ရခိုင် ပဋိပက္ခ စုံစမ်းရေးကော်မရှင်ရဲ့ ကြိုးပမ်းမှု

ဦးအောင်နိုင်ဦး

ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသား၊ တိုင်းရင်းသား ပြဿနာတွေအပြင် စီးပွားရေး၊ လူမှုရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာပါ ဖြစ်တဲ့အတွက် အချိန်ယူ ဖြေရှင်းရမှာဖြစ်ကြောင်း လောလောဆယ်မှာ တည်ငြိမ်အေးချမ်းရေးသာ အဓိကဖြစ်ကြောင်း ပဋိပက္ခ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး က ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီကို ခေတ္တရောက်ရှိနေတဲ့ ဦးအောင်နိုင်ဦးကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် စုံစမ်းရေးကော်မရှင်က အစီရင်ခံစာ တင်နိုင်ခြင်းမရှိသေးဘူးခင်များ။ ဒါက ဘာကြောင့်များ ဒီလို အခုအချိန်အထိ အစီရင်ခံစာ မတင်နိုင်သေးတာလဲ။ တစုံတရာ အကြောင်းကြောင့် ကြန့်ကြာမှု ရှိနေတာလား။

ဦးအောင်နိုင်ဦး ။ ။ ကျနော်တို့ကို ဘယ်လိုပုံစံမျိုးနဲ့ လေ့လာစုံစမ်းမှုတွေ လုပ်ရမယ်ဆိုတာကို ကျနော်တို့ ကော်မရှင်မှာ ဆွေးနွေးတိုင်ပင်ထားတာရှိတယ်။ ကျနော်တို့ကို တိတိကျကျ ညွှန်းကြားချက်တွေ ပေးထားတာရှိတယ်။ အဲဒီတော့ လူဘယ်နှစ်ယောက်ကို စသဖြင့် မေးမြန်းစုံစမ်းရမယ်။ ရခိုင်လူမျိုး ဘယ်နှစ်ယောက်၊ အစ္စလာမ်ဘာသာဝင် ဘယ်နှစ်ယောက် စသဖြင့် တခြားရခိုင်မှာရှိတဲ့ လူမှုအဖွဲ့အစည်းအသီးသီး ဒါတွေကို လေ့လာစုံစမ်းရမယ်၊ မေးမြန်းရမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီဟာပေါ်မှာ အခြေခံပြီးမှ နောက်ပိုင်းမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ မဖြစ်အောင်လုပ်ရမယ်ဆိုတာကို ပြောရမှာဖြစ်တဲ့အတွက်ကြောင့် အချိန်ယူပြီးလုပ်ရမယ်။

နောက်တခုက လက်တွေ့ပြဿနာကြတော့ ရခိုင်မှာက သွားရေးလာရေးကခက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချောင်းတွေ၊ မြောင်းတွေပေါတယ်။ လမ်းတွေက အရမ်းသွားရလာရခက်တယ်။ နေရာတခုဆိုရင် ဆယ်မိုင်လောက်ဆိုရင် တနာရီလောက်သွားရတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ် ဒီ အစီရင်ခံစာက ဘယ်တော့လောက် ထွက်မလဲ။

ဦးအောင်နိုင်ဦး ။ ။ အခု ကျနော်တို့ ဒီအပတ်ထဲမှာတော့ ကြားဖြတ်အစီရင်ခံစာ ထွက်ဖို့ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါက အဆုံးသတ်တော့ မဟုတ်သေးဘူးပေါ့။

ဦးအောင်နိုင်ဦး ။ ။ အဆုံးသတ်တော့ မဟုတ်သေးပါဘူး။ အဆုံးသတ်ကတော့ မတ်လမှာ ထွက်ပါမယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးအောင်နိုင်ဦးကိုယ်တိုင် ရခိုင်ဘက်ကို ဘယ်နှစ်ကြိမ်လောက် သွားပြီးစုံစမ်းခဲ့သလဲ။

ဦးအောင်နိုင်ဦး ။ ။ ကျနော် နှစ်ကြိမ်သွားပြီးပါပြီ။ စုစုပေါင်း ၁၃-၄ ရက်လောက် ကြာပါတယ်။ ထပ်လည်း ကျနော်တို့ သွားပါအုံးမယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီ စုံစမ်းစစ်ဆေးတဲ့နေရာတွေမှာ ဒေသခံတွေရဲ့ ကူညီမှု ၊ အစိုးရရဲ့ ကူညီမှု။ ဒါမှမဟုတ် လွတ်လွတ်လပ်လပ် သီးခြားစုံစမ်းမှုတွေ လုပ်နိုင်ခဲ့ရဲ့လား။

ဦးအောင်နိုင်ဦး ။ ။ ကျနော်တို့ လွတ်လွတ်လပ်လပ် လုပ်နိုင်ပါတယ်။ တခုတော့ရှိတာပေါ့ အစိုးရကတော့ ကျနော်တို့ကို သွားချင်တဲ့နေရာကို ကြိုပြောရင်။ ကျနော်တို့ ကြိုပြောရတာပေါ့။ လုံခြုံရေးကိစ္စတွေ ရှိတဲ့အတွက်။ နောက်ပြီး သယ်ယူပို့ဆောင်ရေးကိစ္စတွေ ရှိတဲ့အတွက် - စစ်တွေတဝိုက်ဆိုရင်တော့ သွားမယ့်မနက်မှာ ဒီနေရာသွားချင်တယ်ဆိုရင် ကောက်သွားလိုက်လို့ရတယ်။ ရဲက စောင့်ရှောက်ပေးထားတာပေါ့။ ဒါပေမဲ့ ခပ်ဝေးဝေးသွားဖို့လိုတယ်။ လှေတတန်း၊ ကုန်းတတန်းသွားဖို့လိုတယ်။ ကားနဲ့အဝေးကြီးသွားဖို့ လိုတယ်ဆိုရင်တော့ နည်းနည်းလေးတော့ တရက်နှစ်ရက်လောက် ကြိုပြင်ဆင်ရတယ်။ ကျနော်တို့ သွားချင်တဲ့နေရာကို ဘာမှတားဆီးမှုမရှိဘူး။ ကြိုက်သလို လွတ်လွတ်လပ်လပ် သွားလို့ရတယ်။ ကျနော်တို့ မေးမြန်းတဲ့အခါမှာလည်း ကျနော်တို့ မေးမြန်းတဲ့လူကလွဲလို့ အစိုးရဘက်ကရော၊ မူစလင်ဘက်ကရော၊ ရခိုင်ဘက်ကရော အနားမှာလာထိုင်လို့လည်း မရဘူး။ ဒါတွေအားလုံးကို လွတ်လွတ်လပ်လပ် လုပ်တယ်။ အဲဒီလိုပဲ လာပြီးတော့ နားထောင်တဲ့အတွက် မောင်းထုတ်ရတာရှိတယ်။ တခါတလေကြရင် အောက်ခြေမှာရှိတဲ့ အရာရှိငယ်တွေ နားမလည်းလို့ လာတာမျိုးရှိရင် ကျနော်တို့ သူတို့ကို ပြေပြေလည်လည် ပြောလိုက်ရတာရှိတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာ အစောကပြောတာက ဦးအောင်နိုင်ဦးတို့ စုံစမ်းစစ်ဆေးသူတွေဘက်ကပေါ့။ စုံစမ်းစစ်ဆေးခံရသူတွေဘက်ကရော ဒီ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်ဟာ မျှတမှုရှိတယ်လို့ ယူဆကြရဲ့လား။ အထူးသဖြင့်ပေါ့ ရခိုင်တွေဘက်ကရော။ ဒါမှမဟုတ် တဖက်က မူစလင်တွေဘက်ကရော။

ဦးအောင်နိုင်ဦး ။ ။ အဲဒါကတော့ ကျနော်တို့လည်း မပြောနိုင်ဘူး။ သူတို့နဲ့ပဲ ဆိုင်တာပေါ့။ ကျနော်တို့ကတော့ နှစ်ဘက်စလုံးမှာ သွားရမယ်။ နှစ်ဘက်စလုံးကို တိတိကျကျမေးမယ်။ မူစလင်ဆိုရင်လည်း ဒုက္ခသည်စခန်းတွေမှာ သေချာသွားမေးတာရှိတယ်။ တခေါက်မဟုတ်ဘူး။ နှစ်ခေါက်သုံးခေါက်မကဘူး ထပ်ခါထပ်ခါ သွားခဲ့တယ်။ ရခိုင်ဆိုရင်လည်း ရခိုင်ရွာတွေ၊ ရခိုင်ဒုက္ခသည်စခန်းတွေ ဒါမျိုးတွေ ကျနော်တို့ တိတိကျကျ လိုက်မေးတာရှိတယ်။ မေးတဲ့မြန်းတဲ့ဟာကလည်း နာရီဝက်ကြာရင်ကြာမယ်။ တခါတလေကြရင် တနာရီလောက်ကြာတယ်။ ကျနော်တို့ အကုန်မေးရတာကို။ လူမှုရေး၊ စီးပွားရေး၊ ပြဿနာဖြစ်တဲ့ အကြောင်းအရာ၊ ဘာကြောင့်ဖြစ်သလဲ။ ပြဿနာဖြစ်တုန်းက ရှိသလား စသဖြင့် ရှေ့လျှောက်မှာ reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စမျိုးတွေ လုပ်မယ်ဆိုရင် ဘယ်လိုကိစ္စမျိုးတွေဟာ အရေးကြီးသလဲဆိုတာမျိုးတွေကအစ အများကြီးမေးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို မေးတဲ့အခါကြတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ဘယ်လိုအခြေခံပေါ်မှာထားပြီးတော့ စုံစမ်းစစ်ဆေးသလဲ။ ဥပမာအားဖြင့် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ လူအုပ်စုနှစ်စု၊ အသိုင်းအဝိုင်းနှစ်ခု၊ ရွာတရွာနဲ့တရွာ ပြဿနာဖြစ်တဲ့ အခြေအနေဆိုတဲ့ အခြေခံနဲ့ စုံစမ်းစစ်ဆေးသလား။ ဒါမှမဟုတ်လို့ရှိရင် ရခိုင်ဗုဒ္ဓဘာသာတွေနဲ့ မူစလင်တွေနဲ့ ဖြစ်တယ်ဆိုတဲ့ ပြဿနာဆိုပြီးတော့ ခံယူချက်ပုံစံမျိုးနဲ့ အခြေခံသလား။ ဒါမှမဟုတ်လို့ရှိရင် ရခိုင်တွေနဲ့ ရိုဟင်ဂျာလို ကိုယ့်ကိုယ်ကို အမည်ခေါ်ချင်ကြတဲ့ ဒီဘက်က မူစလင်အင်အားအဖွဲ့အစည်းတွေနဲ့ ဖြစ်တဲ့ပြဿနာဆိုပြီး အခြေခံပြီး စုံစမ်းစစ်ဆေး မေးမြန်းမှုတွေ လုပ်တာလား။

ဦးအောင်နိုင်ဦး ။ ။ ကျနော်တို့ စုံစမ်းစစ်ဆေးမှုက အရမ်းကျယ်ပြန့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပဋိပက္ခကို ကြည့်မယ်ဆိုလို့ရှိရင်တော့ ဒီဘက်မှာ ရခိုင်ရှိမယ်၊ ဒီဘက်မှာ မူစလင်ရှိမယ်ဆိုပြီးတော့ မြင်ကြမှာပေါ့။ ဒါပေမဲ့ တခြား ပဋိပက္ခထဲမှာပါနေတာတွေ ရှိတယ်။ ဟိန္ဒူတွေရှိမယ်။ မရမကြီးတွေ ရှိမယ်။ ကနန်းတွေရှိမယ် စသဖြင့် ဒါတွေအများကြီး ရှိတဲ့အပြင်ကို ကျနော်တို့က ဒီ ပဋိပက္ခကြီး ဖြစ်ရတဲ့အကြောင်းက ဘာကြောင့်လဲ။ ဒီလို နှစ်ယောက်ထချတဲ့အကြောင်းက immigration လား။ အခုန လူဝင်မှုကြီးကြပ်ရေးကိစ္စလား။ တဖက်နိုင်ငံက ခိုးဝင်လာတာလား။ ဒါမှမဟုတ်လို့ရှိရင် နယ်စပ်လုံခြုံရေးလား။ ဒါမှမဟုတ် ပင်လယ်ပြင်လုံခြုံရေးလား။ ဒါမှမဟုတ် ဖွံ့ဖြိုးရေးနောက်ကျတာလား။ စီးပွားရေးလား အကုန်လုံး။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံသား ပြဿနာလား၊ တိုင်းရင်းသား ပြဿနာလား။

ဦးအောင်နိုင်ဦး ။ ။ အကုန် အဲဒီ issue အားလုံးကို ကျနော်တို့ ကြည့်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ရဲ့ စုံစမ်းဆွေးနွေးမှုဟာ ကျယ်ပြန့်ပါတယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ ကြာကြာလေး လုပ်တာဖြစ်ပါတယ်။ ကျနော်တို့ထဲမှာလည်း လူမျိုးစုံပါပါတယ်။ ဥပမာ တကယ့်ကို ဥပဒေအရ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေပါတယ်။ စီးပွားရေးသမားတွေပါတယ်။ စီးပွားရေးပညာရှင်တွေပါတယ်ဆိုတော့ ကျနော်တို့က ဒီဟာကြီးတခုလုံးကို ဘယ်လိုကောင်းသွားအောင် လုပ်မလဲဆိုတာမျိုးကို ဘက်ပေါင်းစုံကို စဉ်းစားကြရတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော် သတိထားမိတာ ရှိပါတယ်။ အထူးသဖြင့် အခုနောက်ပိုင်း အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်တွေနဲ့ အခု ဦးအောင်နိုင်ဦးနဲ့ စကားပြောနေချိန်အထိ ဒီပြဿနာနေရာမှာ ရိုဟင်ဂျာဆိုတဲ့ နံမည်ကို ထည့်မသုံးတာကို သတိထားမိတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ကိစ္စတွေမှာ ဆိုလို့ရှိရင်လည်း communal riot လူထုကြားမှာ ပြဿနာဖြစ်ပွားတဲ့ အဓိကရုဏ်းတခုအနေနဲ့ပဲ သုံးနှုန်းနေတာ တွေ့တယ်။ ဒါက တမင်တကာ ရှောင်ပြီးတော့ သုံးနေတဲ့အသုံးလား။ အခြေအနေလား။

ဦးအောင်နိုင်ဦး ။ ။ အဲဒါတော့ တယောက်ချင်းနဲ့ မူတည်တယ်ခင်များ။ ကျနော်တို့ထဲမှာလည်း ကော်မရှင်ထဲမှာလည်း ပုံစံမျိုးစုံနဲ့ ခေါ်တာရှိတယ်။ ကျနော့်အနေနဲ့ကတော့ ကျနော်တို့က အဖြေကိုရှာနေတဲအချိန်မှာ ဘယ်ဟာတိတိကျကျမှ အဖြေက မရှိသေးဘူး။ ဒီအချိန်မှာ ကျနော်က ဟိုဘက်ကို လိုက်ပြောတာ၊ ဒီဘက်ကို လိုက်ပြောတာတို့ မလုပ်ချင်တဲ့အတွက် ကျနော်တို့ ယေဘုံယျဆန်တဲ့ ကြားကျတဲ့ စကားလုံးမျိုးကို ကျနော်တို့ သုံးတာပေါ့။ ကျနော်တို့ သိသလောက်ဆိုရင် ဟိုအရင်ကတည်းက သံတမန်တွေကဆိုလို့ရှိရင် ရိုဟင်ဂျာဆိုတဲ့ စကားကိုလည်း မသုံးဘူး။ ဘာကိုသုံးလဲဆိုတော့ ရခိုင်မြောက်ပိုင်းက၊ ရခိုင်အနောက်ပိုင်းက မူစလင်ပြဿနာဆိုပြီးတော့ သုံးလေ့ရှိတယ်။ ဆိုတော့ ဒီသဘောပဲ generic အခြေခံယေဘုံယျကျတဲ့ စကားကိုပဲ သုံးတာပါ။ အဖြေတခုခုရသွားရင်တော့ ဒီအဖြေပေါ်မှာ မူတည်ပြီးမှ သုံးရမှာပေါ့။


ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ အခု ပြည်ပမှာရှိနေတဲ့ အထူးသဖြင့် မြန်မာပြည်ကထွက်လာတဲ့ မူစလင်အဖွဲ့အစည်းတွေက ဒါဟာ ရိုဟင်ဂျာပြဿနာ ဆိုပြီးတော့ သတ်သတ်မှတ်မှတ်နဲ့ တောင်းဆိုနေကြတာရှိတယ်။ အထူးသဖြင့်လည်း ရိုဟင်ဂျာဆိုတာ ကမ္ဘာပေါ်မှာ အဖိနှိပ်အခံရဆုံး၊ အသိအမှတ်အပြု မခံရတဲ့ တိုင်းရင်းသားလူမျိုးတခုအနေနဲ့ သတ်မှတ်ပြီး ပြောဆိုနေတယ်။ ဒီအချက်ပေါ်မှာလည်း ရခိုင်တိုင်းရင်းသားတွေက သိပ်ခါးခါးသီးသီး ဖြစ်နေတယ်။ အထူးသဖြင့် ဦးအောင်နိုင်ဦးဆိုရင် တချိန်တုန်းကဆိုရင် dialogue တွေ့ဆုံဆွေးနွေးရေးစာအုပ်နဲ့ ဒီကိစ္စတွေကို သေချာလေ့လာလာခဲ့တယ့် လူဆိုတော့ ဒီအဖွဲ့အစည်းနှစ်ခု၊ ဒီအသိုင်းအဝိုင်းနှစ်ခု တဖတ်နဲ့တဖတ် ပြေလည်အောင်လုပ်ကြဖို့ဆိုရင် တဖတ်နဲ့တဖတ် အသိအမှတ်မပြုနိုင်သေးတဲ့ ကာလမျိုးမှာ ဘယ်လိုလုပ် ပြေလည်အောင် ညှိနှိုင်းကြမလဲ။

ဦးအောင်နိုင်ဦး ။ ။ ကျနော်တို့ အဆင့်ဆင့်တော့ သွားရမယ်။ အခုအနေအထားကတော့ ပထမဦးဆုံး လိုတာကတော့ လုံခြုံရေး။ နှစ်ဖက်စလုံးမှာရှိတဲ့ လုံခြုံရေး။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် လုံခြုံရေးကို လုပ်ထားပေးဖို့လိုတယ်။ ဒါကတော့ အခု အစိုးရလုပ်ထားတယ်။ အခုနောက်ပိုင်းတော့ မူစလင် အများစုက ထွက်ပြေးရတာရှိတယ်။ ရခိုင်တွေလည်း ခံရတာရှိတယ်။ ဆိုတော့ ဒီ နှစ်ဖက်စလုံးကို ဘယ်လိုပုံစံမျိုးနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးမလဲပေါ့။ ဒါက လောလောဆယ် လုပ်ရမယ့်အရာ။ အဲဒီနောက်ပိုင်းမှာ ကျနော့်တယောက်ထဲအမြင် ပြောရလို့ရှိရင် ဖြစ်နိုင်ရင် ဟိုဘက်မှာရှိတဲ့ ခေါင်းဆောင်တွေ၊ ဒီဘက်မှာရှိတဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံပေးခိုင်းတာ၊ စကားပြောခိုင်းတာ စသဖြင့် ကွန်မြူနီတီ တခုနဲ့တခုကို ပြန်ပြီးတော့ စကားပြောလို့ရအောင် လုပ်ပေးနိုင်တဲ့အဆင့်မျိုးတွေ တဖြည်းဖြည်းနဲ့ တဆင့်ချင်းတဆင့်ချင်း လုပ်သွားဖို့လိုတယ်။ ဒါကြောင့်မို့ ကျနော်မြင်တာကတော့ ဒီဟာ ပြေလည်ဖို့ဆိုရင် လောလောဆယ် ဒါလုပ်ရမှာရှိတယ်။ နောက်တဆင့်မှာ ဒါလုပ်ရမယ်။ နောက်တဆင့်မှာ ဒါလုပ်ရမယ်ဆိုပြီး လေးငါးဆယ်နှစ်လောက်ကို သေသေချာချာ လုပ်ရမယ့်သဘော ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ဦးအောင်နိုင်ဦး အခု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ကို ရောက်နေတဲ့အချိန်မှာ ရိုဟင်ဂျာအဖွဲ့အစည်းတွေ၊ ရခိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာတွေ၊ မေးမြန်းတာတွေ၊ အကြံပေးတာတွေ ရှိသလား။

ဦးအောင်နိုင်ဦး ။ ။ အဲဒါတော့ မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ ကော်မရှင်မှာကတော့ ကျနော်တို့ကို ပေးထားတဲ့ စာရွက်စာတမ်းဆိုလို့ရှိရင် ဗွီဒီယိုအချပ်ဆိုရင် (၆၀) ကျော်တယ်။ နိုင်ငံတကာ စာအုပ်စာတမ်းတွေဆိုရင်လည်း (၁၅၀) လောက်ရှိတယ်။ နောက်ပြီးတော့ အကြံပြုစာတမ်းကလည်း နောက်ထပ် (၁၅၀) လောက်ရှိတယ်။ နောက်ပြီးတော့ တိုင်းစာလိုလို၊ အကြံပေးစာလိုလို ရေးထားတာတွေလည်း (၁၅၀) လောက်ရှိတယ်။ ကျနော့်တယောက်တည်းကိုပဲ ပေးထားတာ ရခိုင်ဘက်က ပေးထားတာလည်း ဒီလောက်လောက်တပုံ ရှိတယ်။ မူစလင်ဘက်ကလည်း ဒီလောက်လောက်တပုံ ရှိတယ်။ ဒီဟာတွေကိုပဲ ကျနော်တို့ ဖတ်နေပြုနေပြောနေရတာ ရှိပါတယ်။ ဆိုတော့ နှစ်ဘက်စလုံးကတော့ သူတို့ရဲ့ input တွေ၊ သူတို့ရဲ့ မြင်တာတွေ၊ သူတို့ရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေ၊ ၈၂ နဲ့ ပတ်သက်တာတွေ အများကြီး ကျနော်တို့ကို အချက်အလက်တွေ ပေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ စိတ်ဝင်စားစရာတချက်လေး မေးချင်တယ်။ ဥပမာအားဖြင့် အဲဒီဒေသထဲမှာ ဖြစ်နေတဲ့ ပြဿနာမှာ ရခိုင်လူမျိုးတွေကို သွားမေးရင် ရခိုင်အနေနဲ့။ ကျန်တဲ့ မူစလင်တွေကို မေးရင် သူတို့က ဘာလူမျိုးလို့ သူတို့ကိုသူတို့ ပြောလဲ။

ဦးအောင်နိုင်ဦး ။ ။ အခုလောလောဆယ်မှာက သူတို့ဟာ နည်းနည်းတော့ ပုံစံတမျိုးစီပဲရှိတယ်။ ဥပမာဆိုလို့ရှိရင် စစ်တွေမြို့ထဲမှာ မေးမယ်ဆိုရင်တော့ သူတို့ဟာ နိုင်ငံသားတွေ။ အစကတည်းကိုက နိုင်ငံသားလိုဟာမျိုး မေးတာရှိတယ်။ နည်းနည်းအပြင်ရောက်မယ်ဆိုရင် maybe အများစုက ရိုဟင်ဂျာလို့ ပြောတာမျိုးတွေရှိတယ်။ ဆိုတော့ ဒါဟာ ဘယ်လိုလက်တွေ့ တိတိကျကျ လုပ်ရမလဲဆိုတာတော့ ကျနော်တို့ မပြောတတ်ဘူး။ အခုလည်း အစိုးရက သတင်းတွေကြားနေရတာကတော့ သွားပြီး registration လုပ်တယ်။ မှတ်ပုံတင်သွားလုပ်တဲ့အခါမှာ ရိုဟင်ဂျာပဲဆိုတဲ့ နံမည်ပဲ လက်ခံမယ်။ တခြားဟာ လက်မခံဘူးဆိုတဲ့ အပြောအဆိုတွေလည်း ရှိတယ်။ အဲဒီတော့ တဖြည်းဖြည်းနဲ့တော့ ပြဿနာရဲ့ အနေအထားက ပိုပြီးတော့ ရုပ်လုံးပေါ်လာတဲ့သဘောတော့ ရှိတာပေါ့။ အင်မတန်လည်း ရှုပ်ထွေးပါတယ်။ အခုန ကျနော်ပြောသလို မူစလင်နဲ့ ရခိုင်ဗုဒ္ဓဘာသာတွေ ဖြစ်တယ်ဆိုတာတွေ မဟုတ်တော့ဘဲနဲ့ ပဋိပက္ခဟာ အရမ်းကျယ်ပြန့်ပါတယ်။ အခုနပြောတဲ့ ဖွံ့ဖြိုးရေးနောက်ကျတာ။ စီးပွားရေး။ စီးပွားရေးဆိုရင် ဘယ်သူမှ မပြောကြဘူး။ အခု ပြဿနာဖြစ်တဲ့အတွက် ရခိုင်အစိုးရကလည်း စီးပွားရေး ဘာမှမလုပ်နိုင်ဘူး။ အကုန်လုံး relief ကိစ္စပဲ လုပ်နေရတယ်။ ကျနော် တွေ့ခဲ့ရတဲ့ စီးပွားရေးသမားတွေဆိုရင် စီးပွားရေးအရ အရမ်းဆုံးရှုးရတာတွေ ဖြစ်နေတယ်။ အဲဒီတော့ တဖက်မှာလည်း လူမျိုးရေးကိစ္စတွေ မြင့်တက်လာတာတွေလည်း ရှိတယ်။ တဖက်မှာကြတော့လည်း ခံရတာများတဲ့အတွက် မကျေနပ်ပြီးတော့ ပြဿနာတွေရှိတယ်။ အဓိကတော့ ဒါတွေက ဘာကြောင့်ဖြစ်သလဲဆိုတော့ ဒီမိုကရေစီ အပြောင်းအလဲမှာ ယူဂိုစလားဗီးယားကိုကြည့်မယ်ဆိုရင် ကျနော်တို့နဲ့ တပုံစံတည်းပဲ။ ဒါပေမဲ့ ယူဂိုစလားဗီးယားမှာတော့ အရမ်းသေတာ။ ထောင်ချီသောင်းချီ ပြဿနာက ပိုကြီးတယ်။ တော်တော်တူပါတယ်။ အဲဒီတော့ ဘာလဲဆိုတော့ ကျနော်တို့က အာဏာရှင်စနစ်ရှိတယ်။ အာဏာရှင်စနစ်အောက်မှာ မညီမျှမှုတွေရှိနေတာ။ အာဏာရှင်စနစ်ဆိုတဲ့ အဖုံးကြီးကို လှန်လိုက်တဲ့အခါကြတော့ အခုနပြောတဲ့ မညီမျှမှုတွေက ထွက်လာတယ်။ တဖွဲ့တည်းမဟုတ်ဘူး အဖွဲ့လေးတွေ အများကြီးဖြစ်လာတယ်။ အဲဒီ အဖွဲ့လေးတွေကလည်း ဒီအပြောင်းအလဲမှာ သူတို့ရဲ့ အခွင့်အရေးတွေ တောင်းဆိုဖို့အတွက် အခွင့်အရေးလေးတွေ ရလာတယ်။ တောင်းဆိုလာကြတယ်။ နည်းမျိုးစုံနဲ့ တောင်းဆိုမယ်။ တချို့လည်း အကြမ်းဖက်နည်းတွေ သုံးမယ်။ အဲဒါတွေ ကျနော်တို့ စုပေါင်းလာတယ်။ တနည်းအားဖြင့်ပြောရင် ကျနော်တို့ နိုင်ငံမှာရှိတဲ့ အခုဖြစ်နေတဲ့ ဒီမိုကရေစီအပြောင်းအလဲရဲ့ ကြီးမားတဲ့ စိမ်ခေါ်ချက်တရပ်။ ဒါပေမဲ့ ကြီးမားတဲ့ စိမ်ခေါ်ချက်တရပ် ဆိုပေမဲ့လည်း ဒါ ဒီမိုကရေစီအပြောင်းအလဲရဲ့ ပြယုဂ်တခု ဖြစ်တယ်။ မဖြစ်မနေ ဖြစ်တတ်တဲ့ သဘာဝရှိတယ်ဆိုတော့ ဒါကို ကျနော့်အနေနဲ့ ပြောရရင်တော့ အရင်ထက် အရင်အနေအထားမှာဖြစ်ရင် ဒီထက် ပိုဆိုးနိုင်တယ်။ အခုက ပွင့်လင်းလာပြီ၊ မီဒီယာလည်း မြင်နိုင်တယ်။ အစိုးရကလည်း ကျနော်တို့လို လူမျိုးတွေကိုတောင် ခန့်ထားတာရှိတယ်ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အရင်ထက်စာရင် အခုက ပိုပြီးတော့ ကောင်းတယ်လို့ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ရခိုင်ပြည် ပဋိပက္ခ စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်နိုင်ဦး ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။