တရားနည်းလမ်းမကျတဲ့ လုပ်ပိုင်ခွင့်ဥပဒေ

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်ကနေ ရုတ်သိမ်းဖို့ ပြည်သူတွေဘက်က တင်ပြနိုင်တယ်ဆိုပေမယ့် လုပ်ပိုင်ခွင့်အာဏာက ရွေးကောက်ပွဲကော်မရှင်မှာ ရှိနေတာ သဘာဝ မကျဘူးလို့ တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီက ပြောလိုက်ပါတယ်။ NLD ပါတီရဲ့ ဥပဒေအကြံပေး တယောက်လည်းဖြစ်တဲ့ ဦးကိုနီက လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်ရုတ်သိမ်းပေးဖို့ မဲဆန္ဒနယ်ထဲက ပြည်သူ တစ်ရာခိုင်နှုန်း ရဲ့ သဘောနဲ့ လျှောက်ထားနိုင်တဲ့ ကိစ္စကို လက်မခံနိုင်တဲ့အတွက် အတည်မပြုသင့်သေးဘူးလို့ VOA နဲ့မေးမြန်းခန်းမှာ ပြောပါတယ်၊ ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ (၂၀) ရက်နေ့တုန်းက ဆွေးနွေးဖို့ ဆိုင်းငံ့ခဲ့တဲ့ Right to Recall ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ရှေ့နေကြီး ဦးကိုနီကို ဒေါ်ခင်စိုးဝင်းက တေ့ွဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဦးကိုနီ ။ ။ မင်္ဂလာပါခင်မျာ။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်တွေ၊ အမျိုးသားလွှတ်တော်တွေမှာ ဖြစ်နေတဲ့ အငြင်းပွားစရာ ကိစ္စလေးတခု။ အဲဒါကတော့ Right to Recall လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်မှ ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း။ အဲဒီတော့ Right to Recall ဥပဒေကြမ်းက အရင်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါပြီးသာပါ။ အဲဒီတော့ အဲဒီအထဲမှာပါတဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ သတင်းစာထဲမှာပါတဲ့အရဆိုရင် ပုဒ်မ ၃၈(ခ) မှာ တခါပါတယ်။ နောက် ပုဒ်မ ၃၆၉(ခ)၊ ပုဒ်မ ၃၉၆(က) အစရှိသဖြင့်။ နောက် ပုဒ်မ ၃၉၇ စတဲ့ အဲဒီမှာတဲ့ အကြောင်းအရာလေးတွေကို ကျမတို့ရဲ့ သောတရှင်တွေ၊ ကြည့်ရှုနေတဲ့ ပရိသတ် သိရအောင် နည်းနည်းလေး ရှင်းပြပေးပါလားရှင့်။

ဦးကိုနီ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ရှေ့ပိုင်း အခန်း (၁) အခြေခံမူမှာလည်း နိုင်ငံသားတွေအနေနဲ့ မိမိတို့ တိုင်းပြည်ကို စီမံအုပ်ချုပ်မယ့် မည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို အရွေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေး။ ကိုယ်ကိုယ်တိုင်လည်း အရွေးခံနိုင်တယ်။ မဟုတ်လို့ အရွေးမခံချင်လဲ ကိုယ့်ကိုယ် အုပ်ချုပ်မယ့်လူကို ရွေးနိုင်တဲ့ အခွင့်အရေးကိုပေးထားတယ်။ ပြီးရင် တချိန်တည်းမှာလဲ မကြိုက်ရင်လဲ ပြန်ပြီးတော့ ရုတ်သိမ်းနိုင်တယ်ဆိုတဲ့ အခွင့်အရေးကို အခြေခံမူမှာ ရေးထားတယ်။ အခြေခံမူမှာ ဒီလောက်ပဲ ပါပါတယ်။ များများစားစား မရေးဘူး။ ဒါပေမဲ့ အသေးစိတ်ကြတော့ ကျနော်တို့ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ ကြတော့ သူက နည်းနည်းလေး အသေးစိတ်ပါတယ်။ အဲဒီမှာတော့ တိတိကျကျလေးပေါ့။ နိုင်ငံသားတွေအနေနဲ့ မိမိတို့ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ပြီးတော့ တာဝန်ကနေ ရုတ်သိမ်းချင်ရင် ရုတ်သိမ်းနိုင်ခွင့် ရှိတယ်ဆိုပြီးတော့ အချက်လေးချက် ပြဌာန်းပေးထားတယ်။ တကယ်လို့ ပြည်သူ့လွှတ်တော်အမတ် တယောက်က နိုင်ငံတော်အပေါ်မှာ သစ္စာဖောက်ပျက်တဲ့ လုပ်ရပ်မျိုးကို လုပ်တယ်ဆိုရင်လည်းကောင်း။ သို့မဟုတ် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရင်သော်လည်းကောင်း။ သို့မဟုတ်ရင် လွှတ်တော်အမတ် ဖြစ်ပြီးတဲ့နောက်မှာ အကျင့်စာရိတ္တ ပျက်ယွင်းတာမျိုး ဖြစ်လာရင်သော်လည်းကောင်း။ ဒီလိုမှ မဟုတ်ရင်လဲ ရွေးကောက်တင်မြှောက် ခံရပြီးနောက်ပိုင်းမှ လွှတ်တော်အမတ် ဖြစ်နိုင်တဲ့ အရည်အချင်း ချိုးယွင်းသွားတာမျိုး။ သဘောကတော့ ကျနော်တို့ နည်းနည်းရူးတာတို့၊ ဒေဝါလီ ခံသွားတာတို့ ဒီလိုမျိုးပေါ့။ အဲဒီလို အကြောင်းတခုခု ပေါ်ပေါက်လာလို့ရှိရင် သူကို တင်မြှောက်လိုက်တဲ့ ပြည်သူတွေကနေ သူကို Recall တာဝန်ကနေ ပြန်ရုတ်သိမ်းနိုင်တယ်လို့ ပြောထားတယ်။ ပြောထားပြီးမှ သူက လုပ်ထုံလုပ်နည်းကို ဖွဲ့စည်းပုံဆိုတော့ အရှည်ရေးလို့ မရတဲ့အခါ၊ အတိုရေးလိုက်တယ်။ သူက ဘာရေးတုန်းဆိုတော့ ပြန်ရုတ်သိမ်းချင်ရင် သူကို ရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တောင်းဆိုရမယ်။ လျှောက်လွှာတင် လက်မှတ်ထိုး တစ်ရာခိုင်နှုန်းကပေါ့။ အဲဒီလိုတင်ရင် အဲဒါကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်မယ်။ ပြီးရင် စုံစမ်းစစ်ဆေးမယ်။ အဲဒီလို စုံစမ်းစစ်ဆေးတဲ့အခါမှာ အခုန အမတ်ကိုလည်း ထုချေခွင့် ပေးရမယ်။ အဲဒီတော့ သူက ၃၆၉ (က) (ခ) (ဂ) (ဃ) ထုချေခွင့် ပေးတယ်။ (င) ကြတော့ ဘာပြောသလဲဆိုတော့ တကယ်လို့ ကော်မရှင်က ဒီလို တာဝန်က ပြန်ရုတ်သိမ်းပေးဖို့ လျှောက်ထားတဲ့ကိစ္စဟာ အကြောင်းယုတ်တိ ခိုင်လုံတယ်။ အရေးယူသင့်တယ်လို့ ထင်ရင်၊ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမည်ဆိုတဲ့ စကားလေး။ ပြီးတော့ အောက်မှာ ၃၉၇ ကြတော့ အဲဒီလို တာဝန်ကနေ ပြန်ရုတ်သိမ်းဖို့အတွက် လိုအပ်တဲ့ ဥပဒေကို ပြဌာန်းရမည်လို့ ပြောထားတယ်။ ဒါက ဖွဲ့စည်းပုံမှာ ဒီလောက်ပဲပါတယ်။ အဲဒီတော့ ပြည်သူလူထုအနေနဲ့ မိမိတို့ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်ကို ပြန်ရုတ်သိမ်းခွင့်ရှိတာ မှန်တယ်။ ဒါပေမဲ့ ပြန်ရုတ်သိမ်းမယ်ဆိုရင် ဘယ်လို ရုတ်သိမ်းရမယ်ဆိုတဲ့ အသေးစိတ် လုပ်ထုံလုပ်နည်းပါတဲ့ ဥပဒေကြတော့ မရှိဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အခုနောက်ဆုံး တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား။ သူတို့ အဲဒီလို တောင်းဆိုတိုက်တွန်းနေတဲ့ တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်တဲ့ သူရဦးရွှေမန်းကို အာဏာရပါတီ ခေါ်မှာပေါ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားလိုက်တဲ့ကိစ္စ ပေါ်လာတဲ့အခါမှာ ဒါနဲ့များ တိုက်ဆိုင်နေသလားဆိုပြီးတော့ အများက စိတ်ဝင်စားနေကြတယ်။ အဲဒီအပေါ် ဘယ်လိုများ သုံးသပ်လို့ ရပါသလဲရှင့်။

ဦးကိုနီ ။ ။ တိုက်ဆိုင်မှုတခုလို့လည်း ပြောရင်ပြောနိုင်ပါတယ်။ သို့မဟုတ် ဦးတင်အေးကိုယ်တိုင်ကလည်း လိုလိုလားလား ဒီဥပဒေကို ပြဌာန်းစေချင်တာလား။ နှစ်ဖက်စဉ်းစားလို့ရတယ်။ ပထမတဖက်ကတော့ ကျနော်တို့ အစွဲကင်းကင်းနဲ့ လူအများထင်တဲ့ဟာကို ခဏလေး ဘေးထားပြီးတော့ ပြောကြရင် စောစောက ကျနော် ပြောတဲ့အတိုင်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ Right of Recall နဲ့ ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်အာဏာ အားလုံးက ကော်မရှင်ကို သူက အပ်ထားတယ်။ ဒါကတော့လည်း တော်တော်ထူးဆန်းတယ်။ အမှန် ကော်မရှင်ရဲ့ အလုပ်က ရွေးကောက်တင်မြှောက်ဖို့ပဲ။ အဲဒီ အမတ်တွေကို ဖြုတ်ဖို့အလုပ်က အမှန်တော့ သူကို တာဝန်မပေးသင့်ဘူး။ ပေးဖို့လဲ မကောင်းဘူး။ အရင်တုန်းကလဲ မရှိဘူး။ ကျနော်တို့ မဆလခေတ် ဆိုရှယ်လစ် ကွန်စတီကျူးရှင်း (Socialist Constitution) မှာဆိုရင် ဒီဟာကို လွှတ်တော်ကပဲ ဆုံးဖြတ်တယ်။ အမတ်တယောက်ကို ရုတ်သိမ်းသင့်တယ်လို့ထင်ရင် လွှတ်တော်မှာပဲ အဆိုတင်၊ လွှတ်တော်မှာပဲ စဉ်းစားပြီးတော့ ရုတ်သိမ်းတယ်ပေါ့။ အခုဟာက ကော်မရှင်ဆိုတဲ့ အဖွဲ့တဖွဲ့ကို သူက ဒီအာဏာကို သွားပြီးပေးလိုက်တာ ဒါ နည်းနည်းလေး တရားလွန် ဖြစ်တယ်ပေါ့။ လူတယောက်ကို တော်တော်ကို ကြီးတဲ့အာဏာ၊ သိပ်မြှင့်တဲ့အာဏာ လွှဲအပ်တယ်။ ဒါတွေက တကယ်တော့ ပြည်သူလူထုရဲ့ လုပ်ပိုင်ခွင့်ကို ကော်မရှင်ကို သွားခွဲပေးသလို ဖြစ်နေတယ်။ အဲဒီတော့ သူဆီကို လျှောက်လွှာတွေ တင်နေတဲ့ အမှုတွေ ဖွင့်တယ်ပေါ့။ ဒါကို ပြန်ရုတ်သိမ်းပေးပါ။ ဒါပေမဲ့ ပြန်ရုတ်ဖို့အတွက် ဥပဒေက မရှိတဲ့အခါကြတော့ ဒီအမှုတွေက Pending သူဆီမှာ တန်းလန်းဖြစ်နေတယ်။ သူ ဆက်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ အဲဒီအမှုတွေကို သူက အဆုံးသတ်ချင်တဲ့အခါကြတော့ ဥပဒေ ပြဌာန်းပေးဖို့လိုလို့ တောင်းတာပါ။ တကယ်တော့ ဒီဟာ ဦးရွှေမန်းကိစ္စနဲ့ မပတ်သတ်ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ လွှတ်တော်သက်တမ်းကလဲ သိပ်မကျန်တော့ဘူးလေ။ ရွေးကောက်ပွဲပဲ မကြာခင် စတော့မယ်ဆိုတော့ အဲဒီလို သိပ်မကျန်တော့တဲ့ အချိန်ကလေးမှာပဲ အရမ်းတိုက်ဆိုင်သွားတယ်လို့ ဖြစ်နေတာပေါ့။

ဦးကိုနီ ။ ။ ကျနော်ကတော့ ဒါကြတော့ ဒုတိယ အယူအဆ။ သိပ်တိုက်ဆိုင်တာလား။ တမင်တကာ တင်တာလားဆိုတာ စဉ်းစားစရာရှိတယ်။ တိုက်ဆိုင်တယ်ဆိုတာ စတုတ္ထအကြိမ် တင်လို့သာကို။ အခုမှ တင်တယ်ဆိုရင်တော့ ဒါက တမင်တရွယ်လို့ ပြောလို့ရတယ်။ စတုတ္ထအကြိမ် ပြန်တင်တယ်ဆိုတော့ ဒီမှာ ဒါကတော့ လုပ်လက်စ proceeding တခုကို မဆုံးသေးလို့ ဆက်လုပ်တာလို့ ပြောနိုင်သလို ဦးရွှေမန်းကို ဒီဥပဒေ အသုံးချပြီးတော့ ဖယ်ချင်လို့ ထင်စရာမြင်စရာ ဖြစ်လာတယ်။ အဲဒီတော့ ဒီနေရာမှာ ဆွေးနွေးစရာရှိတယ်။ စတုတ္ထအကြိမ် ပြန်မတင်ခင်၊ ရှေ့ပိုင်းကဟာလေးကို နည်းနည်းလေး ကျနော် ပြောပြမယ်။ ဒီဥပဒေကို ဘာဖြစ်လို့ အခုလို ထပ်ခါထပ်ခါ တင်နေရတာတုန်း။ ဘာဖြစ်လို့ တခါတည်းနဲ့ အတည်မဖြစ်သလဲဆိုတဲ့ ရာဇဝင်ကိုသိမှ ဒါက ကျနော်တို့ ရှင်းသွားမယ်။ အဲဒီတော့ ဒီမှာက တစ်ရာခိုင်နှုန်းကနေ Recall လုပ်ဖို့ အခွင့်အရေးရှိတယ်ဆိုတော့ ဥပမာ တချို့မြို့နယ်ဆိုရင် မဲဆန္ဒနယ်က တစ်သောင်းလောက်ပဲရှိတယ်။ တချို့ဆိုရင် လေးငါးထောင်လောက်ပဲ ရှိတယ်။ ချင်းမှာဆိုရင် အဲဒီလောက်ပဲ ရှိတယ်။ နည်းနည်းလေးတွေ တချို့နေရာတွေမှာ။ အဲဒီတော့ အကြမ်းမျဉ်း မြို့နယ်တခုမှာ လူတစ်သောင်းရှိတယ် ဆိုပါစို့။ မဲပေးနိုင်တဲ့လူ။ အဲဒီတော့ လူတစ်ရာစုလို့ရရင် ဒါ အမှုဖွင့်လို့ ရနေပြီ။ အဲဒီတော့ ကျနော်တို့ရဲ့ ရွေးကောက်ပွဲစနစ်ကလည်း FPTP နိုင်သူ အကုန်ယူ၊ ကြိုက်သလောက်ဝင်ပြိုင်၊ မဲအများဆုံးရတဲ့လူက တက်သွားမယ်။ အဲဒီတော့ တနေရာမှာ (၅) ယောက်လောက် ပြိုင်လို့ရှိရင် (၂၂) ရာနှုန်းလောက်ရရင် အဲဒီ လူက အမတ်အဖြစ် တက်သွားပြီ။ (၃) ယောက်လောက် ပြိုင်မယ်ဆိုရင် (၃၀) နဲ့ (၄) (၅) ရာခိုင်နှုန်းရရင် သူက အမတ်ဖြစ်သွားပြီ။ အမတ်ဖြစ်ဖို့အတွက်တောင် အနည်းဆုံး အဲဒီလို (၃၅) (၄၀) ရာခိုင်နှုန်းမဲရမှ သူ့မှာ အမတ်ဖြစ်ဖို့ အခွင့်အလမ်းရှိတယ်။ သူကို ပြန်ဖြုတ်ဖို့ကြတော့ (၁) ရာခိုင်နှုန်းက ဖြုတ်နိုင်တဲ့ အခွင့်အာဏာ ရတယ်ဆိုတော့ အမတ်မဖြစ်ဖို့ တော်တော်မလွယ်တဲ့ကိစ္စကို ဖြုတ်ဖို့လွယ်လွယ်လေး ဖန်တီးပေးထားသလို ဖြစ်နေတဲ့အတွက် အဲဒီ ဥပဒေက တော်တော်လေးအားနည်းနေတဲ့ ဥပဒေ။ နောက်တခု မှားတာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်တော့မှ အသေးစိတ် မရေးရဘူး။ အခြေခံမူလောက်ပဲ ရေးရတယ်။ ပြည်သူတို့မှာ သူတို့ ရွေးတဲ့လူကို ပြန်ပြီးတော့ ဖြုတ်ချနိုင်တဲ့ အခွင့်အာဏာရှိတယ်။ အဲဒီအတွက် လိုအပ်တဲ့ ဥပဒေ ပြဌာန်းပေးရမယ်။ အဲဒါဆိုရင် တော်ပြီ။ သူက တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းတို့ ဘာလုပ်ရမယ်ဆိုတာကို ဖွဲ့စည်းပုံမှာ ရေးလိုက်ရင် နောက်ပိုင်း ဥပဒေတွေ ပြဌာန်းတဲ့အခါကြတော့ ဒီဖွဲ့စည်းပုံကြီးကို ထောက်ထားနေရတဲ့အတွက် ဥပဒေပြဌာန်းတဲ့ လူတွေက ဘောင်ကျဉ်းသွားတယ်။ တခုက ပြည်သူလူထု တင်မြှောက်တဲ့လူကြတော့ တစ်ရာခိုင်နှုန်းက သဘောမကျရင် ပြန်ဖြုတ်ဖို့အတွက် အမှုဖွင့်နိုင်တယ်။ ဟိုဘက်က မိုးကျရွှေကိုယ် ခန့်ထားတဲ့ ပုဂ္ဂိုလ်တွေကြတော့ ပြည်သူလူထုက မကြိုက်ရင် ဖြုတ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး။ အဲဒီတော့ ဒီဥပဒေက Fair မဖြစ်ဘူး။ ဒီဥပဒေက။ ဒါတွေအားလုံးက ဖွဲ့စည်းပုံကို အခြေခံပြီးတော့ ဖြစ်လာတာ။ ဒါကြောင့် ဥပဒေပြဌာန်းလိုက်ရင် ဒီဥပဒေက Fair ဖြစ်တဲ့ ဥပဒေ ဖြစ်လာမှာ မဟုတ်ဘူး။ ဖွဲ့စည်းပုံကို ပြင်ပြီးမှသာ ဒီလိုဥပဒေကို ရေးဖို့ကောင်းတယ်ဆိုတဲ့ အယူအဆက ရှိတယ်။ ဒါကြောင့် အကြိမ်ကြိမ်တင်လိုက်တိုင်း ဒီပြဿနာကြောင့် ဒီဥပဒေဟာ လုပ်လို့မရဘူး။ အဲဒီတော့ လုပ်လို့မရတဲ့ဟာကို အခုနောက်ဆုံး လွှတ်တော်မှာ ဘာလုပ်သလဲဆိုတော့ ဇယားကွက်ကြီးနဲ့ စာရွက်ကို ကန့်လန့်ဖြတ် ဇယားကွက်ရိုက်ပြီးတော့ ဒါက ပြည်သူ့လွှတ်တော်ရဲ့ အယူအဆ၊ ဒါက အမျိုးသားလွှတ်တော်ရဲ့ အယူအဆ၊ ဒါက လွှတ်တော်နှစ်ရပ်ပေါင်း ဥပဒေကြမ်း ရေးဆွဲရေးကော်မတီရဲ့ အယူအဆ။ ဘယ်ဟာကြိုက်သလဲ မှတ်ချက်ပေးပါဆိုပြီးတော့ သူက ဆွေးနွေးဖို့တောင် မပေးတော့ဘူး။ ခင်များ ဘာကြိုက်သလဲ Tick လုပ်ပေးဆိုတဲ့ ပုံမျိုးနဲ့ နောက်ဆုံးပြန်တင်တယ်။ တင်ပြီးတော့ အဲဒါ ပြီးသွားပြီ။ ပြီးတဲ့အခါကြတော့ အခုဒီမှာ ပြန်လာတင်တယ်။ အဲဒီတော့ စောစောက ခင်များ မေးသလို … ဘာဖြစ်လို့ လွှတ်တော်သက်တမ်း နည်းနည်းလေး ကျန်တဲ့အချိန်မှာ ဒီဟာကို ပြန်တင်ရသလဲ။ ပြီးတော့ ဒီလောက် မကျေမလည် ဖြစ်နေတဲ့ကိစ္စတခုကို ခဏ Pending လုပ်ပြီးတော့မှ လိုအပ်ရင် ရွေးကောက်ပွဲပြီးတော့မှ ဖွဲ့စည်းပုံ ပြင်ပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ဟာ ပြန်ရေးရင် မကောင်းဘူးလား။ လုပ်လို့ရရဲ့သားနဲ့ ဘာဖြစ်လို့ အခုလို ကပ်ပြီးတော့ ဒီနေ့ပဲ ဥက္ကဋ္ဌရာထူးက ဖြုတ်တယ်။ နောက်တနေ့ လွှတ်တော်စတာနဲ့ ဒါကို အရင်အတည်ပြုပေးပါလို့ တောင်းဆိုလာတော့ စွပ်စွဲမယ်ဆိုရင်လဲ စွပ်စွဲစရာ ဖြစ်တာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီဥပဒေကလည်း တပိုင်းပေါ့လေ။ မြန်မာ့နိုင်ငံရေး အခြေအနေ။ အခု လွှတ်တော်ထဲမှာ ကျမတို့ အရင်တုန်းကလဲ ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လာလို့ရှိရင် စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေ၊ ရှိနေသမျှ ကာလပတ်လုံး ပြင်စရာအကြောင်းမရှိဘူးဆိုတာ သာမန်လူပြိန်းတွေတောင် သိပါတယ်လေ။ အဲဒီတော့ ဒီလွှတ်တော် မပြီးခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ရေထဲမျှောသွားပြီလို့ ပြောရမှာပေါ့။

ဦးကိုနီ ။ ။ ပြင်ဖို့ကိစ္စကတော့ အစကတည်းက ဒီဥပဒေက စရေးကတည်းကကို စစ်သားတွေ ရေးထားတာ။ တိုင်းပြည်ကို စစ်တပ်က ရာသက်ပန် ပုံစံတမျိုးမဟုတ်၊ တမျိုးနဲ့ အုပ်ချုပ်လို့ရအောင် ရည်ရွယ်ပြီး ရေးထားတာ။ ရေးကတည်းက သူတို့ကသိတယ်။ တချိန်ကျရင် ပြင်မယ်ဆိုတာကို သူတို့က သိပြီးသား။ ဒါကြောင့် အစကတည်းက ပြင်လို့မရအောင် (၇၆) ရာခိုင်နှုန်း သဘောတူမှ ပြင်လို့ရမယ်ဆိုပြီး သူတို့က (၂၅) ရာခိုင်နှုန်းမှာ ရပ်ထားတယ်။ အဖြေက ရှင်းရှင်းလေး။ အခု ရွေးကောက်ပွဲပြီးရင် ပြင်လို့ရမလား။ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ (၂၅) ကျပ်သားက ပြန်ပါလာတယ်။ ဒီ (၂၅) ရာနှုန်းက ရှိနေအုံးမှာ။ အဲဒီ (၂၅) ရာနှုန်း ရှိနေရင် နောက်တခါ ပြန်ပြီးတော့ ရွေးကောက်ပွဲပြီးလို့ ပြန်တင်ရင်လဲ ဒီ (၂၅) ရာခိုင်နှုန်း သဘောမတူရင် ဒီ ဖွဲ့စည်းပုံက ပြင်လို့မရဘူး။ ဒါကြောင့် ကျနော်က အစကတည်းက ဒီ ဖွဲ့စည်းပုံက ပြင်လို့မရတဲ့ ဖွဲ့စည်းပုံ။ ကျနော် လုပ်ရမှာ အသစ်ရေးပြီး အစားထိုးတဲ့ နည်းလမ်းကိုပဲ ရှာရမယ်။ Formal way နဲ့ ပြင်လို့မရတော့ဘူး။ ကျနော်တို့က Informal way နဲ့သွားမှ ပြင်လို့ရမယ်။ အခုလက်တွေ့ပဲ ဒေါ်ခင်စိုးဝင်း ပြောသလို အခု (၂) နှစ်ခွဲအချိန်အထိ ပြင်ဖို့ကြိုးစားတယ်။ ဦးရွှေမန်းကိုယ်တိုင် လိုလိုလားလားကြီး ပြင်ဆင်ချင်တဲ့ သဘောမျိုးပြပြီး မဲတွေဘာတွေတောင် ဝင်ပေးခဲ့တယ်။ သို့သော် အောင်မှမအောင်မြင်ပဲ။ ဒါကြောင့် အစကတည်းက မအောင်မြင်တဲ့လမ်းကြောင်းပါပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာက။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးရွှေမန်းအနေနဲ့က သူက ပြည်သူနဲ့ တသားတည်းဖြစ်ပါတယ်ဆိုတာကို သူက ပြချင်တာ။ ပြချင်တဲ့အနေနဲ့ မည်ကာမတ္တလေး ပြောင်းလိုက်တာပါ။ တကယ်တော့လဲ အဲဒီလောက် ပြောင်းရုံနဲ့လဲ မြန်မာ့နိုင်ငံရေး အခြေအနေက ပြောင်းလဲသွားဖို့ မရှိပါဘူး။ နောက်ဆုံး ကျမ မေးချင်တာကတော့ အခု ပြောနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို NLD ရဲ့ ဥပဒေအကြံပေးတယောက်အနေနဲ့ အဲဒါကို ဘယ်လို သဘောရပါလဲ။ NLD အနေနဲ့ဆိုရင် ဒါကို ပြင်သင့်တယ်လို့ ယူဆပါလား။ ဆုံးဖြတ်သင့်တယ်လို့ ယူဆပါလား။

ဦးကိုနီ ။ ။ ဒီဥပဒေကို ကျနော်တို့က လောလောဆယ် အတည်ပြုရေးကိစ္စကို သဘောမတူဘူး။ ဒါကို ကျနော်တို့က Unwritten လည်း အမတ်တွေကို အကြံပေးထားတာ ရှိတယ်။ အခုန တစ်ရာခိုင်နှုန်းက ပြန်ပြီးတော့ Recall လုပ်လို့ရတယ်ဆိုတဲ့ အချက်က ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကို (၂၀) ရာခိုင်နှုန်း NLD က ပြင်ချင်တယ်။ (၂၀) ရာခိုင်နှုန်း ပြင်ဖို့လဲ မဖြစ်နိုင်ဘူး။ ဖွဲ့စည်းပုံက တစ်ရာခိုင်နှုန်း ပြောထားတဲ့အတွက် ကျနော်တို့က ဒါကို သိတယ်။ ဒါကြောင့် ကျနော်တို့က ဒါကို Pending ပဲ ထားချင်တယ်။ NLD ဖက်က သဘောထားက အတည်မပြုဘူး။ သဘောမတူဘူး။ ဒါကြောင့် Pending ပဲ ထားပါ။ နောက်မှ ဖွဲ့စည်းပုံကို လိုအပ်သလို ပြင်ပြီးတော့မှ ဒီဥပဒေကို ရေးဆွဲမယ်ဆိုတာကို NLD က ဒီလို သဘောထား ထားရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

ဦးကိုနီ ။ ။ ကျေးဇူးပါပဲ။