မဲစာရင်းများ မှန်ကန်ဖို့

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး

ဒီတပတ် မြန်မာ့အရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကမောက်ကမ အမှားတွေများတယ်လို့ ဝေဖန်ကြတဲ့ မဲစာရင်း ပြဿနာ ရှိခဲ့ပေမဲ့ မဲစာရင်းမှားယုံနဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးပါဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောလိုက်ပါတယ်။ ပြည်သူတွေဆီမှာ မဲပေးပိုင်ခွင့် အခွင့်အရေးရှိသလို မဲစာရင်းမှန်အောင်လုပ်ဖို့ တာဝန်လဲရှိတယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်၊ မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ရေဘေးဒဏ်ခံခဲ့ရပေမဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မှာပါလို့ ဆိုပါတယ်၊ အလားတူ နယ်မြေလုံခြုံရေးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်မဲ့ ပြဿနာမျိုး ကြီးကြီးမားမား မရှိပါဘူးလို့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်၊ ရန်ကုန်ရုံးတာဝန်ခံ ဒေါ်ခင်စိုးဝင်း က ဦးတင်အေး ကို နေပြည်တော်မှာ သွားရောက်တေ့ွဆုံမေးမြန်းပါတယ်၊

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဦးတင်အေး ။ ။ မင်္ဂလာပါ ခင်များ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ ဗွီအိုအေ အမေရိကန်အသံကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးခန်းမကြီးကိုလာပြီးတော့ တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင့်။

ဦးတင်အေး ။ ။ ကောင်းပါပြီ။ ကျနော်လည်း တွေ့ရတာ အများကြီး ဝမ်းသာပါတယ်။ လာဗျူးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျမတို့ အခြေအနေကို လေ့လာရသလောက်ပေါ့ ရွေးကောက်ပွဲကော်မရှင်ကနေ ရွေးကောက်ပွဲ ကျင်းပမယ့်နေ့လည်း ကြေညာပြီးသွားပါပြီ။ နိုဝင်ဘာလ (၈) ရက်နေ့မှာ။ နောက်ပြီးတော့ နိုင်ငံရေးပါတီအသီးသီးတွေ၊ တသီးပုဂ္ဂလတွေ သူတို့ရဲ့ နံမည်တွေ၊ စာရင်းတွေလည်း တင်သွင်းပြီးသွားပါပြီ။ နောက်ဆုံးပိတ် စာရင်းပိတ်သွားပြီပေါ့။ တခု သိချင်တာက အခု နိုင်ငံရဲ့ အခြေအနေအရ၊ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေမှာပါတဲ့ အထဲက နံပတ် (၆) က သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ နယ်မြေလုံခြုံရေး အခြေအနေကြောင့်ဖြစ်စေ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာ၊ ပယ်ဖျက်တာ လုပ်နိုင်ပါတယ်ဆိုတော့ အဲဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရပါလား။

ဦးတင်အေး ။ ။ အဲဒီ issue က အခုန ပြောသလိုပဲ နှစ်ချက်ပေါ့။ တစ်ကတော့ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း၊ နယ်မြေလုံခြုံရေးကြောင့်လည်းကောင်း။ အခုလောလောဆယ် ပြောမယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကြောင့် အခုလဲပဲ ကျနော်တို့ မြန်မာနိုင်ငံမှာ တော်တော်များများ ရေလွှမ်းမိုးမှုဒဏ်ကို ခံလိုက်ရပါတယ်။ ခံလိုက်ရတဲ့အတွက်ကြောင့် အခုတော့ ရေတော့ ပြန်ကျသွားပြီပေါ့။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရပါတယ်။ ကျနော်တို့ မဲရုံမှာပဲ။ မဲရုံရဲ့ အများစုကတော့ ကျောင်းထဲမှာလုပ်ဖို့ ရှိပါတယ်။ အခု ကျောင်းတွေ ပြန်ကောင်းသွားရင်တော့ လုပ်လို့ရပါတယ်။ မရဘူးဆိုရင် မဲရုံအတွက် ခွင့်ပြုငွေလေးက သုံးသောင်းကျော် ရှိပါတယ်။ သုံးသောင်းနဲ့ မဲရုံဆောက်ပေးလိုက်ရင်တော့ ဖြစ်သွားတဲ့ဖြစ်တဲ့အတွက်ကြောင့် မဲပေးလို့ ရသွားပါပြီ။ သို့သော်လဲ လူတွေရဲ့ စိတ်ဓါတ်အခြေအနေ။ လူတွေလည်း ဆုံးရှုံးသွားတာတွေ (စိတ်ဒဏ်ရာ) စိတ်ဒဏ်ရာတွေ ရှိနေတော့ ဒါတွေ လူထုများ သက်တောင့်သက်သာများ ရှိပါ့မလားလို့ တွေးမိပါတယ်။ သို့သော်လဲ (၇၈) ရက်လောက်ဆိုရင်တော့ ပြောရင်တော့ အကြမ်းမျဉ်း (၂) လ ကျော်ကျော်လောက် လူတွေလည်း စိတ်ချမ်းသာသွားနိုင်တယ်၊ စိတ်တွေလည်း ပြေပျောက်သွားနိုင်တယ်လို့ ကျနော် ထင်ပါတယ်။ ပြောမယ်ဆိုရင်တော့ ယနေ့ ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်ကြောင့်တော့ ရွှေ့ဆိုင်းစရာ မရှိပါဘူး။ နယ်မြေလုံခြုံရေး အခြေအနေကလဲ သိပ်ထိခိုက်မယ့် အခြေအနေ မရှိပါဘူး။ ကျနော်တို့ကတော့ ပြောရင်တော့ ၂၀၁၀ တုန်းကလဲ ပြောမယ်ဆိုရင်တော့ (၅) မြို့နယ်ပါပဲ။ ဝ ဒေသမှာရှိတဲ့ (၅) မြို့နယ်ပဲ ရပ်ဆိုင်းလိုက်တာ ရှိပါတယ်။ ကျန်တဲ့နေရာတွေကတော့ မရပ်ဆိုင်းပါဘူး။ အခု ကျန်တဲ့နေရာတွေလည်း အတူတူပါပဲ။ ကျနော်တို့ကတော့ ဖြစ်နိုင်သမျှ - ဖြစ်နိုင်သမျှက ဘာလဲလို့ မေးရင် (၁) ကော်မတီအဖွဲ့ခွဲတွေ ရှိမယ်။ (၂) မဲစာရင်း ရမယ်။ (၃) ရွေးကောက်ပွဲ မဲရုံဖွင့်ပြီး ကျင်းပနိုင်တဲ့ ဒေသမျိုးဆိုရင်တော့ ကျင်းပပေးသွားမှာပါ။ ဒီနေရာမှာ ကျနော်တို့က ၂၀၁၀ နမူနာအတိုင်းပါပဲ။ မြို့နယ်တမြို့နယ်မှာ ကျေးရွာစု (၁၀၀) ရှိကြတယ် ဆိုကြပါစို့ (၂၀) က မကျင်းပနိုင်ဘူးဆိုရင် အဲဒီ (၂၀) ကို ချန်ထားပါမယ်။ ကျန်တဲ့ (၈၀) ကိုယူပြီးတော့ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်တွေ ရွေးပြီးတော့ ရွေးကောက်ပွဲ တင်မြှောက်သွားပါမယ်။ ဖြစ်မြောက်အောင် လုပ်ပေးသွားပါမယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလောလောဆယ် ကိုးကန့်ဒေသ၊ လောက်ကိုင်ဒေသမှာ စစ်အုပ်ချုပ်ရေး ထပ်ပြီးတော့ သက်တမ်းတိုးလိုက်တာ ကြားပါတယ်။ အဲဒီလိုမျိုး ဒေသတွေမှာကော ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်နိုင်ပါ့မလားရှင့်။

ဦးတင်အေး ။ ။ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါလဲပဲ ကျနော် Press Release လုပ်တဲ့အခါမှာလည်း ပြောခဲ့ဖူးပါတယ်။ ဟိုတုန်းက အချိန်တိုလို့ ကိုးကန့်ဒေသမှာ လောလောဆယ်အချိန်မှာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ နောက် အေးသွားရင်တော့ ဖြစ်ပါမယ်လို့ ကျနော် ဒီလိုပဲ ပြောလိုက်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်းမှာ ထိန်းသိမ်းလိုက်တဲ့အခါကြတော့ တော်တော် အေးအေးချမ်းချမ်း ဖြစ်သွားပါတယ်။ အေးချမ်းဖြစ်သွားတယ်ဆိုတာ ပြောမယ်ဆိုရင် တချိန်တုန်းက ကျနော့် ကော်မရှင်အဖွဲ့ခွဲရုံးတောင် လားရှိုးကို ပြောင်းသွားတယ့် အခြေအနေ ရှိပါတယ်။ အေးချမ်းလို့ အခု မဲစာရင်းတွေ ကောက်နေတာ ရှိပါတယ်။ အခုလဲပဲ သက်ဆိုင်ရာပါတီတွေက ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါလို့ ပြောတာကြောင့် သက်ဆိုင်ရာပါတီတွေလည်း ကျနော်က ရွေးကောက်ပွဲမှာ အရေးကြီးတာက မဲစာရင်းပါ။ မဲစာရင်းအားလုံး ပါဝင်ရေး၊ မဲစာရင်းပြုစုရေးမှာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြပါလို့ ဒီလိုပဲ ပြောလိုက်ပါတယ်။ မေးစရာတခုရှိနေတာပေါ့။ တခြားလူတွေလည်း မေးကြပါတယ်။ အခု စစ်အုပ်ချုပ်ရေး ကြေညာထားတာ၊ ရွေးကောက်ပွဲ ဖြစ်ပါ့မလားလို့ ပြောတော့ ကျနော်ကလည်း ရှင်းရှင်းလေးပဲ ပြောလိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း တပ်မတော်အစိုးရအောက်မှာ ကျင်းပခဲ့တာ မဟုတ်လား။ သိပ်မခဲယဉ်းပါဘူး။ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့သာ အဓိက ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာလည်း ကျင်းပလို့ ရပါတယ်ဆိုတာကို ဖြေလိုက်ပါတယ်။ ပြောမယ်ဆိုရင်တော့ ကိုးကန့်ဒေသက ရွေးကောက်ပွဲ ကျင်းပနိုင်မယ့် အခြေအနေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုနတုန်းက ဥက္ကဋ္ဌ ပြောသွားတဲ့အထဲမှာ မဲစာရင်း ပါသွားပါတယ်။ မဲပေးနိုင်တဲ့ လူစာရင်းပေါ့။ အဲဒီ မဲပေးနိုင်တဲ့ လူစာရင်းတွေ စစ်တဲ့အခါမှာ တော်တော်များများ ဝေဖန်သံတွေ ကြားရပါတယ်။ ဆုံးသွားတဲ့ လူတွေလည်း ပါနေတယ်။ မရှိတဲ့လူတွေလည်း ပါနေတယ်။ ရှိနေတဲ့ လူတွေလည်း မပါဘူးဆိုပြီး ဖြစ်သွားတယ်။ အဲဒီ မဲစာရင်း အခြေခံ ပြုစုတဲ့နေရာမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ စာရင်းဇယားကို အတည်ပြုယူတာလား။ ဘယ်လိုမျိုး ယူတာပါလဲ မသိပါဘူးရှင့်။

ဦးတင်အေး ။ ။ ကျနော်တို့ တိုင်းပြည်မှာက အခြေခံကောင်းတွေ အများကြီး ရှိပါတယ်။ စာရင်းဇယားတွေ၊ လုပ်ထုံလုပ်နည်းတွေ၊ ဥပဒေတွေ တော်တော် အခြေခံကောင်းတွေ ရှိပါတယ်။ သို့သော်လဲ ကျနော်တို့တွေက မလုပ်ကြမကိုင်ကြတာပဲ ရှိပါတယ်။ တခါတလေ လုပ်တော့လုပ်တယ် update မဖြစ်တာပေါ့။ Update မဖြစ်တာ ရှိပါတယ်။ ကျနော်တို့ကလည်း တကယ့်တကယ်တော့ ဥပဒေအညီ ဆောင်ရွက်ကြရတာပါ။ ကျနော်တို့ တိုင်းပြည်ရဲ့ မဲစာရင်းကို ဘယ်လို ကောက်သလဲလို့ ပြောတဲ့အခါကြတော့ ဥပဒေအရပဲ ကျနော် ပြောခြင်းဖြစ်ပါတယ်။ မဲစာရင်းကို ပြုစုရာမှာ ရွေးကောက်ပွဲကော်မရှင်မှာ ဘယ်လို ပြုစုသလဲဆိုတော့ မြို့နယ်ကို အခြေခံပြီးတော့ ရပ်ကွက်ကျေးရွာအုပ်စုက မဲစာရင်း ပြုစုပါတယ်။ ပြုစုတဲ့အခါမှာ ဘယ်လို ပြုစုသလဲဆိုတော့ အုပ်ချုပ်ရေးရုံးမှာရှိသော လူဦးရေးစာရင်း၊ ထွေးအုပ်စာရင်း ရှိပါတယ်။ - အိမ်ထောင်စုစာရင်း ဒါက လဝက စာရင်း၊ ပုံစံ (၁၀) လည်းခေါ်တယ်၊ ပုံစံ (၆) လည်း ခေါ်ပါတယ်။ ဒီပေါ်မှာ ကျနော်တို့ အခြေခံပြီးတော့ (၁၈) နှစ်ပြည့်သူ အားလုံးကို အဲဒီစာရင်းထဲမှာပါတဲ့ လူတွေကို ကူးပြီးတော့ ယူလိုက်ပါတယ်။ ယူပြီးတော့ ဥပဒေအရတော့ မဲစာရင်းကပ်မယ်ဆိုတာ တနိုင်ငံလုံး ကြေညာပြီးတော့ တနိုင်ငံလုံး ကပ်ရပါတယ်။ မဲစာရင်းကပ်တဲ့နေ့မှာ လုပ်သားပြည်သူ၊ မဲဆန္ဒရှင်တွေက ဘာလုပ်ရသလဲဆိုတော့ လာကြည့်ရပါတယ်။ မပါရင် ဖြည့်ရပါတယ်။ မှားရင် ပြင်ခံရပါတယ်။ မပါသင့်လူကို ပယ်ဖျက်ပါဆိုပြီး forms (၃) (၄) (၄(ဂ)) နဲ့ လုပ်ရပါတယ်။ အဲဒါ မဲစာရင်းကပ်တဲ့နေရာမှာလည်း ဘေးမှာ ပုံစံ (၂)။ မဲစာရင်းက ပုံစံ (၁) ပါ။ ပုံစံ (၂) မှာလည်း အတိအလင်း ရေးထားပါတယ်။ မဲစာရင်း ကြည့်ပြီးရင် အဲဒါ ယှဉ်ကပ်ရပါတယ်။ မဲစာရင်းကြည့်ပြီး မပါရင် ဖြည့်ပါ။ မပါသင့်သူ မပါရင် ပယ်ဖျက်ပါ (၄) နဲ့။ မှားနေရင် ၄(ဂ) နဲ့ ဖျက်ပါဆိုပြီး ကျနော်တို့ အတိအလင်း ကြေညာထားတာပါ။ အဲဒီတော့ အခုဖြစ်သွားတဲ့ မဲစာရင်းက ဘာလဲဆိုတော့ ဒါက အခြေခံ မဲစာရင်းပါ။ အခြေခံ မဲစာရင်းက ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ မှာလဲ မဲစာရင်း မမှန်တဲ့အတွက်ကြောင့် ပြဿနာတွေ ရှိတယ်။ ၂၀၁၂ မှာလည်း ကျနော် ရွေးကောက်ပွဲ ဘယ်နေ့ လုပ်မယ်ဆိုတာ ကြေညာကတည်းက footnote မှာ ကျနော် ရေးလိုက်ပါတယ်။ ပါတီများဟာ မိမိ မဲဆန္ဒရှင်များ မဲစာရင်းမှာပါရေး ပူးပေါင်းဆောင်ရွက်ကြပါလို့ ရေးခဲ့တယ်။ သို့သော်လဲ ရွေးကောက်ပွဲမှာ မဲစာရင်းမပါဘူးဆိုပြီး ပြဿနာတွေ အမျိုးမျိုး ရှာပါတယ်။ အဲဒီအတွက်ကြောင့် ၂၀၁၅ အတွက် သိပ်အရေးကြီးပါတယ်။ သိပ်အရေးကြီးတဲ့အတွက်ကြောင့် ဒီလို ပြဿနာ ရှာတာမျိုးတွေ အဖြစ်မခံချင်ပါဘူး။ ဒီပြဿနာက ကြီးထွားသွားရင် မကောင်းဘူး။ နောက်တချက်ကလဲ အုပ်ချုပ်ရေးရုံးကို ထာဝရ အားကိုးနေရတာ ကျနော် မလိုချင်တော့ဘူး။ ကော်မရှင်လက်ထဲမှာလဲ မဲစာရင်း ပိုင်ပိုင်နိုင်နိုင် ရှိနေဖို့ လိုတယ်ဆိုတဲ့အတွေးနဲ့ ကျနော် ဘာလုပ်လဲဆိုတော့ အခြေခံ မဲစာရင်း ကောက်မယ်ဆိုပြီး ရန်ကုန်အပါအဝင် ရန်ကုန်၊ ချင်း၊ ကချင် (၃) နေရာ Pilot project လုပ်လိုက်ပါတယ်။ လုပ်ပြီးတော့ အဲဒီ သုံးသပ်ပြီးနောက်ပိုင်းမှာ တနိုင်ငံလုံးကို call လိုက်ပါတယ်။ ကောက်ပြီးတော့မှ ၂၀၁၅ ထဲမှာ (၄) ကြိမ် ခွဲကပ်လိုက်ပါတယ်။ ပထမဦးဆုံးအကြိမ် ခွဲကပ်လိုက်ကတည်းက ပြဿနာက အဲဒီလိုပဲ မှားတယ်၊ မှားတယ် ဆိုတော့ အဲဒီအချိန်မှာ ကြည့်ပါတယ်။ ဘယ်လောက်ရာနှုန်း လာကြည့်သလဲဆိုတော့ လာကြည့်တာ (၃၃) ရာနှုန်း ရှိပါတယ်။ သို့သော်လဲ အဲဒီကနေ တဖြည်းဖြည်း ဖြစ်လာတဲ့အခါကြတော့ နောက်ဆုံးမှာတော့ (၅၀) ရာနှုန်းလောက် လာကြည့်ပါတယ်။ မှားတာတွေကို ကြည့်လိုက်တော့

အခုန ပြောသလိုပဲ တစ်ကတော့ စာလုံးပေါင်း မှားတာပေါ့။ ဆလိမ်နဲ့ ဆန်းရမှာ စလုံးနဲ့ စန်းတယ်။ နသတ်နဲ့ ဆန်းရမှာ၊ မသတ်နဲ့ ဆမ်းတယ် အစရှိသဖြင့် စာလုံးပေါင်း မှားတာတွေ ရှိပါတယ်။ နောက်တခါ ဘာမှားလဲဆိုတော့ ကျနော်တို့ ကွန်ပြူတာထဲ သွင်းတော့ နားကြားလွှဲတာပေါ့။ မောင်မောင်လို့ ပြောတာကို ရိုက်တဲ့လူက မောင်အောင် လို့ ကြားပြီး ရိုက်လိုက်တာ ရှိပါတယ်။ နောက်တခါ အထူးတော်တော်များများ မှားတာကတော့ မွေးနေ့ (မွေးသက္ကရာဇ်) က ဘာဖြစ်လဲဆိုတော့ ဥပမာ အိမ်ထောင်စုစာရင်းထဲမှာတော့ ခုနှစ်ပဲပါပြီး၊ ရက်လ မပါဘူး။ ကျနော်တို့ ကွန်ပြူတာမှာ ဒီဟာလဲ search လုပ်လို့ရတဲ့ အချက်တချက်ပါ။ မွေးလ၊ မွေးရက်၊ မွေးနှစ် ကို ရိုက်လိုက်ရင် နောင်ကျရင် ကွန်ပြူတာမှာ online မှာ ရှာလို့ရဖို့အတွက် ဒါလဲထည့်ဖို့ဆိုပြီး ကျနော်တို့က သက္ကရာဇ် မပါတဲ့အခါကြတော့ (၁၈) နှစ် ပြည့်ပြီးလူတွေဆို သိပ်ပြီးတော့ ရှည်ရှည်ဝေးဝေး မတွေးတော့ဘူး။ (၃၀) ရက် (၆) လ ဆိုပြီး ဒီလိုမျိုး ထည့်လိုက်ပါတယ်။ အဲဒီမှာ မွေးနေ့တွေ မှားတယ်ဆိုပြီး အများကြီး ပြောကြတာတွေ ရှိပါတယ်။ နောက်ဟာတွေကတော့ ဂဏန်းတွေ တစ်နဲ့ ရှစ်နဲ့ သုညနဲ့ တစ်နဲ့ မှားတာတွေ ရှိပါတယ်။ အဲဒါတွေ ဖြစ်ပြီးတော့ အများကြီးပဲ ဝေဖန်တာပေါ့။ အားလုံးပဲ သိပါတယ်။ (၃၀) ရာနှုန်းက မှားတယ်။ ကျနော်လည်း ပြောပါတယ်။ ကောင်းပါပြီ ဥပဒေက ကျနော်တို့က ပြုစုရမယ်၊ ကပ်ရမယ်။ ဥပဒေအရပဲ ခင်များတို့က ပူးပေါင်းဆောင်ရွက်မှ အမှန်ဖြစ်မယ်။ ပေးပါ (၃၀) ရာခိုင်နှုန်း မှားတယ်။ ဆိုတဲ့အခါကြတော့ သူတို့က data မပြနိုင်ဘူး။ Data မပြနိုင်တဲ့အခါကြတော့ အဲဒါဆို ကျနော် ပြောပါမယ်ဆိုပြီး နေပြည်တော်မှာ ပြီးသွားတဲ့အခါကြတော့ ပြောပြတယ်။ မဲဆန္ဒရှင် (၆) သိန်းရှိတယ်။ လာကြည့်တာ (၂) သိန်းကျော် လာကြည့်တယ်။ ပြင်ထားတာတွေ အားလုံးပေါင်းက (၁၃) ရာခိုင်နှုန်း ရှိတယ်။ အဲဒီလောက်လဲ မများပါဘူးလို့ လွှတ်တော်ကလည်း မေးတော့ လွှတ်တော်ကို data နဲ့ ပြောဖူးပါတယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ ဒါတော့ တနည်းအားဖြင့် ပြောရင်တော့ မဲစာရင်းမှားတယ်ဆိုပြီးတော့ ကျနော်ကို အပြစ်တင်တာပေါ့။ တကယ့်တကယ်တော့ ကျနော်က မှားတာကို အပြစ်မတင်ခံချင်လို့ မဟုတ်ပါဘူး။ ကျနော် rely လုပ်ရတဲ့ အဖွဲ့တွေကလည်း update မဖြစ်ရင်တော့ မှားမှာပဲ။ သို့သော်လဲပဲ ကျနော် မှားတာကို အမှန်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရင် မဲစာရင်းအမှန် ရသွားနိုင်ပါမယ်။ မဲစာရင်း အမှန် ကျနော်ဆီရောက်ရင် Main Server ထဲမှာ ထည့်မှာပါ။

အခု Main Server ထဲမှာ မဲဆန္ဒရှင်ပေါင်း (၃၁) သန်းကျော် (၃၂) သန်းနီးပါး ရှိပါတယ်။ အခုဆိုရင် ကလေးဘက်မှာ ရေကြီးသွားတဲ့အတွက်ကြောင့် မဲစာရင်းတွေ ပါသွားတယ်။ မှတ်ပုံတင်ပါသွားတယ်။ ကျနော်က မပူနဲ့ ကျနော့်လက်ထဲမှာ မဲစာရင်း ရှိတယ်ဆိုပြီး ဒီလိုမျိုးလည်း ပြောခဲ့တာ ရှိပါတယ်။ ပြန်ကောက်မယ်ဆိုရင်တော့ အပြစ်တင်တာတွေကတော့ တခုတော့ရှိတော့ အခွင့်ရေးရှိသလို၊ တာဝန်လည်း ရှိပါတယ်။ မဲပေးပိုင်ခွင့် အခွင့်အရေး ရချင်ရင်၊ မဲစာရင်းလာကြည့်ပြီးတော့ အမှန်ဖြစ်အောင်လုပ်ဖို့ လူထုမှာ တာဝန်ရှိတယ်။ အခွင့်အရေးပဲ ပြောပြီးတော့ တာဝန်မပါတဲ့အခါကြတော့ တော်တော်များများ ..ဖြစ်ပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ ဒါတွေ အားနည်းပါတယ်။ ကျနော်တို့က တလျှောက်လုံး ဆိုရှယ်လစ်စနစ်မှာလည်း ဒီလိုပဲ လုပ်လာတဲ့အခါကြတော့ နေရာတကာမှာ အစိုးရတာဝန်လို့ ထင်နေပါတယ်။ တကယ့်တကယ်တော့ ကျနော်နဲ့ လုပ်သားပြည်သူနဲ့ အခုနပြောသလို အခွင့်အရေးရှိသလို၊ တာဝန်လည်း ပူးပေါင်းဆောင်ရွက်လာရင်တော့ အဆင်ပြေသွားမှာပါ။ ပိုပြီးတော့ ဝမ်းနည်းဖို့ကောင်းတာက ကျနော်တို့ကလည်း ရိုးရိုးသားသား ဆိုတော့လဲ မတွေးမိပါဘူး။ သို့သော်လဲ တချို့ပါတီတွေက မဲစာရင်းအမှားတွေ ဖြစ်ပြီးတော့ မဲပေးခွင့်တွေ မရတော့ဘူး။ မဲပေးခွင့် မရတဲ့အတွက်ကြောင့် သူတို့ပါတီ ရှုံးသွားမယ်။ မဲစာရင်းနဲ့ ညစ်မယ်ဆိုတဲ့ပြောတာ ကျနော် အတော်စိတ်မကောင်း ဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျနော်က ဘယ်လိုပဲဖြစ်ဖြစ်လေ ပါတီတွေ၊ ပါတီမှာ CEC ပုဂ္ဂိုလ်မျိုးတွေကတော့ ဥပဒေတော့ သူနားလည်နေဖို့ လိုပါတယ်။ ဒါကြောင့် ကျနော်က ဥပဒေကို ပြောပြရပါတယ်။ မဲစာရင်းမှာ ပါဖို့လိုပါတယ်။ သတင်းစာထဲမှာ ထည့်ထားပါတယ်။ ဒီစာသားလည်း ကျနော်ကိုယ်တိုင် ရေးတာပါ။ သို့သော်လဲပဲ မဲစာရင်း မှားရုံနဲ့တော့ မဲပေးခွင့် မဆုံးရှုံးပါဘူး။ မှန်ကန်ကြောင်း တယောက်သောသူက အထောက်အထား၊ တယောက်သောသူဆိုတာ တခြားလူလည်း မဟုတ်ပါဘူး။ မဲရုံတရုံမှာဆိုရင် မဲရုံမှုးက ဝန်ထမ်ဖြစ်ရမယ် ဆိုတာကြောင့် တခြားနေရာက ဆရာ၊ ဆရာမ ဖြစ်ချင်ဖြစ်နိုင်တယ်။ ဒုတိယ မဲရုံမှုးက ဖြစ်နိုင်သမျှ ဝန်ထမ်းဖြစ်ပြီးတော့ ကျန်တာတော့ ဒေသခံတွေ ဖြစ်ရမယ် ဖြစ်တဲ့အတွက်ကြောင့် သူကလည်း ဖြစ်တော့ဖြစ်နိုင်တယ်။ အားလုံး မဲရုံတရုံမှာ ဆယ်ယောက်လောက် ရှိပါတယ်။ မဲစာရင်း စစ်ဆေးတဲ့လူ၊ မဲလက်မှတ်ထိုးပေးတဲ့လူ။ လုံခြုံရေးတို့ အစရှိသည့် ဒါတွေက ဆယ်ယောက်လောက် ရှိပါတယ်။ အဲဒါတွေက ဘာလဲဆိုတော့ အဲဒီ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုမှာရှိသော အဲဒီ မဲစာရင်းထဲမှာပါသောသူ ယုံကြည်စိတ်ချရသောသူကို ခန့်ထားတာ။ ဆိုလိုတာက အချင်းချင်း သိနေတဲ့လူ။ ဥပမာ ကျနော်က လာတယ်။ ဦးတင်အေးဆိုတာ မှားနေတယ်။ ဦးတင်အေး မဟုတ်ဘဲနဲ့ ကျန်တဲ့အချက်တွေ မှန်ပြီးတော့ အမည်မှားနေပြီး၊ ဒီလူကြီးက ဦးတင်အေးဆိုရင် ကျနော် ပြင်ပြီးတော့ မဲပေးခွင့် ရှိပါတယ်။ အဲဒါကြောင့် ကျနော် ဆိုလိုချင်တာက မဲစာရင်းတော့ပါဖို့ အရေးကြီးတယ်။ ပါဖို့လာကြည့်ရမယ်။ ပါအောင်လုပ်ရမယ်။ မဲစာရင်းမှားတာက ကျနော်တို့အတွက် ပြဿနာ မဟုတ်ပါဘူး။ မဲစာရင်းမှားတာက မှန်ကန်ကြောင်း တယောက်သောသူက အဲဒီမှာ ရပ်ကွက်နဲ့ ကော်မရှင်အဖွဲ့ခွဲကလည်း ရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့လည်း ရှိတယ်။ ပါတီတွေ ရွေးကောက်ခံ ပုဂ္ဂိုလ်တွေရဲ့ မဲရုံကိုယ်စားလှယ်တယောက် မဲရုံထဲမှာ ရှိပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကလည်း ပြောပြနိုင်တယ် .. သူက ဟုတ်ပါတယ်။ ဘယ်အိမ်မှာနေတာ ဆိုလို့ရှိရင် ကျနော်တို့က မဲရုံမှာ ပုံစံ (၁၂) ဆိုတာ ရှိပါတယ်။ ဦးတင်အေး ဟာ အဖေနာမည် ဦးမောင်မောင်အစား ဦးစံတင် ဟု ပြင်ဆင်ပြီး မဲပေးခွင့် ပြုလိုက်သည်ဆိုပြီး မှတ်တမ်းတော့ တင်ထားရပါတယ်။ ဒါက ဥပဒေပါ။ ကျနော်တို့ဘက်က ပြောရင်တော့ မဲစာရင်းနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးတော့ ပြောကြတာပေါ့။ အမျိုးမျိုး ပြောကြတဲ့အခါကြတော့ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ရင် နောက်ပိုင်းတော့ လုပ်သားပြည်သူများ တော်တော်လေးတော့ သဘောပေါက်လာပါတယ်။ ပူးပေါင်းဆောင်ရွက်လာတဲ့အတွက်ကြောင့် ကျနော်မှာ မဲစာရင်း အတော်မှန်မှန် ရှိပါပြီ။

နောက် မကြာမီကပ်မယ့် final မဲစာရင်းမှာ ပူးပေါင်းဆောင်ရွက်လာရင်တော့ Main Server ကြီးထဲမှာ မဲစာရင်းအမှန်တွေ ရောက်သွားပြီ။ ရောက်လို့ရှိရင်တော့ ရွေးကောက်ပွဲပြီးရင် Online က ကြည့်နိုင်အောင် လုပ်ပါမယ်။ ဒီလုပ်ငန်းကို ခဏရပ်ထားပါတယ်။ မဲစာရင်း မှန်ကန်အောင်ရဖို့ပဲ လုပ်ထားတယ်။ ပြီးရင် Online က ကြည့်ဖို့၊ ဟိုတုန်းကတော့ ရန်ကုန်မှာ စမ်းခဲ့ပါတယ်။ ရန်ကုန်မှာလည်း ကြည့်လို့ရတဲ့ အခြေအနေ ရှိပါတယ်။ နောက်ပိုင်းကြရင် Online ကနေ ကြည့်ပါမယ်။ အဆင် check လုပ်နိုင်ဖို့ လုပ်ရတယ်။ ဥပမာ ကျနော် နေပြည်တော်ကနေ ရန်ကုန် ပြောင်းသွားရင်၊ ကျနော် မဲစာရင်း ပြောင်းရမယ်။ အဲဒါကို ကျနော်နာမည် search ရိုက်ပြီးတော့ ရှာလိုက်လို့ရှိရင် ရန်ကုန်ပြောင်းလား၊ မပြောင်းဘူးလား သိမယ်။ မပြောင်းသေးရင် တောင်းဆိုရမယ်။ ကျနော် ရန်ကုန်ပြောင်းပြီ။ နောက် ကြားဖြတ်ရွေးကောက်ပွဲလုပ်လုပ်၊ ဘာလုပ်လုပ် မဲစာရင်း အမှန်ဖြစ်နေပြီ။ နောင် ကျနော် အုပ်ချုပ်ရေးရုံးလည်း သွားအကူအညီ မလိုတော့ဘူး။ ဒီဟာတွေအတွက် ရည်ရွယ်ပြီးတော့ ကျနော် လုပ်လိုက်တဲ့ အခြေခံ မဲစာရင်းပါ။ လုပ်သားပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရင် ကျနော် မဲစာရင်းတွေ မှန်ပြီဆိုရင်တော့ နောင်တော့ ဒီပြဿနာတွေ ရှိရင်တောင် မရှိနိုင်တော့ဘူး။ နောင် ဒီလိုလဲ ကောက်မှာ မဟုတ်ပါဘူး။ မဲစာရင်းကို Main Server ထဲက ထုတ်ပြီးတော့ ကပ်ပေးလိုက်ပါမယ်။ မှားရင် ပြင်၊ ဒီလိုပဲ ဖြစ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် အခုကတော့ အခြေခံမဲစာရင်းမှန်အောင် ရည်ရွယ်ချက်သည် နောင်ကပ်မယ့် မဲစာရင်းမှန်အောင် အဲဒီရည်ရွယ်ချက်သည် မဲပေးတဲ့နေ့မှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် လုပ်တာပါ။ အရင်းအနှီးတော့ တော်တော်ပေးလိုက်ရပါတယ်။