ကွဲလွဲချက်တွေမှ အဖြေရှာနိုင်မယ့် ငြိမ်းချမ်းရေးညီလာခံ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နေပြည်တော်မှာ (၅) ရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း အစုအဖွဲ့အလိုက် ကာကွယ်ရေး နဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးတဲ့အခါ တခုတည်းသော တပ်မတော်ရှိရေးဆိုတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ သဘောကွဲလွဲချက်တွေ ရှိခဲ့ပါတယ်။ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ ABSEF - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကတော့ ကွဲလွဲချက်တွေကို ဆွေးနွေးခွင့်ရှိလာတာက အဖြေရှာနိုင်မယ့် အဆင့်တခုဖြစ်တယ်လို့ မြင်ပါတယ်။ ဆလိုင်းယောအောင် ကို ဦးသိန်းထိုက်ဦး က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ နေပြည်တော်မှာ (၅) ရက်ကြာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ နဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ တတ်သိပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ သက်ဆိုင်ရာ အစုအဖွဲ့တွေအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒတွေကို သီးခြားစီ ဆွေးနွေးခဲ့ကြပါတယ်။ ညီလာခံဖွင့်ပွဲနေ့ အခမ်းအနားမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့ စစ်လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ နိုင်ငံအသီးသီးမှာ ကာကွယ်ရေးအတွက် တပ်မတော်တရပ်ပဲရှိပြီး၊ နိုင်ငံကာကွယ်ရေးတာဝန် ထမ်းဆောင်ချင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တာဝန်ပါဝင်ထမ်းဆောင်နိုင်ဖို့ တပ်မတော်က ဖိတ်ခေါ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ တချို့တိုင်းရင်းသားခေါင်းဆောင်တွေကတော့ တပ်မတော် ဖွဲ့စည်းရေးဟာ နိုင်ငံရေးစနစ်ကို ဖွဲ့စည်းဖို့လိုအပ်ပြီး၊ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်ကို ဆွေးနွေးပြီးမှသာ ကာကွယ်ရေးစနစ်ကို ဆောင်ရွက်နိုင်မယ်ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုကြပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ပြည်ထောင်စု တပ်မတော်ဆိုတာနဲ့ အစိုးရဘက်ကပြောနေတဲ့ တခုတည်းသော တပ်မတော်ဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ တူညီပါရဲ့လား။ ABSDF - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် ကို နေပြည်တော်မှာ ညီလာခံတက်ရောက်နေတဲ့အချိန် ကျနော် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ပထမဆုံး ညီလာခံအတွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်လို့ ဆလိုင်းယောအောင် က အခုလို ပြောပြပါတယ်။

ဆလိုင်းယောအောင် ။ ။ ကျနော်တို့ ဒီနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးမှာ အကြောင်းအရာ (၅) ခု အဓိကထားပြီး ဆွေးနွေးကြတယ်။ နံပတ် (၁) က နိုင်ငံရေးပါ။ (၂) ကာကွယ်ရေးနဲ့ လုံခြုံရေးဖြစ်တယ်။ (၃) စီးပွားရေး (၄) လူမှုရေး (၅) မြေယာနဲ့ သဘာဝသယံဇာတပစ္စည်း ခွဲဝေသုံးစွဲရေးတို့ ဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်မှာ ကျနော်တို့ သိရသလောက်ဆိုရင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဘက်က လက်ရှိ တပ်မတော်အောက်မှာပဲ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဝင်ပြီးတော့ တာဝန်ထမ်းတာမျိုး လိုချင်တယ်လို့ ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ သဘောထားကွဲလွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ထွက်နေတော့ ဒီအပေါ်မှာ ဘယ်လိုဆွေးနွေးမှုတွေ ရှိပါလဲ။

ဆလိုင်းယောအောင် ။ ။ အဓိက ကာကွယ်ရေး နဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးတဲ့ အစုအဖွဲ့ထဲမှာ အစုအဖွဲ့ (၇) ဖွဲ့ - အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ စစ်တပ်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့ နဲ့ တိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့ အစုအဖွဲ့ (၇) ဖွဲ့ ပါပါတယ်။ အဲဒီအထဲမှာ ကျနော်တို့ စစ်တပ်အစုအဖွဲ့က အဓိကကတော့ ရှေ့မှာ အနာဂတ်တိုင်းပြည် ငြိမ်းချမ်းဖို့ဆိုရင်တော့ တပ်မတော်တခုတည်း ဖြစ်ရမယ်ဆိုတဲ့ အကြောင်းအရာပေါ်မှာ အဓိက ဦးတည်ပြီး ဆွေးနွေးပါတယ်။ နောက်တခုက ရှေ့လာမယ် အနာဂတ်တပ်မတော်မှာ တိုင်းရင်းသားတွေ ပါဝင်ရေး အစီအစဉ်ကို လက်ခံပါတယ်။ သို့သော်လဲ တဦးတယောက်ချင်း ပါဝင်တာကို လက်ခံတယ်။ သို့သော် အစုအဖွဲ့နဲ့ ပါဝင်တာကို လက်မခံဘူး။ လက်မခံဘူးဆိုတာက တစုံတရာ နိုင်ငံရေးကိစ္စတွေ အခက်အခဲ ရှိလာတဲ့အခါကြရင် အရင်လိုပဲ အစုအဖွဲ့အလိုက် ပြန်ပြီးတော့ လက်နက်ကိုင် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်တဲ့သဘော တွေ့ပါတယ်။ ကျနော်တို့ အစုအဖွဲ့ကလဲ အဲဒါကို ဆန့်ကျင်ပါတယ်။ ဆန့်ကျင်ပေမယ့်လဲ ကျနော်တို့က တိုင်းပြည်တခုမှာ လက်နက်ကိုင်တပ်မတော် တခုတည်း ရှိရမယ်ဆိုတာကို မူအားဖြင့် သဘောတူပါတယ်။ သို့သော်လဲ အစုအဖွဲ့တွေကို ဘယ်လို စုဖွဲ့ကြမယ်ဆိုတဲ့ နေရာမှာတော့ သူ့အမြင်ကိုယ့်အမြင် မတူကွဲပြားမှုတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီဟာတွေကို ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ လက်ခံထားတာ တခုကတော့ ဒီကိစ္စတွေက ဒီလို လေးငါးရက် ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကြီးမှာ ဆွေးနွေးပြီးတော့ အဖြေရှာလို့ မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်တို့ တိုင်းပြည်မှာ လက်နက်ကိုင် တော်လှန်ရေး ဖြစ်ခဲ့တာ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ခဲ့တယ်ဖြစ်တယ်။ ဖြစ်တဲ့အခါမှာလဲ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှုက အခြေခံပြီးဖြစ်သော ကျနော်တို့တိုင်းပြည်က အခုဆိုရင် နှစ်ပေါင်း (၆၇) နှစ်ရှိပြီ။ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တာ။ အဲဒီဟာတွေကို ဒီနေ့ (၅) ရက်တာနဲ့ ဖြေရှင်းလို့ မရနိုင်ပါဘူး။ နောက်တခုက သုံးလေးလ တစ်နှစ်နဲ့ ဖြေရှင်းလို့ မရဘူး။ ဒါကို အချိန်ယူပြီးတော့ နှစ်ဦးနှစ်ဖက် သတ်မှတ်ပြီး၊ အားလုံးပါဝင်ပြီးတော့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှသာ ကျနော်တို့ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ဒါတွေကို စိတ်ရှည်ဖို့ လိုပါတယ်။ သည်းခံဖို့ လိုပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ကိုဆလိုင်းယောအောင်တို့ ပြောသလို (၅) ရက်အတွင်းမှာ ဒီလို အရေးကြီးတဲ့ကိစ္စကို အဖြေရှာလို့ (၅) ရက်အတွင်းမှာ မရနိုင်ဘူးဆိုရင်တောင်မှ ကျနော်တို့ သတိထားမိသလောက်၊ အပြင်က လေ့လာကြည့်မိသလောက်ဆိုရင် တခုတည်းသော တပ်မတော် ထားရှိရေး ဒီရည်မှန်းချက်နဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးဆိုတဲ့ ရည်မှန်းချက်တွေကြားမှာ ကွဲလွဲချက် ရှိနေတယ်လို့ ကျနော်တို့ နားလည်ပါတယ်။ အဲဒီတော့ ဒီနှစ်ခုကြားမှာ အဓိက ကွဲလွဲချက်တွေကို ဘယ်လို သုံးသပ်မိပါလဲ။

ဆလိုင်းယောအောင် ။ ။ ကျနော့်အမြင်အရ ပြောမယ်ဆိုရင် ဒီနေ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဖြစ်ခဲ့တဲ့ ကိစ္စကတော့ တပိုင်းပေါ့။ ဟိုအရင်က နှစ်ဦးနှစ်ဘက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ကြတယ်။ စကားပြောနိုင်တဲ့ အခွင့်အရေး မရှိခဲ့ကြဘူး။ ဒီနေ့တော့ ခန်းမတခုတည်းမှာပဲ မတူတဲ့အမြင် ရှိတဲ့သူတွေ စုစည်းနိုင်ပြီးတော့ ကိုယ့်ရဲ့ မတူတဲ့အမြင်တွေကို တင်ပြနိုင်တယ်။ မတူတဲ့အမြင်တွေကို နားထောင်ခွင့်ရခဲ့တယ်။ အဲဒီအတွက်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ရှေ့အနာဂတ် တည်ဆောက်တဲ့အခါမှာတော့ ဒါတွေက ကျနော်တို့အတွက် အသုံးဝင်တာပေါ့။ နောက်တခုက နှစ်ဦးနှစ်ဖက်အားလုံး စိတ်ရှည်သည်းခံပြီး နားထောင်ခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် အပြုသဘောဆောင်တယ်လို့ပဲ မြင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အခုန ကျနော်မေးတဲ့ မေးခွန်းကို ပြန်ကောက်ရလို့ရှိရင် တခုတည်းသော တပ်မတော် ထားရှိရေးနဲ့ ပြည်ထောင်စုတပ်မတော်ကြားမှာ ကွဲလွဲချက်တွေ ရှိနေပါတယ်။ အဲဒီတော့ အဓိက ကွဲလွဲချက်တွေက ဘာကြောင့်လို့ သုံးသပ်မိပါလဲ။ နောက်ပြီးတော့ ဒီကွဲလွဲချက်တွေက ဘယ်လောက်အထိ ကြီးထွားသွားနိုင်ပါသလဲ။

ဆလိုင်းယောအောင် ။ ။ ကျနော်ထင်တယ်။ ဒီဟာက ကျနော်တို့ကြားထဲမှာ ကြီးကြီးမားမား ပြဿနာတခုတော့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုက နှစ်ဦးနှစ်ဖက် ဆွေးနွေးလို့ ရနေပြီဆိုတော့၊ မျက်နှာချင်းဆိုင် စားပွဲမှာ အတူတူထိုင်ပြီး ဆွေးနွေးလို့ရပြီဆိုတော့ ဒါတွေကို တဖြည်းဖြည်းညှိနှိုင်းသွားရင်တော့ အဖြေတခုကို ရနိုင်လိမ့်မယ်လို့ မြင်ပါတယ်။ ဒါက တချက်ပါ။ နောက်တခုက ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော့်အမြင် ပြောမယ်ဆိုရင်တော့ စုဖွဲ့မှုသဏ္ဍာန် အမြင်ကွဲလွဲမှု ရှိပါတယ်။ တပ်မတော်တခုတည်းဆိုတာကို တဘက်က မူအားဖြင့် သဘောတူပါတယ်။ လက်ခံပါတယ်။ သို့သော် စုဖွဲ့မှု ပုံသဏ္ဍာန်မှာတော့ ဘယ်လို စုဖွဲ့ကြမလဲပေါ်မှာ မူတည်ပါတယ်။ အဲဒီမှာ ကျနော်တို့အမြင်လေးတွေနဲ့ တဘက်စစ်ဘက်က အမြင်မတူတာတွေ ရှိပါတယ်။ ဒါတွေက အချိန်ယူပြီး ညှိမယ်ဆိုရင်တော့ အဖြေတခုကို ရနိုင်မယ်လို့ ကျနော်ထင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ စုဖွဲ့မှုပုံစံ၊ လုပ်ထုံးလုပ်နည်း ကွဲလွဲမှုတွေ ရှိတာကို မြန်မာ့တပ်မတော်ဘက်က အလျှော့ပေး ညှိနှိုင်းတယ်လို့ မြင်မိပါလား။

ဆလိုင်းယောအောင် ။ ။ ပြဿနာတခုကို ကျနော်တို့က အခုတွေ့ အခုအဖြေရှာဆိုတဲ့ အခြေအနေမျိုးကတော့ ဘယ်တိုင်းပြည်မှာမှ ဖြစ်ခဲ့တာမျိုး မရှိပါဘူး။ ဒီလိုမျိုး ကျနော်တို့ တိုင်းပြည်အခြေအနေဆိုရင်လဲ ဒါကို အချိန်ယူပြီးတော့ ဆွေးနွေးရမယ်၊ ဖြေရှင်းရမယ်လို့ ထင်ပါတယ်။ အဲဒီလို ညှိနှိုင်းပြီးတော့ ဖြေရှင်းမယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ အဖြေတခုကို ရနိုင်မယ်လို့ ကျနော် မြင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ကိုဆလိုင်းယောအောင်တို့ ဒီညီလာခံ မစခင်မှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီး မစခင်လေးမှပဲ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ကြေညာချက် ထုတ်တာမျိုးတွေလဲ ကျနော်တို့ တွေ့ပါတယ်။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးအရ နိုင်ငံရေးမူဘောင်တွေကို စတင်ဆွေးနွေးတဲ့အခါမှာ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေရဲ့ အခြေအနေတွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ ဆိုတာမျိုးပါ။ တကယ်လဲ ဒီငြိမ်းချမ်းရေး ညီလာခံ ကျင်းပနေတဲ့အချိန်မှာ တချို့ဒေသတွေမှာ ထိတွေ့မှုတွေ၊ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတဲ့ သတင်းမျိုးတွေ ကျနော်တို့ ကြားပါတယ်။ အဲဒီတော့ ဒီကိစ္စတွေကို ညီလာခံအတွင်းမှာ ဆွေးနွေးပြောဆိုတာတွေ ရှိပါလား။

ဆလိုင်းယောအောင် ။ ။ ရှိပါတယ်။ ဆွေးနွေးတာတွေ ရှိပါတယ်။ ညီလာခံအတွင်းမှာ ကိုသိန်းထိုက်ဦးပြောတဲ့ ကိစ္စ ဆွေးနွေးပြောဆိုတာ ရှိပါတယ်။ တဘက်မှာ ငြိမ်းချမ်းရေးညီလာခံ ကျင်းပနေတယ်။ တဘက်မှာ တိုက်ပွဲတွေ ဖြစ်တဲ့အခါကြတော့ ဒီငြိမ်းချမ်းရေး ညီလာခံကြီးက အဓိပ္ပါယ် ရှိပါ့မလားဆိုတာ ကျနော်တို့ ဆွေးနွေးမှုတွေ ရှိပါတယ်။ နောက်ပြီးတော့ ဒီကိစ္စတွေကိုလဲ ညီလာခံထဲမှာ တိုက်ပွဲတွေ လျှော့ချဖို့ကိစ္စတွေ၊ နောက်တခုက တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးကိစ္စကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ။ ပြန်ဝင်လာရေးဘက်ကို ကျနော်တို့ နည်းလမ်းရှာပြီးတော့ အဖွဲ့တွေကို ဆွေးနွေးသွားကြဖို့ဆိုတဲ့ ဆွေးနွေးမှုတွေ ရှိပါတယ်။ ဒါက တချက်ပါ။ နောက်တခုကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်ပြီး ဆန့်ကျင်ပြောဆိုမှု အသံတွေလည်း ကျနော်တို့ ကြားရပါတယ်။ ဒီအပေါ် သူတို့အမြင်ကို လွတ်လွတ်လပ်လပ်နဲ့ ထောက်ပြပြောဆိုတာကို ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ နောက်တခုက ဘာပဲဖြစ်ဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို လုပ်တယ်ဆိုပေမယ့်လဲ လက်နက်ကိုင်အင်အားစုတွေအားလုံး မပါသေးဘူး ဖြစ်ပါတယ်။ ဒီအတွက်လဲ အားလုံးပါဝင်နိုင်ရေးအတွက်ကို ကျနော်တို့ လက်နက်ကိုင် တိုင်းရင်းသားအင်အားစု အဖွဲ့တွေနဲ့ ဆွေးနွေးသွားမယ်။ အစိုးရဘက်ကလဲ ဆက်ပြီးတော့ တံခါးဖွင့်ထားတယ်။ ဆက်ပြီးကြိုးစားသွားမယ်ဆိုတဲ့ အသံတွေကို ကြားရပါတယ်။ အဲဒီအတွက် တစုံတရာ ကျေနပ်မိပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ အခု ဒီငြိမ်းချမ်းရေး ညီလာခံမှာ အပစ်အခတ် ရပ်စဲရေးကို လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ကျန်ပါသေးတယ်။ ဒီအဖွဲ့တွေ တိုင်းရင်းသားခေါင်းဆောင်တွေ မတက်သေးတာကလဲ ညီလာခံ အထမြောက်အောင်မြင်ရေးကို အဓိက ထိခိုက်စေတယ်ဆိုပြီးတော့ သုံးသပ်ကြတာမျိုးတွေ ရှိပါတယ်။ အဲဒီတော့ ဒီညီလာခံမှာ ကိုဆလိုင်းယောအောင် သုံးသပ်မိသလောက် နိုင်ငံရေးမူဘောင်၊ ငြိမ်းချမ်းရေးအတွက် အခြေခံမူတွေချဖို့အတွက် အခွင့်အခါကောင်းတခု ရပါရဲ့လား။ ချမှတ်နိုင်မယ်လို့ ယုံကြည်ပါလား။

ဆလိုင်းယောအောင် ။ ။ ယုံကြည်ပါသလားဆိုတာတော့ အဲဒါ ပြောဖို့တော့ခက်ပါတယ်။ ကျနော့်အမြင်အရ ပြောမယ်ဆိုရင်တော့ ဒီညီလာခံကြီးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးစုစုစည်းစည်းနဲ့ တက်ရောက်နိုင်ရင်တော့ ကျနော်တို့ တိုင်းပြည်အတွက် တကယ်ကို အဖြေရှာနိုင်တဲ့ နေရာတခုလို့ ပြောရမှာ ဖြစ်ပါတယ်။ သို့သော်လဲ အားလုံးမပါနိုင်ပေမယ့် တစုံတရာပါတဲ့အခါကြတော့ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေဆီက ဘာကြောင့် သူတို့ မပါတာလဲ။ မပါလာနိုင်သလဲဆိုတာ ကျနော်တို့အနေနဲ့ တင်ပြခွင့်ရခဲ့တယ်။ တင်ပြခဲ့တယ်ဆိုတာကလဲ ရှေ့လျှောက်မှာလဲ ဒီအင်အားစုတွေ အားလုံးပါမှ တကယ် စစ်မှန်တဲ့ ရေရှည်တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ လက်မှတ်ထိုးထားတဲ့ ရှစ်ဖွဲ့နဲ့လည်း တိုင်းပြည်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးပါဝင်မှပဲ တိုင်းပြည်ရဲ့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ ဒီနေရာမှာ နောင်တက်လာမယ့် အခု ရွေးကောက်ပွဲအရ အနိုင်ရတဲ့ အစိုးရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့အစည်းနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်မှု သူ့ရဲ့ အခန်းကဏ္ဍ၊ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုမယ်လို့ ကျနော် ထင်ပါတယ်။ တချို့ ဝေဖန်တာက အခု ငြိမ်းချမ်းရေးညီလာခံကနေ နိုင်ငံရေးမူဘောင်တွေ ချမှတ်တယ်ဆိုပေမယ့် ကွဲလွဲချက်တွေ ရှိလာခဲ့လို့ရှိရင် နောင်တက်လာမယ့် အစိုးရအတွက် အကြပ်အတည်း ဖြစ်တာမျိုး ဝေဖန်ကြတာမျိုးပါ။ ကိုဆလိုင်းယောအောင်အနေနဲ့ ဒီလို သုံးသပ်မိပါသလား။ အကြပ်အတည်း ဖြစ်လာမလား။

ဆလိုင်းယောအောင် ။ ။ အခုလက်ရှိ အခြေအနေအရ ကျနော်တို့က တိုင်းပြည်မှာ ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ် ရှေ့အစိုးရ လုပ်ခဲ့တဲ့ ကိစ္စတွေကို နောက်တက်လာမယ့် အစိုးရတွေကတော့ အကောင်အထည်ဖော်ရတယ့် အလေ့အထ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့တိုင်းပြည်မှာ ဦးသိန်းစိန်အစိုးရက ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကို နောင်တက်လာမယ့် NLD ဦးဆောင်တဲ့ အစိုးရက ဖြေရှင်းသွားမယ့် အနေအထား ရှိပါတယ်။ နောက်တချက်ကတော့ ကျနော်တို့ NLD ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တိုင်းပြည်ငြိမ်းချမ်းရေးကိစ္စတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်ဆိုတာကို ကြေညာစာတမ်းမှာ ဖော်ပြထားမှုကို တွေ့ရပါတယ်။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ပြီးတော့ အဖွင့်အမှာစကား ပြောကြားခဲ့တာ ဖြစ်တယ်။ သူကိုယ်တိုင်က ဒီကိစ္စတွေကို ဆက်ပြီးဆောင်ရွက်သွားမယ်ဆိုတာကို ပြောကြားထားတာ ရှိပါတယ်။ ဆိုတဲ့အခါကြတော့ ရှေ့တက်လာမယ့် အစိုးရကလဲ ကျနော်ထင်တယ် တချို့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာတော့ အစိုးရတွေရဲ့ သဘောသဘာဝတွေအရ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ သို့သော်လဲ ဒီနေ့ ဆွေးနွေးမှုတွေတခုလုံးကို ထိခိုက်စေတဲ့ အခြေအနေမျိုးတော့ မရှိနိုင်ဘူးလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက်ခဲ့တဲ့ ABSEF - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင် ကို ကျနော် ဆက်သွယ်မေးမြန်းခဲ့တာပါ။