရတဲ့အိမ်မျိုးကို ပေးပါတယ်။ ကျယ်ကျယ်ဝန်းဝန်း နေလို့ရပါတယ်။ နောက်တခါ ပြောရရင် ဒီကလေးတွေ ကျောင်းလခအပြင် အပိုဆောင်ပေးစရာ မရှိသလောက်ပါ။ အိမ်လခအပြင် ပိုမပေးရပါဘူး။ ဥပမာ မီးခ၊ ရေခ အဲဒါတွေ လုံးဝမပေးရပါဘူး။ အမှိုက်ပစ်ခ၊ ကားရပ်ခတို့ပါ။
ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်ဒေါ်လာ ခြောက်သောင်းခွဲထဲမှာ အကုန်လုံး Cover ဖြစ်တဲ့သဘောပေါ့။
ဦးမြင့်သက်အောင် ။ ။ Cover ဖြစ်တယ်ဆိုတဲ့ သဘောက ကျောင်းရဲ့ Initial Course ပေါ့။ Initial to CPL Completed လိုင်စင်ရတဲ့အထိ၊ IR ရတဲ့အထိ (၁၂) လ ကာလအတွက် ခြောက်သောင်းငါးထောင်ပါ။ သူ့အတွက် နေရေးထိုင်ရေး အိမ်ရာ အကုန်လုံးပါပါတယ်။ သို့သော် အမေရိကန်နိုင်ငံကို ခရီးထွက်ဖို့အတွက် ကုန်ကျမယ့် လေယာဉ်စရိတ်၊ စားစရိတ်တို့တော့ မပါဘူး။ ကျောင်းက စားစရိတ်တော့ မထောက်ပံ့ဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ Scholarship တွေ ဘာတွေ ပေးဖို့ အခြေအနေ ရှိပါလား။
ဦးမြင့်သက်အောင် ။ ။ လောလောဆယ်မှာတော့ Sadly မရှိသေးပါဘူး။ သို့သော် ကျောင်းနဲ့ ကျနော် ဒီကိစ္စကို အများကြီး တိုင်ပင်နေပါတယ်။ တခုကတော့ အထူးသဖြင့် ကျနော်တို့နိုင်ငံမှာ Airline တွေက အများကြီး ရှိလာကြတော့ ဒီ Airline တွေကနေ Sponsor လုပ်မယ်ဆိုရင်တော့ Welcome ပါ။ ကျနော်တို့နိုင်ငံမှာ ပိုက်ဆံမပြည့်စုံဘူး။ ငွေကြေးမပြည့်စုံသော်လဲ ဝါသနာအရ ။ နောက်တခါ သူတို့ဘဝရှေ့ရေး တိုးတက်ဖို့ဆိုတာ လူငယ်တွေအတွက် တိုင်းပြည်အနေနဲ့လဲ တတတ်တအား ဝိုင်းပြီးကူညီမယ်ဆိုရင်တော့ ဒါတွေ ပေါ်လာလိမ့်မယ်လို့ ထင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုအချိန်အထိ မြန်မာနိုင်ငံက ဘယ်နှစ်ယောက်လောက် Training သွားပြီးပါပြီလဲရှင့်။
ဦးမြင့်သက်အောင် ။ ။ အခု ဒီကျောင်းမှာ နှစ်ယောက် ရောက်နေပါပြီ။ တယောက်က ဗီဇာဖြေနေပါပြီ။ နောက်နှစ်ယောက်က ကျနော် Polish Up လုပ်နေပါတယ်။ ဒီသင်တန်းက စတာ ဘယ်လောက်မှ မကြာသေးဘူး။ ပြီးခဲ့တဲ့ နှစ်အကုန်ကပဲ ဒီဇင်ဘာ၊ ဇန်နဝါရီလောက်က စတာပါ။ နှစ်ယောက်တက်နေပြီ။ တက်နေတာ တော်တော်ခရီးပေါက်နေပါပြီ။
ဒေါ်ခင်စိုးဝင်း ။ ။ ပြန်လာရင် သူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းက ဘယ်လို ရှိပါလဲ။
ဦးမြင့်သက်အောင် ။ ။ အဲဒါက ကျနော်တို့ အမြဲ အမေးခံရတဲ့ မေးခွန်းပါ။ လာသမျှ မိဘတိုင်းကမေးတယ်။ ဒါပြီးရင် အလုပ်ရမှာလားပေါ့။ ကျနော်ကတော့ ရှေ့ဖြစ်ဟော ဆရာတော့ မဟုတ်ဘူး။ သို့သော်လဲ ကျနော် ခန့်မှန်းကြည့်တာက တိုင်းပြည်က ပွင့်လင်းလာလိမ့်မယ်။ လေကြောင်းလိုင်းတွေလည်း များလာလိမ့်မယ်။ ဒီကလေးတွေ အလုပ်ရကို ရလိမ့်မယ်လို့ ကျနော် ထင်ခဲ့တယ်။ ကျနော် အာမခံတော့ မပေးဘူး။ ရဖို့လမ်း များပါတယ်လို့ အဲဒီတုန်းက ပြောခဲ့တယ်။ ၂၀၀၇ ကနေ ကျနော် ပို့ခဲ့တဲ့ကလေး (၁၁) ယောက် ရှိသွားပြီ။ အဲဒီကျောင်းသား (၁၁) ယောက်မှာ (၉) ယောက် အလုပ်ရနေပြီ။ Senior Co-Pilot – Bar (၃) ကြောင်းနဲ့ ဗမာပြည်မှာရှိတဲ့ လေယာဉ်လိုင်းတွေ Domestic Airlines တွေမှာ မောင်းနေပါပြီ။ တချို့ဆိုရင် MND မှာ Boing 737 တောင် မောင်းနေပါပြီ။ ကျနော် အင်မတန် အားရတယ်။ ဂုဏ်ယူတယ်။ ကျနော် စိုက်ခဲ့တဲ့အပင်ကနေ သီးလာတဲ့ အသီးလေးတွေပေါ့။ အခုအတိုင်း ပြောရမယ်ဆိုရင် ဒီလေယာဉ်မောင်း သင်တန်းတက်ပြီးရင် အလုပ်အကိုင် ရနိုင်သလားဆိုရင် ကျနော်ကတော့ ရနိုင်မယ်လို့ပဲ ပြောမယ်။ ရမယ်လို့တော့ မပြောဘူး။ နောက်တခု ဒီနေရာမှာ ထပ်ပြီးပြောချင်တာက အခု အမေရိကန်သင်တန်းကျောင်းကို သွားမယ့်ကလေးတွေသည် အလုပ်ရမယ်။ အရင် ကျနော် မပြောခဲ့ဘူး။ အခု ကျနော် ပြောပြီ။ ဒီကလေးတွေကို အမေရိကားမှာ ကျနော့်ကျောင်းက အလုပ်ပေးပါမယ်။ သူတို့ကို အမေရိကန် Immigration က F-1 Visa Program နဲ့ ဝင်ရပါမယ်။ F-1 ရတဲ့ ကလေးတွေသည် အမေရိကန်နိုင်ငံမှာ သင်တန်းပြီးတဲ့အခါမှာ နောက်ထပ် (၂) နှစ် အလုပ်လုပ်ခွင့် ရှိပါတယ်။ အလုပ်လုပ်ခွင့် ရှိတယ်ဆိုတာ ကျနော့်ကျောင်းကနေ အလုပ်ပေးပါမယ်။ တော်ရင်တော်သလို သိပ်ညံ့တဲ့ကလေးဆိုရင်တော့ အလုပ်မပေးနိုင်ဘူး။ ကျောင်းသားတွေ ကြိုးစားမယ်။ သူတို့ တော်တယ်ဆိုရင် အမေရိကားမှာ (၂) နှစ် အောင်အောင်ချင်း အလုပ်ပေးပါမယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
ဦးမြင့်သက်အောင် ။ ။ ကျနော်ကလည်း အများကြီး ကျေးဇူးတင်ပါတယ်။