မတူကွဲပြားတဲ့ စစ်တပ်အာဏာသိမ်း အုပ်ချုပ်မှု

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ လတ်တလော ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုအခြေအနေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေထက်တော့ ထပ်တူထပ်မျှမတူဘဲ၊ ကွဲလွဲမှုတွေ ရှိနေနိုင်ပါတယ်လို့ ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါးတွေ ရေးသားနေသူ ဦးဇော်မင်းက ဗွီအိုအေကို ပြောဆိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းစစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူတွေကြားမှာ ဘယ်လိုသဘောထားတွေ ရှိနေသလဲဆိုတဲ့ ပထမဦးဆုံးမေးခွန်းကို အခုလို ဖြေဆိုပါတယ်။

ဦးဇော်မင်း ။ ။ ကျနော့် တယောက်ထဲအတွက်တော့ ပြောရခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းမှာက အနည်းဆုံး အုပ်စု (၄) မျိုးလောက်ရှိတယ်။ အုပ်စု (၄) မျိုးမှာ ပထမတမျိုးကတော့ ဒီမိုကရေစီကို တည်ဆောက်နေတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းတယ်ဆိုတာ၊ ဘယ်နည်းနဲ့သိမ်းသိမ်း၊ သိမ်းတာကို လက်မခံဘူးဆိုတဲ့ အုပ်စုတွေရှိတယ်။ တဆက်တည်းမှာပဲ အရပ်သားနိုင်ငံရေးသမားတွေ မညီညွှတ်လို့ စစ်တပ်က အာဏာသိမ်းတာပဲလို့ ခံယူထားတဲ့လူတွေလည်းရှိတယ်။ အဲဒီလို အမျိုးမျိုးရှိတဲ့အခါကြတော့ ဗမာပြည်နဲ့ အဲဒီအချက်က မတူဘူးပေါ့။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ အနေအထားအရဆိုရင် ကျနော်တို့ အပြင်ဖက်က ကြားရသလောက်ကတော့ ထိုင်းမှာက တောနေလူတန်းစား တော်တော်များများကတော့ အခြေအနေက အခုစစ်တပ်က ဝင်ထိန်းမှဖြစ်မယ်ဆိုပြီးတော့၊ အစောကြီးကတည်းက မျှော်လင့်ထားတဲ့လူတွေလည်း ရှိနေကြတာကို။ ဒီလိုလုပ်လိုက်မှ စိတ်အေးသွားမယ်ဆိုပြီး ပြောတဲ့လူတွေလည်းရှိတယ်။ ဆိုတော့ အဲဒါက ဘယ်လောက်များသလဲ။ အများစုလို့ ခင်များ ထင်သလား။

ဦးဇော်မင်း ။ ။ ဒီလိုရှိတယ်။ တပိုင်းကတော့ ဒီနိုင်ငံမှာ ဖြစ်သင့်တဲ့အခြေအနေက တောနေလူတန်းစားက အများစုဖြစ်သေးတယ်ဆိုတာတော့ မှန်တယ်။ တချိန်တည်းမှာပဲ မြို့ပေါ်မှာ မြို့ပြယဉ်ကျေးမှုအရ၊ မြို့ပြမှာ ကြီးထွားတဲ့လူတွေကလည်း သူတို့ရဲ့ တွေးခေါ်မှုကတပိုင်းဖြစ်တယ်။ ဖြစ်တဲ့အခါကြတော့ တောနေလူတန်းစားတွေက မြင်တယ်ဆိုတာက သူတို့မြင်တဲ့အပိုင်းက တမျိုးဖြစ်ရင် ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အရပ်သားနိုင်ငံရေးသမားတွေကို အားမရလို့ဖြစ်တဲ့ ပြဿနာ။ မြို့ပေါ်လူတန်းစားတွေ၊ ပညာတတ်တွေအနေနဲ့ အမြင်ကတမျိုးဖြစ်တယ်။ အဲဒီအမြင် နှစ်ခုက သွားပြီးတော့ မဆုံနိုင်တဲ့အခါကြတော့ မြို့ပေါ်နဲ့ တောနဲ့က အမြဲတမ်း အတွေးအခေါ်အရ ကွဲပြားနေတယ်။ အဲဒီအခါကြတော့ ပြောရတာတော်တော်ခက်တယ်။ ဒီမိုကရေစီကို ဘယ်လိုဖြတ်သန်းမလဲဆိုတာက လူဦးရေနဲ့ပြောဖို့က နည်းနည်းခက်တယ်လို့ ကျနော်ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ နှစ်ဖက်စလုံးက မလျှော့တမ်း တင်းမာမှုတွေဖြစ်နေတဲ့အခါကြတော့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တဲ့အဆုံး စစ်တပ်က ဝင်ထိန်းပေးရတယ်ဆိုတဲ့သဘောပေါ့။ အဓိကတော့ ဗမာပြည်နဲ့ မတူနိုင်တဲ့အကြောင်းက ထိုင်းမှာဖြစ်တဲ့ စစ်တပ်အာဏာသိမ်းမှုဟာ အခြေခံဥပဒေတရပ်ကို ကာကွယ်ဖို့ဆိုပြီးတော့ စောင့်ရှောက်ဖို့ဆိုပြီး၊ အာဏာသိမ်းတာ မဟုတ်ဘဲနဲ့ အခုလက်ရှိ ဖြစ်နေတဲ့အခြေအနေအတွင်းမှာ အခြေခံဥပဒေတခုကိုပြန်ပြီးတော့၊ ရေးဆွဲပြီးတော့ ပြဿနာတွေကို ပြန်ဖြေရှင်းပေးဖို့ဆိုတဲ့ ယာယီသဘောမျိုးနဲ့ ထိန်းပေးတယ်လို့လည်း လူတွေက ယူဆကြတယ်။

ဦးဇော်မင်း ။ ။ အဲဒါကလည်း မှားတယ်လို့ ပြောလို့မရဘူး။ အဲဒါလည်း မှန်ပြန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်တချက်က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ကာလတွေကို ပြန်ကြည့်တဲ့အခါ၊ အခုနောက်ပိုင်းကာလမှာ စစ်တပ်က အကြာကြီးမှ မနေတာ။ တနှစ်၊ တနှစ်ခွဲလောက်ကြာရင် ရွေးကောက်ပွဲလုပ်ပြီး သူတို့ဘားတိုက် ပြန်သွားကြတာ။ ကျနော်တို့ ဗမာပြည်မှာလို စစ်တပ်က အာဏာသိမ်းပြီး အနှစ် (၅၀) လောက်နေနေတာမျိုး မဟုတ်ဘူးပေါ့။ အဲဒီတော့ လူတွေကလည်း စစ်တပ်အာဏာသိမ်းတဲ့အပေါ်မှာ စိုးရိမ်သောက မရှိကြဘူး။ ဒါလည်း ဟုတ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံအကြောင်းကနေ ဗမာပြည်ဖက်ကို ပြန်ပြီးတော့ ဆက်နွှယ်မယ်ဆိုရင် ဗမာပြည်မှာ အာဏာသိမ်းတယ်ဆိုတဲ့ ပထမဦးဆုံးအကြိမ် ၁၉၅၈ ရှိတယ်၊ ၁၉၆၂ ရှိတယ်။ အဲဒီအချိန်တုန်းက တော်လှန်ရေးကောင်စီအနေနဲ့ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းတုန်းက အရပ်သားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကြားထဲမှာ မပြေလည်နိုင်လို့၊ ငြင်းခုန်မှုတွေ ရှိနေလို့ ဒါကြောင့် တပ်ကအာဏာသိမ်းလိုက်တယ်ဆိုတဲ့ အကြောင်းပြချက် ရှိခဲ့တယ်။ ရှိခဲ့တဲ့အတွက်ကြောင့်မို့ အဲဒီအချိန်တုန်းကဆိုရင်လည်း တကယ်တမ်းပြောကြရမယ်ဆိုရင်လည်း လူထုကြားထဲမှာ ဒီလို အာဏာသိမ်းမှုကို ထောက်ခံတဲ့ လူတွေရှိခဲ့တယ်။ နိုင်ငံရေးသမားတွေကြားထဲမှာလည်း ဥပမာအားဖြင့် ဦးသိန်းဖေမြင့်တို့လို လူမျိုးတွေတောင် ဒါကို ထောက်ခံခဲ့ကြတယ်။ နောက်ဆုံး အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ကြတော့လည်း လူတွေကြားထဲမှာ အင်မတန်ကို ထိန်းမရသိမ်းမရ ဖြစ်နေလို့ စစ်တပ်ကဝင်ပြီး အာဏာသိမ်းလိုက်ရပါတယ်ဆိုပြီးတော့ စစ်တပ်က အာဏာသိမ်းပြီး ပြန်မလွှဲပေးခဲ့တာ စောစောက ဦးဇော်မင်း ပြောတဲ့အတိုင်းပဲ။ အချိန်အကြာကြီး။ အဲဒါမှတဆင့် တဖြည်းဖြည်းနဲ့ သူတို့ လိုချင်တဲ့ပုံ၊ အခြေခံဥပဒေကို ရေးဆွဲပြီးတော့ အခု အခြေခံဥပဒေထဲမှာတော့ ရေးဆွဲထားတဲ့ အခြေခံဥပဒေအရ လိုအပ်ချက်အရ တိုင်းပြည်အခြေအနေ မငြိမ်မသက်ဖြစ်လာရင်၊ အခြေခံဥပဒေကို ကာကွယ်ဖို့အတွက် စစ်တပ်က အာဏာကို ထိန်းသိမ်းခွင့်ရှိတယ်ဆိုပြီးတော့ ရေးဆွဲထားတယ်။ အဲဒီတော့ အခုလက်ရှိ ဖြစ်နေတဲ့ ဗမာပြည်မှာ အခြေခံဥပဒေအကြောင်း အငြင်းအခုန်ဖြစ်နေတဲ့အချိန်မှာ စစ်တပ်ရဲ့ အနေအထားက ဘယ်လိုများ ဖြစ်လာနိုင်မလဲ။

ဦးဇော်မင်း ။ ။ ဗမာပြည်မှာတော့ ရှင်းပါတယ်။ ဗမာပြည်မှာ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက တိုင်းသူပြည်သား အများစုရဲ့ သဘောထားမပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ဒီဟာကို referendum လုပ်တဲ့အချိန်တုန်းကလည်း ၉၂ ရာခိုင်နှုန်းကျော်ကျော် ရတယ်ဆိုပြီးတော့ မဲတွေခိုးပြီး သူတို့လုပ်တယ်။ အဲဒီအချိန်မှာ နာဂစ်မုန်တိုင်းကြီးတိုက်သွားတဲ့အချိန်။ ရက်တောင်မဆိုင်းဘဲ အဲဒါကို အတည်ပြုခဲ့တဲ့အတွက် နာဂစ်အခြေခံဥပဒေလို့ လူတွေက ခေါ်ကြတယ်။ အဲဒီ အခြေခံဥပဒေကို ပြန်ကြည့်တဲ့အခါမှာ စစ်တပ်ကို အသားပေးထားတယ်။ စစ်တပ်ကို ဦးစားပေးထားတာ ဖြစ်နေတယ်။ ဒီတော့ ဒီ constitution - ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရမယ်ဆိုရင် စစ်တပ်ကို ကာကွယ်ပေးဖို့လို့ တောင်းဆိုသလို ဖြစ်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင်တို့ကလည်း တပ်မတော်သားတွေအနေနဲ့ ဒီ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးကို ဝင်ပြီးတော့ လက်မှတ်ထိုးကြပါ။ ဝင်ပြီးဆောင်ရွက်ပေးကြပါဆိုပြီးတော့ လှုံဆော်ချက်တွေ ရှိနေတယ်။ အဲဒီအချိန်မှာ စစ်တပ်က တကယ်တမ်း သူတို့ရဲ့ ရပိုင်ခွင့်တွေကို လျော့ပါးသွားမယ့် အနေအထား။ သူတို့ရဲ့ အနာဂတ်နိုင်ငံရေးမှာ ရပ်တည်နိုင်မယ့်အခန်းကဏ္ဍကို လျော့ပါးသွားနိုင်မယ့် အနေအထားမျိုး ဖြစ်လာမှာစိုးလို့ ဝင်မပါဘဲနဲ့ နေနိုင်မယ့်အခြေအနေမျိုး မဖြစ်နိုင်ဘူးလား။

ဦးဇော်မင်း ။ ။ အဲဒါကြောင့်မို့လို့ အဲဒီပြဿနာကို ကြားတာပေါ့။ အစိုးရဝန်ထမ်းတွေ၊ စစ်သားတွေ နိုင်ငံရေးနဲ့ မပတ်သက်ရဆိုပြီး အခုပြောလာတာ ရှိတယ်လေ။ တကယ်တမ်း ပြန်ကြည့်ရင် အစိုးရဝန်ထမ်းနဲ့ စစ်သားတွေက ပြည်ထောင်စုမြန်မာနိုင်ငံသူ နိုင်ငံသားတွေ။ အဲဒီတော့ နိုင်ငံသားတွေက သူတို့ရဲ့ ဖြစ်ချင်တဲ့ဆန္ဒကိုတော့ လွတ်လွတ်လပ်လပ် တင်ပြထုတ်ဖော်နိုင်ခွင့် ရှိရမှာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ စစ်တပ်ကလူမို့၊ အစိုးရလခစားမို့လို့ ဘယ်မှာမပါရ၊ ဘယ်မှာမှ မိမိဆန္ဒကို ထုတ်ဖော်မပြရ ဆိုတာကတော့ အဲဒါတော့ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ အဲဒီတော့ သူတို့က တကယ်တမ်း ပြောမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေက အမှန်အတိုင်းပြောရရင် တောင်ပေါ်မြေပြန့် ဘယ်သူမှ မကြိုက်ပါဘူး။ အားလုံးလည်း သိနေတဲ့ကိစ္စပဲ။ အခုအခါက သူတို့က စစ်တပ်ကို ကိုင်ထားပြီးတော့ လက်နက်အားကိုးနဲ့ ဒါကို ဆက်ပြီးတော့ သွားနေတာကို။ ဒါကြောင့်မို့ ဒီပြဿနာက ဖြစ်နေတာ။

ဦးသန်းလွင်ထွန်း ။ ။ အခု ထိုင်းမှာဖြစ်ခဲ့တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ၊ မြန်မာစစ်တပ်အနေနဲ့ ဘယ်လိုများ သဘောထား ရှိလာနိုင်သလဲ။ အားတက်သရော ဖြစ်သွားနိုင်မလား။ ဒီမှာ ဒါကို စံနမူနာတခုအနေနဲ့ ယူသွားနိုင်တဲ့ အနေအထားရှိသလား။

ဦးဇော်မင်း ။ ။ အဲဒီကိစ္စ ပြောရမယ်ဆိုလို့ရှိရင် ဖီလစ်ပိုင်တုန်းက အခြေအနေအတိုင်း ပြောရမှာပေါ့။ ဖီလစ်ပိုင်တုန်းက လူထုနဲ့ သမ္မတမားကိုစ်တို့ ထိပ်တိုက်တွေ့တဲ့အခါကြတော့ စစ်တပ်ရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်ရားမို့စ် နဲ့ ဗိုလ်ချုပ်အန်ရိုင်းတို့က အကုန်လုံး သူတို့ဆုံးဖြတ်ချက်က နောက်ဆုံးကြတော့ လူထုဖက်ကို ပါလိုက်တာပဲ။ လက်ရှိ သမ္မတဖက်ကို မပါဘူး။ ဗမာပြည်မှာလည်း ရှင်းရှင်းပြောရမယ်ဆိုရင် ပြည်သူလူထုအကျိုးကို လိုလားတယ်။ တိုင်းပြည်အရှေ့ အနာဂတ်ကို လိုလားတယ်ဆိုရင်တော ကျနော်ထင်ပါတယ်၊ တပ်မတော်ထဲမှာ အခုလက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အကုန်လုံးအဆင့်ဆင့်သော တပ်မတော်သားတွေ အရာရှိတွေ အားလုံးက ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အားတတ်သရော ပါသင့်တယ်လို့ ကျနော် မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အပြင်ဖက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လက်မှတ်ထိုးဖို့ဆိုတဲ့ လှုံဆော်ချက်က သာမန်တပ်မတော်သားတွေ၊ အရာရှိ၊ အရာခံတွေကို စည်းရုံးတယ်ဆိုတဲ့သဘောပေါ့။ ဒါပေမဲ့လဲ တကယ်တမ်းကြတော့ ဒါက လွှတ်တော်ထဲမှာ လုပ်ရမယ့်အလုပ်၊ လွှတ်တော်ထဲမှာ ထိုင်နေတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ရမယ့်အလုပ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအနေအထားအရ ကျနော်တို့ ကြည့်မယ်ဆိုရင် အခုလောလောဆယ်အရဆိုရင် ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက တသွေးတသံ၊ တမိန့်နဲ့ပဲ မဲပေးတာတွေ၊ ဆန္ဒပြုတာတွေ လုပ်နေတာကို တွေ့ရတယ်ဆိုတော့ ဒီ ၂၅ ရာခိုင်နှုန်းက တမဲမှ ပဲ့ပါလာနိုင်တဲ့အနေအထားမျိုး ရှိပါ့မလား။

ဦးဇော်မင်း ။ ။ ကျနော်ထင်တယ် ဒီနေရာမှာ တပိုင်းရှိတယ်။ စစ်တပ်က ချုပ်ထားတဲ့အခါကြတော့ တမဲမှလဲ ရချင်မှရမယ်။ ပါလီမန်ထဲမှာရှိတဲ့ စစ်တပ်က ၂၅ ရာခိုင်နှုန်းဆိုတာကလဲ အယောက် ၁၁၀ ပဲ ရှိတာကို။ ဒါက ပြဿနာမရှိဘူး။ ဒါပေမဲ့ ကျနော် တကယ်မြင်တာက တိုင်းပြည်တခုမှာ နိုင်ငံသားတွေအားလုံးက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားအများစုက မကြိုက်ပါဘူးလို့ ပြောရင် လွှတ်တော်ထဲမှာ ရောက်မှပြင်တာကို စောင့်စရာမလိုဘဲ။ အပြင်မှာရှိတဲ့ တိုင်းသူပြည်သားတွေနဲ့ နိုင်ငံသားတွေအသံကိုကြည့်ပြီးတော့ အဲဒီ နိုင်ငံသားတွေအသံအတိုင်း လိုက်နာကြဖို့ လိုတယ်လို့တော့ ကျနော်မြင်တယ်။ အခုဟာက တချို့ကိစ္စတွေမှာ ကျနော်တို့က လွှဲနေတာက လွှတ်တော်ကို ပုံပုံပြီးချပြီး ကြည့်နေလို့။ လွှတ်တော်ထဲမှာရှိတဲ့ လူအနည်းစု၊ လူနှစ်ရာသုံးရာကြားမှာ အဖြေမပေါ်ရင်။ အဖြေမပေါ်သလို ဖြစ်နေတယ်။ ကျနော်ကတော့ အဲဒီလို မမြင်ဘူး။ အမှန်ကတော့ အပြင်မှာရှိတဲ့ နိုင်ငံသားတွေက သူတို့ရဲ့ နစ်နာချက်တွေအရ ဒီ constitution ကြီး ဆက်ရှိနေရင် ကျနော်တို့ကျမတို့ နစ်နာပါတယ်။ ဒါကြောင့်မို့ ဒီ constitution ကြီးကို ပြင်သင့်ပါတယ်လို့ ပြောလို့ရှိရင် ဒီဟာကို သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက နားထောင်ရမယ်လို့ ကျနော်က ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွှတ်တော်လိုင်းကနေ သွားနေတာ မဟုတ်ဘူးလား။ ဒီကိစ္စကို လူထုဆန္ဒခံယူပွဲယူပြီးတော့ လွှတ်တော်ထဲမှာ ပြန်ပြင်ဖို့ တင်ပြရမယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်လေ။

ဦးဇော်မင်း ။ ။ မှန်ပါတယ်။ ဒါပေမဲ့ အခု ဗမာပြည် constitution ကို ပြန်ကြည့်ရင်။ ဥပမာ ဟိုတခေတ်တခါတုန်းက အင်ဒိုနီးရှား constitution ကို ဒါက ကူးချထားတဲ့အချက်တွေ အများကြီးပါပါတယ်။ အဲဒီတော့ ဆူဟာတိုလက်ထက်မှာ နောက်ဆုံးပိတ် ဒီ constitution ပြဿနာကြောင့် constitution ပြင်ဖို့အတွက် လူတွေဆန္ဒပြလိုက်တာ နောက်ဆုံးဘာဖြစ်သွားလဲဆိုရင် constitution က ပြင်ဖို့တော့ မဟုတ်တော့ဘူး။ နောက်ဆုံးပိတ် ဖျက်သိမ်းပစ်လိုက်ရတဲ့အထိ လူထုက လမ်းပေါ်ရောက်လာတာတွေ ဖြစ်သွားတယ် မဟုတ်လား။ ဗမာပြည်မှာ အဲဒီလောက်အထိ အုံကြွတာကို ရင်မဆိုင်ချင်ဘူးဆိုရင် အခုလက်ရှိ အာဏာရအစိုးရအဖွဲ့ သမ္မတဦးသိန်းစိန်တို့အဖွဲ့က သက်ဆိုင်ရာခေါင်းဆောင်တွေအသီးသီးနဲ့ ညှိနှိုင်းဆွေးနွေးဖို့လိုတယ်လို့ ကျနော်က မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီနေရာကို ပြန်ထောက်ရမယ်ဆိုရင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တဲ့ ဆန္ဒပြအုံကြွမှု ဖြစ်လာပြီဆိုရင် စစ်တပ်က သူ့တာဝန်သူယူရတော့မှာပေါ့။

ဦးဇော်မင်း ။ ။ အဲဒါက အခြေအနေအမျိုးမျိုး ရှိတာပေါ့။ သူတို့ ပြန်ယူချင်ရင်လဲယူ။ မယူချင်လဲနေ။ ဒါပေမဲ့ သူတို့က ရပ်ကျေးကနေ၊ သမ္မတအထိ ယူထားတာတွေက စစ်သားလူထွက်၊ စစ်ဗိုလ်လူထွက်တွေကြီးပဲ။ သူတို့က နောက်ထပ်အာဏာ ထပ်သိမ်းဖို့ လိုအုံးမလား။ တခါတလေ အဲဒီလိုလဲ စဉ်းစားတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည်တို့ အခု NLD တို့ လုပ်နေတဲ့လိုင်းပုံစံကို ကြည့်ရတာကတော့ လွှတ်တော်ထဲမှာပြန်ပြီးတော့ မဲခွဲမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့ အပြင်ဖက်အမြင်အရဆိုရင်တော့ တပ်မတော်သား ကိုယ်စားလှယ်တွေဖက်က တမဲမှ ပဲ့ပါလာမယ့်အနေအထားတော့ မရှိဘူး။ အထူးသဖြင့် ပြန်ကြည့်မယ်ဆိုရင် အစောပိုင်းက တပ်မတော်သားကိုယ်စားလှယ်တွေ ကြည့်မယ်ဆိုရင် ရာထူးအတော်အတန်ကြီးတဲ့ ဗိုလ်မှုးချုပ်အဆင့်၊ ဗိုလ်မှုးကြီးအဆင့်တို့ ပါလာတာကိုတွေ့တယ်။ အခုဆိုရင် နောက်ပိုင်းမှာဆိုရင် ရာထူးခပ်ငယ်ငယ်တွေကို အလှည့်ကျတွေ လွှဲပြောင်းနေပြီးတော့ အမိန့်နာခံရမယ့်လူတွေကိုပဲ ထားထားတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတော့။ ဒီအစုအဝေးကြီးကို ဖြိုခွဲဖို့ဆိုတာကတော့ သိပ်မလွယ်ဘူးလို့ ယူဆရတယ်။ ဦးဇော်မင်း ဘယ်လိုမြင်ပါသလဲ။

ဦးဇော်မင်း ။ ။ မှန်ပါတယ်။ အခု ကျနော် ထင်ပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေအောက်မှာတော့ ဒီ အချီမှာတော့ ပွဲအပြောင်းအလဲဖြစ်မယ်လို့ ကျနော် မမြင်ပါဘူး။ ဒီလိုမျိုး အကြိမ်ကြိမ်တော့ တိုက်ပွဲဝင်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က လက်နက်မကိုင်ဘဲနဲ့၊ အကြမ်းမဖက်တဲ့နည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ပွဲဝင်တယ်ဆိုတာက တခါတလေကျရင် လိုအပ်တာထက် မျှော်မှန်းပြီးတော့ အကြိမ်ကြိမ်များစွာ တိုက်ပွဲဝင်ကြရတာ။ အဲဒီတော့ ဒီတကြိမ်မှာ မအောင်မြင်လဲ နောက်တကြိမ် ဆက်ကြိုးစားဖို့ လိုတာပေါ့လို့ ကျနော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောက အခုလုပ်နေတဲ့ လှုပ်ရှားမှုက လှုပ်ရှားမှုအနေနဲ့ အဆုံးသတ်သွားမယ်ဆိုတဲ့ သဘောလား။

ဦးဇော်မင်း ။ ။ ကျနော် မြင်တာကတော့ အဲဒီလိုမျိုး မဟုတ်ဘူး။ လှုပ်ရှားမှုတခုပြီးရင် သူ့ရဲ့နောက်က အကျိုးဆက်တွေကတော့ တိုင်းပြည်မှာ၊ နိုင်ငံရေးလောကမှာ၊ နိုင်ငံရေးဖြစ်စဉ်မှာ အနည်းနဲ့အများ ကျန်ရစ်ခဲ့တာပဲ။ ဒီတပွဲမှာ ကိုယ်ဖြစ်ချင်တာ ကိုယ်လိုချင်တာအရာ မရလို့၊ မအောင်မြင်လို့ ရပ်သွားမယ်လို့တော့ ကျနော် မထင်ဘူး။ ဒီဟာက ဆက်တော့သွားမှာပဲ။ အဲဒါကြောင့်မို့ အခုအခြေအနေ လက်ရှိဖြစ်နေတဲ့ အခြေအနေတခုတည်းကို ကြည့်ပြီးတော့ အနာဂတ်မြန်မာပြည် ဘာဖြစ်မလဲဆိုတာကို ဆုံးဖြတ်မယ်ဆိုရင်တော့ နည်းနည်းလွှဲနိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဖြစ်လာမယ့် လှိုင်းတွေရှိတာကို။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်းပါးတွေ ရေးသားနေသူ ဦးဇော်မင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။