Your browser doesn’t support HTML5
မြိတ်၊ ထားဝယ်ဒေသ ငါးလုပ်ငန်းက နိုင်ငံံံံ့ဝင်ငွေတွေ အများအပြား ရှာပေးနေတာပါ။ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိလို့ ထိုင်းနိုင်ငံကဝယ်မယ့်သူတွေအပေါ်မှာ မှီခိုနေရပြီး ငါးဖမ်းလုပ်ငန်း ထင်သလောက်ခရီးမပေါက် ဖြစ်နေရပါတယ်။ အထူးအစီအစဉ်အဖြစ် ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
ကိုဇော်ဝင်းလှိုင် ။ ။ တနင်္သာရီတိုင်းဒေသကြီးရဲ့ ထူးခြားတဲ့ ပထဝီအနေအထားအရ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဒီဒေသရဲ့ အဓိကဝင်ငွေဟာ ငါးဖမ်းလုပ်ငန်း ဖြစ်ခဲ့တာပါ။ အထူးသဖြင့် မြိတ်၊ ထားဝယ်နဲ့ ကော့သောင်းဒေသတွေဟာ ရေလုပ်ငန်းအထူးဖြစ်ထွန်းတဲ့ ဒေသတွေ ဖြစ်တာကြောင့် တဘက်ထိုင်းနိုင်ငံကို တင်ပို့ပြီး နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ အိမ်နီးချင်းထိုင်းနိုင်ငံကလွဲလို့ မြန်မာ့ရေထွက်ကုန်တွေကို နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ လုံလောက်တဲ့အခြေခံ အဆောက်အအုံတွေ မရှိခဲ့တာကြောင့် ထိုင်းနိုင်ငံဘက်က အဝယ်ရပ်သွားတဲ့အချိန်မှာ တချိန်က ငါးဖမ်းလှေတွေနဲ့ စည်းကားပြီး အရောင်းအဝယ် ဖြစ်ထွန်းခဲ့တဲ့ မြီတ်မြို့က Myanmar International Fish Auction Market - မြန်မာနိုင်ငံတကာ ငါးလေလံဈေးကြီးဟာ လုံးဝရပ်ဆိုင်းပြစ်လိုက်ရတဲ့ အခြေအနေကို ရောက်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၁၅) နှစ်လောက် ငါးလေလံဈေးကြီး ပိတ်ပြစ်လိုက်ရတဲ့ အကြောင်းရင်းတွေကိုတော့ မြိတ် ငါးလေလံဈေးဟောင်းရဲ့ ဘဏ္ဍာရေးနဲ့ အုပ်ချုပ်ရေးတာဝန်ခံ Myanmar Fisheries Int'l Joint Venture Ltd က ဦးထွန်းသိန်းက VOA ကို ရှင်းပြပါတယ်။
ဦးထွန်းသိန်း ။ ။ ပိတ်သွားတဲ့အကြောင်းရင်းက ငါးကို ထိုင်းမှာ အရေးအခင်းဖြစ်တဲ့အခါမှာ ငါးမဝယ်တော့ဘဲ၊ ရပ်တဲ့အချိန်မှာ ကျနော်တို့က ငါး ဝယ်ပို့နိုင်တဲ့ အနေအထားမှာ အခက်အခဲ ရှိသွားပါတယ်။ ဒီကနေ buyer နဲ့ seller နဲ့ ရောင်းသူလာရောင်းတဲ့အချိန်မှာ ဝယ်သူ က လုံးဝဝယ်ယူနိုင်တဲ့ အနေအထားမှာ လောလောဆယ် သိပ်မရှိကြဘူး။ မရှိကြတဲ့အတွက် ကျနော်တို့မှာ ငါးလာရောင်းမယ့် ရောင်းသူတွေက ရောင်းချဖို့အတွက် သူမှာ အခက်အခဲ ရှိလာတယ်။
မေး ။ ။ ပြည်တွင်းဝယ်ယူ စားသုံးမှုကြတော့ ဒီမှာရှိတဲ့ ဘယ်နှစ်ရာခိုင်နှုန်းလောက် ရှိမယ်လို့ ပြောလို့ရမလဲ။
ဖြေ ။ ။ ၂၅ ရာခိုင်နှုန်းလောက် ရှိမယ်။ ကျန်တဲ့ (၇၅) ရာခိုင်နှုန်းက ကမ်းဝေးကို သွားပါတယ်။
မေး ။ ။ တနှစ်တနှစ် လည်ပတ်နေတုန်းက ဘယ်လောက်များ လက်ခံသိမ်းနိုင်သလဲ။ ဒိုင်တွေအနေနဲ့။
ဖြေ ။ ။ ဒီဒိုင်တွေက တနေ့ကို တန်နှစ်ရာကျော်အထိ လက်ခံနိုင်ပါတယ်။ တနေ့ကို နှစ်ရာတန် ဈေးကွက်မှာ လေလံတင်နိုင်ပါတယ်။ အဲဒီလိုလုပ်နိုင်ပေမယ့် ငါးက လိုသလောက် မရရှိခဲ့ဘူး။ (၂၀) (၃၀) (၅၀) အမြင့်ဆုံး ရနေတော့ လုပ်ငန်းလုပ်တဲံအခါမှာ ဝန်ထမ်းအင်အားကလည်း များတယ်။ ဝန်ထမ်း (၄၀၀) လောက်ရှိတော့ လုပ်ငန်းလည်ပတ်နေတဲ့အခါမှာ ကုန်ကျစရိတ်က တအားမြင့်လာတယ်။ လစာတွေ မြင့်လာတဲ့အခါကြတော့ လုပ်ငန်းကြီး အကောင်အထည်ဖော်မှုက တဖြည်းဖြည်းချင်း ရောင်းငွေနဲ့ ဝင်ငွေ မမျှမတ ဖြစ်လာတဲ့အတွက် လုပ်ငန်းတွေကို ခေတ္တယာယီ ရပ်ဆိုင်းရမယ့် အနေအထားကို ရောက်လာတယ်။
မေး ။ ။ အခုအချိန်မှာ အခုပိတ်ထားရတဲ့ နိုင်ငံတကာ ငါးလေလံဈေးကြီးကို မကြာခင်မှာ ပြန်ဖွင့်နိုင်ဖို့ လုပ်ငန်းရှင်တွေဘက်က ပြန်လည်ကြိုးပမ်းနေကြပြီလို့ ဦးထွန်းသိန်းက VOA ကို ရှင်းပြပါတယ်။
ဖြေ ။ ။ စက်တင်ဘာလမှာ ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ပြင်ဆင်နိုင်ဖို့အတွက်ကို Ready ဖြစ်နိုင်ဖို့ကို ကျနော်တို့ ဧပြီလကစပြီးတော့ သြဂုတ်လအထိ Maintaince အအေးခန်း၊ ရေ၊ လျှပ်စစ်၊ ရေသန့်တို့ အဆင်သင့်ဖြစ်အောင် စီစဉ်နေပါတယ်။
မေး ။ ။ မူလက စက်တင်ဘာလလယ်လောက် ပြန်ဖွင့်နိုင်ဖို့ စီစဉ်ခဲ့ပေမယ့် လိုအပ်တဲ့ ပြင်ဆင်မှုတွေ မပြီခဲ့တာကြောင့် အချိန်မီ ဖွင့်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာငါးလေလံဈေးရဲ့ မန်နေဂျင်းဒါရိုက်တာ ဒေါ်ဌေးဌေးဝင်းက ဒီငါးလေလံဈေးကို လာမယ့်နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်ပြီး၊ လုပ်ငန်းတွေကို လည်ပတ်တော့မယ်လို့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ကုန်ကြမ်းကြီးပဲ ပြည်ပကို တင်ပို့နေတာထက် value added လို့ခေါ်တဲ့ ကိုယ့်နိုင်ငံအတွင်းမှာပဲ ကုန်ချောအဖြစ် ပြောင်းလဲပြီး၊ တန်းဖိုးမြင့်ကုန်ချောပစ္စည်းတွေအဖြစ် ထုတ်လုပ်တင်ပို့နိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒီငါးလေလံဈေးကိုတော့ နိုင်ငံခြားက ရင်းနှီးမြုပ်နံှလိုသူတွေရဲ့ အကူအညီနဲ့ ပြန်လည်လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေကြတာပါ။ အဓိကအားဖြင့်တော့ ပြင်သစ်နိုင်ငံက ရင်းနှီးမြုပ်နံှထားတယ်လို့ ဆိုပါတယ်။ ငါးလေလံဈေးအတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နံှငွေ အမေရိကန်ဒေါ်လာသန်း (၇၀) အတွက် မြန်မာရင်းနှီးမြုပ်နံှမှုကော်မရှင်ထံက ခွင့်ပြုချက်ရထားပြီး ဖြစ်တာမှာ ဒေါ်လာဆယ်သန်း ရင်းနှီးမြုပ်နံှပြီဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံတကာငါးလေလံဈေးအတွက် ပြည်ပက ရင်းနှီးမြုပ်နံှမှု (၆၀) ရာခိုင်နှုန်း၊ မြန်မာအစိုးရ ငါးလုပ်ငန်းဦးစီးဌာနက (၃၀) ရာခိုင်နှုန်းနဲ့ တိုင်းရင်းသားလုပ်ငန်းရှင်တွေဘက်က (၁၀) ရာခိုင်နှုန်းအသီးသီး ရှယ်ယာပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လုပ်ငန်းတွေ တကယ်ဆောင်ရွက်တဲ့နေရာမှာ ပွင့်လင်းမြင်သာမှု ရှိစွာလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ မြိတ်မြို့ ရှစ်ဆယ့်ရှစ်မျိုးဆက်အဖွဲ့ဝင် ကိုကျော်နိုင် က ထောက်ပြပါတယ်။
ကိုကျော်နိုင် ။ ။ ဒီလေလံဈေးမှာ နိုင်ငံတော်က (၃၀) ရာခိုင်နှုန်း ရှယ်ယာပါဝင်တယ်လို့ ပြောတယ်။ ဒါကြောင့် ဒီလေလံဈေးကြီးက ပြန်ဖွင့်မယ်ဆိုရင်တော့ နိုင်ငံတော်က ဝင်ငွေ အများကြီးရမယ်။ နောက် လူတွေလည်း အလုပ်အကိုင်အခွင့်အလမ်း အများကြီးရလာမယ်။ လေလံဈေးအနေနဲ့ ဖွင့်မယ်ဆိုတာတော့ ဈေးကွက်စီးပွားရေးစနစ်အရ အပြိုင်အဆိုင်တော့ ရှိမှာပဲ။ ဒါပေမဲ့ စနစ်တကျ နိုင်ငံတော်က ဘယ်လိုနည်းလမ်းနဲ့ အခွန်ပိုရနိုင်မလဲ။ အဲဒီနည်းလမ်းကို အသုံးချစေချင်တယ်။ ဒါ့အပြင် အရေးကြီးတဲ့အချက်က ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်း ပြည်သူကလည်း လက်ခံနိုင်တဲ့၊ နိုင်ငံတကာကလည်း လက်ခံလိုက်နာနိုင်တဲ့ စံချိန်စံညွှန်းတွေနဲ့ လုပ်တဲ့ဟာတော့ ပိုပြီးဖြစ်စေချင်တယ်။ ဈေးကွက်စီးပွားရေးကတော့ အပြိုင်ရှိမှာပဲ၊ သို့ပေမယ့် ဥပဒေစည်းကမ်း လိုက်နာတဲ့နေရာ၊ နိုင်ငံတကာကလည်း လက်ခံပေးနိုင်တဲ့ဟာမျိုးကို ပိုပြီးဖြစ်စေချင်တယ်။
မေး ။ ။ နိုင်ငံတကာငါးလေလံဈေး ရာနှုန်းပြည့် လည်ပတ်နေချိန်တုန်းက ဒီနေရာကို ရောက်လာတဲ့ ငါး (၇၅) ရာခိုင်နှုန်းလောက်ကို ထိုင်းနိုင်ငံဘက်ကို တင်ပို့တာဖြစ်ပြီး ကျန် (၂၅) ရာခိုင်နှုန်းကတော့ ပြည်တွင်းဈေးကွက်ကို တင်ပို့တယ်လို့ ဆိုပါတယ်။ မြိတ်မြို့ရဲ့ ငါးလေလံဈေးဟာ တချိန်က တနေ့ကို ငါးတန်ချိန် (၂၀၀) အထိ လက်ခံဝယ်ယူနိုင်တဲ့ အခြေအနေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံက ငါးလေလံဈေးကြီး ပိတ်ထားရပြီး လက်ရှိအချိန်အထိ ဖမ်းထားသမျှငါးတွေကို ထိုင်းနိုင်ငံဘက်ကို ကုန်ကြမ်းအဖြစ်နဲ့ တင်ပို့နေရာမှာ ဈေးနိုမ်ခံရတဲ့ အခက်အခဲကိုကျော်လွှာနိုင်ဖို့ သီးခြားငါးလေလံဈေးသစ်တခု တည်ဆောက်ဖို့ ငါးလုပ်ငန်းရှင်များအသင်းဘက်က စီစဉ်နေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးဦးသက်စိုးက VOA ကို ပြောပါတယ်။
ဦးသက်စိုး ။ ။ ကျနော်က မြိတ်ကဖမ်းတဲ့ ငါးတွေအားလုံးကို ယိုဒယား ရနောင်းကို အဓိကပို့နေတာ။ ပို့နေရပေမယ့် ကုန်ကြမ်းအဆင့်နဲ့ပဲ ပို့နေရတာ။ ကျနော်တို့ဆီမှာ အအေးခန်းစက်ရုံတွေ မရှိသေးဘူး။ ငါးလေလံဈေးခွဲ မရှိဘူး။ ဈေးမရှိ၊ အအေးခန်း မရှိတော့ အခု လုပ်သားများနဲ့ ရေလုပ်ငန်းရှင်တွေ စုစည်းပြီးတော့ ငါးလေလံဈေးသစ်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။
ငါးဈေးလုပ်ဖို့ ပထမတော့ ငါးတံတားတွေလိုတယ်။ ဒုတိယတော့ အအေးခန်းစက်ရုံတွေ - ရေရှည် (၅) နှစ် စီမံကိန်းနဲ့ လုပ်မှာပါ။ တံတားကို နိုင်ငံတော်က ခွင့်ပြုချက်ရရင် တံတားကို နှစ်နှစ်လောက်အတွင်းပြီအောင် ဆောက်လုပ်သွားမယ်။ ငါးလှေတွေအားလုံးကိုလည်း ကျနော်တို့အဖွဲ့အစည်းက စုစည်းြ့ပီးတော့ ငါးလှေရှင်အားလုံးနဲ့ ကြိုတင်ညှိနှိုင်းပြီးသွားပါပြီ။ သူတို့လည်း သဘောတူပါတယ်။ စုစည်းပြီးတော့ ကုမ္ပဏီတခု ဖွဲ့လိုက်မှာပါ။ အဲဒီကုမ္ပဏီနဲ့ ငါးလုပ်ငန်း ငါးဈေးလုပ်ပါမယ်။
မေး ။ ။ ငါးလေလံဈေး ထပ်ဖွင့်ရေးကိစ္စဟာ တနင်္သာရီတိုင်းအတွင်းမှာ လူအပြောအများဆုံး အကြောင်းအရာတခု ဖြစ်နေပါတယ်။ အရင်ရှိခဲ့တဲ့ ငါးလေလံဈေးဟောင်းကို ပြင်ဆင်ပြီး ဖွင့်လှစ်မယ့်လူတွေ ရှိသလို၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ဥက္ကဋ္ဌ ဦိးလှသန်းဦး ဦးဆောင်ပြီး လက်ရှိ ငါးလေလံဈေးဘေးမှာ နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးအသစ် ထပ်ဖွင့်ဖို့ ပြင်ဆင်နေတာလည်း ရှိနေပါတယ်။
ဒါ့အပြင် တိုင်းဒေသကြီးအစိုးရက ဦးဆောင်ပြီး့ထားဝယ်မြို့အနီးက သရက်ချောင်းအရပ်မှာ ငါးလေလံဈေးအသစ် ထပ်ဖွင့်ဖို့ စီစဉ်နေတယ်လည်း ရှိနေပြန်တော့ ငါးလုပ်ငန်းအပေါ် အများကြီးမှီခိုအားထားနေရတဲ့ ဒေသခံတွေအကြား လူပြောများပြီး စိတ်ဝင်တစား ဖြစ်စေရာ၊ အခြေအတင် ငြင်းခုန်စရာကိစ္စရပ် ဖြစ်နေပါတယ်။ အမြင်သဘောထား ကွဲပြားမှုတွေ အများဆုံးဖြစ်နေတာကတော့ တိုင်းဒေသကြီးအစိုးရက ဦးဆောင်တည်ဆောက်မယ့် ငါးလေလံဈေးသစ်ကိစ္စပဲ ဖြစ်ပါတယ်။ တဘက်မှာ တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်က ဦးဆောင်ဖွင့်လှစ်မယ့် ငါးလေလံဈေးကတော့ အစိုးရက ခွင့်ပြုချက် ကျထားပေမယ့် တပ်မြေဖြစ်နေတာကြောင့် မြေနေရာအတွက် ပါမစ်ကျဖို့ စောင့်နေတယ်လို့ ဦးသက်စိုးက VOA ကို ပြောပါတယ်။
ဖြေ ။ ။ တိုင်းဒေသကြီးက ခွင့်ပြုပါတယ်။ သူတို့ကတော့ များများရှိလေ ကောင်းလေပါပဲ။ ကျနော်တို့ဆီက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ငါးဈေး တခု၊ နှစ်ခု၊ သုံးခု များလေကောင်းလေပါ။ များလာရင် ပြိုင်ဆိုင်မှု ရှိလာမယ်။ တယောက်ထဲဆိုရင် ပြိုင်ဆိုင်မှု မရှိဘူး။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပြောပါတယ်။ ဈေးများလေ ကောင်းလေ ဖြစ်ပါတယ်။ ဒါမှ ပြိုင်ဆိုင်မှုရှိမှ အောက်ခြေက ဖမ်းတဲ့လုပ်သားလည်း ဈေးပိုရမှာပေါ့။ များမှကောင်းမှာ တခုတည်းလုပ်ရင် သူက တံဆိပ်နှိပ်ထားလို့ရတယ်။ များများလုပ်နိုင်လေ ကောင်းလေပေါ့။ နိုင်ငံတော်သမ္မတကြီးလာတယ် - သူက ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေနဲ့အညိလုပ်ဖို့ ဒု-သမ္မတကြီး လာတုန်းကလည်း ခွင့်လွှတ်ပါတယ်။ ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကြဖို့ပါ။
မေး ။ ။ နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ငါးလေလံဈေးတွေ ဘယ်နှစ်ခုပဲဆောက်ဆောက် ဈေးကွက်ရဲ့ လိုအပ်ချက်ကို ပြည့်မီအောင် တင်သွင်းနိုင်ရေး၊ တံငါးသည်တွေဘက်က ဖမ်းစရာငါး ရှာနေရင်တော့ အဲဒီလေလံဈေးတွေဟာလဲ အလုပ်မဖြစ်ဘဲ၊ အရင်လိုပဲ ပိတ်ပြစ်ရမယ့်ကိန်း ဆိုက်နိုင်ပါတယ်။ ဒါကိုပဲ ငါးဖမ်းသမားတွေဘက်က စိုးရိမ်နေကြတာပါ။ ငါးဖမ်းဖို့အတွက် ဒီဇယ်ဈေးတွေ တက်လာပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ငါးဈေးတက်မလာတဲ့အပြင် ဖမ်းစရာငါးလည်း တဖြည်းဖြည်း ရှားပါးလာနေပြီလို့ တံငါးသည်တွေဘက်က တံငါးသည်တွေဘက်က ညီညူးနေကြပါပြီ။ တံငါးသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုတော့ ငါးဖမ်းလှေပိုင်ရှင်လည်းဖြစ်၊ လှေဦးစီးအဖြစ် ကိုယ်တိုင်တသက်လုံး ငါးဖမ်းလုပ်ငန်း လုပ်လာသူတဦးလည်းဖြစ်တဲ့ ဦးအောင်မြင့်က ရှင်းပြပါတယ်။
ဖြေ ။ ။ ငါးဖမ်းတဲ့လူတွေ များလာတယ်။ တံငါးပစ္စည်းက ရှားပါးလာတယ်။
မေး ။ ။ ငါးဈေးတက်လာလား။ ရောင်းရတာ။ ကြာလာတော့၊ ငါးရှားလာတော့ ဈေးပိုရလား။
ဖြေ ။ ။ မရဘူး။ ငါးဈေးက တစိမ့်တစိမ့်ပဲ တက်တယ်။ ရေထဲကပစ္စည်းက ဈေးနည်းပြီးတော့ ကုန်ပေါ်ကပစ္စည်းက ဈေးတက်နေတယ် - ဆီဈေးက တအားတက်နေတယ်။
မေး ။ ။ ငါးဈေးမတက်တာ ဘယ်လောက်လောက်ကြာပြီလဲ။
ဖြေ ။ ။ တော်တော်ကြာပြီ။ (၂) နှစ်လောက်ရှိပြီ လုံးဝမတက်ဘူး။
မေး ။ ။ ဒါပေမဲ့ ဆီဈေးတွေက တက်နေတယ်။
ဖြေ ။ ။ ဒီဇယ်ဈေးတွေက တက်နေတယ်။
မေး ။ ။ စီးပွားရေးအခြေအနေကို ဘယ်လို
ဖြေ ။ ။ စီးပွားရေးအခြေအနေက ပိုဆိုးလာတယ်။ ရောင်းနှုန်းနိမ့်လာတယ်။ ဟိုတုန်းက သိန်း (၃၀) ကျော် ရှိခဲ့တယ်။ တစ်လ။
မေး ။ ။ ဒီဇယ်ဈေးက ဈေးကြီးလို့လား။ အဓိကက ဒီဇယ်ဈေး ဖြစ်တယ်။ တသက်လုံး ငါးဖမ်းလာတယ်ဆိုတော့ အခြားအလုပ်လည်း မလုပ်ဖူးဘူး။ ငါးသာ မဖမ်းရရင်တော့ လုပ်စရာ မရှိတော့ဘူးပေါ့။
ဖြေ ။ ။ မရှိတော့ဘူး။ ကူလီထမ်းရလိမ့်မယ်။
မေး ။ ။ အဲဒါမျိုး စဉ်းစားမိတာရှိလား။ တခါတလေ ငါးရ နည်းတဲ့အခါကြတော့ စိတ်ပူမိတာတွေ ရှိလား။
ဖြေ ။ ။ စိတ်ပူတာပေါ့။ တခါတရံ အိပ်မရ။ …
ကိုဇော်ဝင်းလှိုင် ။ ။ မြိတ်မြို့ရဲ့ စီးပွားရေးဟာ ရေလုပ်ငန်း အများကြီးမူတည်နေတာကြောင့် ဒေသခံတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဟာလည်း ရေလုပ်ငန်းပေါ်မှာပဲ အများကြီးမူတည်နေပါတယ်။ ပြောင်းလဲလာနေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ ဈေးကွက်စီးပွားရေးအရကြောင့်ပါ အခုလို ပြိုင်ဆိုင်မှုတွေ ထွက်ပေါ်လာတာဟာ ကောင်းမွန်တဲ့လက္ခဏာပါ။ ဒါပေမဲ့ ရှိနေတဲ့ ငါးမျိုးတွေ မပျက်သုန်းရလေအောင် နိုင်ငံတော်အစိုးရအနေနဲ့ ငါးဖမ်းလိုင်စင်တွေကို ချပေးတဲ့နေရာမှာ စနစ်တကျ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပင်လယ်ပြင်ထဲမှာ တရားမဝင် ငါးဖမ်းနေတာတွေကိုလည်း အချိန်မီ ဟန့်တားပေးနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ နောင်လာမျိုးဆက်တွေအတွက် ငါးမျိုးစိတ်တွေ ပျက်သုန်းပြီး မြိတ်မြို့ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ရေလုပ်ငန်းလည်း ပျက်စီးသွားမယ့် အလားအလာ ရှိနေပါတယ်။