မှန်မှန်ကန်ကန် မဲပေးနိုင်ဖို့

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းအစီအစဉ်မှာ အမှား-အမှန်ခြစ်ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ပယ်မဲတွေများခဲ့တာကြောင့် အခုလာမယ့် ရွေးကောက်ပွဲကျရင်တော့ တံဆိပ်တုံးနှိပ် မဲပေးနိုင်အောင် စီစဉ်ထားပါတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်၊ မဲပေးပြီးတဲ့သူတွေထပ်ပြီး မဲမပေးနိုင်အောင်အတွက်ကိုလဲ မှင်တို့တဲ့ စနစ်ကို သုံးသွားမှာဖြစ်တယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ မဲရုံတွေရဲ့ လုံခြုံရေးအခြေအနေ၊ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်းက ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို တေ့ွဆုံမေးမြန်းထားတာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုနပြောသွားတဲ့အထဲမှာ ပါသွားတာ မဲရုံတွေကတော့ ကျောင်းတွေမှာလုပ်မယ်။ နောက်ပြီးတော့ မဲပြားတို့၊ မဲပေးပုံနည်းစနစ်တို့။ နောက်ဆုံးကြားသိရတာတော့ တံဆိပ်တုံးလေးနဲ့ မဲပေးရမယ်လို့ ပြောသွားတယ်။ နောက်ပြီးတော့ ပေးပြီးတဲ့လူတွေကိုလဲ နိုင်ငံတကာမှာလို မှင်လေးနဲ့ အမှတ်အသားလုပ်ထားပါလား။ အဲဒီတော့ တံဆိပ်တုံးနဲ့ ပေးတဲ့အခါမှာ မဲဆန္ဒရှင်တွေအနေနဲ့ အခက်အခဲများ တွေ့နိုင်ပါလားရှင့်။

ဦးတင်အေး ။ ။ ကျနော်တို့က အခုမှ တံဆိပ်တုံးက တကယ်ပြောကြေးဆိုရင်တော့ ၉၀ တုန်းက တံဆိပ်တုံး လုပ်ခဲ့ပါတယ်။ အဲဒီကနေ ဘောပင်နဲ့ ခြစ်ခိုင်းပါတယ်။ ဒါက ၂၀၁၀ ပေါ့။ အဲဒီမှာ ခြစ်တဲ့အခါကြတော့ ပယ်မဲတွေ များတယ်။ အခြစ်လွန်သွားပြီးတော့ ဟိုဘက်အကွက်တွေထဲ ရောက်သွားတာတွေ ရှိတယ်။ တချို့ကလဲ အမှန်ခြစ် မခြစ်နိုင်လို့ ပယ်မဲအဖြစ် သတ်မှတ်ထားတာတွေ ရှိတယ်။ ၂၀၁၂ ကြားဖြတ်မှာတော့ သေချာရေးထားပါတယ်။ ဒီအကွက်ထဲမှာ ဝင်ရင်တော့ ခြစ်ပဲခြစ်ခြစ်၊ ကြက်ခြေတော့ ခတ်လို့မရဘူး။ အဖြောင့်ပဲရေးရေး။ ခြစ်တာဟာ လက်လွန်သွားလို့ ဟိုအကွက်ထဲကို မထိဘူးဆိုရင် ပယ်မဲမသတ်မှတ်ပါနဲ့လို့ ကျနော် လုပ်ပါတယ်။ အဲဒီလို ရှင်းအောင်လုပ်သွားတဲ့အခါ ဘာပြဿနာ လာတက်သလဲဆိုတော့ ဖယောင်းကပ်ပါတယ်၊ ဖယောင်းသုတ်ပါတယ်ဆိုပြီး ပြဿနာတက်ကော။ ပြဿနာတက်တဲ့အခါ ကျနော် စစ်ပါတယ်။ ဒါလဲ မဟုတ်ပါဘူး။ သက်သက်မဲ့ ဟိုဒင်းပြုတာပါ။ နောက်တော့ မထူးတော့ဘူး ငါတို့တော့ တံဆိပ်တုံးနှိပ်တာ ပြန်စရင် ကောင်းမယ်ဆိုပြီးတော့ တံဆိပ်တုံးနှိပ်တာပါ။ အဲဒါ ၉၀ တုန်းကလည်း အတွေ့အကြုံ ရှိပါတယ်။ အခုလဲ အကြိမ်ကြိမ် စမ်းပါတယ်။ စမ်းပြီးတော့ လုပ်ပါတယ်။ ပါတီတွေနဲ့ CSO အစည်းအဝေးတွေမှာ ဒီလို စိုးရိမ်စိတ်တွေ ရှိတယ်။ စိုးရိမ်စိတ်ရှိတော့ လာပါ။ ချက်ချင်းပဲ စမ်းခိုင်းပါတယ်။ ခင်များ ကျနော်ကို ပယ်မဲဖြစ်အောင် နှိပ်ပြစမ်းပါ။ တည့်တည့်နှိပ်ရင်တော့ ခိုင်လုံမဲ သေချာတယ်။ ဟိုတစောင်း ဒီတစောင်း နှိပ်ရင်တော့ ကျနော့်မှာ အကွက် (၉) ကွက် ပါပါတယ်။ (၉) ကွက်ထဲမှာ ဟိုဘက်ကို ဘယ်နှစ်ကွက်ပါလဲ။ ဒီဘက်ကို ဘယ်နှစ်ကွက် ရောက်လဲ။ ဒါကို ရေတွက်ပါတယ်။ အဲဒီတော့ ဟိုဘက်မှာ (၃) ကွက်ပဲ ရှိတယ်။ ဒီဘက်မှာ (၆) ကွက် ရှိနေတော့ ဒီဘက်မဲဆိုတာလို့ ဒီလိုမျိုး ဆုံးဖြတ်ပြလိုက်ပါတယ်။ တကယ့်တကယ်တော့ အဲဒီ (၄) ထောင့်ထဲမှာ ကိုယ့်တံဆိပ်လေး ကိုက်သွားပြီဆိုရင် နှိပ်ချလိုက်ရင် ပြီးပါတယ်။ ဒါကတော့ ကျနော်က အောင်မြင်မယ်လို့လဲ ထင်ပါတယ်။ ကျနော် ရည်မှန်းသလိုပဲ ပယ်မဲ လျော့သွားမယ်လို့ ကျနော် ထင်ပါတယ်။ ဒါတွေကတော့ သေသေချာချာလုပ်မယ့် အခြေအနေ ရှိပါတယ်။ နောက် မှင်တို့တာလည်း ဒီနှစ်မှာ စလုပ်တာပါ။ ဒီနှစ်မှာ စလုပ်တဲ့ကိစ္စကလည်း နှစ်ခါပေးတာ မဖြစ်အောင်။ ဒါလေးကလဲ အတော်ကောင်းပါတယ်။ သူများတွေက တော်တော်များများ လတ်တလောကပဲ ဒေါ်အောင်ဆန်းစုကြည်ပဲ မွန်ပြည်နယ်မှာသွားရင်နဲ့ စိုးရိမ်စိတ်နဲ့ ပြောပါတယ်။ ကျနော်လည်း သတိထားပါတယ်။ မဲစာရင်းတွေတော့ အများကြီးရှိတယ်။ မဲစာရင်းက မရှိလို့ မရဘူး။ အခုပဲ အမေရိကရောက်နေတဲ့ အခြေခံမဲစာရင်းသစ် ရပ်ကွက်မှာ ပါလာရမယ်။ သူက အဝေးကနေ မဲပေးချင်တယ်ဆိုရင် ပုံစံ (၁၅) နဲ့ လှမ်းတောင်းရမယ်။ ဒီစာရင်းပါတဲ့အခါကြမှ မဲလက်မှတ် ပို့ပေးမယ်။ သူတို့ဆီက ပြန်လာ။ ဒီကိုပြန်လာပြီးမှ ကျနော် accounting လုပ်မှာပါ။ အဲဒါကြောင့် မဲစာရင်းကတော့ ပါနေရမယ်။ အခုန ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မွန်ပြည်နယ်မှာဆိုရင် တဘက်နိုင်ငံကို သွားလုပ်တဲ့ လုပ်သားတွေ အများကြီးရှိတယ်။ ဟိုလူတွေက ပြန်မလာနိုင်ဘဲနဲ့ တယောက်သောသူက အစားတွေ ထည့်ပေးသွားရင် ကျနော်ကတော့ အဲဒါကို မဖြစ်နိုင်အောင် မှင်တို့ထားပါတယ်။ သူကလာမယ်၊ မဲပေးပြီး မှင်တို့ထားမယ်။ ကျနော်တို့က စ queue တန်းစီးကတည်းက ပထမဦးဆုံး စစ်မှာ လုံခြုံရေးအဖွဲ့က လက်တွေပြရမယ်။ လက်တွေမှာ ကော်တွေသုတ်ထား၊ ဖယောင်းတွေ သုတ်ထားတယ်။ ဖျက်လို့ရစေသော chemical တခု သုတ်ထားရင်၊ သံသယရှိရင်တော့ ကျနော်တို့က အဝတ်ကလေးနဲ့ snow towel လေးနဲ့ သုတ်ပေးဖို့ ကျနော် ပြောထားပါတယ်။ ပြောပြီးဝင်မယ်။ မဲလက်မှတ်ထုတ်မယ်။ ပြီးလို့ရှိရင်တော့ … စစ်တာကတော့ မှင်တို့ထားပြီးတဲ့လူ လာပြီး တန်းစီးသလားဆိုတာ စစစ်ပါတယ်။ မှင်တို့ထားပြီးရင် ပျောက်အောင် လုပ်ထားဖို့၊ တခုခု ကပ်ထားမလားဆိုတဲ့ သံသယရှိရင် snow towel လေးနဲ့ သန့်ရှင်းရေး လုပ်ပေးလိုက်ပါမယ်။ ဒီအချက်ကတော့ ထူးခြားတဲ့ အချက်တွေပဲလို့ မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခုက လုံခြုံရေး။ မဲရုံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး အရေးတယူ ဆောင်ရွက်မှုတွေ ကြိုတင်ကာကွယ်ထားတာ ရှိပါလဲ။

ဦးတင်အေး ။ ။ ကျနော်ကတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အတော်လေး အလေးထားပါတယ်။ အလေးထားတဲ့အတွက် ၂၀၁၄ ထဲက လုံခြုံရေးမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ ပြည်ထဲရေး၊ ထွေအုပ်၊ လဝကတို့ တပ်မတော်အဖွဲ့အစည်းတွေ။ တပ်မတော်အဖွဲ့အစည်းကတော့ နောက်ကျရင် ဆက်သွယ်မှုပျက်နေရင် ပျက်တဲ့နေရာက စင်မျှော်စက်နဲ့ ထိုင်ပေးဖို့ ဒီအတွက် ခေါ်ပြီးတော့ ပြောခဲ့ပါတယ်။ ၂၀၁၅ မှာ လုံခြုံရေး အသေးစိတ်၊ တခုချင်း လူပုဂ္ဂိုလ် လုံခြုံရေး၊ ခရီးသွား လုံခြုံရေး၊ မဲဆွယ်လုံခြုံရေး ဒီလိုတွေပေါ့။ ပစ္စည်းဆိုလဲ မဲလက်မှတ်တွေ ပို့တဲ့အချိန်၊ ထားသိုးတဲ့အချိန် လုံခြုံရေးလုပ်ဖို့ လိုပါတယ်ဆိုပြီးတော့ ဒီလိုပဲ ပြောခဲ့ပါတယ်။ ဒုတိယအကြိမ် အစည်းအဝေးကြတော့လဲ ရဲချုပ်က သေချာပြောပါတယ်။ အားလုံး လုံခြုံရေး ဘာ စီမံထားပါတယ်ဆိုတာကို ပြောပါတယ်။ အဲဒီလိုနဲ့ ကျနော်တို့က Risk Management (2) ဆိုတဲ့ နိုင်ငံခြားမှာ ဒီလို လုံခြုံရေး ထိခိုက်စေတဲ့အကြောင်းတွေကို ဘယ်လို ထိန်းသိမ်းကာကွယ်တယ်ဆိုတဲ့ workshop လေးတခု ကျနော်တို့ introduce လုပ်ပါတယ်။ ကျနော် တော်တော် သဘောကျပါတယ်။ ဒုတိယအကြိမ်ကျတော့ ထပ်လုပ်ပါတယ်။ မလုပ်ခင်ပဲ USIP ကနေ လုံခြုံရေးနဲ့ ပတ်သက်ပြီး ကျနော် workshop လေးတခု လုပ်ပါတယ်။ သူ့ရဲ့ ဖော်ထုတ်ချက်ကတော့ လုံခြုံရေးကို အဖွဲ့အစည်းတွေ ဖွဲ့ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ဒီလိုပဲ ဖော်ထုတ်ပါတယ်။ ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါကြတော့ ဒီလိုပဲ ရပါတယ်။ ရလို့ ကျနော်က နိုင်ငံတော်ကို တင်ပြပါတယ်။ လုံခြုံရေးတွေ အဆင့်ဆင့်ဖွဲ့ဖို့ လိုပါတယ်လို့ တင်ပြလိုက်ပါတယ်။ တင်ပြလိုက်တော့ နိုင်ငံတော်က ပြည်ထဲရေးကို ဗဟိုပြုပြီးတော့ လုပ်ပါဆိုပြီး၊ ပြည်ထဲရေးကအဆင့်ဆင့် ဗဟိုကနေ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအထိ လုံခြုံရေးအဖွဲ့တွေ ရှိပါတယ်။ သူတို့ကို ဟန်ချက်ညီသွားအောင် ကျနော်တို့ဘက်ကလဲ ညှိနှိုင်းဖြေရှင်းရေး ကော်မတီဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့ပါတယ်။ ဒါဘာလဲဆိုတော့ ပြဿနာရှိလာရင် ကျနော်တို့ အရင်ဆုံး ညှိပါမယ်။ ဆိုပါစို့ မဲစာရင်းမှာမပါလို့ ပြဿနာရှာရင် လုံခြုံရေးအဖွဲ့ကို ပေးမတွေ့သေးပါဘူး။ ကျနော်တို့က ရှင်းပြပါမယ်။ ကျနော်တို့ အကြိမ်ကြိမ် ကပ်ခဲ့တယ်။ ခင်များတို့ မလာလို့ မပါတာပါ။ မပါဘူးဆိုရင် ဥပဒေအရ မဲပေးပိုင်ခွင့် မရှိပါဘူး။ နားလည်အောင် ပြောပါမယ်။ နားလည်အောင်ပြောတာ မရလို့၊ သူက ဆူဆူပူပူ လုပ်ချင်တယ်ဆိုရင်တော့ ကျနော်တို့ နောက်ဆုတ်ပြီးတော့ လုံခြုံရေးနဲ့ ဆက်ထိန်းမှာပေါ့။ ပြောမယ်ဆိုရင်တော့ လုံခြုံရေးနဲ့ ပတ်သက်လို့တော့ ကျနော်တို့ Risk Management Tool software နဲ့ ဘယ်နေရာမှာ ဘာဖြစ်နိုင်လဲ။ ဒါတွေကို ကျနော့် ကော်မရှင်အဖွဲ့ခွဲတွေက Data collection ဘယ်နေရာမှာ စီးပွားရေးအရ ဖြစ်နိုင်တယ်။ ဘယ်နေရာမှာ ဘာသာရေးနဲ့ ဖြစ်နိုင်တယ်။ ဘယ်နေရာမှာ လူမျိုးရေးနဲ့ ဖြစ်နိုင်တယ်။ ဘယ်နေရာမှာတော့ မဲဆွယ်စည်းရုံးရေး ပြင်းထန်တဲ့အတွက်ကြောင့် ဆူပူမှုတွေ ဖြစ်နိုင်တယ်ဆိုတဲ့ Data ပေါ် မူတည်ပြီးတော့ software ထဲ ထည့်လိုက်ရင်တော့ ဘယ်နေရာတွေမှာတော့ ဘာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ color တွေ ပေါ်လာပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ပိုပြီးတော့ အာရုံပြုပြီးတော့ ထိန်းပေးရမယ့် အခြေအနေ ရှိပါတယ်။ ထိန်းပေးတဲ့ နေရာမှာလဲ ပြည်ထဲရေးက လုံခြုံရေးအဖွဲ့နဲ့ ကော်မရှင်က ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ နှစ်ဖွဲ့နဲ့ ပေါင်းပြီးတော့ အေးအေးချမ်းချမ်း ဖြစ်သွားအောင် ထိန်းသိမ်းသွားမယ်။ ဟိုဘက်က ပြည်ထဲရေးကလည်း ရဲအင်အား မလုံလောက်ပါဘူး။ ရဲအင်အား မလုံလောက်တဲ့အတွက် အရန်ရဲတွေ ငှားနေတယ်။ ခေါ်နေတာတွေ (လေးသောင်းကျော်)၊ သင်တန်းပေးနေပါတယ်။ အဲဒါတွေ ရှိနေပါတယ်။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ၂၀၁၅ ကတော့ ရွေးကောက်ပွဲကို အတော်အလေးထားပါတယ်။ ကျနော်တို့ ကော်မရှင်၊ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ဆိုင်ရာဝန်ကြီးဌာနတွေ ပူးပေါင်းဆောင်ရွက်နေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ နိုင်ငံရေးပါတီအသီးသီးကနေ စာရင်းတင်သွင်းပြီးသွားပါပြီ။ အခု သူတို့ကို စီစစ်ဖို့ဆိုပြီးတော့ Process က စနေပါပြီ။ အဲဒီနေရာမှာ ကျမ မကြာသေးခင်က နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ အင်တာဗျူး လုပ်ခဲ့ပါတယ်။ လုပ်တဲ့အခါမှာ သူတို့ပြောတာက ကိုယ်စားလှယ်တွေကို စီစစ်တဲ့နေရာမှာ ရွေးကောက်ပွဲ ကော်မရှင်က လုပ်ရမယ့် ဘောင်အတွင်းကနေ ကျော်ပြီးတော့ ဥပမာ စသုံးလုံးတို့၊ SB တို့ ပါလာပြီးတော့ စစ်တဲ့လူတွေ ရှိပါတယ်။ တချို့လဲ ဖုန်းလောက်နဲ့ဆက်ပြီးတော့ ပြီးသွားတဲ့ လူတွေ ရှိသလို၊ တချို့လဲ သွားပြီးတော့ အစစ်ခံရတာရှိတယ်။ အဲဒါမျိုး စိတ်ကသိကအောင် ဖြစ်ကြတယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဥက္ကဋ္ဌအနေနဲ့ ဘယ်လိုများ သုံးသပ်ချင်ပါလဲရှင့်။

ဦးတင်အေး ။ ။ ကျနော်တို့ကတော့ ဒါ နိုင်ငံရေးပါတီတွေ ပြောတာကိုလဲ ကိုယ်ချင်းစာပါတယ်။ တကယ့်တကယ်တော့ ကိုယ်စားလှယ်လောင်း ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာတော့ သူတို့က လျှောက်လွှာတင်ပါတယ်။ ကျနော်တို့ ခရိုင်အဆင့်မှာ စီစစ်ပါတယ်။ ခရိုင်မှာရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ခရိုင်ခွဲ။ အများပြည်သူ စိတ်ချရတဲ့ပုဂ္ဂိုလ် ခြောက်ဦး ရှိပါတယ်။ ဌာနဆိုင်ရာ (၉) ဦး ရှိပါတယ်။ အဲဒီ (၉) ဦး (၁၅) ဦး ရှေ့မှာပဲ ကျနော်တို့ စစ်ပါတယ်။ စစ်ရတယ်ဆိုတာ သူတို့ဆီက ကိုယ်စားလှယ်လောင်းတွေ လျှောက်လွှာတင်ကတည်းက ကျနော်တို့ဆီ ရောက်တဲ့အခါ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကျနော်တို့က ဌာန (၂) ခု ပေးပြီးတော့ vetting စီစစ်ခိုင်းပါတယ်။ ပြည်ထဲရေး နဲ့ လဝက ပါ။ ပြည်ထဲရေးကတော့ အမှုကင်းရှင်းတာတွေ၊ ဗမာပြည်အတွင်းမှာ (၁၀) နှစ် နေထိုင်တာတွေ၊ နိုင်ငံခြားအထောက်အပံ့တွေ ယူတာတွေ။ အခုလဲ ပြန်လာပါတယ်။ ဘယ်သူကတော့ ဘယ်ဌာနမှာ အလုပ်လုပ်နေတဲ့အတွက်ကြောင့် ဒေါ်လာ ဘယ်လောက်ရတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်ဆိုတာတွေ ရှိလာပါတယ်။ တဘက်ကလဲ လဝက ဘက်ကလဲ သူ မွေးဖွားစဉ်က သူ့မိဘ က တိုင်းရင်းသားမဟုတ်ဘူး။ တယောက်သောသူက တိုင်းရင်းသားဖြစ်၊ တယောက်သောသူက နိုင်ငံခြားသား FRC ဖြစ်နေတယ် ဆိုတာမျိုးတွေ ပြန်လာပါတယ်။ အဲဒီတော့ ကျနော်ကတော့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို vetting လုပ်ပေးပါလို့ တောင်းဆိုပါတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ သူတို့က အောက်ကိုညွှန်းကြားပုံပေါက်ပါတယ်။ အောက်ကို ညွှန်းကြားတဲ့အခါ မသိမသာ စုံစမ်းရမယ့်ကိစ္စမှာ၊ တချို့လဲ ခေါ်ပြီးစစ်တာ။ တချို့ကလဲ အချက်အလက်တွေကို လက်မှတ်ထိုးပြီးတော့ တောင်းတာတွေ တွေ့ပါတယ်။ ဒါကတော့ ခေါ်စစ်လဲ လုံခြုံရေးကိုတော့ ကြည်ကြည်သာသာနဲ့ မေးတာဖြေလိုက်ရုံပဲ။ လက်မှတ်ထိုးပေးဖို့ဆိုရင်လဲ မထိုးဘူးဆိုရင်လဲ ရပါတယ်။ ဒါကတော့ သတ်မှတ်ထားတဲ့ဟာတွေပါပဲ။ တချို့ဟာတွေက လဝက သိတာရှိတယ်။ တချို့က ပြည်ထဲရေးကသိတာ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ ကိုယ်ရေးရာဇဝင်ကို ပေးပြီးတော့ vetting လုပ်ပေးပါဆိုတာရှိတယ်။ အဲဒါကြောင့် ဖြစ်ပါမယ်။ သို့သော်လဲ ကျနော်တို့ဆီမှာက နည်းနည်းလေး လုပ်တာကိုင်တာတော့ လူတွေ စိတ်အနှောင့်အယှက်တော့ ဖြစ်စရာတော့ ရှိပါတယ်။ ဒီပြဿနာကို ကျနော်က ကြားထဲကနေ နားလည်သည်းခံပေးပါလို့ ဒီလိုပဲ ပြောချင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ရွေးကောက်ပွဲ ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ရှိပါတယ်။ EU ဥရောပသမဂ္ဂ ရှိမယ်။ နောက်ပြီးတော့ IFES လို့ခေါ်တဲ့ ဝါရှင်တန်အခြေစိုက် အဖွဲ့တဖွဲ့ရှိတယ်။ နောက် IDEA ပေါ့။ သူတို့ အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အားရကျေနပ်မှု ရှိပါသလားရှင့်။

ဦးတင်အေး ။ ။ ကျနော်တို့ဘက်က ပြောရင်တော့ အားရကျေနပ်မှု ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အတွေ့အကြုံ အင်မတန် နည်းပါတယ်။ ပြောကြေးဆိုရင် လွတ်လပ်ရေး ၄၈ ရပြီးတော့ ၅၂၊ ၅၆၊ ၆၀ (၃) ကြိမ်ပဲ ရွေးကောက်ပွဲ ရှိခဲ့ပါတယ်။ အဲဒီတုန်းက ရွေးကောက်ပွဲဆိုတာ ဘာရယ်လို့ မသိပါဘူး။ မဲထည့်ဆိုရင် ထည့်ပြီး၊ မထည့်နဲ့ဆို မထည့်ဘူးဆိုတဲ့ သဘောပဲ ရှိပါတယ်။ အဲဒီကနေ အနှစ်ကွာသွားလိုက်တာ ၆၂ တပ်မတော် အာဏာသိမ်းတယ်။ ၇၄ အာဏာလွှဲတယ်။ ဆိုရှယ်လစ်စနစ် တည်ထောင်တယ်။ ၈၈ ဆူပူမှုဖြစ်တော့ တပ်မတော်က အာဏာသိမ်းတယ်။ ၉၀ မှာ တကြိမ် မြန်မာနိုင်ငံအတွက် စတုတ္ထအကြိမ် ရွေးကောက်ပွဲပါ။ အဲဒီကနေ ဖွဲ့စည်းပုံ မပေါ်ပေါက်လိုက်တာနဲ့ ကြာသွားလိုက်တာ (၂၂) နှစ် ကြာသွားတယ်။ ၈၈ .. ၉၀ ကဆိုရင်တော့ အနှစ် (၂၀) ကြာတာပေါ့။ အဲဒီအချိန်မှာ ပေါ်ပေါက်လိုက်တာ တိုင်းပြည်အတွက် ၂၀၁၅ မှာ ရွေးကောက်ပွဲပါ။ အဲဒီနောက်ပိုင်းမှာ တိုင်းပြည်က အပြောင်းအလဲကြီးတခု ဖြစ်သွားပါတယ်။ အပြောင်းအလဲကြီးက ဘာလဲဆိုတော့ အစိုးရသစ် ပေါ်လာတယ်။ အဲဒီ အစိုးရသစ်က ဘာလဲ။ လူထုက ရွေးချယ်တဲ့ အစိုးရ။ လွှတ်တော်ကိုသွားပြီး နိုင်ငံတော်ကို အာဏာသုံးတာပေါ့။ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာကို ကိုင်စွဲတဲ့ကိစ္စပါ။ ဒီ Process ကြီး အားလုံးဟာ ရွေးကောက်ပွဲဆိုတာ ဘာလဲ။ ကော်မရှင်ဆိုတာ ဘာလဲ။ ရွေးကောက်ပွဲ အနှစ်သာရဆိုတာ ဘာလဲ။ ဒီလုပ်ငန်းကြီးက အောင်အောင်မြင်မြင် လုပ်ပေးဖို့ သူ့ရဲ့ စည်းမျဉ်းမူဘောင်တွေ၊ ဘယ်လို ထားသင့်သလဲဆိုတာတွေ သိဖို့လိုပါတယ်။ အဲဒီဟာတွေက တော်တော်များများ နိုင်ငံခြားသားတွေဆီက ကျနော်တို့ ရခဲ့ပါတယ်။ ကျနော်တို့မှာလဲ အခြေခံကောင်းတွေ ရှိပါတယ်။ သမိုင်းတွေ ပြန်လှန်မယ်ဆိုရင်၊ သတင်းစာတွေ ပြန်ဖတ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲက ရှိခဲ့ပါတယ်။ သို့သော်လဲ ရွေးကောက်ပွဲနဲ့ မနီးစပ်ဘူး။ ချစ်လို့ မဲပေးမယ်။ မုန်းလို့ မဲမပေးဘူး။ ခြိမ်းခြောက်လို့ မဲပေးမယ်၊ ခြိမ်းခြောက်လို့ မဲမပေးဘူး။ ဒါပဲ ရှိခဲ့ပါတယ်။ အခု ဖြစ်ပေါ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရတော့ လူထုကပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄) မှာ ဆိုထားပါတယ် နိုင်ငံတော်က ပြည်သူ့လက်ထဲမှာရှိတဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံတော်တဝှမ်းကို ပျံ့နံှနေပါတယ်။ လူထုလက်ထဲကနေ တနိုင်ငံလုံးကို ပျံ့နှံစေဖို့အလိုငှာ ရွေးကောက်ပွဲပါ။ သူတို့ ကိုယ်စားလှယ်နဲ့ ပျံ့နံှပြီးတော တနိုင်ငံလုံးကို အုပ်ချုပ်တဲ့ လွှတ်တော်ကြီး ပေါ်ပေါက်တဲ့ဟာနဲ့ ကျနော်တို့ အချုပ်အခြာအာဏာ ပျံ့နံှစေတာတော့ ရွေးကောက်ပွဲပါ။ အဲဒီကြောင့် ဒီပညာတွေ၊ ဒီ ဗဟုသုတတွေ ရပါတယ်။ သူတို့နဲ့ ပေါင်းမှ ပြည်ပကို သွားလေ့လာတွေရှိတယ်။ Workshop တွေ ရှိလာတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ အတော်လေးကို အကျိုးရှိပါတယ်။