Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပက Cooperation ကြီးတွေကို ပိုပြီးစွဲဆောင်မှုရှိအောင် နိုင်ငံခြား ရင်းနှီးမြုပ်နံှမှု ဥပဒေသစ်တရပ်ကို ၂၀၁၆ အောက်တိုဘာမှာ သမ္မတဦးထင်ကျော်က လက်မှတ်ရေးထိုးပြဌာန်းခဲ့ပါတယ်။ အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဥပဒေအကောင်အထည်ဖော်နိုင်ဖို့ နည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို မတ်လအတွင်း အပြီးသတ် ထုတ်ပြန်နိုင်ဖို့ ပြင်ဆင်ထားပြီဖြစ်တယ်လို့ ရင်းနှီးမြုပ်နံှမှု နဲ့ ကုမ္ပဏီမှတ်ပုံတင်ရေးဆိုင်ရာ ညွှန်ကြားမှူးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောဆိုလိုက်ပါတယ်။ VOA အယ်ဒီတာဒေါ်ခင်စိုးဝင်း က ဦးအောင်နိုင်ဦး ကို
သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ကျမတို့ VOA အမေရိကန်အသံကို မအားတဲ့ကြားကနေ အချိန်ပေးတွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။
ဦးအောင်နိုင်ဦး ။ ။ မင်္ဂလာပါ။ ကျနော်လည်း ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နံှမှု ပြည်ပနိုင်ငံတကာကနေလာပြီးတော့ ရင်းနှီးမြုပ်နံှမှုအတွက်ကို ပြဌာန်းထားတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှု ဥပဒေ ပြဌာန်းပြီးဖြစ်နေပါပြီနော်။ အဲဒီ ဥပဒေနဲ့ နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းတွေ၊ နည်းဥပဒေတွေနဲ့ ပတ်သက်ပြီး အခြေအနေ ဘယ်လို ရှိပါလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ ကျနော်တို့က ဥပဒေပြဌာန်းပြီးနောက်ပိုင်းမှာ ဥပဒေ ကျင့်သုံးနိုင်အောင် နည်းဥပဒေတွေကို ဆွဲပါတယ်။ ဆွဲတာက ကျနော်တို့ Process ကို သွားခဲ့တာ အခု အားလုံးပြီးသွားပါပြီ။ ပြီးတော့ ကျနော်တို့ ဒီအပတ်ထဲမှာ စီးပွားရေးကော်မတီကို နည်းဥပဒေ မူကြမ်းကို တင်ပါမယ်။ တင်ပြီးရင် စီးပွားရေးကော်မတီက အတည်ပြုပြီးတာနဲ့ Final Approval အတွက် Cabinet ဆက်ပြီး သွားပါမယ်။ သွားတော့ နည်းဥပဒေကြီးတခုလုံးက မတ်လမကုန်ခင်မှာ Cabinet က အတည်ပြုပြီး ဖြစ်သွားပါလိမ့်မယ်။ ဖြစ်သွားတဲ့အတွက်ကြောင့် လာမယ့် ဧပြီလကစပြီးတော့ နည်းဥပဒေကို ကျင့်သုံးနိုင်မယ့် အခြေအနေရောက်သွားပါပြီ။ နောက်တချက်ကလည်း ကျနော်တို့က ဥပဒေနဲ့ ဆက်စပ်ပြီးတော့ ထုတ်ပြန်ရမယ့် အမိန့်ညွှန်ကြားချက်တွေ ရှိပါတယ်။ ပြီးခဲ့တဲ့ လထဲမှာ နှစ်ခု။ ဒီလထဲမှာ နှစ်ခုထုတ်လိုက်တယ်။ ဒါက ဘာလဲဆိုတော့ ဥပဒေအရ ကျနော်တို့က Incentive ပေးတဲ့အခါမှာ ကျနော်တို့က အရင်တုန်းက ဥပဒေဟောင်းကတော့ အားလုံး Flat .. ဘယ်သူလုပ်လုပ် (၅) နှစ်က Tax holiday ပေးတယ်။ ဒီဥပဒေသစ်မှာတော့ အားလုံး Flat .. Tax holiday မပေးတော့ဘူး။ ကျနော်တို့က ဘယ်လိုသွားမလဲဆိုတော့ ဒီဥပဒေသစ်မှာတော့ တိုင်းဒေသကြီးပြည်နယ်တွေမှာရှိတဲ့ မြို့နယ်အသီးသီးရဲ့ ဖွံ့ဖြိုးမှုပေါ် မူတည်ပြီးမှ သိပ်ဖွံ့ဖြိုးမှုကောင်းတဲ့ ဒေသတွေဆိုရင် (၃) နှစ်။ ဖွံ့ဖြိုးမှုအသင့်အတင်ရှိတဲ့ဒေသဆိုရင် (၅) နှစ်။ ဖွံ့ဖြိုးမှုသိပ်မရှိတဲ့ဒေသဆိုရင် (၇) နှစ်။ အဲဒီလိုပေးဖို့အတွက်ကို ကျနော်တို့က ဇုန် (၁) (၂) (၃) သတ်မှတ်ပြီး ဘယ်မြို့နယ်က ဇုန် (၁) မှာပါတယ်။ ဘယ်မြို့က ဇုန် (၂) နဲ့ ဇုန် (၃) မှာပါတယ် … အမိန့်ကြေညာစာ ထုတ်ပြန်ပေးလိုက်ပါတယ်။ နောက်ပြီးတော့ မကြာမီရက်ပိုင်းအတွင်းက တိုင်းဒေသကြီးပြည်နယ်တွေကို ခွင့်ပြုမိန့်ထုတ်ပေးတာနဲ့ အတည်ပြုအမိန့် ပတ်သတ်ပြီးတော့ ဘယ်တိုင်းဒေသကြီး ဘယ်ပြည်နယ်မှာ ဘယ်လောက်လုပ်ခွင့်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမိန့်ကြေညာစာ ထုတ်ပေးလိုက်ပါတယ်။ အဲဒီအမိန့်ကြေညာစာအရ အမေရိကန်ဒေါ်လာ (၅) သန်း၊ မြန်မာငွေ တိုင်းဒေသကြီးပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပေးလိုက်ပါပြီ။ ဒီအမိန့်လည်း ထုတ်ပေးလိုက်ပါပြီ။ ဆက်ပြီးထုတ်မယ့် အမိန့်နှစ်ခု ရှိပါတယ်။ အဲဒါတွေက ဥပဒေအရ အခွန်ကောက်ကင်းလွှတ်ခွင့်တွေကို လုပ်ငန်းအားလုံးကို မပေးတော့ဘူး။ မပေးတော့ဘဲနဲ့ တိုင်းပြည်အတွက် အကျိုးရှိမယ့် ကဏ္ဍအလိုက်ပဲပေးမယ်ဆိုတာ ဥပဒေမှာပါပါတယ်။ ပါတော့ ဘယ်ကဏ္ဍတွေကို သတ်မှတ်တယ်ဆိုတဲ့ အမိန့်က မကြာခင် ထုတ်ပြန်ပါမယ်။ အဲဒီတော့ နောက်ပိုင်းမှာ ရင်းနှီးမြုပ်နံှတဲ့ ပုဂ္ဂိုလ်တွေက ထုတ်ပြန်တဲ့ကဏ္ဍထဲမှာ ပါမယ်ဆိုရင် အခွန်ကောက်ဆိုင်ရာ ကင်းလွှတ်ခွင့်ကို ပေးသွားမှာပါ။ နောက်ထပ် အမိန့်ကြေညာစာတခုက ဘာလဲဆိုတော့ ကျနော်တို့က Technically ခေါ်တာ Negative List လို့ ခေါ်ပါတယ်။ ဘယ်လုပ်ငန်းတွေဆိုရင် Foreigner မြန်မာနိုင်ငံသားကို ခွင့်မပြုဘူး။ ဘယ်လုပ်ငန်းဆိုရင် Foreigners ကို ခွင့်မပြုဘူး။ ဘယ်လုပ်ငန်းဆိုရင် Foreigners ကို ခွင့်တော့ခွင့်ပြုမယ် သို့သော် မြန်မာနိုင်ငံသားနဲ့ ဖက်စပ်လုပ်ရမယ်။ နောက်ဆုံးတခုကတော့ မြန်မာနိုင်ငံသားနဲ့ Foreigners တို့ကို ခွင့်ပြုမယ်။ သို့သော်လဲ သက်ဆိုင်ရာဝန်ကြီးဌာန - ဥပမာ Telecom ဆိုရင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက အတည်ပြုချက်ရမှ ထုတ်ပေးမယ်။ ဥပမာ သတ္တုတူးချင်တယ်ဆိုရင် ပတ်ဝန်းကျင်နဲ့သယံဇာတဝန်ကြီးဌာနက အတည်ပြုမှ ထုတ်ပေးမယ်။ ဝန်ကြီးဌာနတွေ အတည်ပြုချက်ရမှ ထုတ်ပေးမယ့်လုပ်ငန်းတွေပေါ့။
ဒေါ်ခင်စိုးဝင်း ။ ။ ဒီမြန်မာနိုင်ငံ ရင်းနှီးမြုပ်နံှမှု ဥပဒေအနေနဲ့ နိုင်ငံတကာရင်းနှီးမြုပ်နံှချင်တဲ့လူတွေကို လုံလောက်တဲ့ ဆွဲဆောင်မှု ရှိပါရဲ့လားရှင့်။
ဦးအောင်နိုင်ဦး ။ ။ ဒီဥပဒေတွေကို ပြင်လိုက်တဲ့ ရည်ရွယ်ချက်ကလည်း ယခင့်ယခင်နဲ့ ဆွဲဆောင်မှုအားကောင်းအောင် ပြင်လိုက်တာပါ။ အဲဒီတော့ မြန်မာနိုင်ငံမှာ လာပြီးတော့ လုပ်တဲ့လူတွေမှာ စိတ်ပူပန်မှု နှစ်ခုရှိတယ်။ အဲဒီနှစ်ခုက သူတို့လုပ်တဲ့လုပ်ငန်းကို အစိုးရက ခွင့်ပြုမှာလား၊ ခွင့်မပြုဘူးလားဆိုတဲ့ စိတ်ပူပန်မှု။ ဒါက ကျနော်တို့မှာ ပေါ်လစီနဲ့ ပတ်သက်ပြီး Procedure နဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ ဒါကြောင့် ကျနော်တို့က ဥပဒေသစ်ထဲမှာ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးလိုက်တယ်။ နံပတ်နှစ်က ဘာစိတ်ပူပန်လဲဆိုတော့ Protection . သူတို့က လုံလောက်တဲ့ အကာအကွယ်ပေးမှာလားဆိုတဲ့ စိတ်ပူပန်မှု ရှိပါတယ်။ လုပ်ငန်းတွေကို ကျနော်တို့က ခွင့်ပြုလိုက် အစိုးရက ခွင့်ပြုပြီးမှ ပြန်ရပ်လိုက်။ ပြန်ပိတ်လိုက်။ ဒီလိုဖြစ်စဉ်တွေက အရင်တုန်းက ရှိခဲ့ဖူးတယ်။ ဒီဥပဒေသစ်ထဲမှာ ကျနော်တို့က Protection အပြည့်ပေးထားတယ်။ ဘယ်လောက်အထိ ပေးထားလဲဆိုတော့ မင်းတို့လုပ်ငန်းတွေကို အစိုးရက နိုင်ငံတော်ပိုင်မသွင်းဘူး။ နံပတ်နှစ် ရပ်မပြစ်ဘူး။ နံပတ်သုံးက လုပ်ငန်းတွေကို အကြောင်းမရှိဘဲနဲ့ ဒါတွေကို ရပ်တန့်တာတွေ၊ သိမ်းယူတာတွေ လုံးဝမလုပ်ဘူးဆိုတာတွေ အာမခံချက်တွေ ပေးထားတယ်။ ဥပဒေတွေကို ပြင်ဆင်လိုက်တဲ့အတွက်ကြောင့် ယခင်ထက်ပိုပြီးတော့ ကောင်းသွားတယ်။ ပိုပြီးတော့လဲ အခက်ကို ဖြစ်လာပြီးလို့ သုံးသပ်ပါတယ်။ ကျနော်တို့ မျှော်လင့်ချက်ကတော့ ဥပဒေစပြီး အသက်ဝင်ကျင့်သုံးတဲ့အချိန်မှာ တိုင်းပြည်အတွက် နိုင်ငံခြားရင်းနှီးမြုပ်နံှမှုတွေ။ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ Local တွေအတွက်လည်း ထည့်ဆွဲထားတယ်။ Local investment တွေအတွက် အများကြီးကောင်းတဲ့ အခြေအနေတွေ ဖြစ်လာပါမယ်။ ပိုပြီး effect ဖြစ်မယ်လို့ သုံးသပ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ Protection ဆိုလို့ နိုင်ငံတကာရင်းနှီးမြုပ်နံှသူတွေကို ကာကွယ်ပေးသလိုမျိုးပဲ ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက် ပြည်တွင်းမှာထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေအတွက် အကာအကွယ်ပေးတာတွေ ရှိပါလား။ အိန္ဒိယနိုင်ငံမှာဆိုရင် အရင်ခေတ်တုန်းကဆိုရင် သူတို့ထုတ်လုပ်တဲ့ ကားကိုပဲ သုံးဖို့ဆိုပြီး ပြည်ပကကားတွေကို ပေးမသွင်းတာရှိခဲ့တယ်။ အဲဒီအခြေအနေ ဘယ်လိုရှိပါလဲရှင့်။
ဦးအောင်နိုင်ဦး ။ ။ အခုနပြောသလို Investment မှာ တဖက်က Liberalization များများဖွင့်မယ်။ ဖြေလျော့ပေးမယ်။ များများလာအောင်လုပ်မယ်။ နောက်တခုက ပြီးခဲ့တဲ့ ကျနော်တို့တိုင်းပြည် အတွေ့အကြုံတွေအရ နဲ့ International Organizations တွေရဲ့ Research တွေအရ Investment လုပ်တဲ့အခါမှာ ကန့်သတ်ချက်တွေများလေလေ Investment က နည်းလေလေဖြစ်တော့ ကျနော်တို့က တဘက်က Restriction ကို တတ်နိုင်သမျှ လျှော့ချပြီးတော့ More Liberalize, More Open ဒီလို ကျနော်တို့ကသွားမယ်။ တဘက်ကလဲ ကိုယ်မှာရှိတဲ့ SMEs တွေ ဒါတွေကိုလဲ Promo လုပ်ဖို့ လိုပါတယ်။ Win-Win Situation တခုကို ဖန်တီးတာပေါ့။ ဘယ်လို ဖန်တီးထားလဲဆိုတော့ မကြာခင်ထုတ်ပြန်မယ့် အမိန့်ကြော်ညာစာမှာ တွေ့ပါလိမ့်မယ်။ လုပ်ငန်းတခုက မြန်မာနိုင်ငံကိုလာပြီး Invest လုပ်မယ်။ သူက Local Market ကို Target ထားတယ်ဆိုရင် သူကို ကျနော်တို့က JD တောင်းပါတယ် - မြန်မာနိုင်ငံသားတွေ မလုပ်နိုင်တဲ့ လုပ်ငန်းတွေဆိုရင် 100% လာလုပ်။ မြန်မာနိုင်ငံသားတွေ လုပ်လက်စလုပ်ငန်းတွေမှာ ဝင်ပြီးတော့ Marketing လုပ်မယ်ဆိုရင်လဲ သူကို JD တောင်းပါတယ်။ ဥပမာ မြန်မာနိုင်ငံသားတွေက Local SMEs တွေလုပ်တာ Food processing ဒီပေါ်မှာ အများဆုံးလုပ်တယ်။ Foreigner တယောက်ကလာမယ် Food processing လုပ်မယ်။ Local market ပြည်တွင်းဈေးကွက်ထဲကို ဖြန့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသားတွေနဲ့ Joint လုပ်ပါဆိုပြီး တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံသားတွေလည်း သူနဲ့ Joint လုပ်ပြီး သူဆီက Technology ရမယ်။ ကျန်တဲ့ သင်ယူစရာတွေ အများကြီးရမယ်။ နောက် ကိုယ့် Market လည်း ဆုံးရှုံးမသွားဘူး။ တဘက်ကလဲ ဘာလုပ်နေလဲဆိုတော့ ကုမ္ပဏီဥပဒေ ပြန်ပြင်နေတာရှိတယ်။ ပြန်ပြင်တဲ့အပိုင်းမှာလဲ Local SMEs တွေကို အများကြီးစဉ်းစားထားတယ်။ Local SME တွေ။ အခု ကုမ္ပဏီမထောင်ဘဲနဲ့ လုပ်နေလို့ သူတို့မှာ အခွင့်အလမ်းတွေ ဆုံးရှုံးနေတယ်။ ကုမ္ပဏီထောင်လာလို့ရှိရင် ကုမ္ပဏီတခုရဲ့ ရသင့်ရထိုက်တဲ့ ဥပဒေကပေးတဲ့ အခွင့်အလမ်းတွေရမယ်။ အဲဒီတော့ Local ကုမ္ပဏီလေးတွေ၊ SMEs တွေ လွယ်လွယ်ကူကူနဲ့ ကုမ္ပဏီထောင်နိုင်အောင် ဥပဒေအရ ပြင်ဆင်မှုတွေကို လုပ်ပေးထားတယ်။ ဒီ ကုမ္ပဏီဥပဒေကလဲ လွှတ်တော်ကို ပို့ထားပြီးပါပြီ။ အကြောင်းညီညွှတ်ရင် ၂၀၁၇ ထဲမှာပဲ အတည်ပြုသွားနိုင်ပါတယ်။ အဲဒီ ကုမ္ပဏီဥပဒေ ပေါ်လာရင် Local SMEs တွေ အများကြီးလုပ်ကိုင်နိုင်မှု ရှိသွားမယ်။ တခုထပ်ပေးထားတာက ကုမ္ပဏီဥပဒေမှာ Definition မှာ Foreign companies, Myanmar companies အဲဒီလိုရှိတဲ့အထဲမှာ လက်ရှိရှိနေတဲ့ ဥပဒေရဲ့ Constraint က ဘာလဲဆိုတော့ လက်ရှိကျင့်သုံးနေတဲ့ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံများ အက်ဥပဒေအရ ဒီ Definition မှာ ဘာရေးထားလဲဆိုတော့ မြန်မာကုမ္ပဏီဆိုသည်မှာ ရာနှုန်းပြည့် မြန်မာနိုင်ငံသားတွေက ပိုင်ဆိုင်ထိန်းချုပ်လုပ်ကိုင်တဲ့ ကုမ္ပဏီဖြစ်သည်လို့ ပါတဲ့အတွက်ကြောင့်မို့ မြန်မာကုမ္ပဏီတွေမှာ Foreigners တွေက 1% Share ပါလာတာနဲ့ Automatic နိုင်ငံခြားကုမ္ပဏီဖြစ်သွားပြီးတော့ အကုန်လုံး နိုင်ငံသား Rights တွေ ဆုံးရှုံးသွားတာပေါ့။ ကုမ္ပဏီဥပဒေသစ်မှာတော့ အကြမ်းမျဉ်း ၃၅ ရာခိုင်နှုန်း မြန်မာကုမ္ပဏီမှာ နိုင်ငံခြားသားက ၃၅ ရာခိုင်နှုန်းပါဝင်ခွင့် ပေးထားတယ်။ ကိုယ့် SMEs တွေက Majority share ယူပြီးတော့ Minority share ကို Foreigners နဲ့ ပေါင်းလုပ်ရဲရမယ်။ သူတို့ဆီက Market နဲ့ Technology ရမယ်။ တွဲခေါ်သွားနိုင်တယ်။ အဲဒါတွေ ပြင်ဆင်ထားပါတယ်။ အဲဒီတော့ Investment Law မှာလဲ လိုအပ်တဲ့ စဉ်းစားမှုလေးတွေကို Local အတွက် ပြင်ဆင်နိုင်လို့ တဘက်ကလဲ Local တွေ ရှိလာအောင် ကုမ္ပဏီဥပဒေကို ပြင်ထားပေးပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ သိသလောက် ဥပမာ ဗီယက်နမ်ကနေ ဆောက်လုပ်ရေးလာလုပ်တယ်ဆိုရင် သူတို့ဆီက Skilled workers တွေ ခေါ်လာတယ်။ ဥပမာ တရုတ်တွေဆိုရင်လဲ အာဖရိကကိုသွားရင်တောင် သူ့အလုပ်သမား သူခေါ်သွားတာ ရှိပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ CSR ခေါ်တဲ့ ရင်းနှီးမြုပ်နံှမှုတွေနဲ့ ပတ်သက်တယ်ဆိုရင် တာဝန်သိရင်းနှီးမြုပ်နံှမှုတွေလုပ်ဖို့ကို အားလုံးက တွန်းအားပေးနေတာ။ ဒီဒေသမှာရှိတဲ့ လူတွေ အလုပ်အကိုင်ရရှိရေးအတွက်က တရုတ်၊ ဗီယက်နမ်တို့က သူတို့အလုပ်သမားတွေ သူတို့ခေါ်လာတယ်ဆိုရင် တော်တော်လေး ဆုံးရှုံးရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဘာတွေပြင်ဆင်ထားတာတွေ ရှိပါလဲ။
ဦးအောင်နိုင်ဦး ။ ။ ကျနေ်ာတို့ ဥပဒေသစ်မှာ ဘာပါလဲဆိုတော့ မြန်မာနိုင်ငံမှာ Foreigner တယောက်က Invest လာလုပ်ရင် Unskilled labors အားလုံးက မြန်မာနိုင်ငံသားတွေ ဖြစ်ကိုဖြစ်ရမယ်။ Skilled labors ကို သူတို့ခေါ်လာနိုင်တယ်။ ဒါပေမဲ့ Skilled labors မှန်ကန်ကြောင်းကို Certified ဖြစ်တဲ့ Skilled labors ကို ခွင့်ပြုမယ်။ ဆိုလိုတာက Skilled labors ဆိုပြီး ထမင်းချက်ခေါ်လာ၊ အဝတ်လျှော်လည်းခေါ်လာ။ တံမြက်စည်းလှဲလည်းခေါ်လာ မရဘူး။ ဒါမျိုးတွေက ကိုယ့်နိုင်ငံသားတွေ လုပ်လို့ရတယ်။ ဒါကြောင့် လုပ်ငန်းတွေမှာ တိတိကျကျ Unskilled .. Technically မလိုအပ်တဲ့ကိစ္စတွေမှာ နိုင်ငံသားပဲ ဖြစ်ရမယ်။ Technical လိုအပ်တဲ့ကိစ္စမှာ Foreigners ခေါ်လာခွင့်ပြုတယ်။ သို့သော်လဲပဲ ကျနော်တို့က Certified ဖြစ်ရမယ်။ Skilled labors ဆိုပြီး ခေါ်ချင်တဲ့လူ ခေါ်လာလို့မရဘူး။ ဒါကြောင့် Rules မှာ အသေးစိတ်ထည့်ထားပါတယ်။ Rules ထွက်လာတဲ့အခါ ရှင်းရှင်းလင်းလင်း သိရပါမယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ မြန်မာပြည်မှာရှိတဲ့ Unskilled labors တွေကို Skilled labors ဖြစ်လာအောင် သူတို့အနေနဲ့ သင်တန်းပေးတာတွေ၊ စွမ်းဆောင်ရည်မြှင့်တင်တာတွေအတွက်ကော ထည့်ပြီးရေးဆွဲထားတာ ရှိပါလား။
ဦးအောင်နိုင်ဦး ။ ။ ပါမယ်။ ဆိုလိုတာကတော့ Local တွေကို Skills ကောင်းလာအောင် Training တွေပေးတယ်။ ကျန်တဲ့ Assistances တွေပေးတယ်ဆိုရင် သူတို့ကုန်ကျတဲ့ ကုန်ကျစရိတ်တွေကို Taxable Income ကနေ Deduct လုပ်ခွင့်ပေးထားတယ်။ ဆိုလိုတာကတော့ ပေးကိုပေးရမယ်။ ပေးတဲ့အတွက် သူတို့ မနစ်နာဘူးဆိုတာကို Law မှာ လုပ်ထားပါတယ်။ တဘက်ကလဲ ပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတို့ ပေါင်းစပ်ပြီးတော့ အထူးသဖြင့် SMEs Development နဲ့ ပတ်သက်ပြီး နိုင်ငံသားတွေ Skills ပိုကောင်းလာအောင် Skilled labors တွေဖြစ်အောင် .. အခုက ကျနော်တို့တိုင်းပြည်မှာ ရှိနေတာက ပွင့်ပွင့်လင်းလင်းပြောရရင် Labor intensive သွားနေတာ။ ကျနော်တို့ Second step သွားချင်တာက Skill intensive ကို သွားချင်တာ Labor intensive ကနေ Skill intensive ကို Move လုပ်ဖို့ ပြင်နေပါတယ်။ အဲဒါကြောင့်လဲ ကိုယ့်ရဲ့နိုင်ငံသားတွေကို Vocational education သက်မွေးဝမ်းကြောင်းပညာရပ်ေတွေ ပိုပြီးတော့ အားကောင်းလာအောင် ဒါတွေကို ဝန်ကြီးဌာနတွေက လုပ်နေပါတယ်။ MIC ဘက်က နိုင်ငံသားတွေကို Skills ပိုကောင်းလာအောင် လိုအပ်တဲ့ Support တွေ ပေးသွားဖို့ ကျနော်တို့ Rules မှာပါပါတယ်။