ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာကြောင့် ပြင်ဆင်သင့်

၂၀၀၈ အခြေခံဥပဒေမူကြမ်း ရေးဆွဲစဉ် က လှုံ့ဆော်ရေးဆိုင်းဘုတ်

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပြန်ပြီးသုံးသပ်ဖို့အတွက် အဖွဲ့ဝင် (၁၀၉) ပါဝင်တဲ့ ကော်မတီကို ဇူလိုင်လ (၂၅) ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားပါတီဝင် အမတ်တွေနဲ့ တပ်မတော်အမတ်တွေပါ ပါဝင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အလားအလာတွေနဲ့ ပတ်သက်ပြီး BNI (Burma News International) ခေါ် တိုင်းရင်းသားမီဒီယာအဖွဲ့ရဲ့ အတိုင်ပင်ခံအယ်ဒီတာ ဦးဇင်လင်း က အခုလို သုံးသပ်ပါတယ်။

ဦးဇင်လင်း ။ ။ အဓိကတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်အပေါ်မှာ ကျနော်တို့ လူအများက မယုံကြည်တာ၊ လက်မခံတာပါ။ လက်ရှိ နိုင်ငံရေးအခြေအနေအရလည်း လက်နက်ကိုင်အင်အားစုတွေ၊ ပါလီမန်အတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားပါတီတွေ၊ ဒီမိုကရေစီပါတီတွေ အစရှိသဖြင့် လူထုထဲမှာလည်း ဒီ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ တော်တော်လေး မကျေလည်တာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဦးဇင်လင်း ပြောသလိုဆိုရင် လူထုအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာတဲ့ဖြစ်စဉ်အပေါ် မကျေနပ်တဲ့အချက်တခု။ အဲဒါရယ်။ ဒီလို မကျေနပ်ဘူးဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပါနေတဲ့ ဘယ်လိုအချက်တွေကို မကျေနပ်တာလဲ။ ဘယ်လိုအချက်တွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ သုံးသပ်နေကြတာလဲ။

ဦးဇင်လင်း ။ ။ အဓိကတော့ ကျနော်တို့ ဒီမိုကရေစီစနစ် သွားမယ်ဆိုလို့ရှိရင် လွယ်လွယ်ပြောရရင်တော့ ပါလီမန်ထဲမှာ စစ်တပ်ဟာ ပါခွင့်မရှိဘူး။ စစ်တပ်သည် ပြည်သူလူထုရဲ့ အခွန်ကိုစားနေတဲ့ ဝန်ထမ်း။ ဝန်ထမ်းဖြစ်တဲ့အပြင် စစ်တပ်သည် ဒီမိုကရေစီနိုင်ငံတွေရဲ့ ထုံးတမ်းစဉ်လာအရဆိုရင်တော့ ကာကွယ်ရေးဝန်ကြီးရဲ့ လက်အောက်မှာပဲ နေရမှာဖြစ်တယ်။ ဒါပေမဲ့ ဒီကနေ့ စစ်တပ်က ပါလီမန်ထဲမှာ အများကြီး သူတို့သြဇာအာဏာတွေ ရယူထားတာဟာ အဲဒါတွေက ပဓာနအချက်ပဲ။ ဒါကြောင့်မို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူလူထုကလည်း ဒီကိစ္စကို မကြိုက်ဘူးလို့ လိုရင်တိုရှင်း ပြောရရင် အဲဒါအဓိကပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ဝါရှင်တန်လာတုန်းကလည်း တည့်တည့်မေးဘူးပါတယ်။ လွှတ်တော်ထဲမှာ စစ်တပ်က လေးပုံတပုံ နေရာယူထားတာနဲ့ ပတ်သက်ပြီးတော့ - ဒီနေရာမှာ သမ္မတဦးသိန်းစိန်အမြင်ကတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအစဉ်အလာအရ စစ်တပ်ဟာ အရေးပါတဲ့အခန်းကဏ္ဍပါတယ်။ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ပစ်ပယ်လို့မရဘူးဆိုတဲ့ သဘောမျိုး အခိုင်အမာပြောကြားထားတာလည်း ရှိပါတယ်။ အဲဒီတော့ နိုင်ငံတကာစံနှုန်းတွေနဲ့ ပြောရမယ်ဆိုရင်တော့ ဦးဇင်လင်း ပြောသလို ဟုတ်ပါတယ်။ ဒါပေမဲ့လည်း တဖတ်က ထောက်ပြနေသလို တပ်မတော်ရဲ့ အစဉ်အလာနဲ့ အဲဒါကို ထောက်ဖို့ဆိုတာနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ဆန္ဒက ဘယ်လိုရှိနေသလဲ။

ဦးဇင်လင်း ။ ။ အမှန်တော့ ဒါလဲပဲ ဆင်ဝှေ့ရန်ရှောင် အကြောင်းပြချက်ရှာပြီးတော့ ပြောတာပါ။ စစ်တပ်ဟာ ဘာပဲဖြစ်ဖြစ် နိုင်ငံတော်ကာကွယ်ဖို့ဆိုပြီးတော့ နိုင်ငံတော်ဘဏ္ဍာနဲ့ သူတို့ကို ထူထောင်ပေးထားတာ။ ပြည်သူလူထုကို ကာကွယ်ဖို့အတွက်။ အဲဒီအခါကြတော့ စစ်တပ်သည် ကာကွယ်ရေးဝန်ကြီးရဲ့ ညွှန်းကြားမှုအောက်မှာရှိရင်လည်း တိုင်းပြည်မှာ ပြဿနာတွေ ပေါ်လာခဲ့ရင် စစ်တပ်ဟာ စစ်တပ်ရဲ့ တာဝန်ကို ထမ်းဆောင်ရမှာ အဓိကပဲ။ အဲဒီတော့ ဒါနဲ့ပတ်သက်လို့ သူတို့ နိုင်ငံရေးထဲကိုဝင်ပြီး၊ နိုင်ငံရေးသြဇာတွေ ရယူထားမှ နိုင်ငံကိုကာကွယ်နိုင်မယ်ဆိုတာသည် နိုင်ငံတကာ၊ တခြားနိုင်ငံတွေရဲ့ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ပြောရလို့ရှိရင် ဒီဥစ္စာမမှန်ကန်ဘူးလို့ ပြောရမှာပဲ။ တိုင်းပြည်ထဲမှာ ဒီနေ့ဖြစ်ပေါ်နေတဲ့ အခြားပဋိပက္ခတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေသည် နိုင်ငံရေးအခြေခံနဲ့ ဖြေရှင်းရမှာဖြစ်တယ်။ နိုင်ငံရေးအခြေခံနဲ့ ဖြေရှင်းရမယ့်ကိစ္စကို နိုင်ငံရေးပါတီတွေနဲ့ ပါလီမန်နဲ့ အစိုးရက ဖြေရှင်းသွားရမှာဖြစ်တယ်။ စစ်တပ်သည် စစ်တပ်နေရာက နေပြီးတော့ တကယ်ပဲ တိုင်းပြည်အတွက် ဆူပူသောင်းကျန်းမှုတွေ တကယ်ဖြစ်ခဲ့ရင် တကယ်ပဲ ပြည်ထဲရေးဝန်ကြီးက မနိုင်ဘူးဆိုရင်တော့ ကာကွယ်ရေးဝန်ကြီးနဲ့ ညှိနှိုင်းပြီးတော့ ဆက်စပ်ပြီးတော့ လုပ်ဆောင်သွားလို့ရတဲ့ကိစ္စ ဖြစ်ပါတယ်။ စစ်တပ်သည် နိုင်ငံရေးထဲပါမှ တိုင်းပြည်လုံခြုံမယ်ဆိုတဲ့ ဒီအယူအဆကို ကျနော်တို့က သဘောမတူပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ အိမ်နီးချင်းနိုင်ငံတခုဖြစ်တဲ့ အင်ဒိုးနီးရှားနိုင်ငံရဲ့ သမိုင်းကြောင်းကို တချက်ကြည့်ရင်။ အင်ဒိုးနီးရှားနိုင်ငံမှာ တချိန်က စစ်တပ်က လွှတ်တော်ထဲမှာ နေရာယူခဲ့ဘူးပါတယ်။ အခုအချိန်မှာတော့ မရှိတော့ပါဘူး။ အဲဒီသင်ခန်းစာယူပြီးတော့ မြန်မာအစိုးရအနေနဲ့ လွှတ်တော်ထဲကနေပြီးတော့ စစ်တပ်တဖြည်းဖြည်း ကွယ်ပျောက်သွားအောင် မလုပ်သင့်ဘူးလား။

ဦးဇင်လင်း ။ ။ ဗမာပြည်ရဲ့ သမိုင်းနဲ့ အမှန်တော့ အရှေ့တောင်အာရှနိုင်ငံလည်းဖြစ်တဲ့ အင်ဒိုးနီးရှားနဲ့က စစ်တပ်က အာဏာယူထားခဲ့တာလည်းဖြစ်တယ်။ အကြောင်းအရာအားဖြင့် တူတယ်လို့ဆိုသော်လည်း ဗမာပြည်နဲ့ အင်ဒိုးနီးရှားနဲ့တော့ တခြားအခြေခံအချက်အလက်တွေမှာ အများကြီးခြားနားတာတွေ ရှိပါတယ်။ ဗမာပြည်ပြဿနာက ရိုးရိုးသားသား စိတ်ရင်းမှန်နဲ့ ရိုးရိုးသားသားဖြေရှင်းမယ်ဆိုရင် ဒီကနေ့ ကျနော်တို့ လွယ်လွယ်ကူကူ ဖြေရှင်းလို့ရတဲ့ကိစ္စပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြဿနာက ဘယ်ကစလာသလဲဆိုတော့ ၄၇ ခုနှစ် ပင်လုံစာချုပ်က စတာပါ။ ပင်လုံစာချုပ်ရဲ့ ကတိကဝတ်တွေကို ချိုးဖောက်တဲ့အတွက်ကြောင့်မို့ ဒီကနေ့ မလိုလားအပ်တဲ့ တိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာတာဖြစ်တယ်။ အဲဒီတော့ ပင်လုံစာချုပ်ကို အခြေခံပြီးတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဒီကိစ္စက အလွယ်တကူနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စဖြစ်တယ်။ အခုဟာကတော့ မရိုးမသာနဲ့ နိုင်ငံအပေါ်ကို ကာကွယ်ဖို့လား။ မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေကို ကာကွယ်ဖို့လားဆိုတဲ့အပေါ်မှာလည်း ပြည်သူလူထုကတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားထက် ဒီကနေ့ တပ်မတော်ကို အာဏာကြိုးကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးများဟာ မိမိတို့ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်လွန်တယ်။ ပြည်သူလူထုကတော့ ပြည်သူထဲမှာဆင်းပြီး လေ့လာမယ်ဆိုရင် အဲဒီအသံတွေ ကြားရမှာပဲ။ ဒါကြောင့်မို့ ကျနော်ဖြစ်စေချင်တာကတော့ စစ်တပ်ကို ဂုဏ်သိက္ခာရှိရှိ ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ဖို့။ ဒါကို ကျနော်တို့ လိုချင်တယ်။ အဲဒီတော့ နိုင်ငံရေးကိစ္စတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်မယ်ဆိုရင် ဗမာပြည်မှာ လက်နက်ကိုင် ပဋိပက္ခလည်း ချုပ်ငြိမ်သွားမယ်။ ဒါဆိုရင် တိုင်းပြည်ဟာ ဒီမိုကရေစီစနစ်ကို ထူးထောင်ဖို့ ပိုပြီးတော့ လွယ်ကူသွားမယ်။ မြန်ဆန်သွားမယ်။ အခု ဒီပုံအတိုင်း သွားနေလို့ကတော့ ကျနော့်အမြင်ကတော့ ဒီငြိမ်းချမ်းရေးလည်း အောင်မြင်ဖို့ အကြောင်းမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ တိုင်းရင်းသားအင်အားစုတွေက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့က လက်မခံနိုင်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီကိုလည်း အာမမခံဘူး။ စစ်မှန်တဲ့ ဖယ်ဒရယ် ယူနီယံစနစ်ကိုလည်း အာမမခံဘူး။ ဒါကြောင့်မို့ ဒီ ဖွဲ့စည်းပုံနဲ့ သွားနေသမျှတော့ တိုင်းပြည်က ငြိမ်းချမ်းမှာလည်း မဟုတ်ဘူး။ အဖြေရှာလို့ရမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူတို့ဖြစ်စေချင်တာကတော့ ဒီဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီး အသစ်ပြန်ရေးဖို့အထိ တောင်းဆိုထားတာကို တွေ့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတောင်းဆိုချက်ကတော့ တကယ်တမ်း လက်တွေ့ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေများနဲ့ နည်းနည်းလေး ကင်းကွာနေပုံရှိတယ်လေ။ ဘာကြောင့်လဲဆိုတော့ အခုလောလောဆယ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး၊ ၁၀၉ ဦးပါတဲ့ ကော်မတီကို လွှတ်တော်ထဲမှာရှိတဲ့လူတွေအကုန်၊ ပါတီတွေပေါင်းစုံက စုပေါင်းပြီးဖွဲ့စည်းထားကြပြီ မဟုတ်လား။ ဒီဖွဲ့စည်းထားတဲ့ ကော်မတီအနေနဲ့ အစောက ဦးဇင်လင်းပြောတဲ့ စစ်တပ်ရဲ့ ပါဝင်မှုအခန်းကဏ္ဍအပါအဝင် အခြေခံအချက် တော်တော်များများကို ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အများစု ဒီရက်ပိုင်းမှာ ပြောဆိုနေကြတဲ့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရွေးပိုင်ခွင့်၊ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး တားဆီးထားတဲ့အချက်တွေကို အခြေခံဥပဒေကနေ ဖျက်သိမ်းပေးရေးကိစ္စတွေကိုလည်း ပါနေတဲ့ပုံစံမျိုး ပြောနေတယ်ဆိုတော့ ဒီကိစ္စကိုလည်း တော်တော်လေး အရေးပါတဲ့ကိစ္စလို့ ယူဆသလား။

ဦးဇင်လင်း ။ ။ ဒီကိစ္စက အရေးပါပါတယ်။ ဒါပေမဲ့ ကျနော်တို့ မြင်တာကတော့ ပါလီမန်ထဲမှာ ဒီကိစ္စကို အများစု ကျနော်တို့ သုံးသပ်နေကြတာ လက်လှမ်းမှီတဲ့ နိုင်ငံရေးလေ့လာသူတွေအချင်းချင်း ဆွေးနွေးလေ့လာချက်အရတော့ ဒီကိစ္စက ဖြစ်နိုင်ခြေအတော်နည်းတယ်လို့ လူတွေက ယူဆနေကြတယ်။ အဲဒီအပိုဒ်တွေ ဖျက်မပေးရင်လည်း စောစောကပြောတဲ့ အခုနအတိုင်း အဖြေရှာလို့လည်း ရမှာမဟုတ်ဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ပါလီမန်ထဲမှာ ပြင်မယ့်ကိစ္စသည် အသေးအမွှားကိစ္စတွေပဲ ပြင်လို့ရလိမ့်မယ်လို့ ကျနော်တို့က အဲဒီလိုယူဆတယ်။ အဓိက အဆုံးအဖြတ်ဖြစ်တဲ့ အာဏာအခန်းကဏ္ဍကတော့ ရလိမ့်မယ်လို့ ကျနော်မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေက အကျိုးစီးပွားကာကွယ်ရေးကိစ္စတွေနဲ့လည်း ဆက်စပ်နေတဲ့အခါကြတော့ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အခြား ဒီမိုကရေစီအင်အားစုဖက်က တယောက်ယောက် အဲဒီလို အဓိကကျတဲ့ အာဏာကို သမ္မတအာဏာကို ရရှိခဲ့မယ်ဆိုရင် အကျိုးစီးပွားကာကွယ်ရေးကိစ္စတွေမှာ လက်ရှိတပ်မတော်က သွားနေတဲ့လမ်းကြောင်း။ အခုဟာကလည်း တပ်မတော်က စီးပွားရေးအရလည်း တော်တော်ကြီး ကြီးကြီးမားမား လုပ်နေတာကိုလည်း တွေ့ရတယ်။ ဦးပိုင်နဲ့ မြန်မာ့စီးပွားရေးအပါအဝင် အဲဒီနှစ်ခုက တိုင်းပြည်ရဲ့ အကျိုးစီးပွားအားလုံးက ချုပ်ကိုင်ထားသလို ဖြစ်နေတယ်။ ဒီအကျိုးစီးပွားတွေသည် တပ်မတော်ရဲ့ အကျိုးစီးပွားနဲ့ တသားတည်းဖြစ်နေတယ်။ ဒါကြောင့်မို့ ဒီအကျိုးစီးပွားတွေကြောင့်မို့ သမ္မတတွေရဲ့ အာဏာနဲ့ ပတ်သက်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်တဲ့နေရာမှာ အခက်အခဲတွေ့လိမ့်မယ်လို့ အဲဒီလို မြင်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်တိုင်ကတော့ လွှတ်တော်ထဲမှာလည်း ကိုယ်တိုင်ပါဝင်နေတယ်။ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေ သုံးသပ်ရေးကော်မတီထဲမှာလည်း ပါနေတယ်ဆိုတော့ အစောက ဦးဇင်လင်းပြောသလို ဖြစ်နေချိန်မရှိဘူးလို့ ယူဆနေတဲ့ကိစ္စတခုကို နှင်းဇွတ်တိုးပြီး လုပ်နေတယ်ဆိုတဲ့သဘော ပြောချင်တာလား။

ဦးဇင်လင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပါလီမန်ထဲရောက်သွားတဲ့အခါမှာ လူထုကပေးထားတဲ့ mandate ကို အသုံးချပြီးတော့ သူကတော့ ကြိုးစားမှာပါ။ ကြိုးစားမယ်ဆိုတဲ့အခါမှာ ကျနော်တို့ကို လက်ရှိအခင်းအကျင်းအရ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အနေအထားအရ၊ လက်ရှိပါလီမန်ထဲမှာ ရှိနေတဲ့ မဲအင်အားချိန်ခွင်လျှာအရကော တော်တော်လေး အားနည်းတယ်။ ဆိုတာက သာမန်ကိစ္စတွေ သိပ်အရေးမကြီးဘူးလို့ ထင်ရတဲ့ကိစ္စတွေတောင်မှ ပါလီမန်ထဲမှာ အဆိုတွေ ရှုံးနှိမ့်ခဲ့တာကို တွေ့ရလိမ့်မယ်။ အင်မတန် အရေးကြီးတဲ့ကိစ္စဆိုရင်တော့ အလားတူပဲ ရှုံးနှိမ့်ဖို့ များနေတယ်။ အသင့်အတင့် သူတို့ပေးကောင်းပေးလိမ့်မယ်။ သို့သော် အရေးကြီးတဲ့ အာဏာအခန်းကဏ္ဍတွေနဲ့ ပတ်သက်လို့တော့ သိပ်မမျှော်လင့်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဆိုတာလည်း တကယ်တမ်းကြတော့ ဒီနှစ်ကုန်ပြီးပြီ ရှေ့နှစ် ၂၀၁၄ ဆိုရင် ရွေးကောက်ပွဲအကြိုနှစ်ထဲကို ရောက်နေပြီ။ ဒီကာလအတွင်းမှာ ဒီလိုဖွဲ့စည်းပုံ အခြေခံကို ပြုပြင်မယ့်ပုံစံမျိုးနဲ့ အခြေအနေတွေက အချိုသပ်သွားနေတယ်ဆိုတဲ့ သဘောမျိုးလို့ ယူဆလို့ ရနိုင်မလား။

ဦးဇင်လင်း ။ ။ အဲဒီလို ပြောရမလိုဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည် တကယ်ငြိမ်းချမ်းစေချင်တယ်ဆိုရင် အခုပဲ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီဖွဲ့တယ်။ သမ္မတဦးသိန်းစိန် ဥက္ကဋ္ဌလုပ်တယ်။ (၁၁) ဦးပါတယ်။ အဲဒီ (၁၁) ဦးထဲမှာ (၉) ဦးက ကာလုံက ပုဂ္ဂိုလ်တွေပဲ ဖြစ်နေတယ်။ နောက်တခါ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ အလုပ်ကော်မတီ (၅၂) ဦးမှာလည်း စောစောကပြောတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တွေလည်းမပါ။ အန်အယ်လ်ဒီကတောင် တယောက်မှ မပါဘူး။ တကယ်ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင်တော့ တကယ်ပါသင့်ပါထိုက်တဲ့လူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တွေ၊ တခြားဒီမိုကရေစီအင်အားထဲက ထင်ရှားတဲ့ခေါင်းဆောင်တွေ အကုန်လုံးပါခွင့်ပေးပြီးတော့ ငြိမ်းချမ်းရေးကို သဘောထားကြီးကြီးမားမား၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ငြိမ်းချမ်းရေး မရရအောင် လုပ်ပြရမှာ။ အခုက ငြိမ်းချမ်းရေးကလည်း ကျနော်တို့ မြင်နေတာက နိုင်ငံတကာ လက်ခံလာအောင်၊ နိုင်ငံတကာဆီက ရသင့်ရထိုက်တဲ့ အကူအညီတွေရအောင် နိုင်ငံတကာနဲ့ ပြေလည်အောင်စသဖြင့် အဲဒီအခင်းအကျင်းနဲ့ အချိန်ဆွဲပြီးတော့ သွားနေတယ်လို့ အဲဒီလိုယူဆတယ်။ အဲဒီအခါကြတော့ ၂၀၁၅ မှာလည်း ကံသေကံမ လွတ်လပ်သည်၊ မျှတတယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး။ ဒီဖွဲ့စည်းပုံအောက်မှာသွားမယ်။ အာဏာအများစုကလည်း လက်တွေ့အစိုးရနဲ့ စစ်တပ်လက်ထဲမှာပဲ ရှိနေတယ်ဆိုရင် အဲဒီမှာ ဖြစ်ပေါ်လာမယ့် ရွေးကောက်ပွဲသည် မနေ့တနေ့ကပြီးသွားတဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ရွေးကောက်ပွဲလိုပဲ ဒီလိုပဲ သွားလိမ့်မယ်လို့ မှန်းဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဆိုတာက ပြောရမယ်ဆိုရင်တော့ ပုဂ္ဂိုလ်ရေး အဓိကတွေလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုမကြာသေးခင်ကဆိုရင် ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွေလုပ်တာတွေ၊ ပြောဆိုတာတွေကို ကြားရတယ်၊ မြင်ရတယ်ဆိုတော့ ပြည်သူကြားမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အားတတ်တဲ့လူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီလိုပုဂ္ဂိုလ်ရေး ပြောဆိုချက်တွေ၊ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရပေးတဲ့ ကတိကဝတ်တွေကိုရော အယုံအကြည် မရှိဘူးလား။

ဦးဇင်လင်း ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ လက်ရှိနိုင်ငံရေး ဖြစ်စဉ်တွေက မရှောင်မလွှဲသာလို့ကြောင့်မို့ အလှည့်အပြောင်းတချို့ကို လုပ်နေတာသာ ဖြစ်ပြီးတော့ တကယ်နှစ်ပါပါ၊ တကယ့်စိတ်ရင်းစိတ်မှန်နဲ့ ပြောင်းလဲတဲ့ အပြောင်းအလဲမျိုးတွေ ကျနော်တို့ မမြင်ရသေးဘူး။ အဲဒီတော့ ပုဂ္ဂိုလ်ရေးအရ လုပ်နေကိုင်နေကြတာလည်း သူတို့ပုဂ္ဂိုလ်တဦးချင်းတွေရဲ့ နောက်ကွယ်မှာ ကိုယ်ကျိုးစီးပွားတွေ ရှိနေတယ်လို့ ကျနော်တို့က အဲဒီလိုကို မြင်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုးရိုးသားသားနဲ့ သူ့ယုံကြည်ချက်၊ သူ့ဇွဲနဲ့၊ သူ့စွမ်းရည်သတ္တိ ရှိသမျှကို အကုန်ထုတ်သုံးပြီးတော့ သူ့ဘဝသူစတေးပြီးတော့ တော်တော်လေးကို အားကျိုးမာန်တတ် လုပ်နေတာကို တွေ့ရပါတယ်။ သို့သော်လဲပဲ အခုနပြောတဲ့ ကျန်တဲ့ ပတ်ဝန်းကျင်အခင်းအကျင်းတွေက ကျနော်တို့က သူမျှော်မှန်းသလောက် ဖြစ်လာနိုင်မယ့် အနေအထားမျိုး နည်းနည်း, နည်းနေတယ်လို့ မြင်နေတယ်။

ဦးသန်းလွင်ထွန်း ။ ။ BNI (Burma News International) ခေါ် တိုင်းရင်းသားမီဒီယာအဖွဲ့ရဲ့ အတိုင်ပင်ခံအယ်ဒီတာ ဦးဇင်လင်းရဲ့ သုံးသပ်ချက်များ ဖြစ်ပါတယ်။