ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာဆွေးနွေးပွဲ အစီအစဉ်မှာတော့ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အဓိက အခန်းကဏ္ဍတခုဖြစ်တဲ့ ကျန်းမာရေးကဏ္ဍနဲ့ ပတ်သတ်ပြီး ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ရရှိလာဖို့အတွက် ဆေးပညာရှင်တွေ နဲ့ အုပ်ချုပ်ရေးပိုင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ Australia နိုင်ငံ Queensland တက္ကသိုလ်ရဲ့ အကြီးတန်း ကထိကလဲဖြစ်၊ Rockhampton ဆေးရုံ၊ ကျောက်ကပ်ရောဂါအထူးကုဌာနရဲ့ ညွှန်ကြားရေးမှုးလည်းဖြစ်တဲ့ ဒေါက်တာသင်မောင်ဟန် က ပြောဆိုပါတယ်၊ လူနာတွေအတွက် အဆင်ပြေတဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက်မှာလည်း အစိုးရပိုင်နဲ့ ပုဂ္ဂလိကပိုင်ဆေးရုံတွေ တန်းတူလက်တွဲ လုပ်သွားဖို့ လိုအပ်တယ်လို့ အကြံပြုပြောဆိုပါတယ်။ မြန်မာနိုင်ငံက ကျန်းမာရေးကဏ္ဍ အခုထက်ပိုပြီး တိုးတက်လာစေဖို့အတွက် သူ့ရဲ့ အတွေ့အကြုံတွေကို အလုပ်အားတဲ့အချိန်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး ဟောပြော၊ အကြံပေးနေတဲ့ ဒေါက်တာသင်မောင်ဟန် ကို ရန်ကုန် VOA ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်းက တေ့ွဆုံမေးမြန်းတင်ပြထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါ။
ဒေါက်တာသင်မောင်ဟန် ။ ။ မင်္ဂလာပါ။
ဒေါ်ခင်စိုးဝင်း ။ ။ အခုလို ကျမတို့ ဗွီအိုအေ မြန်မာအသံကို လာပြီးတော့ ဒေါက်တာသင်မောင်ဟန်အနေနဲ့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ဒေါက်တာသင်မောင်ဟန် ။ ။ ဟုတ်ကဲ့ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒေါက်တာသင်မောင်ဟန် က အခု Australia နိုင်ငံမှာနေတယ်။ အဲဒီမှာ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ရောဂါ အထူးကုဆရာဝန်ကြီး ပါရဂူကြီးတယောက်အနေနဲ့ အားလပ်တဲ့အချိန်လေးမှာ အမိမြန်မာနိုင်ငံကို ပြန်လာပြီးတော့ ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို ပြန်ပြီးဖလှယ်ပေးနေတယ်လို့ သိရပါတယ် ဆရာ။ ဒီလို လာလည်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးကဏ္ဍ ပြုစုစောင့်ရှောက်မှု Healthcare System နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများ သုံးသပ်အကဲခတ်လို့ ရပါသလဲ။
ဒေါက်တာသင်မောင်ဟန် ။ ။ ပထမဦးဆုံး သတိထားမိတာကတော့ နိုင်ငံတကာ ဆေးတက္ကသိုလ်ကျောင်းတွေ၊ University တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုက အရင်ကထက် အများကြီး တိုးတက်လာတယ်။ အဲဒါကတခုပေါ့။ ကျနော် မန္တလေးက University of Mandalay မန္တလေးဆေးတက္ကသိုလ်ကို ရောက်ခဲ့တယ်။ အဲဒီမှာ တွေ့တာကတော့ အဲဒီမှာ နိုင်ငံခြားတက္ကသိုလ်တွေ အထူးသဖြင့် Australia က University of Medicines တွေ အများကြီး Link လုပ်ပြီး တိုးတက်အောင် လုပ်ထားတာကို တွေ့တယ်။ နောက် ကျောင်းသားတွေ စာသင်တဲ့အပိုင်းလည်း လေ့လာခွင့်ရခဲ့တယ်။ သူတို့မှာ အများကြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့အဆင့်အထိ Syllabus တွေ လုပ်ထားတာကိုလည်း တွေ့ရတော့ နောက်ပေါ်လာမယ့် ဆရာဝန်လောင်းတွေအတွက် အားရှိစရာပါပဲ။ ကျနော်ကိုယ်တိုင်လည်း ပို့ချခဲ့တယ်။ မေးခွန်းတွေလည်း သူတို့ကို မေးခိုင်းတယ်။ ဆိုတော့ သူတို့မေးတဲ့ မေးခွန်းတွေကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အတွေးအခေါ် နဲ့ အဆင့်ပညာမှာ ဘယ်လောက်အထိ အဆင့်ရှိတယ်ဆိုတာကို တွေ့ခဲ့တယ်။ ဒါက international level နဲ့ အတူတူပဲလို့ ယူဆတယ်။ အများကြီး အားရမိပါတယ်။ ဒါက ပညာသင်တဲ့ကဏ္ဍပေါ့။ နောက်တခုက တောင်ကြီးမှာ ကျနော် ဆေးပညာကွန့်ဖရန့်ကို တက်ခဲ့တယ်။ အဲဒီမှာ ဘာသတိထားမိသလဲဆိုတော့ ဆေးဝါးပစ္စည်းတွေ အမျိုးအမည်အမျိုးစုံပေါ့။ ဟိုတုန်းက မရှိခဲ့တာတွေ အခု available ဖြစ်လာတယ်။ အားလုံး ရှိလာပြီပေါ့။ ဆေးကုသမှုအပိုင်းမှာ လိုအပ်တဲ့ စက်ပစ္စည်းကရိယာတွေလည်း ဒီကဈေးကွက်ပေါ် ရောက်လာတာကို တွေ့ရတယ်။ အဲဒါကို သတိထားမိတယ်ဆိုတော့ ဒါလဲ အများကြီးကောင်းပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါကတော့ ဆေးကုသမှုအပိုင်းပေါ့။ ဆေးရုံတရုံမှာ ဆေးကုသမှုနဲ့တင် မပြီးသေးပါဘူး။ အုပ်ချုပ်ရေးပိုင်းလည်း အင်မတန်မှ အရေးကြီးပါတယ်။ စီမံကွပ်ကဲရေးနဲ့ အုပ်ချုပ်မှုအပိုင်းကို ဘယ်လိုများ သုံးသပ်လို့ ရပါသလဲ။
ဒေါက်တာသင်မောင်ဟန် ။ ။ မြင်တာကတော့ Private ဆေးရုံတွေမှာတော့ တနိုင်တပိုင် သူတို့အဖွဲ့အစည်းနဲ့ သူတို့ ဆေးရုံအုပ်ချုပ်မှုလုပ်ငန်းကို လုပ်နေတယ်လို့ မြင်တယ်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက် အလေးအနက်ထားတယ်ဆိုတာကိုတော့ ကျနော် သေချာမသိခဲ့ဘူး။ ဒါပေမဲ့ အင်မတန် အရေးပါတဲ့ကဏ္ဍဆိုတာတော့ ကျနော် သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ Australia မှာ Practice လုပ်နေလဲ အုပ်ချုပ်တဲ့ အုပ်စု Administration က သပ်သပ်ရှိတယ်။ ကျနော်တို့ Clinician တွေနဲ့ သူတို့နဲ့ ပူးပေါင်းပြီးလုပ်ရတယ်။ အစည်းအဝေးလုပ်တဲ့အခါမှာလဲ ကျနော်တို့ဖက်က လိုအပ်တာတွေ တင်ပြတယ်။ သူတို့က ဆေးပညာရှင်တွေ မဟုတ်တော့ ဒါတွေတော့ နားမလည်ဘူး။ ဒါပေမဲ့ အုပ်ချုပ်ရေးအပိုင်းတော နားလည်တယ်။ ဒီနှစ်ခု ပူးပေါင်းရတာပေါ့။ နှစ်ခုပူးပေါင်းမှ အောင်မြင်တဲ့ ဝန်ဆောင်မှုလုပ်ငန်း ဖြစ်လာမယ်။ အဲဒါ အင်မတန် အရေးကြီးပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အခု ကျမ သတိထားမိတာက မြန်မာနိုင်ငံမှာ အထူးသဖြင့် ရန်ကုန်မြို့ကြီးမှာ ပုဂ္ဂလိကဆေးရုံတွေ အများကြီး ပေါ်လာပြီ။ ဥပမာ ဝိတိုရီယာဆေးရုံ၊ ရွှေဂုံတိုင်ဆေးခန်း၊ စကူယာ အများကြီးပါ။ အဲဒီတော့ ပုဂ္ဂလိကဆေးရုံတွေ ပေါ်ပေါက်လာတာအမျှ ပြည်သူ့ဆေးရုံတွေ အခန်းကဏ္ဍက မှေးမှိန်သွားတယ်လို့ ယူဆပါလား။
ဒေါက်တာသင်မောင်ဟန် ။ ။ အဲဒီလိုတော့ မထင်ပါဘူး။ ဥပမာပြရရင် Australia နိုင်ငံကို ပြောရရင်တော့ အစိုးရဆေးရုံတွေနဲ့ ပုဂ္ဂလိက ဆေးရုံတွေက ယှဉ်ပြိုင်တိုးတက်အောင် လုပ်နေကြတယ်။ အစိုးရကလည်း ပုဂ္ဂလိက ဝန်ဆောင်မှုတွေကို အားပေးတယ်။ ဘာကြောင့်လဲဆိုတော့ တနိုင်တပိုင် သူကလည်း ဝင်ဖြည့်ရတယ်။ အစိုးရကလဲ အကုန်မလုပ်ပေးနိုင်ဘူး။ ဒီနှစ်ခုက အတူတူသွားရမယ်။ သွားတဲ့နေရာမှာတော့ Standard ကလဲ Control တော့ ရှိရမယ်။ ဒီနှစ်ခုစလုံးမှာ။ နောက် ကဏ္ဍတခုကလဲ အားသာလို မရဘူး။ ဥပမာ ပုဂ္ဂလိက က အားသာသွားလို့ မရဘူး။ အစိုးရကဏ္ဍက အားသာလို့ မရဘူး။ နှစ်ခုက လက်တွဲပြီး အတူတူသွားရမယ်။ လူနာတွေမှာ ဘယ်ဖက်ပဲသွားကုကု သူတို့သင်တင့်လျောက်ပတ်တဲ့ ဝန်ဆောင်မှု ရရမယ်ဆိုတော့ မှေးမှိန်သွားတယ်လို့တော့ မယူဆဘူး။ ကောင်းတဲ့အချက်လို့ မြင်တယ်။ ဒါပေမဲ့ ဒီနှစ်ခုက ပူးတွဲလုပ်နိုင်ရင်တော့ ပိုကောင်းတယ်။ ဟန်ချက်ညီညီ ရှိရမယ်။
ဒေါ်ခင်စိုးဝင်း ။ ။ နောက် မြန်မာနိုင်ငံမှာ လူထုအနေနဲ့ ပညာပေးဖို့ လိုအပ်နေတာ ဘယ်လိုမျိုးဆိုတော့ ဆရာဝန်ကနေ ညွှန်းကြားတဲ့ Prescript လုပ်တဲ့ ဆေးညွှန်းမဟုတ်ဘဲနဲ့ နည်းနည်းလေး ဖျားတယ်ဆိုပြီးတော့ ပဋိဇီဝဆေးတွေ ဝယ်စားနေတာ အများကြီးရှိပါတယ်။ အဲဒီလိုမျိုး ဝယ်စားနေတဲ့ ပြည်သူလူထုကို ဆရာအနေနဲ့ ဘာများ ပြောချင်ပါလဲရှင့်။
ဒေါက်တာသင်မောင်ဟန် ။ ။ ကျနော် ပြောချင်တာကတော့ အဲဒီလို ဝယ်စားတာ ရေရှည်တော့ မကောင်းဘူး။ မကောင်းဘူးဆိုတာက ဒီလို ရေရှည်မကဘူး၊ ရေတိုမှာလဲ သုံးစွဲတဲ့လူကိုယ်တိုင် ကိုယ်စိတ်အထင်နဲ့ သောက်နေဖို့ မဟုတ်ဘူး။ ဒါက ဆေးပညာရှင်တွေရဲ့ အလုပ်။ ဒါကြောင့်မို့ နိုင်ငံခြားတွေမှာတော့ အင်မတန် အရေးကြီးတဲ့ ပဋိဇီဝဆေး သို့မဟုတ် အင်မတန် အစွမ်းထက်တဲ့ ဆေးတွေကြတော့ ဆရာဝန်ဆေးလက်မှတ်ပါမှ ရတယ်။ ဒါက ဘာကို control လုပ်တာလဲဆိုတော့ လူတွေ အရမ်းသုံးရင် ဆေးယဉ်ပါးသွားမယ်။ အဲဒီအခါကြရင် ရောဂါပိုး ဆေးမတိုးတော့ဘူး။ ဆေးမတိုးတော့ဘူးဆိုရင် တခြားဆေးတွေ ထပ်ပြီးထပ်ပြီး Generation after generation ထပ်ထုတ်ဖို့က မလွယ်ဘူး။ ဆေးယဉ်ပါးမှုဖြစ်တာ အလွယ်တကူ ဖြစ်နိုင်တယ်။ ဆိုတော့ ကျနော့်အနေနဲ့ အကြံဉာဏ်ပေးချင်တာက ပြည်သူလူထုက ကိုယ်နေထိုင်မကောင်းရင် ဆရာဝန်ရဲ့ ညွှန်းကြားမှုတော့ လိုလိမ့်မယ်။ ကိုယ့်ကိုယ်ကို ကုဖို့ကတော့ သိပ်မကောင်းဘူးလို့ ထင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်အထူးကု ဆရာဝန်ကြီးတစ်ယောက်အနေနဲ့ မြန်မာပြည်သူလူထုကို ဆီးလမ်းကြောင်း ရောဂါကင်းရှင်းရေး၊ ကျောက်ကပ်ရောဂါ မဖြစ်ရေးအတွက်ကို ကြိုတင်ကာကွယ်ဖို့ အလွယ်ဆုံးနည်းလမ်းတွေများ ပြောပြရမလားရှင့်။
ဒေါက်တာသင်မောင်ဟန် ။ ။ ဒီရောဂါက ဆီးချို သွေးတိုးတွေနဲ့ အတူတူပဲ။ သူတို့က လက္ခဏာဆိုတာ မရှိဘူး။ နောက်ဆုံးပိတ် ကျောက်ကပ် လုံးဝပျက်သွားမှ ရောဂါလက္ခဏာ ရှိတယ်။ ဆိုတော့ ရောဂါလက္ခဏာ မရှိတော့ ဘယ်အချိန်မှာ ကိုယ့်မှာ ရောဂါရှိတယ်ဆိုတာ သိဖို့က သိပ်မသိနိုင်ဘူး။ ဒါပေမဲ့ ကျနော်တို့က ဘာနဲ့ ကြည့်ရသလဲဆိုတော့ လူတစ်ယောက်က ကျောက်ကပ်ရောဂါဖြစ်ဖို့ ဘယ်လိုအခြေအနေတွေက ဖြစ်နိုင်သလဲဆိုတာ သိတယ်။ အဲဒါတွေက ဘာပါလဲဆိုတော့ ဆီးချို၊ သွေးတိုး၊ အဝလွန်တာတွေ၊ မိဘမျိုးရိုးမှာ ကျောက်ကပ်ရောဂါ ရှိတာတွေ၊ ဆေးလိပ်သောက်တာ၊ နှလုံးရောဂါနဲ့ သွေးကြောရောဂါတွေ ရှိတယ့်လူတွေ အဲဒါတွေ ရှိခဲ့လို့ရှိရင် ကျောက်ကပ်ရောဂါဖြစ်ဖို့ များတယ်။ ဥပမာ အဲဒီအချက် (၃) ချက် (၈) ချက် (၉) ချက်လောက် ရှိတယ်။ အဲဒီရောဂါ အခြေအနေ။ အဲဒီမှာ (၃) ချက်ရှိရင် ၃၀ ရာခိုင်နှုန်းလောက် ကျောက်ကပ်ရောဂါ ဖြစ်နိုင်တယ်ဆိုတော့ ဘာလုပ်သင့်လဲဆိုတော့ ဒီမှာ (၃) ခုလောက် အဓိက လုပ်ရမယ်။ တစ်အချက်က ကိုယ့်ရဲ့ကျောက်ကပ် ကောင်းတယ် မကောင်းဘူးဆိုတာကို သွေးစစ်လို့ရတယ်။ နံပတ်နှစ်အချက်က ဆီးထဲမှာ ပရိုတင်ဓါတ် ဘယ်လောက် ပါနေလဲ။ အဲဒါများလေ မကောင်းလေဘဲ။ တကယ်ပါလားဆိုတာကို ဆီးကိုစစ်ပြီး စမ်းသပ်လို့ရတယ်။ နံပတ်သုံးအချက်က သွေးတိုးနဲ့ ဆီးချို ရှိမရှိ စမ်းသပ်ကြည့်ပေါ့။ အဲဒါတွေကို ကြည့်ပြီးတော့ ကိုယ်က တနှစ်တခါ သို့မဟုတ် ခြောက်လတခါ ဆီးနဲ့သွေးကို စစ်သင့်တယ်။ အဲဒါကတချက်။ အဲဒီလို စစ်ပြီးတော့ ကိုယ့်ရဲ့ကျောက်ကပ်ရောဂါ အခြေအနေကို သိမယ်။ ရှိရင် ဘယ်လောက်အဆင့်အထိ ကျဆင်းနေပြီလဲဆိုတာကို သိရမယ်။ ကျောက်ကပ်ရောဂါ တွေ့ခဲ့ပြီဆိုရင် နည်းနည်းလေး စဖြစ်နေပြီဆိုရင် ဘာတွေ လုပ်ရလဲဆိုရင် ဆေးနဲ့ ဒါကြီးကို ပြန်ကောင်းအောင်လုပ်လို့ မရဘူး။ လုပ်လို့ရတဲ့နည်းက သွေးတိုးရှိရင် သွေးတိုးကို ထိန်းရမယ်။ ဆီးချိုရှိရင် ဆီးချိုကို ထိန်းရမယ်။ နောက်ပြီးတော့ balance diet ခေါ်တဲ့ သင့်တင့်လျောက်ပတ်တဲ့ အစားအသောက်တွေကို စားရမယ်။ ဘာလဲဆိုတော့ အသီးအရွက်နဲ့ အသားငါး မျှမျှတတ စားရမယ်။ အငန်ကို လျှော့စားရမယ်။ အဆီအစိမ့် လျှော့စားရင်ကောင်းတယ်။ ဒါတွေက နှလုံးရောဂါရှိတဲ့လူတွေကို ပြောလဲ ဒီစကားတွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ကပ်နဲ့ နှလုံးက နီးစပ်နေလို့။ နောက်ပြီးတော့ ကျနော် တခု အလေးအနက်ပြောချင်တာက ဆေးလိပ်သောက်တာ။ လူတယောက်က ကျောက်ကပ်ရောဂါ နည်းနည်းရှိလာပြီဆိုရင် ဆေးလိပ်သောက်ရင်တော့ သူ့အတွက် မကောင်းဘူး။ ကျနော်တို့ ဆေးလိပ်က အဆုတ်အတွက် မကောင်းဘူးဆိုတာသိတယ်။ ကျောက်ကပ်အတွက် မကောင်းဘူးဆိုတာကို သိတာနည်းတယ်။ လူတယောက်က ကျောက်ကပ်ရောဂါ စရှိနေပြီ၊ ဆေးလိပ်လည်း သောက်တယ်ဆိုရင် ဒီလူက ဆေးလိပ်ဖြတ်လိုက်လို့ရှိရင် ကျောက်ကပ်ရောဂါ ပျက်ဆီးမှုက ၅၀ ရာခိုင်နှုန်းအထိ ကျသွားတယ်။ ဒါက အင်မတန် အရေးပါပြီး အစွမ်းထက်တဲ့ ကုထုံးတခု။ ကုထုံးဆိုတာ ကိုယ့်ကိုယ်ကို Lifestyle Modification ကို ပြောင်းလဲပြုပေးရမယ်။ နောက်ပြီးတော့ ရေကို လုံလောက်လောက် သောက်ပေးတဲ့ ရေဓါတ်ရှိရမယ်။ တနေ့ကို ပျှမ်မျှခြင်းအားဖြင့် နှစ်လီတာကနေ နှစ်လီတာခွဲလောက် ရေကို သောက်ပေးရမယ်။ ကျောက်ကပ်ဆိုတာကလဲ အမြဲတမ်း ဆေးကြောသန့်ရှင်းစေချင်တဲ့ သဘောဆိုတော့ ရေရှိမှဖြစ်မယ်။ လူတယောက်က ရေဓါတ်ခန့်ခြောက်တယ် dehydration ဖြစ်ရင် ကျောက်ကပ်ထိခိုက်တယ်။ ရေဓါတ်ကို လုံလုံလောက်လောက် သောက်ရမယ်။ နောက်ပြီးတော့ အားကစား ကျန်းမာရေး လေ့ကျင့်ခန်း Aerobic လိုဟာမျိုး တနေ့ကို နာရီဝက်လောက်၊ တပတ်ကို လေးငါးရက်လောက် လုပ်နိုင်ရင်တော့ အားလုံးအတွက် ပိုကောင်းတယ်။ ကျောက်ကပ်၊ နှလုံးအတွက် ကောင်းတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် သွေးပေါင်ချိန်တွေ ဘာတွေ ချပေးနိုင်တယ်။ ဒါက အားလုံးအတွက် ကောင်းတယ်။ အရက်သေစာ သောက်စားရင်လဲ သင့်တင့်လျောက်ပတ်လောက်ပဲ သုံးစွဲသင့်တယ်။ ဒါတွေက အရေးပါတဲ့အချက်တွေ။ နောက်တခုက အကြံပေးချင်တာက သောက်တဲ့ဆေးတွေထဲမှာ အကိုက်အခဲပျောက်ဆေးတွေ၊ အရောင်လျော့တဲ့ဆေးတွေက အကိုက်အခဲအရောင်လျော့တယ် ဒါပေမဲ့ ကျောက်ကပ်ကို ပျက်ဆီးစေတဲ့အထဲမှာ ထိပ်ဆုံးကပါနေတယ်။ ဒါတွေကို အလွန်အကြွံမသုံးမိဖို့။ ကိုယ်သုံးဖို့လိုရင်လဲ ဆရာဝန်နဲ့ ပြပြီးမေးပြီးမှ သုံးစွဲဖို့ အရေးကြီးတယ်။ ဒါတွေက မသိဘဲနဲ့ ဖြစ်နေတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ။ အဲဒါ ကျောက်ကပ်ကို ထိခိုက်နိုင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဆရာ မြန်မာနိုင်ငံကိုလဲ အလျင်သင့်သလို လာပြီးတော့ အလုပ်အားလပ်ရက် လာပါတယ်။ ဆရာအနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု Healthcare System ကို ပိုပြီးတော့ ကောင်းမွန်အောင် အလွယ်ဆုံးနည်းနဲ့ ဘယ်လိုများ အကြံပေးချင်ပါလဲ။
ဒေါက်တာသင်မောင်ဟန် ။ ။ ကျနော်တို့လို လူမျိုးတွေ နိုင်ငံခြားရောက်သွားတယ်။ နိုင်ငံခြားမှာ အကြောင်းကြောင်းကြောင့် ရောက်သွားပြီး ပညာတွေသင်ကြ။ ဆေးပညာတွေကို ပိုပြီးတော့ လိုက်စားမှုရှိတယ်။ ဆိုတော့ ကျနော်တို့ရဲ့ တက်ကျွမ်းလာတဲ့ပညာနဲ့ ဒီမှာ ပြန်ပြီးတော့ ထောက်ပံ့ပြုဖို့ ကောင်းတယ်။ ကျနော်လည်း အခု လာလုပ်နေတာပေါ့။ အဲဒီလို လုပ်တဲ့နေရာမှာ ပူးပေါင်းမှု။ ဒီက local ဆရာဝန်တွေကဏ္ဍနဲ့ နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကဏ္ဍ နှစ်ဦးပူးပေါင်း၊ နှစ်မျိုးပူးပေါင်းပြီးလုပ်ရင် အများကြီး အကျိုးရှိမယ်ထင်တယ်။ အဲဒီနေရာမှာတော့ တခုတော့ရှိတယ် mutual respect တော့ ရှိရမယ်။ နိုင်ငံခြားမှာ ပညာသင်ပြီး ငါက ပိုတတ်တယ်လို့ လုပ်လို့မရသလို။ ဒီကလူကလဲ နိုင်ငံခြားကလာတဲ့လူကို Welcome မလုပ်ဘူးဆိုရင် မရဘူးပေါ့။ ကျနော့်အမြင်ကတော့ ဒီလို ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းတခုအနေနဲ့ တာဝန်ယူပြီးတော့ ပူးပေါင်းဆောင်ရွက်မှု ရှိအောင်လုပ်ပေးနိုင်ရင်တော့ ကျနော်တို့ အများကြီး ကိုယ့်နိုင်ငံကို ပြန်ပြီးတော့ အကျိုးပြုနိုင်မယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ် ဆရာ။
ဒေါက်တာသင်မောင်ဟန် ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။