မြန်မာလူငယ်တွေကို ယုံကြည်မှုမြင့်မားစေချင်

Mister Global 2014 ဆုရှင် မာကို (ခေါ်) မြတ်သူရလွင်

Your browser doesn’t support HTML5

Mister Global 2014 ဆုရှင် မာကိုနဲ့ တွေ့ဆုံမေးမြန်း


ဒီတပတ် မြန်မာ့ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာလူငယ်တွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ပညာရေးစနစ်အရ ပြုစုပျိုထောင်ပေးဖို့ လိုအပ်နေတယ်လို့ အနုပညာရှင် မာကို (ခေါ်) မြတ်သူရလွင် က ပြောပါတယ်။ မြန်မာကလေးငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုထောင်ရေးမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သွားဖို့လည်း ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အသက် (၂၁) နှစ်ရှိပြီး တက္ကသိုလ်မှာ Psychology ဘာသာရပ် ယူထားတဲ့ မြတ်သူရလွင် (ခေါ်) မာကို ဟာ နိုင်ငံတကာအလှမောင်ပြိုင်ပွဲတခုဖြစ်တဲ့ Mister Global ပြိုင်ပွဲမှာ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံသားတဦးအနေနဲ့ Mister Global 2014 ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ ဝါရှင်တန်ဒီစီကို ရောက်ရှိလာခဲ့တဲ့ မော်ဒယ် ရုပ်ရှင်သရုပ်ဆောင် မာကို ကို VOA ရုံးမှာ မအင်ကြင်းနိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မြန်မာနိုင်ငံက ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်တဲ့အချိန်မှာ ကိုမာကိုအနေနဲ့ ပထမဆု ရခဲ့တဲ့အတွက် အဲဒီလို ရလာတဲ့ အခြေအနေကို ပြောပြပါ။

ကိုမြတ်သူရလွင် ။ ။ ဘယ်လိုရလာလဲဆိုတော့ ပထမ ကျနော် ရန်ကုန်မှာ ရိုးရိုးပဲ မော်ဒယ်လုပ်တယ်။ တခြားပြိုင်ပွဲတွေကို ဝင်ပြိုင်ဖြစ်တယ်။ အဲဒီအချိန်မှာ Organization တခု Brilliant Agency က ကိုဇေယျာဟိန်းကနေ နိုင်ငံခြားပွဲ လွှတ်ချင်တယ်။ ပထမဦးဆုံး မြန်မာနိုင်ငံမှာလည်း International ပွဲ ဘယ်သူမှလဲ မသွားသေးဘူးဆိုတော့ မိန်းကလေးတွေပဲ သွားတယ်ဆိုတော့ Miss Universe, Miss World တို့ လာပြိုင်ကြတယ်။ Miss International ပွဲတွေ လာပြိုင်တဲ့အခါမှာ ယောကျ်ားလေးအနေနဲ့ ဘာပြိုင်ပွဲလုပ်မလဲဆိုပြီး သူရွေးလိုက်တဲ့အချိန်မှာ Mister Global ကို Franchise ဝယ်လိုက်တယ်။ ဝယ်ပြီးတော့ ကျနော်ကို သွားရောက်ပြီးတော့ ပထမဦးဆုံး လူရွေးတယ်။ လူရွေးတဲ့အခါမှာ ကျနော့်ကို သဘောကျပြီးတော့ ကျနော် အရပ်အမောင်းကောင်းတယ်၊ ရုပ်ရည်အသင့်အတင့်ရှိတယ်အခါကြတော့ ဒီပွဲနဲ့ ကိုက်ညီတယ်။ ကိုက်ညီတယ်ထင်ပြီးတော့ သွားပြိုင်ခွင့်ပြုလိုက်တာ။ အဲဒီအချိန်မှာ သွားပြိုင်တယ်။ သွားပြိုင်တဲ့အခါမှာ ကျနော်တို့ (၁၄) ရက် ဘန်ကောက်မှာ camp ဝင်တယ်။ ပြီးတဲ့အခါမှာ ပြိုင်ပွဲပြိုင်တယ်။ ပြိုင်ပွဲမှာ (၂၃) နိုင်ငံပါတယ်။ အမေရိကန်လည်းပါတယ်။ ကနေဒါပါတယ်။ ပြင်သစ်၊ ပေါ်တိုရီဂိုး၊ ကာစ္စစတန်၊ နိုင်ငံတွေအများကြီး (၂၃) နိုင်ငံထဲမှာ ကျနော် ပထမဆု ရခဲ့တယ်။

မအင်ကြင်းနိုင် ။ ။ သူတို့ ပထမဆုအဖြစ် ရွေးချယ်ချီးမြှင့်တဲ့အခါမှာ သူတို့ အဓိက စံထားတာ Mister Global International ဖြစ်ဖို့ သူတို့ စံထားတဲ့အချက်တွေက ဘာတွေလဲ။

ကိုမြတ်သူရလွင် ။ ။ Handsome, Smartness, Attitude အဓိက အဲဒီ (၃) ချက်က Mister Global ခေါင်းစဉ်အောက်မှာ ရှိတယ်။

မအင်ကြင်းနိုင် ။ ။ ဒီလို Mister Global International မှာ ပထမဆု ရခဲ့တဲ့အတွက် အကျိုးဆက်တွေက နောက်ပိုင်း မြန်မာပြည်မှာ မာကိုရဲ့ နောက်ပိုင်းလှုပ်ရှားမှုတွေမှာ ဘယ်လို ထိရောက်မှုတွေ ရှိခဲ့လဲ။

ကိုမြတ်သူရလွင် ။ ။ နောက်ပိုင်းလှုပ်ရှားမှုတွေမှာ လူတွေ ပိုပြီးအာရုံစိုက်ခြင်း ခံရတယ်။ ပထမဦးဆုံးသွားတဲ့ Mister တယောက်ဖြစ်တယ်။ ပြီးတော့ သွားပြိုင်တဲ့ပွဲမှာ ပထမဆု ရခဲ့တဲ့အခါကြတော့ လူတွေပိုပြီး အာရုံစိုက်ခြင်း ခံရတယ်။ အခုအချိန်အထိလည်း လူတွေ အာရုံစိုက်ခြင်းကို ခံနေရတုန်းပါ။ ပရိသတ်အဆက်မပြတ်သွားဘူး။ ပရိသတ်တွေရဲ့ ချစ်ချင်းကို ခံနေရတယ်။ ပြီးတော့ များသောအားဖြင့် ကျနော် လုပ်ဖြစ်တာက ရန်ကုန်နဲ့ တခြားနယ်တွေမှာ ပရဟိတ လုပ်ငန်းတွေ လုပ်ဖြစ်တယ်။ ပရဟိတလုပ်ငန်းဆိုတာတွေက မိဘမဲကျောင်း၊ အဓိက ကလေးတွေအတွက် လုပ်ဖြစ်တာများတယ်။

မအင်ကြင်းနိုင် ။ ။ ဒီလို မော်ဒယ်လိုင်းဘက် အနုပညာလိုင်းဘက်ကို အခုလို မာကို ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းက ဘာလဲရှင့်။

ကိုမြတ်သူရလွင် ။ ။ ဒီအနုပညာကို ရွေးချယ်ခဲ့တာက ပထမ စလုပ်တဲ့အချိန်မှာ ဝါသနာအရ ဝင်လုပ်ဖြစ်ခဲ့တယ်။ ဒီလိုမျိုး Mindset လည်း မရှိခဲ့ဘူး။ တခါမှ ဘာကြောင့်လဲဆိုတာလဲ မသိဘူး။ စလုပ်ကတည်းက ဒီအလုပ်ကို ဝါသနာပါလို့ဆိုပြီး ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်။ ပြီးတော့ (၁) နှစ်၊ (၂) နှစ်လောက် နေတဲ့အချိန်မှာ ဘာကိုသွားသတိရလဲဆိုရင် ကျနော် လေ့လာနေတဲ့ သင်နေတဲ့ ပညာရေးက စိတ်ပညာ၊ ပြီးတော့ ဗမာပြည်ကလူတွေ၊ ကလေးတွေမှာ ဘာတွေလိုအပ်နေလဲ။ သူတို့ရဲ့ အဓိကအချက်ဖြစ်တဲ့ သူတို့မှာ မျှော်လင့်ချက် မရှိတဲ့ဥစ္စာမျိုး။ သူတို့မှာ confidence မရှိဘူး။ Human Rights ဆိုတာ ဘာလဲ မသိဘူး။ အဲဒါမျိုးတွေအတွက်ကို သူတို့မှာ ယုံကြည်မှု ရှိလာအောင် လုပ်ပေးချင်တယ်။ အဲဒီစိတ်လေး ပေါ်လာတယ်။ အဲဒီစိတ်လေး ပေါ်လာတဲ့အခါကြတော့ ထပ်ပြီးတော့ အောင်မြင်အောင်လုပ်တယ်။ ဒီအနုပညာမှာ အောင်မြင်အောင် ကြိုးစားတဲ့အခါကြတော့ မြန်မာပြည်ရဲ့၊ မြန်မာပြည်လူထုရဲ့ အနုပညာရှင်တွေ စိတ်ဝင်စားမှုက ရာခိုင်နှုန်းများတယ်။ ၈၀ ရာခိုင်နှုန်းလောက်က အနုပညာရှင်တွေအပေါ် အာရုံစူးစိုက်မှု ရှိတယ်။ အဲဒီအခါကြတော့ ကျနော်တို့ ကောင်းတာလုပ်ရင်၊ သူတို့က လိုက်လုပ်တယ်။ ကျနော်တို့ အဝတ်အစားဝတ်တာကအစ သူတို့ သတိထားပြီး လိုက်ဝတ်ကြတယ်။ အိုက်တင်တွေကအစ အကယ်၍ ရာဇာနေဝင်းဆိုရင် ရာဇာနေဝင်း ဆံပင်ဒီဇိုင်း အဲဒီလိုတွေ လိုက်လုပ်တဲ့အခါကြတော့ ကျနော်တို့ တခြားပရဟိတအနေနဲ့ ကလေးတွေကို စိတ်ဓါတ်ခွန်အားရလာအောင် လုပ်ပေးနိုင်မယ်ဆိုလို့ရှိရင် သူတို့လည်း နောက်ကနေ လိုက်ပြီးတော့ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ အဲဒီလိုစိတ်မျိုးထားတတ်လာတယ်။ အဲဒီစိတ်မျိုး ဖြစ်လာတဲ့အခါကြတော့ ဖြေးဖြေးချင်း စလုပ်ဖြစ်ခဲ့တယ်။

မအင်ကြင်းနိုင် ။ ။ ဆိုတော့ မာကို ကိုယ်တိုင်ကရော ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်ဘာသာရပ်ကို ရွေးချယ်လဲ။ အခု ပညာသင်ကြားနေတဲ့ တက္ကသိုလ်အဆင့် ဘာသာရပ်တွေက ဘယ်လို ရွေးချယ်ထားသလဲရှင့်။

ကိုမြတ်သူရလွင် ။ ။ ကျနော်က Psychology စိတ်ပညာကို ရွေးချယ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ကလေးတွေကို Mindset အရ ဦးနှောက်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ ပြန်ပြီးပြုပြင်ပေးချင်လို့။ ပြုပြင်ပေးချင်တာထက် သူတို့ကို စိတ်ခွန်အားတွေ ပေးချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာအောင် စိတ်ခွန်အားတွေ ပေးချင်တဲ့အတွက်ကြောင့် ဘယ်လို စကားတွေ ပြောရမလဲ။ လုပ်ရမယ်ဆိုတာကို သိချင်တယ်။ ပြီးတော့ လူတွေရဲ့ ဦးနှောက်ကို ဘယ်လို ဖတ်ရမယ်။ Counseling ဘယ်လို လုပ်ရလဲဆိုတာကို သိချင်တဲ့အတွက်ကြောင့်မို့ ဒီဘာသာရပ်ကို ရွေးချယ်ခဲ့တာပါ။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုရင် ဥပမာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလဲ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု နှစ်ခုစလုံးကိုရအောင် တော်တော်လေး အလေးထားတာတွေ့တယ်။ ပညာရေးစနစ်အရ၊ ပြုစုပျိုထောင်တဲ့နေရာမှာ။ အဲဒီတော့ မာကိုက အဲဒီကလေးတွေကို ပြုစုပျိုထောင်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြုစုပျိုထောင်တာကိုလည်း တော်တော်ကို စိတ်ဝင်စားတယ်ဆိုတော့ ဘာကြောင့် အဲဒီဟာကို တော်တော်စိတ်ဝင်စားတဲ့ ထူးခြားချက်က ဘာကြောင့်ပါလဲရှင့်။

ကိုမြတ်သူရလွင် ။ ။ အဲဒါလဲ ဘယ်လို ပြောရမလဲ ကျနော့် Sense ဦးနှောက်ထဲမှာ အဲဒီအတွေးတခု ဝင်လာတယ်။ ကျနော် ခရီးထွက်တယ်။ နိုင်ငံခြားတွေ သွားဖြစ်တယ်။ Australia သွားဖြစ်တယ်။ ပြည်ပခရီးတွေ အများကြီးရောက်ဖြစ်တယ်။ စင်္ကာပူ သွားဖြစ်တယ်။ တခြားနိုင်ငံမှာ ကလေးတွေကို ဘယ်လို Control လုပ်ကြတယ်။ ရုပ်ရှင်တွေ အများကြီးကြည့်တယ်။ ရုပ်ရှင်တွေ အရမ်းကြည့်တဲ့အခါကြတော့ ကောင်းတဲ့ Movie လေးတွေ ကြည့်ဖြစ်တယ်။ ကိုယ့်ကိုယ် ပညာပေးတဲ့ ရုပ်ရှင်မျိုး။ ပြီးတော့ ရုပ်ရှင်ကြည့်လို့ရှိရင် ရုပ်ရှင်ကို ကြည့်ပြီးရင်ပြီရောဆိုပြီး မမေ့လိုက်ဘူး။ ကျနော် ဆက်စပ်ပြီး တွေးကြည့်တယ်။ ရုပ်ရှင်ထဲမှာ Family Movie ဆိုရင် သူတို့ သားသမီးတွေကို ဘယ်လို ထိန်းကျောင်းလဲဆိုတဲ့ဟာလေးတွေကို ကြည့်တယ်။ ဟာသဆိုရင်လဲ ဟာသကို ရယ်ပြီးတော့ ပြီးသွားတဲ့ပုံစံမျိုး မဟုတ်ဘူး။ ဒီဟာသထဲမှာ ဘာပါလဲဆိုတဲ့ အနှစ်သာရကို ပြန်ကြည့်တယ်။ ပြန်ပြီးတော့ လေ့လာတယ်။ ရုပ်ရှင်ကားတွေဆို နှစ်ခေါက်သုံးခေါက်လောက် ပြန်ကြည့်ဖြစ်တယ်။ သူတို့ကလေးတွေကို ဘယ်လို ပြုစုပျိုထောင်လဲ။ ဒီနိုင်ငံကြီး တိုးတက်နေတာ ဘာကြောင့်လဲ။ သူတို့ Personality တွေက ဘယ်လိုမျိုး။ သူတို့ Attitude တွေက ဘယ်လိုမျိုး။ ပြီးတော့ လူတယောက်ကို ဘယ်လိုမျိုး Control လုပ်လဲ။ အဓိကက ဘယ်လိုမျိုး Control လုပ်လဲဆိုတာကို ရုပ်ရှင်တွေထဲမှာ သေချာကြည့်ရင် သိသာပါတယ်။ ရုပ်ရှင်လို မကြည့်ဘဲနဲ့ ပညာပေးတခုအနေနဲ့ ဒါလေးကို ကြည့်ခြင်းအားဖြင့် ဘယ်လို ပညာရသလဲဆိုတာမျိုးပေါ် မူတည်ပြီးတော့ သိရတယ်။ ပြီးရင် စာအုပ်ဖတ်တယ်။ စာအုပ်တွေ ဖတ်တဲ့အခါကြတော့ စာများများဖတ်တဲ့အခါကြတော့ ပိုပြီးတော့ အမြင်ကျယ်သွားတယ်။ ပိုပြီးတော့ သတိထားမိတယ်။ ပြီးတော့ ကိုယ့်နိုင်ငံမှာ ဘာတွေလိုအပ်နေလဲ။ တခြားနိုင်ငံ သွားလိုရှိရင် ကိုယ့်နိုင်ငံမှာ ဘာတွေလိုအပ်နေလဲ။ ဘာကြောင့် မတိုးတက်တာလဲ။ ဘာကြောင့် ကလေးတွေ စိတ်လေလွှင့်နေလဲ။ သူတို့မှာ မျှော်လင့်ချက် မရှိဘူး။ မျှော်လင့်ချက် မရှိဘူး မဟုတ်ဘူး။ သူတို့ ကြိုးစားရင် ဖြစ်နိုင်တယ်ဆိုတာ သူတို့ မသိဘူး။ သူတို့ကို မိဘတွေက အဲဒီ ယုံကြည်မှုကို မပေးခဲ့ဘူး။ အသက်ဘယ်လောက်ကြီးသွားကြီးသွား မိဘလုပ်စား ထိုင်စားနေကြတယ်။ သူတို့မှာ ယုံကြည်မှု မရှိတဲ့အတွက်ကြောင့်မို့ အဲဒီလို ပြဿနာတွေ ဖြစ်နေတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မာကိုကိုယ်တိုင် နိုင်ငံခြားတွေသွားတယ်။ အခုဆိုရင် အမေရိကန်ပြည်ထောင်စုကို အလည်ရောက်နေတယ်။ အဲဒီတော့ ကိုယ့်နိုင်ငံက လူငယ်တွေရဲ့ အခြေအနေနဲ့ ယှဉ်ပြီးတော့လည်း ကြည့်နိုင်တဲ့အခါကြတော့ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်။ စင်္ကာပူရောက်တုန်း .. သူတို့ တကယ်ကို ကြိုးစားပြီးတော့ ညီညီညွှတ်ညွှတ်နဲ့ ကြိုးစားကြမယ်ဆိုရင် စင်္ကာပူနိုင်ငံကို အနှစ် (၂၀) အတွင်းမှာ ကျော်သွားနိုင်မယ်ဆိုတဲ့။ သူပြောသွားတဲ့ စကားအရကော အခုခေတ် မြန်မာနိုင်ငံက လူငယ်တွေရဲ့ အနေအထားအရဆိုရင် ဖြစ်နိုင်သလား။ လူငယ်တွေက လိုက်နိုင်သလား။ သူတို့ရဲ့ အခြေအနေ ဘယ်လိုရှိသလဲ။

ကိုမြတ်သူရလွင် ။ ။ ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတာက နှုတ်ကျိုးသွားတဲ့ ကလေးတွေကတော့ ဖြစ်နိုင်မယ် မထင်ဘူး။ နှုတ်ကျိုးသွားတယ်ဆိုတာက အသက် (၂၅) အသက် (၂၆) လူငယ်အရွယ်လောက်ကတော့ တခါတလေကြတော့ တချို့တွေက ဖြစ်နိုင်ချေမှ ဖြစ်နိုင်မယ်။ တချို့တွေကြတော့ စာအုပ်ကြီးအတိုင်း ဖြစ်သွားတယ်။ နောက်ပိုင်းတက်လာမယ့် ကလေးတွေကတော့ ဖြစ်နိုင်တယ်။ သူတို့ကို ပြင်ပေးလို့ ရသေးတယ်။ ပြင်ပေးလို့ရတဲ့အရွယ် (၁၄) (၁၅) (၁၆) အရွယ်တွေဆို သူတို့ရဲ့စိတ်ကို ပြင်ပေးလို့ရတယ်။ သူတို့ကို ယုံကြည်မှုတွေ ပေးလို့ရသေးတယ်။ သူတို့ ကြိုးစားရင် ကြိုးစားသလောက် ဖြစ်သေးတယ့် အရည်အချင်း ရှိသေးတယ်။ အဲဒီကလေးမျိုးဆိုရင်တော့ ဒါက ဖြစ်နိုင်တဲ့ အနေအထားရှိတယ်။ လူငယ်တွေတော်တော်များများက သူတို့မှာ အဓိကပြဿနာက ကျနော် အခုန ပြောသလိုပဲ Confidence ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဘာလို့ မရှိသလဲဆိုတော့ မွေးကတည်းကရော၊ ကျောင်းပညာရေးမှာကော သူတို့ကို ယုံကြည်မှု မပေးခဲ့ဘူး။ ကျောင်းပညာရေးမှာလည်း များသောအားဖြင့်က ဒီစာကျက်မယ်။ ဒီစာသင်လိုက်တယ်။ ဒါဖြေမယ်။ ကျူရှင်သွားမယ်။ ကျူရှင်မှာလည်း တတ်အောင် တကယ်သင်လား။ Physics ဘာလဲ။ တကယ်သိလား မေးကြည့် မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီပညာရေးတခုကြောင့် ဒီလို ဖြစ်နေတာ။ အဓိကပြင်ရမှာ ပညာရေး။ ပညာရေးမှာမှ ဆရာတွေ၊ ဆရာမတွေကလည်း ပြောရမယ်။ မင်း ဘာသာဝါသနာပါလဲ။ ဝါသနာပါတဲ့ဟာကို အဓိကလုပ်မယ်။ ပညာရေးမှာ ဝါသနာ မပါတော့ဘူး။ ပညာရေးမှာ ပါရမီ မပါလာဘူး။ တချို့ဆိုရင် မွေးရာပါ ပညာရေးကို ဘယ်လောက် ကြိုးစားကြိုးစား၊ ဝလုံးကို ဝိုင်းအောင်ရေးခိုင်း ဝလုံးက လေးထောင့်ပဲ ဖြစ်နေတယ်။ အဲဒါမျိုးပေါ့။ အဲဒီအခါကြတော့ အဲဒီကလေးမျိုးကိုတော့ သူ့ရဲ့ ထူးချွန်တဲ့အချက် ဘာရှိလဲဆိုတာကို ပြန်ကြည့်။ သူ့ရဲ့ ထူးချွန်တဲ့အချက်ပေါ် မူတည်ပြီးတော့ ပျိုထောင်ပေးရမယ်။ အဲဒီကလေးကိုလည်း မိဘတွေက မနှိမ်ဖို့၊ တခြားဘေးကလူတွေကလည်း မနှိမ်ဘူး၊ မချိုးနှိမ်ဖို့။ ကလေးရဲ့စိတ်ဓါတ် ပျက်ပြားသွားအောင် မလုပ်ဖို့။ အဓိက ကလေးတွေ စိတ်ဓါတ်ပျက်ပြားသွားတယ်ဆိုတာ အဲဒါကြောင့်။ ဘေးကနေ လိုက်ပြီးတော့ သွေးထိုးကြမယ်။ လိုက်စကြမယ်။ ပြောကြမယ်။ သူက စာမတော်ဘူး။ စာမတော်ဘူးဆိုရင် သူကို နှိမ်ကြမယ်။ အဲဒီအခါကြရင် ကလေးက ငယ်တဲ့အချိန်မှာ စိတ်ခံစားချက်တခု ဖြစ်သွားမယ်။ အဲဒီ စိတ်ခံစားချက် ဖြစ်သွားတဲ့အခါမှာ သူ့မှာ တက်လမ်းကို မမြင်တော့ဘူး။ သူ့မှာ တခြားထူးခြားတဲ့အချက်ကို မသိတော့ဘူး။ အဲဒီလို ဖြစ်နေတဲ့ ကလေးမျိုးတွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံမှာ ရန်ကုန်မြို့နဲ့ နယ်တွေမှာ အများကြီးတွေ့ရတယ်။ အဲဒီလို ကလေးမျိုးတွေကို လမ်းကြောင်းတခု သူဘာဝါသနာပါလဲဆိုတာကို လေ့လာမယ်။ ဝါသနာပါတဲ့အရာလေးကို မြှင့်တင်ပေးမယ်။ စိတ်ဓါတ်ခွန်အားလေး ပေးလိုက်မယ်ဆိုလို့ရှိရင် သူတို့အတွက် အများကြီး တက်လမ်းတွေ ဖြစ်လာလိမ့်မယ်။ Artist တို့၊ တခါတလေကြရင် ပြောမရဘူး မြန်မာနိုင်ငံကနေ Scientist ထွက်လာမယ် သိပ္ပံပညာရှင်တွေ ထွက်လာနိုင်တယ်။

မအင်ကြင်းနိုင် ။ ။ မြန်မာနိုင်ငံမှာ လူငယ်တွေကြားထဲ စာရိတ္တနဲ့ ပတ်သက်ပြီးတော့ မြန်မာလူငယ်တွေကြားထဲမှာ အခု ဘယ်လို ရှိသလဲရှင့်။

ကိုမြတ်သူရလွင် ။ ။ တော်တော်လေး ပျက်ပြားနေတယ်။ တော်တော်လေး ပျက်ပြားနေတယ်ဆိုတာက ကောင်းတဲ့အချက်တွေလည်း ကောင်းပါတယ်။ ကောင်းတဲ့လူတွေလည်း တော်တော်လေး တွေ့ရပါတယ်။ သူတို့ရဲ့ Ability တွေ၊ သူတို့ရဲ့ Personality တွေ တိုးတက်လာတာ တွေ့ရတယ်။ မကောင်းတဲ့အချက်ကတော့ Facebook က အရမ်းနာမည်ကြီးနေတယ်။ Facebook က လူတိုင်းလိုလို သုံးနိုင်တယ်။ Internet Line တွေ အရမ်းကောင်းတယ်။ ဖုန်းတွေလည်း လူတိုင်းကိုင်နိုင်တယ်။ အဲဒီတော့ အနည်းဆုံးတော့ လူတိုင်း၊ လူကြီးကအစ ကလေးအဆုံး (၁၄) (၁၅) နှစ်ကအစ Facebook တွေ သုံးနေနိုင်ပြီ။ သုံးနိုင်တဲ့အခါကြတော့ Facebook မှာ တွေ့တဲ့ဟာတွေကို ကောင်းတဲ့အချက်တွေကို ကောင်းသလို ယူတတ်သလို၊ မကောင်းတဲ့အချက်တွေကို ယူတတ်တယ်။ ဥပမာ Facebook မှာ စာတကြောင်းတွေ့မယ် ပြောထားတဲ့စာက ကိုယ့်စိတ်ကို ပျက်ပြားစေတယ်။ အဲဒီ စာသားတခုက အဲဒါကို ကိုယ်ဖတ်လိုက်မယ်။ ဗီဒီယိုဖိုင်တခုခု ဖြစ်မယ်။ ဖိုင်က လူလူချင်းသတ်တဲ့ဟာတို့၊ တိရစ္ဆာန်ကို နှိပ်စက်တာတို့ အဲဒီလို ဗီဒီယိုဖိုင်တွေ မဟုတ်တာတွေ ကြည့်လိုက်မယ်ဆိုရင် လူငယ်တွေအနေနဲ့ ကိုယ့်စိတ်ကို Control မလုပ်နိုင်သေးတဲ့အရွယ် ငယ်တဲ့လူတွေအနေနဲ့၊ ဒါမှမဟုတ် အယုံလွယ်၊ ကိုယ့်ဘာသာကိုယ် မစဉ်းစားဘူး။ ဒါက ဖြစ်သင့်လား၊ မဖြစ်သင့်လား မစဉ်းစားဘူး။ ဒီအတိုင်း ပြလိုက်တာနဲ့ ယုံတယ်။ အဲဒီလိုမျိုး ဖြစ်တဲ့အခါ အဓိက ပြောချင်တာက ဆေးဆွဲတယ်။ ဒါလေးစမ်းကြည့်ကောင်းမလား။ ဟိုဟာလေး စမ်းကြည့်ကောင်းမလား။ သူငယ်ချင်းက မြှောက်ထိုးပင့်ကော်လုပ်တော့ သွားစမ်းကြည့်မိတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို ကိုယ်မနိုင်တော့ နောက်ဆုံး ဖြတ်လို့မရဘူး။ သူငယ်ချင်းက ပြန်ကောင်းသွားတယ်။ ကိုယ်က ဆေးသမားဖြစ်ပြီး သက်ဆုံးသွားသူတွေ အများကြီးပဲ အဲဒီလိုမျိုး တွေ့ရတယ်။ နောက်ပိုင်းမှာကြည့်တာ များသောအားဖြင့်က အဓိက Sex ပိုင်းဆိုင်ရာ ငယ်ငယ်လေးနဲ့ ရည်းစားတွေ ထားလာမယ်။ Sex ပိုင်းဆိုင်ရာတွေ စိတ်ဝင်စားလာတယ်။ မကောင်းတဲ့ဘက်တွေ၊ ပြီးရင် Drug တွေ ဆေးတွေလုပ်မယ်။ ငါက ဘာဆေးလေး သောက်ကြည့်ရင် ကောင်းမလား။ ဘာလေးလုပ်ကြည့်ရင် ကောင်းမလဲ။ သူ့ရဲ့ အရသာလေးက ဘယ်လိုရှိတယ်ဆိုတာ အဲဒါမျိုးကစပြီးတော့ ပျက်စီးလာတာတွေ အများကြီး တွေ့ရတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ အခု အောင်မြင်တဲ့ မော်ဒယ်တဦးအနေနဲ့၊ နောက်ပြီးတော့ သရုပ်ဆောင်တဦးအနေနဲ့ မာကို ရှေ့ဘာဆက်လုပ်ဖို့ရှိလဲ။

ကိုမြတ်သူရလွင် ။ ။ ရှေ့ကို ဆက်လုပ်ဖို့က အနုပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးကြိုးစားသွားဖို့ရှိတယ်။ အနုပညာနဲ့ ပတ်သက်ပြီး ဆက်ပြီးကြိုးစားသွားမယ်။ Level တခုရောက်အောင် ကျနော့် Room တခုရအောင် ကြိုးစားမယ်။ ပြီးသွားရင် ပရိသတ်တွေ ခိုင်မာရရှိဖို့အတွက်ကို ကြိုးစားသွားမယ်။ ပြီးသွားရင် အခုနပြောသလိုပဲ ကလေးတွေအတွက် သူတို့မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ ရလာအောင် အသင်းအဖွဲ့လေးတခု အသေးလေးကစပြီး လုပ်ကြည့်ချင်တယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလိုမျိုး လာပြီးတော့ ဖြေကြားတဲ့အတွက်။

ကိုမြတ်သူရလွင် ။ ။ Thank you ပါ။