ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့

ဟာဂျီ ဦးအေးလွင်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေအကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ လက်ရှိမှာ ဘာသာရေးအသွင်ဆောင်နေပေမဲ့ တကယ်တမ်းမှာတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ အစဉ်အလာတွေ ရှိခဲ့ပါတယ်လို့ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင်က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အခြေစိုက် USIP ငြိမ်းချမ်းရေးသုတေသနအဖွဲ့ အစည်းအဝေးပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။ ဟာဂျီဦးအေးလွင်ကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။


ဦးအေးလွင် ။ ။ သမိုင်းကြောင်းမှာလည်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာတို့က ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲပြီးနေခဲ့ကြတယ်။ လူတွေအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ခိုက်ရန်ဖြစ်တာလေးတွေကတော့ ရှိတာပေါ့။ သို့သော် ဘာသာတရားအနေနဲ့က လုံးဝမရှိဘူး။ လတ်တလော ဖြစ်လာတဲ့ကိစ္စရပ်မှာဆိုလို့ရှိရင် မိတ္ထီလာမှာဆိုရင် ဘုန်းတော်ကြီးတွေက မူစလင်တွေကို အသက်တွေ ကယ်ခဲ့တာရှိတယ်။ နောက် ပဲခူးတိုင်းဖက်က နတ်တလင်းဖက်၊ ဇီးကုန်းဖက်မှာဆိုရင် ဗုဒ္ဓဘာသာအဘကြီးတစ်ဦးက မူစလင် (၁၅၀) လောက်ကို သူကကယ်တယ်။ ကယ်ပြီးတော့ သူ့အိမ်မှာ ကျွေးမွေးထားတယ်။ ပြီးတော့ ပြန်ပို့တဲ့အခါမှာလည်း သူပို့ပေးတယ်။ ပြီးတော့ အဲဒီကုန်ကျစရိတ်တွေကိုလည်း ပေးတဲ့အခါမှာ သူက လုံးဝလက်မခံဘဲနဲ့ သူကတခါတည်းကို သူမှာတောင် နည်းနည်းအန္တရာယ်ရှိတယ်။ ပထမပိုင်းဆိုးတဲ့အချိန်မှာ။ အဲဒီလို သူ့အသက်အန္တရာယ်ကိုတောင် ပမာမပြုဘဲနဲ့ ဗုဒ္ဓဘာသာအမျိုးသား သက်ကြီးရွယ်အိုပါ။ ကျနော်တို့က အဘလို့ခေါ်တယ်။ အဲဒီအဘကြီးက မူစလင် (၁၅၀) ကို သူ့အသက်ကို ပမာမပြုဘဲနဲ့ ဒီလိုလုပ်တာဟာ ကျနော်တို့အတွက် အင်မတန်အားရစရာကောင်းတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ နောက်ပိုင်း အခုရက်ပိုင်း ဒီရက်ပိုင်းတွေအတွင်းမှာ ဖြစ်ခဲ့တဲ့အဖြစ်တွေကို နိုင်ငံတကာသတင်းဌာနတွေ၊ ကမ္ဘာ့ပြင်ပက ကြည့်တဲ့အခါကြတော့ ဗုဒ္ဓဘာသာ အများစုနေထိုင်တဲ့ မြန်မာနိုင်ငံမှာ အနည်းစုဖြစ်တဲ့ မူစလင်တွေ အသတ်ခံရတယ်၊ အိမ်တွေမီးရှို့ခံရတယ်၊ ထွက်ပြေးနေကြရတဲ့ဆိုတဲ့ သတင်းတွေကို အသားပေးဖော်ပြနေတာကို တွေ့ရတယ်။ အဲဒီအခါကြတော့ ပြင်ပနားလည်းမှုအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအများစုဟာ မူစလင်တွေကို မကြိုက်ကြဘူး။ အထူးသဖြင့် မူစလင်တွေ ဘာသာရေးအရ နယ်ချဲ့လာမှာ၊ ဘာသာရေးအရ တိုးပွားလာမှာကို စိုးရိမ်နေကြတယ်။ အလားတူပဲ ဗမာပြည်ထဲမှာ ဒီလို ဝါဒဖြန့်မှုလေးတွေ ရှိနေတယ်။ အထူးသဖြင့် မူစလင်တစ်ယောက်အနေနဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကိုယူလို့ရှိရင် ဆုတော်ငွေဘယ်လောက်ပေးမယ်။ နောက်ပြီးတော့ ဒါမှမဟုတ် မူစလင်သာသနာတော်ကို ပြန့်ပွားအောင် ဘယ်လိုလုပ်ကြမလဲ။ စီးပွားရေးကို ပြန့်ပွားအောင် ဘယ်လိုလုပ်ကြပါဆိုတာတွေ ရှိနေတယ်။ အဲဒီလို လှုံဆော်မှုတွေ မူစလင်ဘက်က၊ အစ္စလာမ်ဘာသာဝင်တွေဘက်ကနေ ဘာသာရေးကို ပြန့်ပွားအောင် လုပ်တာတွေ မရှိဘူးလား။

ဦးအေးလွင် ။ ။ ကျနော်တို့မှာ သာသနာကို ဖိတ်ခေါ်မှုဆိုတာရှိတယ်။ သာသနာတိုင်းမှာ သာသနာပြုဆိုတဲ့ လုပ်ငန်းရှိတယ်။ အစ္စလာမ်ဘက်က ဖိတ်ခေါ်မှုဆိုတာ အသိပညာနဲ့ ဉာဏ်အလိမ္မာမှာ သူတို့ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရမယ်။ ကျမ်းမြတ်မှာ ဘယ်လိုပြောထားသလဲဆိုရင် အမှားနဲ့အမှန်ကို အတိအကျပြပြီးပြီ။ လက်ခံချင်လက်ခံ၊ ငြင်းဆန်ချင်ငြင်းဆန်ဆိုတဲ့ Freedom of Choice ကို ပေးထားပါတယ်။ သာသနာအတွင်းမှာလည်း အတင်းအကြပ် မလုပ်ရ။ No compulsion in religion ဆိုတဲ့ ပညတ်တော်သည် အဓ္ဓမတင်မကဘဲနဲ့ မြူးဆွယ်ပြီးတော့ လောကီလာဘ်လာဘနဲ့လည်း အလုပ်လုပ်နေတာကို။ ဆိုလိုတာ လွတ်လပ်သော စိတ်ဆန္ဒနဲ့ မိမိဟာမိမိ ရွေးချယ်မှသာလျှင် ဒါဟာ သာသနာတစ်ခုရဲ့ စစ်မှန်သောအသိတရားကို ရရှိမယ်လို့ အဲဒီလို သွင်သင်ချက်က ရှိတဲ့အတွက်ကြောင့် ဒီစွပ်စွဲချက်များဟာ အခြေအမြစ်မရှိဘူးလို့ ဒီလိုပဲ ကျနော် ရိုးရိုးသားသား ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ဗုဒ္ဓဘာသာဟာ ကမ္ဘာ့ကြီးမားတဲ့ ဘာသာကြီးတွေမှာပါတယ်ဆိုပေမယ့် တဖြည်းဖြည်း ကွယ်ပျောက်လာနေတဲ့ ဘာသာတစ်ခုအဖြစ်လည်း လူတွေက စိုးရိမ်တာလည်း ရှိကြပါတယ်။ အထူးသဖြင့် ဘာသာစပြီး ထွန်းကားခဲ့တဲ့ အိန္ဒိယတိုင်းမှာဆိုလို့ရှိရင် အနည်းစု ဖြစ်လာတယ်။ အလားတူပဲ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားတဲ့ နေရာတွေလည်း ရှိခဲ့တယ်ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ တော်တော်များများ ပညာတတ်အသိုင်းအဝိုင်း၊ အမြင်ကျယ်တဲ့ အသိုင်းအဝိုင်းမှာတောင် တချို့က ဘာသာကို ကိုးကွယ်ရုံနဲ့ မလုံလောက်ဘူး၊ ယုံကြည်ရုံနဲ့ မလုံလောက်ဘူး၊ ကာကွယ်ရမယ်ဆိုတဲ့ စကားမျိုးတွေ ရှိလာတယ်။ ရှိပါတယ်ဆိုတော့ ဒီလို စိုးရိမ်ချက်တွေနဲ့ သူတို့ ဘာသာတရားကို ကာကွယ်ဖို့ လှုံဆော်နေတာတွေဟာ မျှတမှု ရှိရဲ့လား၊ တရားမှုရှိရဲ့လားလို့ ယူဆသလား။

ဦးအေးလွင် ။ ။ ကျနော် ပြောချင်တာက half truth တပိုင်းတစ မှန်တဲ့ဟာတွေက အင်မတန် အန္တရာယ်များပါတယ်။ ဗုဒ္ဓသာသနာဟာ အင်မတန် အဆင့်မြင့်တဲ့ သာသနာတစ်ခု၊ ဉာဏ်အကြီးဆုံး၊ ဉာဏ်လွမ်းမိုးတဲ့ သာသနာဖြစ်တယ်။ ဒါကြောင့်မို့ လူတိုင်း နားလည်းနိုင်ခဲ့တာတော့ အမှန်ပဲ။ သို့သော်လည်း စစ်မှန်သော ဗုဒ္ဓသာသနာဟာ ကွယ်ပျောက်ဖို့ဆိုတဲ့ အကြောင်းတရားဟာ မရှိဘူး။ အဲဒီတော့ အရည်အတွက်ထက် အရည်အချင်းက ပိုပြီးတော့ အရေးကြီးပါတယ်။ အဲဒါကြောင့်မို့ ဘယ်သာသနာ ဘယ်ယုံကြည်ချက်ကိုမှ ဘယ်တစ်ဦးတစ်ယောက်ကမှ အတင်းအဓမ္မဖြစ်စေ၊ ဒါမှမဟုတ် မြူးဆွယ်ချော့မြူးပင်ဖြစ်စေ ဒါဟာ ကွယ်ပျောက်လို့လုပ်လို့ကို မရပါဘူး။ ယုံကြည်မှုဆိုတာ ဘယ်ယုံကြည်မှုပဲဖြစ်ဖြစ် ဗုဒ္ဓသာသနာမှ မဟုတ်ပါဘူး ဒီလို လုပ်လို့မရပါဘူး။ အဲဒီတော့ မိမိသာသနာဝင်များဟာ ကိုယ့်သာသနာကို ရှင်သန်ကြီးထွားဖို့အတွက် အကြောင်းအရင်း root cause တွေကို ရှာရမယ်။ သာသနာကို ဘယ်လိုတည်တန့်အောင်၊ ခိုင်မြဲအောင် လုပ်ဖို့လိုအပ်တယ်ဆိုတာ ဗုဒ္ဓလက်ထက်က သာဓကတွေရှိတယ်။ ဗုဒ္ဓရဲ့ သာဝကတွေရဲ့ သာဓကတွေရှိတယ်။ သမိုင်းတလျှောက်မှာ ထွန်းကားခဲ့တဲ့ သာသနာပြု မင်းကောင်းမင်းမြတ်တွေရဲ့ အစဉ်အလာတွေရှိတယ်။ အဲဒီ ကောင်းမြတ်သော အပြုသဘောဆောင်သော၊ ဗုဒ္ဓနည်းကျ မေတ္တာတရားပေါ်မှာ အခြေခံသော သာသနာပြုလုပ်ငန်းနဲ့ သာသနာကို ပြန်လည်ရှင်သန်အောင် လုပ်နိုင်တယ်လို့ ကျနော် ဒီလိုထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု နောက်ဆုံးဖြစ်နေတဲ့ မိတ္ထီလာမှာဖြစ်ခဲ့တဲ့ အဖြစ်နဲ့ ရခိုင်ဘက်မှာဖြစ်တဲ့ အဖြစ်တွေဆိုရင် မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒါဟာ ဘာသာရေးပဋိပက္ခ မဟုတ်ဘူး။ လူ့အသိုင်းအဝိုင်းကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် ခိုက်ရန်နားလည်းမှုလွှဲမှားပြီး ခိုက်ရန်ဖြစ်ပွားတဲ့ အဖြစ်မျိုးဖြစ်တယ်လို့ ပုံဖော်ဖို့ တော်တော်လေး ကြိုးစားကြပါတယ်။ ဒါပေမဲ့ မိတ္ထီလာ အရေးကိစ္စမှာ နောက်ပိုင်းမှာတော့ လူထုရဲ့ကြားထဲမှာ ဒါဟာ ဘာသာရေးပဋိပက္ခပုံစံမျိုး ပြောဆိုလာကြတာ၊ မြင်နေကြတာတွေရှိတယ်။ အလားတူပဲ ဒီမတိုင်ခင်မှာ ဆိုလို့ရှိရင် ထင်ရှားတဲ့ ဘုန်းတော်ကြီးတွေတချို့ကအစ အစ္စလာမ်ဆန့်ကျင်ရေးတရားတွေ ပြောင်းပြောင်းတင်းတင်း ဟောပြောလာတယ်။ လှုံဆော်လာတွေ့ရတယ်။ အစိုးရအနေနဲ့ ဒါဟာ ဘာသာရေးပဋိပက္ခ မဟုတ်ပါဘူးဆိုတဲ့ ငြင်းဆိုနေတဲ့ကြားထဲကနေ ဒီလို ဘာသာရေးအရ လှုံဆော်တဲ့ မုန်းတီးမှုတရားတွေ လှုံဆော်နေတဲ့သူတွေကို ဘာကြောင့်မို့ ထိထိရောက်ရောက် မတားဆီးနိုင်ရသေးတာလဲ။

ဦးအေးလွင် ။ ။ အဲဒီအဖြေကို ကျနော်ပြောရမယ်ဆိုလို့ရှိရင်တော့ ပြဿနာ (၂) ခုကို conflict resolution မှာ ချဉ်းကပ်တဲ့ပုံစံလေးတွေ ရှိပါတယ်။ ဖမ်းဆီး၊ ဖိနှိပ်ဟန့်တားနည်းထက်ဆရင် အသိပညာနဲ့ ပရိယာရ်နဲ့ ဒီလို လွဲမှားတဲ့အယူအဆ ရှိတာတွေကို တဖြည်းဖြည်း အဲဒီ လွဲမှားတဲ့အယူအဆတွေ မပြန့်ပွားအောင်လုပ်သော ချဉ်းကပ်နည်းတွေနဲ့ လုပ်လို့ရပါတယ်။ ဥပမာဆိုလို့ရှိရင် ဖမ်းလိုက်ဆီးလိုက်တယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ နေ့ချင်းညချင်း သူရဲကောင်းတစ်ဦး ဖြစ်သွားလိမ့်မယ်။ အဲဒီ မိမိလိုချင်တဲ့ ရလဒ်ရဲ့ ဆိုးကျိုးအဓိပ္ပါယ်တွေ ထွက်သွားနိုင်တယ်။ အဲဒါ အင်မတန်ကို ပရိယာရ်ကြွယ်ဝစွာဖြင့်၊ နူးညံ့သိမ့်မွေ့စွာဖြင့် ကိုင်တွယ်ပြီးတော့ အရင်းအမြစ် အကြောင်းတရားကို ကိုင်တွယ်ပြီးတော့ ဒီလိုမတရား ဖြန့်ချီထားတဲ့ အဓမ္မအယူဝါဒတွေကိုလည်းပဲ ဖြေရှင်းတဲ့နည်းနဲ့ ဖြေရှင်းပြီးတော့ အများပြည်သူရဲ့ ထောက်ခံမှုမရအောင် လုပ်ခြင်းအားဖြင့် ဒီကိစ္စရပ်တန့်သွားမယ်လို့ သူတို့ထင်တဲ့အတွက်ကြောင့် ဒီလိုနည်းလမ်းကို လုပ်နေတယ်လို့ အဲဒီလို ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီအခုဖြစ်ခဲ့တဲ့ အခြေအနေတွေမှာက တော်တော်များများက ခန့်မှန်းခြေတွေနဲ့ ပြောကြတာပေါ့နော်။ အခုဆိုလို့ရှိရင် ဘာသာရေးပဋိပက္ခဖြစ်အောင် တမင်လှုံဆော်နေတဲ့ လူစု၊ လှုံဆော်နေတဲ့ အသိုင်းအဝိုင်းတွေ ရှိနေတယ်ပေါ့။ အဲဒီ အသိုင်းအဝိုင်းက ဘယ်သူတွေများဖြစ်နိုင်မယ်လို့ ယူဆပါသလဲ။

ဦးအေးလွင် ။ ။ တမင်တကာ လှုံဆော်တယ်ဆိုတာကတော့ သေချာပေါက်ပဲ။ အခုန ဦးသန်းလွင်ထွန်း ပြောထားသလို ဘာသာရေးပဋိပက္ခ အသွင်သဏ္ဍာန်ဖြစ်အောင်ကို စနစ်တကျဖန်တီးမှု ရှိတယ်ဆိုတာလည်း သေချာပါတယ်။ အဲဒါကိုလည်း အစိုးရကအပါအဝင်၊ အဖွဲ့အစည်းပေါင်းစုံကလည်း လက်ခံထားတာတွေ ရှိပါတယ်။ အဲဒါက ဘယ်သူတွေဖြစ်မလဲဆိုရင် မိမိရဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘာသာရေးကို အသုံးချတာ၊ နိုင်ငံရေးလည်း ပါနိုင်တယ်။ စီးပွားရေးလည်း ပါနိုင်တယ်။ ပုဂ္ဂိုလ်ရေးလည်း ပါနိုင်တယ်။ ကျနော် စကားတစ်ခုသုံးထားတယ် unholy alliances မသူတော်တွေအချင်းချင်း ပူးပေါင်းပြီးတဲ့အခါမှာ ဘာသာတရားကို hijack အနုကြမ်းစီးပြီးတဲ့အခါမှာ နိုင်ငံရေးစကားနဲ့ ပြောရရင်တော့ စံနက်တံအဖြစ်နဲ့ ဖောက်ခွဲဖို့ အသုံးချကြတဲ့လူတွေ စုပေါင်းပြီလုပ်တယ်လို့ ကျနော် ဒီလိုထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လူ့အခွင့်အရေးကိုယ်စလှယ် သောမတ်စ် အိုဟေ ကင်တားနား ကတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ အစိုးရရဲ့ ပယောဂလည်း ပါတယ်လို့ စွပ်စွဲပါတယ်။ ပြောပါတယ်။ အဲဒါကို အစိုးရဘက်က ခါးခါးသီးသီး ငြင်းပါတယ်။ ဒါပေမဲ့လည်း တွေ့ရှိချက်တွေအရဆိုလို့ရှိရင် အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ဖြန်းဖြေရမယ်၊ ဝင်ရောက်စွက်ဖက်ပြီးတော့ ထိန်းသိမ်းပေးရမယ့် အခြေအနေတွေမှာ ချက်ချင်းထိထိရောက်ရောက် မလုပ်နိုင်တာတွေ၊ မလုပ်ခဲ့တာတွေရှိတယ်။ အလားတူပဲ အစောက ဦးအေးလွင် ပြောသလို ပရိယာရ်တမျိုးနဲ့ ထိန်းသိမ်းနေတာ ဖြစ်တယ်ဆိုပေမယ့်လည်း လက်တွေ့အားဖြင့် ဖမ်းဆီးတဲ့၊ အရေးယူတဲ့၊ တားဆီးမှုတွေဟာ နည်းပါးနေသေးတာကို တွေ့ရတယ်။ အဲဒါနဲ့ ပတ်သက်လို့ အစိုးရရဲ့ ဘာကြောင့်မို့ ဒီလို ထိထိရောက်ရောက် အရေးမယူမှုတွေ ဘာကြောင့် မလုပ်နိုင်သေးတာလဲဆိုတာကို နည်းနည်းလေး ထပ်ရှင်းပြပါ။

ဦးအေးလွင် ။ ။ လက်တွေ့ထိန်းသိမ်းတဲ့ လုံခြုံရေးဝန်ထမ်းများရဲ့ အားနည်းချက်ရှိတယ်ဆိုတာ သမ္မတကြီးက သဘောပေါက်ပုံရတယ်။ သူ့ရဲ့ မိန့်ခွန်းထဲမှာ ရဲအဖွဲ့ဝင်များဟာ ရဲရဲတင်းတင်း သတ္တိရှိရှိလုပ်ပါလို့ နိုင်ငံဥသျှောင်တစ်ယောက်အနေနဲ့ ထည့်ပြောလိုက်ခြင်းအားဖြင့် အခုန ဦးသန်းလွင်ထွန်း ပြောတဲ့စကားကမှန်တယ်။ တကယ့်နေရာမှာ လက်တွေ့မျက်တွေ့ ရောက်နေတဲ့ လုံခြုံရေးဝန်ထမ်းများရဲ့ ကိုင်တွယ်မှုကတော့ အင်မတန်ကို လိုအပ်ချက်ရှိတယ်။ နောက်ပြီးတော့ ဒေသခံအုပ်ချုပ်ရေး နယ်ပယ်မှာလည်း ဘယ်လိုအကြောင်းကြောင့်တွေလို့တော့ မရှင်းဘူး၊ လိုအပ်ချက် အများကြီးရှိတာကို တွေ့ရတယ်။ အကယ်၍များ ချက်ချင်း ဒီကိစ္စရပ်ကို အကြောင်းကိုသတ်ရင် အကျိုးရတယ်ဆိုသလို ချက်ချင်းထိန်းချုပ်နိုင်ရင် ဒီလောက်အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မို့ ဥပဒေ စိုးမိုးမှုက လိုအပ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်ကော အခြေအနေက ထိန်းချုပ်ထားနိုင်ပြီ။ အခြေအနေက တဖြည်းဖြည်းနဲ့ ပြေလည်သွားမယ်လို့ ထင်သလား။

ဦးအေးလွင် ။ ။ အခုလောလောဆယ်တော့ လုံခြုံရေးကို အားတင်းပြီးတော့ ဥပဒေ စိုးမိုးရေးအရေးကြီးတယ်ဆိုတာကို ပြောလာတဲ့အခါမှာ တော်တော်လေးတော့ အပေါ်ယံမှာတော့ တော်တော်လေး သက်တောင့်သက်သာ ရှိနေတယ်။ သို့သော် ကျနော်တို့က လူတွေရဲ့ စိတ်ကို အခုနပြောတဲ့ ယုံကြည်မှု တည်ဆောက်ရမယ်၊ တယောက်နဲ့တယောက် စိတ်မချဖြစ်နေတဲ့ ကိစ္စတွေ။ အဲဒါတွေကို ပြေပျောက်အောင်လုပ်မှ လုံခြုံစိတ်ချရမူ ဖြစ်လိမ့်မယ်။ အဲဒီလို သံသယဖြစ်စရာအချက်တွေကလည်း ရှိနေစဲဖြစ်တယ်။ ဆိုတော့ အဲဒါလေးတွေကိုတော့ ကျနော်တို့ ကိုင်တွယ်ဖို့ လိုအပ်ပါသေးတယ်။

ဦးသန်းလွင်ထွန်း ။ ။ မီဒီယာတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အခုနောက်ပိုင်း ဖြစ်နေတဲ့ အခြေအနေတွေအပေါ် မီဒီယာတွေရဲ့ သတင်းဖော်ပြမှု၊ ပြောဆိုဆွေးနွေးမှု၊ မီဒီယာတွေပေါ်မှာ ပြောဆိုဆွေးနွေးမှုတွေက မျှတတယ်လို့ ယူဆပါသလား။

ဦးအေးလွင် ။ ။ ကျနော်ထင်တယ် ရခိုင်အရေးအခင်းနောက်ပိုင်း၊ မိတ္ထီလာ အရေးအခင်းတင်ပြမှုမှာ ကျနော် အံ့သြလောက်အောင် မီဒီယာများကို ချီးတောင်ချီးကျူးရမယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ တော်တော် တာဝန်သိတယ်လို့ ကျနော်ထင်တယ်။ တချို့ မီဒီယာတွေဆိုရင် ကျနော် နံမည်တော့ ထုတ်မပြောဘူး။ ဒီ အစ္စလာမ်ကိစ္စနဲ့ ပတ်သက်တယ့်၊ ရခိုင်ကိစ္စနဲ့ ပတ်သက်တယ့်နေရာမှာ တော်တော်လေးကို တဖက်စောင်းနှင်း ရေးကြတဲ့ မီဒီယာတွေတောင် တော်တော်လေးကို မျှမျှတတနဲ့ အခြေအနေမှန်ကို ရေးလာတာ တွေ့ရတဲ့အတွက် အဆိုးထဲက အကောင်းအဖြစ်နဲ့ ကျနော်တော့ တော်တော်လေးကို မီဒီယာရဲ့ ၊ စတုတ္ထမဏ္ဍိုင်ရဲ့ ဆောင်ရွက်ချက်များကို ချီးကျူးဂုဏ်ပြုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ရေရှည်အားဖြင့် အလားတူကိစ္စမျိုးကို ထပ်ပြီးမပေါ်နိုင်အောင် ဆိုလို့ရှိရင် ဘယ်လိုအချက်မျိုးတွေ လုပ်သွားဖို့ လိုမယ်ထင်လဲ။ အထူးသဖြင့် အခုဆိုလို့ရှိရင် မိတ္ထီလာမှာဆိုရင် မူစလင်ထဲမှာ သူတို့အိုးအိမ်တွေကို စွန့်ခွါထွက်ပြေးကြတဲ့ လူတွေက အခု စခန်းတွေမှာပဲ နေနေကြရတယ်။ ကိုယ့်အိမ်ကိုယ့်ရွာကို မပြန်နိုင်ကြသေးဘူး။ ပြောဆိုဆွေးနွေးနေကြတဲ့ အထဲမှာ သီးသန့်သက်သက်ကြီး ထားကြမယ်ဆိုတဲ့ စကားတွေလည်း ပါနေတယ်ဆိုတော့ ဒါတွေဟာ ရေရှည်ပဋိပက္ခ ဖြေရှင်းဖို့အတွက် တကယ်တမ်းကြလို့ရှိရင် အလားအလာကောင်းတဲ့ အချက်တွေလို့ ယူဆသလား။

ဦးအေးလွင် ။ ။ လုံးဝ မဟုတ်ပါဘူး။ အခုနပြောတဲ့ မိတ္ထီလာကိစ္စမှာ ဆိုလိုရှိရင် သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်း (၃) ယောက် ပူးပေါင်းပြီးထုတ်တဲ့ ကြေညာချက်ထဲမှာ ကိုယ့်နေရာ ကိုယ်ပြန်ရောက်ရေးဆိုတဲ့အချက်က အတိအလင်းပါတယ်။ ဒါကတော့ မဖြစ်မနေ သူတို့လုပ်ကြရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ရေရှည်အနေနဲ့ကတော့ အခုန ပြောသလို လွှဲမှားသော သတင်းအချက်အလက်တွေကို ကျနော်တို့က မှန်ကန်သောသတင်း အချက်အလက်တွေနဲ့ အစားထိုးပေးရမယ်။ အဲဒီမှာ ဗုဒ္ဓတရားတော်အရ ဗုဒ္ဓဘာသာလူများစုကို ကာလမသုတ်အတိုင်း ကိုယ့်ဆရာ ပြောတာလည်း မယုံနဲ့၊ ကိုယ့်ကျမ်းမှာပါလည်း မယုံနဲ့၊ အစဉ်အလာလည်း မယုံနဲ့၊ ဟုတ်မဟုတ်ကို စမ်းစစ်ပါ။ အဲဒီတော့ information ကို correct assessment မှန်ကန်စွာ သုံးသပ်ပြီးတော့မှ ကျနော်တို့ လုပ်မယ်ဆိုရင် ဒီလို မသမာသူများရဲ့ သွေးထိုးခြေထိုး လှုံဆော်မှုများဟာ အောင်မြင်မှု ရမှာမဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟာဂျီ ဦးအေးလွင် ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။