အဏ္ဏဝါဘူမိလေ့လာရေး ဦးဆောင်တဲ့ မြန်မာပညာရှင်

သမုဒ္ဒရာကြမ်းပြင်တူးဖေါ်ရေး လက်ထောက်အကြီးအကဲ ဒေါက်တာမိုးကျော်သူ

Your browser doesn’t support HTML5

အဏ္ဏဝါဘူမိလေ့လာရေး ဦးဆောင်တဲ့ မြန်မာပညာရှင်

အာကာသစူးစမ်းရေးဦးစားပေးလုပ်နေကြချိန်မှာ အမေရိကန်နဲ့ ဂျပန်သုတေသီတွေ ဘာ့ကြောင့်ကမ္ဘာမြေထုအတွင်းပိုင်းကို လေ့လာဖို့ လုပ်ကြတာပါလဲ။ Mantle Drilling စီမံကိန်း ဦးစီးသူ၊ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန၊ သမုဒ္ဒရာကြမ်းပြင်တူးဖေါ်ရေး လက်ထောက်အကြီးအကဲ ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်မေးမြန်းထားပါတယ်။

မေး ။ ။ ဒေါက်တာမိုးကျော်သူ အခုလို VOA ကို လာရောက်ပြီး ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ကျနော်လည်းကြုံတုန်း စကားပြောခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။

မေး ။ ။ အခု Washington DC ကို ရောက်လာတာ သိပ္ပံဆိုင်ရာ အစည်းအဝေးတခုကို လာတက်တာလို့ သိရပါတယ်။ ဘာကိစ္စများပါလိမ့် သိခွင့်ရှိပါလား။

ဖြေ ။ ။ American Geophysical Union (AGU) လို့ခေါ်တဲ့ Geoscience နဲ့ ပတ်သက်ရင်တော့ ကမ္ဘာပေါ်မှာ အကြီးဆုံးအစည်းအဝေးပါ။ ဘာဖြစ်လို့လဲဆိုတော့ တက်ရောက်တဲ့လူက နှစ်သောင်းသုံးထောင်လောက် ရှိတယ်။ ထုံစံကတော့ San Francisco မှာ နှစ်တိုင်းလုပ်နေကြပါ။ ဒီနှစ်ကတော့ နှစ် (၁၀၀) ပြည့် အထူးဆိုပြီး Washington DC လုပ်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျနော်လည်း ရောက်လာခဲ့ရတာ။

မေး ။ ။ ကိုမိုးကျော်သူ က အခုဆိုရင် ဂျပန်နိုင်ငံမှာ အာဏာဝါသိပ္ပံနဲ့ နည်းပညာဆိုင်ရာဆိုင်ရာဌာနမှာ လုပ်နေတယ်ဆိုတော့ ဒီအစည်းအဝေးမှာ ဘာတွေများ ဆွေးနွေးဖြစ်ပါလဲ - သိပ္ပံနဲ့ နည်းပညာအကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့အခါ။

ဖြေ ။ ။ ဒီနှစ်အတွက် အထူးအနေနဲ့ လုပ်ဖြစ်တာကတော့ ကျန်ခဲ့တဲ့ (၃) နှစ် လောက်ကတည်းက ပြင်ဆင်ခဲ့ပြီး၊ ကျန်ခဲ့တဲ့နှစ်မှာ အထူးသဖြင့် Oman နိုင်ငံမှာ (၁) နှစ်တိတိ သွားနေပြီးတော့မှ လုပ်ခဲ့တဲ့ အိုဖီရိုလိုက် Ophiolite ကျောက်ကိုတူးတဲ့ Project တခုပါ။ အဲဒီ Project ရဲ့ ကိစ္စတော်တော်များများက ဂျပန်နိုင်ငံမှာလည်း ဆက်စပ်ပြီးလုပ်ဖြစ်တော့ သုတေသနရလဒ်တွေက ကျန်ခဲ့တဲ့ စက်တင်ဘာလမှာ အကုန်လုံးအပြည့်အစုံထွက်လာတယ်။ အဲဒါတွေကို ကျနော်တို့ အထူး Section ကြီးတခုအနေနဲ့ ဒီမှာလာပြီးတော့လုပ်တော့ စုစုပေါင်း လူ (၇၀) ဒီ Project ထဲက လာပြီးတက်ကြပါတယ်။

အဲဒါအပြင် အစိုးရ အေဂျင်စီအဖွဲ့အစည်းတခုနဲ့ တခြားသုတေသနနဲ့ဆိုင်တဲ့ ကိစ္စတွေ တော်တော်များများလည်း တင်ပါတယ်။ ကျနော့်ကိုယ်တိုင်တယောက်ထဲအနေနဲ့ တင်ပြဖြစ်တာက ကျနော့်ရဲ့ အဓိကဦးဆောင်တင်ပြတဲ့ Poster က နှစ်ခုပါ။ အဲဒါအပြင် တခြားသူတွေနဲ့တွဲပြီးလုပ်တာ (၅) ခု၊ စုစုပေါင်း (၇) ခု တင်ဖြစ်ပါတယ်။ အဲဒီအထဲမှာ Oman အပြင် လုပ်ဖြစ်တာက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ တချို့သုတေသနနည်းနည်းပါးပါးလည်း ရှိပါတယ်။

မေး ။ ။ အချိန်အားဖြင့် အခုသုတေသနလုပ်တာ ကမ္ဘာမြေကြီးအတွင်းပိုင်းကို တူးတာလို့ နားလည်ပါတယ်။ ဟုတ်ပါသလား။

ဖြေ ။ ။ ဟုတ်ပါတယ်။

မေး ။ ။ ဆိုတော့ ဒီလိုမျိုး လူတိုင်းက အာကာသကို စိတ်ဝင်စားနေတဲ့အချိန် အခုက သိပ္ပံပညာရှင်တွေ အမေရိကန်၊ ဂျပန်နဲ့ နိုင်ငံတကာသိပ္ပံပညာရှင်တွေပေါင်းပြီးတော့ ကမ္ဘာမြေကြီးအတွင်းပိုင်းကို တူးမယ်ဆိုတာ ဘာကြောင့်ပါလဲ။ နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ အခုနပြောပြတဲ့ Oman Project ကို ပြန်ပြီးတော့ကောက်ရင် ဘာဖြစ်လို့ Oman မှာ သွားပြီးတူးတဲ့ကိစ္စက ကမ္ဘာမြေကြီးမှာ ဘူမိဗေဒအရ အခြေခံရှင်းပြရမယ်ဆိုရင် အပေါ်ဆုံးအလွှာက လူတွေနေနေကြတယ်။ ငလျှင်တွေလှုပ်တယ်။ မီးတောင်တွေပေါက်တယ်ဆိုပြီး မြင်ကြတာ ကမ္ဘာ့ရဲ့ အပေါ်ဆုံးအလွှာ ပါးပါးလေး လိမ္မော်သီးနဲ့ပြောရင် အခွံပါးပါးလေး။ ပြီးတော့မှ အတွင်းမှာ တကယ့်အနစ်သာရရှိတဲ့ဟာက mantle လို့ခေါ်ပါတယ်။ ကမ္ဘာ့ရဲ့ ကြားအလွှာ။ နောက် အတွင်းဆုံးမှာက ကမ္ဘာ့ရဲ့ဗဟိုချက် Core ဆိုပြီး သုံးလွှာရှိတဲ့အထဲမှာ အပေါ်ဆုံးမှာရှိတဲ့ အလွှာလေးကလည်း ကုန်မြေကြီးတွေရှိတဲ့နေရာမှာ ကီလိုမီတာ (၇၀) လောက်အထိ ထူပါတယ်။ ကျနော်ပြောနေတဲ့ Crust ကမ္ဘာ့အပေါ်ဆုံးအလွှာ။ ဒါပေမဲ့ ပင်လယ်ထဲရောက်သွားတဲ့အခါကြတော့ အဲဒါက (၇) ကီလိုမီတာကနေ (၁၀) ကီလိုမီတာလောက်ပဲ ထူတော့တယ်။ အဲဒီတော့ သမိုင်းကိုပြန်ကောက်ပြောရရင် ကျန်ခဲ့တဲ့ နှစ် (၆၀) လောက်က အပိုလိုတွေ၊ အာကာသအစီအစဉ်တွေကို အလုအယက်စပြီး လုပ်ကြတဲ့အခါ ဘူမိ - ကမ္ဘာမြေဆိုင်ရာ သုတေသီတွေက အာကာသကိုသွားပြီးတော့ လေ့လာနေတဲ့အချိန်မှာ ငါတို့နေတဲ့ ကမ္ဘာကြီးရဲ့ အတွင်းပိုင်းကို ပိုပြီးသိဖို့ မကောင်းဘူးလားပေါ့။ အဲဒီတုန်းက ငလျှင်ဆိုတာ ဘာကြောင့်ဖြစ်သလဲဆိုတာကို မသိသေးတဲ့အချိန်။ ၁၉၅၇ ခုနှစ်လောက် အဲဒီအချိန်လောက်မှာ စလာတဲ့အစီအစဉ်ပါ။ အားလုံးကလဲ အမေရိကန်က စလာတဲ့ သုတေသနစိတ်ကူး။ ဒါပေမဲ့ စလိုက်ပြီး (၁၀) နှစ်တောင် မကြာလိုက်ဘူး။ နောက်ဆုတ်ခဲ့ရတယ်။ ဘာကြောင့် နောက်ဆုတ်ခဲ့ရလဲဆိုတော့ နည်းပညာပိုင်းဆိုင်ရာမှာ အရမ်းကိုခက်ခဲတယ်။ ပင်လယ်အောက် ရေအနက်ကြီးမှာ တူးတဲ့အပိုင်းနဲ့ ရေအနက်မှာရှိတဲ့ မြေကြီးအလွှာတွေကို တူးတဲ့အပိုင်းတွေမှာပါ။

အဲဒီမှာ နောက်ဆုတ်လိုက်ရတယ်ဆိုပေမယ့် ကောင်းတာ ဘာဖြစ်သွားလဲဆိုတော့ Ocean Drilling Program ဆိုပြီး အရမ်းကိုအောင်မြင်တဲ့ သမုဒ္ဒရာထဲမှာ တူးဖော်တဲ့အစီအစဉ်ကြီးတခုက ကျန်ခဲ့တဲ့ ၁၉၆၈ ကနေ စလိုက်တာ ဒီနှစ်ထဲမှာဆိုရင် ၂၀၁၈ ဆို နှစ် (၅၀) ပြည့်သွားခဲ့တယ်။ စကားကနည်းနည်းရှည်သွားပေမယ့် Ocean Drilling Program ကြီး အောင်မြင်သွားတဲ့အချိန်မှာပဲ ဘာဖြစ်လာလဲဆိုတော့ ကျနော်တို့ နည်းပညာတွေက ပြည့်စုံလာတဲ့အချိန်က ဒီနှစ်ထဲမှာပါ။ ဆိုတော့ ကျန်တဲ့နှစ်ကဆိုရင် Hawaii ကမ်းလွန်မှာ ကျနော်ကိုယ်တိုင်လည်းပါပါတယ် ကမ္ဘာ့ရဲ့ကြားလွှာ ဗဟိုကို ပထမဦးဆုံး တူးနိုင်မယ့်နေရာကို Site Survey တိုင်းထွာမှုတွေ လုပ်ခဲ့ပါတယ်။ ဆိုတော့ အဲဒါနဲ့ ပတ်သက်တဲ့ အခြေအနေလေးတွေ တင်ပြဖို့လာတာ ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ သိပ္ပံပညာရှင်တွေက ပြောပါတယ် အာကာသထဲက ဂြိုဟ်တွေ၊ နက္ခတွေအကြောင်းတွေ သိချင်လို့ရှိရင်၊ စူးစမ်းချင်ရင် ကမ္ဘာမြေကြီးထဲက အတွင်းပိုင်းထဲက တကယ်ကိုဖြစ်နေတာတွေကို စူးစမ်းတဲ့အခါ ဒါတွေက အဖြေတွေလို့ ပြောပါတယ်။ အဲဒီအတွက်ကို တူးတယ်လို့ နားလည်ပါတယ်။ အခု သမုဒ္ဒရာအတွင်းပိုင်းထဲ တူးတယ်ဆိုတာ။ အခု Hawaii နေရာလေးမှာ ရွေးတာကလည်း အပေါ်ကအလွှာလေးက ပါးတယ်လို့ ဆိုပါတယ်။ အဲဒီအခြေအနေလေးကို နည်းနည်းရှင်းပြပေးပါ။ ဘယ်လောက်အထူကို ဘယ်လိုတူးပြီးတော့ ဘယ်နေရာက ကျောက်တွေကို ယူမလဲ။ ဘာတွေလေ့လာသလဲဆိုတာကို နည်းနည်းလေး ရှင်းပြပေးပါ။

ဖြေ ။ ။ ကမ္ဘာ့ရဲ့ အပေါ်ယံအလွှာရဲ့ အပါးဆုံးရှိတဲ့ နေရာကို ရှာလိုက်တော့ Pacific သမုဒ္ဒရာထဲမှာပဲ (၃) နေရာ တွေ့ပါတယ်။ အဲဒီ (၃) နေရာကလွဲရင် တခြားနေရာတွေကို မသွားကြတော့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တာ ကျန်ခဲ့တဲ့ (၁၀) နှစ်လောက်ကပါ။ ဆုံးဖြတ်ခဲ့ပြီးပြီမှ ကျနော်တို့ သုတေသနဆိုတဲ့အတိုင်းပဲ မတူးခင်မှာ တူးမယ့်နေရာကို ရေနံကုမ္ပဏီတွေလိုပဲ Site Survey တွေလုပ်မယ်။ ဘယ်အနက်လောက်ကို ဘယ်လောက်လောက်ကို ဘယ်နေရာကိုရွေးပြီး တူးဖို့အတွက် Site Survey လုပ်ဖို့ လိုပါတယ်။ Site Survey ကလည်း ငွေကုန်ကြေးကြ အတော်များပါတယ်။ အဲဒီ Hawaii မှာ ပြင်ဆင်နေတာ (၆) နှစ်လောက် ကြာပြီးမှ ကျန်ခဲ့တဲ့နှစ်က သွားနိုင်တာပါ။ သွားပြီးတော့ တိုင်းထွာလိုက်တဲ့အခါမှာ ဘာသွားတွေ့သလဲဆိုတော့ ကောင်းတဲ့အချက်လေးတွေ ကျနော်တို့အတွက်တော့ Good news ရတဲ့သဘော။ ပင်လယ်ရေရဲ့ အနက်က (၄) ကီလိုမီတာ ရှိပါတယ်။ ကောင်းတယ်ဆိုတာတောင် (၄) ကီလိုမီတာဆိုတဲ့ဟာက လောလောဆယ်မှာ ရေနံကုမ္ပဏီတွေ မတူးနိုင်သေးတဲ့နေရာ။ ဒါပေမဲ့ လာမယ့်နှစ်မှာ ရေနံကုမ္ပဏီတွေက (၄) ကီလိုမီတာ ရေအနက်နေရာမှာ စပြီးတော့ တူးပါတော့မယ်။ အဲဒီတော့ ကျနော်တို့က အခုကတည်းကစပြီး ပြင်ဆင်မယ်ဆိုရင် နောက် (၃) နှစ်ကနေ (၆) နှစ်အတွင်း တူးမယ်ဆိုရင် တူးနိုင်လောက်တယ်ဆိုတဲ့ဟာမျိုး Postive ဖြစ်ပါတယ်။

ဒုတိယတချက်က အဲဒီ ပင်လယ်ကြမ်းပြင်ကနေမှ (၄) ကီလိုမီတာအနက် ရေရဲ့အောက်ကနေ တကယ့်ကို ကျနော်တို့ သွားချင်တဲ့ Moho ဆိုတဲ့ ကမ္ဘာ့ဆက်စပ်မှုမဲ့ဇုန် - ဘာဖြစ်လို့ အဲဒီဇုန်က လူတွေ သတိထားမိလဲဆိုတော့ ကျန်ခဲ့တဲ့ နှစ် (၁၀၀) ရှိသွားပါပြီ။ Mohoroviči ပညာရှင်ကနေ Site survey တိုင်းထွာမှုတွေ လုပ်တဲ့အခါမှာ ရုတ်တရက်ကြီး Site survey velocity အလျင်က သိသိသာသာကြီး ပြောင်းသွားတဲ့အတွက်ကြောင့်မို့ သူက ရိုးရိုးလေး၊ မသိမသာ ပြောင်းသွားတဲ့ Boundary မျိုး မဟုတ်ဘဲနဲ့ အရမ်းကြီးကို မတူတဲ့ Rock formation နှစ်ခုက ဆုံတဲ့နေရာလို့ သတ်မှတ်တဲ့ဟာမျိုး။ ဆိုတော့ အဲဒီနေရာက နောက်ထပ် (၇) ကီလိုမီတာ ရှိပါတယ်။ ပင်လယ်ရဲ့ ရေမျက်နှာပြင်မှာရှိတဲ့ သင်္ဘောကနေ တူးမယ်ဆိုရင် အခုလောလောဆယ် (၁၁) ကီလိုမီတာ တူးရမယ့် သဘောပါ။

မေး ။ ။ အခု နည်းပညာတိုးတက်လာမှ ဒီဟာတွေကို လုပ်နိုင်တာပေါ့။ ဦးမိုးကျော်သူ Oman မှာ သွားပြီးတော့ တူးခဲ့တဲ့ဥစ္စာက အိုဖီရိုလိုက် Ophiolite ကျောက် အလွှာတွေ ကမ္ဘာမြေကြီးအတွင်းပိုင်းမှာရှိတဲ့ ကျောက်မျိုး။ ဆိုတော့ အဲဒီမှာ တွေ့ရတဲ့အခြေအနေ။ အဲဒီမှာ လုပ်ခဲ့တုန်းက အောင်မြင်မှုတွေ ရှိလား။ ဘာတွေ တွေ့ခဲ့လဲ။ ကမ္ဘာမြေကြီး အောက်ကိုတူးတဲ့အတွက်ကြောင့် ဘာအကျိုးကျေးဇူးတွေ ရလဲ။ နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ အိုမန်ကရှိတဲ့ အိုဖီရိုလိုက် က အဲဒီအဓိပ္ပါယ်ရှင်းလင်းချက်က ကျနော်လည်း အရင်က အဲဒီကျောက်ကို အထူးပြုလေ့လာတဲ့ လူမဟုတ်ပေမယ့် သိလာရတဲ့ဥစ္စာက သူက ကမ္ဘာ့အပေါ်ယံအလွှာက ပင်လယ်ရေအောက်ထဲမှာ တက်လာပြီးတော့ အေးခဲသွားတဲ့ မီးသင့်ကျောက်တွေ ဖြစ်လာတဲ့အခါမှာ သူတို့ဟာ တဆက်တည်း အပေါ်ယံအလွှာနဲ့ အလယ်ကကြားလွှာ Moho နဲ့ Crust တဆက်တည်းရှိနေတဲ့ဟာကို ကမ္ဘာ့ရဲ့ဖြစ်စဉ်အရ ရုတ်တရက်ကြီးအပေါ်ကို တက်သွားအောင် မြှင့်လိုက်တဲ့ဟာမျိုးဖြစ်လာတဲ့နေရာ။ အဲဒီနေရာမှာ တွေ့ရတဲ့ကျောက်ကို ခေါ်တာဆိုတော့ သူက ကမ္ဘာပေါ်မှာ Cyprus မှာ ရှိတယ်။ နောက် Oman မှာက အကောင်းဆုံးမြင်ရတဲ့ဟာဆိုတော့ ကျနော်တို့က အနက်ကြီးကို မတူးသေးဘဲနဲ့ ဒီကျောက်တွေကို ကုန်ပေါ်မှာ လွယ်လွယ်ကူကူ တူးလို့ရတဲ့နေရာရှိတဲ့ အိုမန် ကို ရွေးလိုက်တာပါ။ အိုမန်မှာ ရွေးလိုက်ပြီး ကျနော်တို့က တကယ့် Moho အစစ်မဟုတ်ဘူး။ တချိန်တုန်းက ဖြစ်ခဲ့တဲ့ Moho က ကုန်ပေါ်မှာ ရောက်နေပေမယ့် သူ့ရဲ့ Properties ဂုဏ်သတ္တိ တွေကတော့ ရှိနေအုံးမှာပဲဆိုပြီးတော့ တူးပြီးတော့ တိုင်းထွာမှုတွေကို အပြည့်လုပ်ကြတယ်။ အဲဒီမှာ တစိတ်တပိုင်း ဝင်လုပ်ခဲ့တယ်ဆိုတော့ မှန်းလို့ရသွားပြီ၊ ပင်လယ်အောက်ကို တူးတဲ့အချိန်မှာ ဘယ်လိုကျောက်မျိုးကို တွေ့ရမယ်ဆိုတာ။ နောက်တခု စကားဆက်စပ်သွားလို့ပါ ဒီ အိုဖီရိုလိုက်ဆိုတဲ့ဟာက မြန်မာပြည်မှာ ရှိပါတယ်။

မေး ။ ။ ဆိုတော့ ဒီလိုမျိုး ကမ္ဘာမြေအောက်ကို တူးတဲ့ဥစ္စာနဲ့ ပတ်သက်ပြီးတော့ ဘာတွေများ အကျိုးကျေးဇူး ရနိုင်သလဲ။ သိပ္ပံပညာရှင်တွေ ဒါတွေတူးဖော်တယ်။ ရှာဖွေတယ်။ စူးစမ်းတယ်။ ဂုဏ်သတ္တိတွေ လေ့လာတယ်။ ဒီလိုလုပ်ပြီး လေ့လာတာတွေက ဘာအကျိုးရှိနိုင်လို့လဲ။

ဖြေ ။ ။ ပြောရရင် ကမ္ဘာမြေသုတေသန Geosciences ဆိုတာက စူးစမ်းသိချင်တာက ပထမအဆင့်။ အဲဒီမှာ ကမ္ဘာကြီးတခုလုံးမှာ ကျနော်တို့ မသိသေးတာကို ပြောရရင် ကမ္ဘာ့အတွင်းပိုင်းက Moho ပါ။ Moho ရဲ့အောက်က Core ဆိုတာတော့ ဘယ်လိုမှ လက်လှမ်းမမီသေးပါဘူး။ ရုပ်ရှင်တော့ ရှိပါတယ်။ လေဆာနဲ့ ရောက်သွားတဲ့ဟာမျိုး။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ တွေးကြည့်တာ။ Moho ကိုတော့ သွားနိုင်မယ်ဆိုတာ ကျနော်တို့ သိတယ်။ ပြီးတော့ ကမ္ဘာ့ရဲ့အပေါ်ဆုံးအလွှာ လူတွေနေတဲ့နေရာမှာတောင်မှ ငလျှင်တွေ၊ မီးတောင်ပေါက်တာနဲ့ သဘာဝဘေးအန္တရာယ်တွေ အမျိုးစုံဖြစ်နေတယ်၊ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ဟာ သူ့ထက် သိသိသာသာကြီး မတူတဲ့ Moho ကို တူးလို့ရနိုင်မယ်ဆိုရင် ကျနော်တို့ အခုအချိန်အထိ ရှိနေခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဖြစ်စဉ်တွေအားလုံးကို လေ့လာတွက်ချက်တဲ့အပိုင်း၊ နောက် Modeling လို့ခေါ်တဲ့ ပုံစံဖော်တဲ့အပိုင်းမှာလည်း ပိုပြီးတော့ တိတိကျကျ ပုံစံဖော်နိုင်မယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိမ်တဲ့နေရာမှာဆိုရင် (၇) ကီလိုမီတာပဲ ရှိတဲ့အတွက်ကြောင့် အဲဒါအပြင်ကို ကျနော်တို့နောက်ဆုံး ကျန်တဲ့ နှစ် (၂၀) လောက်က ခေတ်စားလာတဲ့ Microbiology သက်ရှိသတ္တဝါသေးသေးလေးတွေ မျက်စိနဲ့မမြင်နိုင်တဲ့ သက်ရှိသတ္တဝါလေးတွေကို တူးတာနက်လေနက်လေ အောက်စီဂျင်မရှိတဲ့နေရာမှာ လူအနေနဲ့ဆိုရင် သက်ရှိသတ္တဝါအနေနဲ့ သက်ရှင်မနေနိုင်တဲ့ အရမ်းပူတဲ့နေရာ၊ အောက်စီဂျင်မရှိတဲ့နေရာမှာ အများကြီးအသက်ရှင်နေတာကို တွေ့လာရတယ်ဆိုတော့ အဲဒါတွေက အဲဒီမှာ ဘယ်လောက်အထိ ဘယ်လိုရှင်သန်နေတယ်ဆိုတာကို သိလာရမှာပါ။ လူသားတွေရဲ့ ဖြစ်လာတဲ့အပိုင်းကိုတောင်မှ အဲဒီကနေ ကောက်ချက်ချဆွဲနိုင်မလား။ သိနိုင်မလားဆိုတဲ့အထိကို တချို့တွေက စိတ်ကူးယဉ်တဲ့အဆင့် ရောက်နေပါပြီ။