ပြည်တွင်းပြောင်းလဲလာမှုအပေါ် ပြည်ပအမျိုးသားကောင်စီ ဘယ်လိုမြင်

ပြည်တွင်းပြောင်းလဲလာမှုအပေါ် ပြည်ပအမျိုးသားကောင်စီ ဘယ်လိုမြင်

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို အစိုးရက ဦးစီးကျင်းပတဲ့ စီးပွားရေးဖွံ့ဖြိုးမှု ဆွေးနွေးပွဲကို ဖိတ်ကြားခဲ့ခြင်း။ လွှတ်တော်ဆွေးနွေးပွဲတွေအတွင်းမှာ အတိုက်အခံနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေကို သတင်းတွေမှာ ဖော်ပြလာခြင်း စတဲ့ ထူးခြားတဲ့ ပြောင်းလဲချက်တွေကို တွေ့လာနေရပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံ အမျိုးသားကောင်စီရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်းပြီး ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု မြန်မာနိုင်ငံမှာ ပြန်ကျင်းပနေတဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာ လွှတ်တော်အမတ်တွေရဲ့ တင်ပြချက်တွေ၊ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားလို့ခေါ်တဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ၊ ပြည်ပမှာရောက်ရှိနေတဲ့ အတိုက်အခံများ ပြန်လာရေးကိစ္စ။ ဒီလို ဆွေးနွေးချက်တွေကို တင်ပြခွင့်ရလာတယ်။ ဆွေးနွေးလာတယ်ဆိုတဲ့ ပုံစံကို မြင်ရတဲ့အခါကျတော့ ဒီလွှတ်တော်ထဲမှာ ဝင်ရောက်ဆောင်ရွက်ကြတဲ့လူတွေရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ အတွင်းစည်းထဲကို ဝင်ပြီးတော့ လုပ်နိုင်သမျှတွေကို ဝင်ပြီးတော့ တဖြည်းဖြည်းချင်း ယူမယ်၊ ချဲ့ထွင်ယူမယ်ဆိုတဲ့ အနေအထားကို သူတို့ရဲ့ ရည်မှန်းချက်ဘောင်အတွင်းကို ရောက်လာပြီလို့ ပြောလို့ရနိုင်သလား။

ဦးမောင်မောင် ။ ။ နှစ်မျိုးရှိမှာပေ့ါ။ ဝင်ရောက်ပြီး ပြောဆိုမယ်ဆိုတဲ့ကဏ္ဍကတော့ ရောက်ပြီလို့တော့ ပြောလို့ရတယ်။ သို့သော်လည်း ဝင်ရောက်ပြီး ပြောင်းလဲဖို့ လုပ်မယ်ဆိုတဲ့ကဏ္ဍထိတော့ မရောက်သေးဘူး။ ဒါကို ရောက်ဖို့အတွက်တော့ အများကြီးလုပ်ရမယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါကို နည်းနည်းလေး ရှင်းပြပါလား။ ဘယ်လိုကြောင့် ဒီလို မရောက်သေးဘူးလဲ။ ဘာတွေလုပ်ဖို့ နေသေးတယ်လို့ ယူဆပါသလဲ။

ဦးမောင်မောင် ။ ။ တော်တော်များများ လိုပါသေးတယ်။ ဥပမာ တစ်အချက် စပြောမယ်ဆိုရင်တော့ နိုင်ငံရေးအရ ကျနော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးအောင်ကြည်နဲ့ တွေ့တဲ့ကိစ္စ။ အဲဒီကနေ လက်မှတ်ထိုးပြီး လုပ်တဲ့ကိစ္စ။ တကယ် constructively အပြုသဘောလုပ်မယ့် လုပ်ငန်းတွေကို လက်တွေ့လုပ်ဖို့ လိုပါသေးတယ်။ လွှတ်တော်ထဲမှာ ပြောတဲ့ကိစ္စက ဥပဒေအကြောင်းအရာအရ ဥပဒေပြုဖို့ ဖြစ်သလို နိုင်ငံရေးအရ ဦးဆောင်မှုပေးမယ့် political guideline ချပေးဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် တို့ ပွင့်ပွင့်လင်းလင်း၊ တိတိကျကျ ပိုပြီးတော့ ဆွေးနွေးသွားဖို့ လိုတယ်ဆိုတာ တချက်ပေါ့။ နောက်တခါ ဥပဒေပြုတဲ့အခါမှာလည်း တင်ပြချက်တွေတော့ ကြားနေရတယ်။ တင်ပြချက်တွေ ရှိတာကတော့ အရင်ကထက်စာရင် ကောင်းပါတယ်။ လွှတ်တော်ထဲမှာ အားလုံးဝိုင်းဆွေးနွေးဆိုတဲ့ကိစ္စ။ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဒါကို ဘယ်လိုပုံစံဖော်မလဲ။ ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုတာတွေက ပိုအရေးကြီးတယ်လို့ ထင်တယ်။ အဲဒီကိစ္စတွေကတော့ ကောင်းပါတယ်။ သို့သော်လည်း တကယ်လက်တွေ့လုပ်မယ့်ကိစ္စ။ ဒါကို ဆွေးနွေးမယ်။ ဆွေးနွေးပြီးရင် ဘယ်လိုဆုံးဖြတ်မလဲ။ ဒါဟာ လိုအပ်တဲ့ ပြုပြင်ချက်တွေကို အုပ်ချုပ်ရေးပိုင်းက ဘယ်လိုပြင်ဖို့ကို အမိန့်ထုတ်မယ့် ကိစ္စတွေက ပိုပြီးအရေးကြီးတယ်လို့ ထင်တယ်။ ဒါကြောင့်မို့ လုပ်ငန်းတွေကတော့ အများကြီးလိုပါသေးတယ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေ။ တွေ့ဆုံမှုတွေအပေါ်မှာ အပြုသဘောဆောင်တယ်ဆိုတဲ့ အမြင်၊ တိုးတက်မှုအလားအလာတွေ ရှိတယ်လို့ မှတ်ချက်ချပါတယ်။ အဲဒီတော့ ဦးမောင်မောင် အနေနဲ့က ဒီအခြေအနေတွေကို ပြင်ပမှာရှိနေတဲ့ လူတယောက်အနေနဲ့ ဒါဟာ အကောင်းဖက်ကို ရှေ့ရှုလာနေတဲ့ တိုးတက်မှုတွေအဖြစ် မမြင်နိုင်သေးဘူးလား။

ဦးမောင်မောင် ။ ။ ကျနော်တို့က အကောင်းဖက်ကို ဖြစ်စေချင်လို့ ဒီလို အနေအထားရောက်အောင် တောင်းဆိုတိုက်ပွဲဝင်ခဲ့တာ ဖြစ်တယ်။ အခုလည်း ဒါကို ပြန်ပြီး မပြောင်းသွားတဲ့ အနေအထားပေါ့။ Irreversible နောက်ပြန်မဆုတ်သွားတဲ့ အနေအထားဖြစ်အောင်လို့ ကျနော်တို့က ဖိအားပေးရမယ့် တာဝန်ရှိနေသေးတယ်။ အထဲက ခေါင်းဆောင်တွေရဲ့ တာဝန်ကလည်း ဒီလုပ်ငန်းကို ရှေ့ကိုဆက်ပြီး သွားဖို့အတွက် လုပ်ဖို့ အများကြီးရှိနေသေးတော့ မကောင်းဘူးလို့တော့ မပြောဘူး။ သို့သော် ကျနော်တို့ လုပ်တဲ့အနေအထားတော့ မရောက်သေးဘူး။ ဒါကြောင့်မို့ ဖိအားပေးတဲ့ တာဝန်ကိုတော့ ဆက်ပြီး လုပ်ရပါမယ်လို့ ပြောချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ အတိုက်အခံနဲ့ တချိန်က စစ်တပ်ဦးဆောင်တဲ့။ အခုလည်း စစ်တပ် ကျားကန်ပေးထားတဲ့ အစိုးရ။ ဒီလို နှစ်ဖက် ညှိနှိုင်းကြတယ်၊ ဆွေးနွေးကြတဲ့ နေရာမှာ ဒီသဘောထားတွေကို ကိုယ့်ယူဆချက်တွေအတိုင်းပဲ ယတိပြတ် ချထားပြီးလို့ရှိရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကျော်လုံးလုံး တဖတ်နဲ့တဖတ် ဘယ်မှမရောက်ဘဲနဲ့ တန့်နေခဲ့တာ အားလုံးအမြင်ပဲ။ အဲဒီတော့ လက်ရှိ ဒီအခြေအနေမှာ အစိုးရဘက်က နည်းနည်းလေး လျှော့လာတယ်ဆိုတဲ့သဘော မဟုတ်ဘူးလား။ ဒါဆိုလို့ရှိရင် အတိုက်အခံ တွေဘက်ကရော ဘာတွေများ ပြောင်းလဲပေးဖို့ လိုလာမလဲ။ ဒီလို မေးလိုက်တဲ့အတွက်ကြောင့်မို့ တချို့ကတောင် ကျနော်ကို အပြစ်တင်ကြမယ်။ အတိုက်အခံဘက်က ဘာလျှော့စရာရှိလို့လဲဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့လည်း ဒီမေးခွန်းက မေးရမယ့် မေးခွန်းပါ။

ဦးမောင်မောင် ။ ။ အတိုက်အခံဘက်က လျှော့ပေးရမှာ အများကြီးရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့မှု၊ နိုင်ငံရေးမှာ သံရေးသံတမန်ရေးမှာ ဖိအားပေးတဲ့ကိစ္စတွေက နည်းတာမဟုတ်ပါဘူး။ နအဖ တခုတည်း၊ လက်ရှိ အစိုးရတခုတည်း လုပ်လို့၊ ဖြုတ်လို့ ပြုတ်သွားမှာ မဟုတ်တော့ ကျနော်တို့ဘက်က လျှော့စရာတွေ အများကြီးရှိပါတယ်။ အဆင့်တွေ အများကြီး ကျန်သေးတယ်လို့ တစ်အချက် ပြန်ပြော ချင်တယ်။ နောက်တချက်က ဘာလဲဆိုတော့ ဒီလို အလျှော့ပေးလာတဲ့ကိစ္စက တကယ် ပြုပြင်ပြောင်းလဲ ချင်လို့ အလျှော့ပေးတာမျိုးဖြစ်အောင် အခုန ကျနော်တင်ပြသလို legislatively ဥပဒေအကြောင်းအရာအရ၊ ဥပဒေပြုပြီး ပြောင်းဖို့လိုတယ်ကိစ္စ ဘာကြောင့်အရေးကြီးသလဲဆိုတာ ကျနော်အခု တင်ပြပါမယ်။ ကျနော်တို့ အခု အပစ်အခတ်ရပ်စဲရေးလို့ ပြောပေးမယ့် အခုထက်ထိ တိုက်ပွဲတွေ ဖြစ်နေသေးတယ်။ ကချင်မှာလည်း ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာ ဖြစ်နေတယ်။ ကေအန်ယူ ကရင်ဒေသမှာ ပိုဖြစ်နေပါတယ်။ ဒါတွေအားလုံးကို ကျနော်တို့က တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လုပ်မှသာလျင် စကားပြောနေတဲ့ကိစ္စ။ နိုင်ငံရေးပြုပြင် ပြောင်းလဲရေးကိစ္စတွေက အဓိပ္ပါယ်ရှိတယ်လို့ ယူဆပါတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေး ကြိုးစားတယ်ဆိုတဲ့ အသံကို ကျနော် လက်ခံတယ်လို့ အခုနပြောတယ်။ သို့သော် တကယ့် လက်တွေ့ လုပ်ရမယ့် လုပ်ငန်းတွေက အများကြီး ရှိနေသေးတယ်။ အလျှော့ပေးတဲ့ဆိုတဲ့ ကိစ္စတွေမှာလည်း ပြန် တင်ပြချင်ပါတယ်။ လိုအပ်ချက်ရှိလို့ အလျှော့ပေးတာကို အားလုံးနားလည်းပါတယ်။ ဥပမာဆိုရင် လက်ရှိ ဦးသိန်းစိန် အစိုးရက ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ချင်တယ်ကိစ္စ။ ဘာကြောင့်လည်းဆိုရင် အစိုးရ တခုအနေနဲ့ အလှည့်ကျတဲ့အချိန်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့က အင်မတန် အရေးကြီးပါတယ်။ အထူးသဖြင့် မျက်နှာ face value သိက္ခာရှိဖို့ကိစ္စက ပိုအရေးကြီးတယ်။ ဒါအတွက် လုပ်တယ်ဆိုတာကို အားလုံး သိပါတယ်။

နောက်တခါ ကျနော်တို့က အတွင်းမှာဖြစ်နေတဲ့ စီးပွားရေး။ စီးပွားရေး ကျပ်တည်းတယ်။ ကျပ်တည်းတယ် ဆိုတာ ဘာကြောင့်လဲ။ စီးပွားရေးကြပ်တည်းတဲ့ နေရာမှာ ဗမာနိုင်ငံမှာ ပြည်ပရင်းနှီးမြုပ်နံှမှုက ဘီလီယန် ဒေါ်လာ ၂၀ ကျော် ဝင်ထားတယ်ဆိုတာကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာ တိတိလင်းလင်း ဦးသိန်းစိန် အစိုးရက ပြောထားတာရှိတယ်။ ဒါပေမဲ့ တပြိုင်တည်း ကျနော်တို့က ဒီလွှတ်တော်က သူတို့ပြောသွားတာက တနိုင်ငံလုံးက ယူအက်စ် ၂ ဘီလီယန် အကြွေးတင်နေတယ်။ လိုနေတယ်ဆိုတဲ့အခါကျတော့ ဒါကြီးက ဘာဖြစ်တာလဲ။ ပြည်သူကို ရှင်းပြဖို့ လိုတဲ့အပြင်ကို ဒီလို စီးပွားရေးအခက်အခဲ ရှိတဲ့အတွက်ကြောင့်လည်း ပြုပြင်ပြောင်းလဲမှု လုပ်တယ်ဆိုတာကို မြင်နေရပါတယ်။ နောက်တခါ ပြည်သူတွေ နေ့စဉ်စားသုံးနေတဲ့ ကုန်ပစ္စည်းတွေ ဘယ်ကလာသလဲဆိုရင် နယ်စပ်ဒေသ ကုန်သွယ်ရေးက လာတာပါ။ ကေအန်ယူ ကို တိုက်တယ်။ ကရင်နယ်မြေတွေမှာ စစ်ပွဲတွေ ဖြစ်ပွားတယ်။ နောက်တခါ ကချင်ဒေသမှာ ဖြစ်တယ်။ ရှမ်းပြည်နယ်မှာဖြစ်တော့ နယ်စပ်ဒေသ ကုန်သွယ်ရေးက ပိတ်တယ်။ နယ်စပ်ဒေသ ပိတ်တယ်ဆိုရင် ကုန်သည်တွေက မလာတာဖြစ်တယ်။ နိုင်ငံခြား စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘူး။ စစ်ပွဲဖြစ်လို့ ကုန်သည်တွေ မလာတာကြောင့် ပြည်တွင်းအခွန်ကျဆင်းတယ်။ ဆိုတော့ နိုင်ငံမှာ ပြည်ပရင်းနှီးမှုတွေ ဘယ်ရောက်သွားမှန်း မသိဘူး။ ဒီအပြင် နယ်စပ်ဒေသကဝင်တဲ့ အခွန်ငွေတွေ မဝင်တဲ့အခါကျတော့ စီးပွားရေးအခက်အခဲ တအားကြီးတဲ့အတွက်ကြောင့် ဒီဟာကနေ ဖောက်ထွက်ဖို့ကိုလည်း လုပ်ငန်းတွေ လုပ်တယ်ဆိုတာ အားလုံးအသိဖြစ်တယ်။ တကယ် ပြုပြင်ပြောင်းလဲမှု စိတ်နဲ့ လုပ်ဖို့ကတော့ လက်တွေ့ကတော့ ဥပဒေအရ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လိုပါတယ်လို့ ကျနော်က လျှော့ပေး တယ်ဆိုတာထက် ဒီလို လိုအပ်ချက်တွေအရ လုပ်တယ်လို့ အားလုံးမြင်နေတယ်ဆိုတာကို ပြန်တင်ပြ ချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဟာက ဖြစ်နေတဲ့ အခြေအနေက မြန်မာနိုင်ငံက အကျင့်ပျက် ခြစားမှုတွေ၊ စီးပွားရေး ချွတ်ခြုံကျမှုတွေ၊ အလားတူပဲ ပြည်တွင်းမှာ မငြိမ်းချမ်းမှုတွေက နှစ်ပေါင်းများစွာ၊ ပြဿနာ ပေါင်းများစွာပေါ်ကို အခြေတည် ဖြစ်နေတာကြောင့် နေချင်းညချင်ကြီး တခါတည်း ပြေလည်သွားဖို့ဆိုတာ မလွယ်ဘူးမှတ်လား။ အထူးသဖြင့် အထက်ပိုင်းမှာ ဒီလို ဆွေးနွေးပြောဆိုမှုနဲ့ မူဝါဒပိုင်းဆိုင်ရာ ချလာတော့မှ တဖြည်းဖြည်း အောက်ခြေဖက်ကို ဆင်းလာပြီးတော့ ပြုပြင်ပြောင်းလဲသွားနိုင်မယ့် အနေအထားမျိုးတွေ ရှိနေတယ်ဆိုတော့ အချိန်တော့ ယူရအုံးမယ်လို့ ပြောချင်ပါတယ်။ အဲဒီလို အချိန်ယူရအုံးမယ်ဆိုရင် ဘယ်တော့လောက်မှ ဒီလို အပြောင်းအလဲတွေကို လက်တွေ့မြင်နိုင်လိမ့်မယ်လို့ ထင်ပါသလဲ။

ဦးမောင်မောင် ။ ။ အပြောင်းအလွှဲက အချိန်ယူရမယ်။ အပြောင်းအလဲလုပ်ဖို့ စတင်နေတယ်လို့လည်း အားလုံးက ပြောနေကြတယ်။ ဒါကို ကျနော်လည်း မငြင်းပါဘူး။ ဒါပေမဲ့ လက်တွေ့ ဖြစ်နေတဲ့ကိစ္စက အခုန တင်ပြသလို ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ လက်တွေ့ခေါ်လို့ရတဲ့ ကိစ္စပါ။ ပြည်တွင်းငြိမ်းချမ်းရေး ခေါ်မယ် ဆိုရင် လွှတ်တော်ကလည်း သဘောတူမှာပါ။ သမ္မတသိန်းစိန် အနေနဲ့လည်း သူ့ရဲ့ executive power နဲ့ လုပ်လို့ရတဲ့ကိစ္စပါ။ ဒီလုပ်ငန်းကို စလုပ်ကြည့်လိုက်ရင် ဘယ်လို ပြောင်းလဲလာမလဲဆိုတာကို တွေ့မှာပါ။ ပြည်တွင်း တနိုင်ငံလုံး ငြိမ်းချမ်းရေးဟာ အရမ်း အရေးကြီးပါတယ်။ ဒီဥစ္စာကို သမ္မတသိန်းစိန် executive power နဲ့ လုပ်လို့ရတယ်။ အခု ပါလီမန်အချိန်မှာလုပ်ရင် ပါလီမန်တခုလုံးကလည်း ထောက်ခံမှာဖြစ်တယ်။ ဒေါ်စုကလည်း ကြားကနေ စေ့စပ်ပေးမယ်လို့ ပြောတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း စကား ပြောပါမယ်ဆိုတဲ့ အနေအထားမှာလုပ်လိုက်ရင် ကျနော်တို့က ဒီလောက်အကြာကြီး မစောင့်ရဘဲ လုပ်ငန်း ပေါ်မယ်။ ဒါက လက်တွေ့ကျတဲ့ လုပ်ငန်းတခုဖြစ်တယ်လို့ တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သဘောကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဆိုတာကတော့ လက်တွေ့အားဖြင့် တကယ့် ငြိမ်းချမ်းရေးကို လိုချင်တဲ့စိတ်ဆန္ဒသဘောထားနဲ့ လုပ်လိုက်လို့ရှိရင် အနှေးနဲ့အမြန် ဖြစ်လာ နိုင်မယ့်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ တိုင်းပြည်စီးပွားရေးကိစ္စမှာ ရေရှည်ယိုယွင်းနေတဲ့ကိစ္စမှာကြတော့ ဒီလောက်မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်မယ်လို့ မထင်ဘူးလေ။ အထူးသဖြင့် မြန်မာနိုင်ငံအရေး ကိစ္စမှာ ဆိုလို့ရှိရင် အစိုးရအနေနဲ့ပဲ စီးပွားရေး ပွင့်လင်းမှုတွေလုပ်ချင်တယ် ဆိုပေမယ့်လည်း အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံအုပ်စုတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စတွေ။ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီ အုပ်စုတွေကို ကျားကန်ပေးထားတဲ့ သဘောနဲ့ ဒီလို အရေးယူထားမှုတွေ ရှိနေသေးတယ်ဆိုတော့ ဒီကိစ္စ တွေကို ပြေလည်သွားစေဖို့ဆိုရင် အခု မကြာသေးခင်ကပဲ အမေရိကန် ပြည်ထောင်စုမှာ မြန်မာနိုင်ငံရေးရာ မူဝါဒရေးရာ အထူးကိုယ်စားလှယ်အနေနဲ့ ခန့်အပ်ထားတဲ့ Derek Mitchell အနေနဲ့ မြန်မာနိုင်ငံကိုသွားဖို့ ကြိုးစားနေတယ်ဆိုတော့ သူတို့အနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို သုံးသပ်ပြီးတော့ ဘယ်လို ပြုပြင်ပြောင်းလဲမှုနဲ့ ကမ်းလှမ်းမှုတွေ လုပ်သင့်တယ်လို့ ယူဆသလဲ။

ဦးမောင်မောင် ။ ။ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြပါရစေ။ စီးပွားရေးပိတ်ဆို့မှုသာ ပြောနေတယ် ဒါကို ဖွင့်ဖို့လိုနေတယ်လို့သာ ပြောနေတယ်။ အထူးသဖြင့် ဥရောပက ပြောနေတယ်။ ကမ္ဘာပေါ်က နိုင်ငံတွေအများစု ကျနော်ကပြောချင်တာက နေ့စဉ် သွင်းကုန်ထုတ်ကုန်က ရှိနေပါသေးတယ်။ အထည်ချုပ်လုပ်ငန်းဆိုရင် ဂျပန်နဲ့ ရှိနေခဲ့တယ်။ အခုမှ ထုတ်လုပ်မှု ကျဆင်းသွားတယ်ဆိုတာ ဒေါ်လာကြောင့်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကို ပြန်ကြည့်မယ်ဆိုရင် အထည်ချုပ်လုပ်ငန်းက တော်တော်လေး အောင်မြင်နေတယ်။ ပြည်တွင်းရေထွက်လုပ်ငန်း တော်တော်လေး အောင်မြင်နေတယ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြားနေရတယ်။ ဒါကြောင့် ပြောချင်တာက စီးပွားရေးပိတ်ဆို့မှု ရှိပြီးတော့ ကျနော်တို့ အတိုက်အခံတွေက နံမည်ပျက်ပေမယ့် တကယ်ကြတော့ ဥရောပ။ အထူးသဖြင့် ဂျာမဏီ က ဦးဆောင်ပြီးတော့ သွင်းကုန်ထုန်ကုန်တွေ လုပ်နေတယ်ဆိုတာ တင်ပြချင်တယ်။ တကယ် ဖိဖိစီးစီး ဒီ စီးပွားရေးပိတ်ဆို့မှု လုပ်တာ အမေရိကန်နိုင်ငံတနိုင်ငံပဲ ရှိတယ်။ ဒါကြောင့်မို့ အများစု ထွက်ကုန်က အာရှတိုက်သွားတယ်။ ဥရောပကို သွားတယ်ဆိုတော့ စီးပွားရေးပိတ်ဆို့မှု မရှိသလာက် ရှိနေပါတယ်လို့ ပြန်ရှင်းပြချင်တယ်။ နောက်တခုကတော့ အမေရိကန်အစိုးရက Derek Mitchell သွားမယ်ဆိုတော့ သူတို့လည်း သုံးသပ်ပါတယ်။ ကျနော် အမေရိကကို ရောက်တဲ့ကာလအတွင်းမှာ ကျနော်တွေ့တဲ့ နေရာမှာတော့ ကျနော်တို့နဲ့ သဘောထားချင်းတူတယ်။ ပြုပြင်ပြောင်းလဲမှု လုပ်တာကိုတော့ သူတို့ သတိထားပြီးတော့ စောင့်ကြည့်နေတဲ့ အနေအထားမှာရှိတယ်။ ဒါပေမဲ့ တပြိုင်နက်ထဲ ကျနော် ပထမဆုံး ပြောခဲ့သလိုပဲ အတိုက်အခံက ဘာလုပ်နိုင်သလဲဆိုတော့ အတိုက်အခံက အများကြီးလုပ်နိုင်ပါတယ်။ အခုနပြောတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ကျနော်တို့ ဖွင့်မလား။ ဖွင့်မလားဆိုတော့ အကုန်လုံးဖွင့်ဖို့ကို ပြောတာမဟုတ်ဘူး။ ဒါကို အားလုံးက တလွဲမထင်စေချင်ဘူး။ အဆင့်တွေ အများကြီးရှိပါတယ်။ ကုန်သွယ်မှု ပိတ်ထားတာရှိတယ်။ ရင်းနှီးမြုပ်နံှမှုတွေကို တားတဲ့ကိစ္စရှိတယ်။ နောက်တခါ ဗီဇာ ခရီးသွားလာမှု လက်မှတ်တွေ ပိတ်ထားတာရှိတယ်။ သားသမီးတွေကို ကျနော်တို့ တွေ့လို့ရှိရင် အရေးယူတဲ့ကိစ္စတွေ ရှိတယ်။ ဒါတွေဟာ ဥပမာပြောတာပါ။ ဒါထက်မက အများကြီးရှိပါတယ်။ နောက်တခါ ငွေရေးကြေးရေးကို freeze လုပ်ထားတဲ့ကိစ္စ။ ငွေရေးကြေးရေး ပိတ်ဆို့ထားတဲ့ကိစ္စ။ ဒါတွေကို ဆင့်ကဲဆင့်ကဲ ကျနော်တို့အနေနဲ့ ကြည့်ဖို့လိုတယ်။ Derek Mitchell ဆိုလည်း ဒါတွေကို step by step ကြည့်ဖို့လိုတယ်။ ကြည့်မယ်လို့လည်း ကျနော်က မျှော်လင့်တယ်။ ကြည့်မယ်လို့လည်း ကျနော်တို့ ဝိုင်းပြီးပြောရမယ်။ အဲဒီလိုလုပ်ပြီးမှသာလျှင် stick and carrot ဆိုသလို ကောင်းတာလုပ်လို့ရှိရင် ဆုကြေးဒဏ်ကြေး ပေးတဲ့ကိစ္စမှာ တဖြည်းဖြည်းနဲ့ စဉ်းစားသွားရမယ့် ကိစ္စဖြစ်တယ်လို့ တင်ပြချင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဦးမောင်မောင်တို့အနေနဲ့ အထူးသဖြင့် ပြည်ပရောက် အဖွဲ့အစည်းတွေအနေနဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ စကားပြောချင်ပါတယ်ဆိုတဲ့ စေ့စပ်ညှိနှိုင်းချင်ပါတယ်ဆိုတဲ့ တိုက်ရိုက်ကမ်းလှမ်းမှုတွေမျိုး မလုပ်ချင်ဘူးလား။

ဦးမောင်မောင် ။ ။ ကျနော်တို့ကတော့ မလုပ်ပါဘူး။ ဘာလို့ မလုပ်သလဲဆိုတော့ main actor အဓိက ကျတဲ့လူ၊ ဇာတ်ဆောင်တွေ။ တာဝန်ရှိတဲ့သူတွေ အားလုံးက ပြည်တွင်းမှာရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ ခေါင်းဆောင်တွေက "ရဲဘော်တို့ရေ ဒီဟာကတော့ ဒီလောက်အထိ အဆင်ပြေနေပြီ။ နိုင်ငံရေး အကျဉ်းသားတွေ ထွက်လာပြီ။ ရဲဘော်တို့ ပြန်လာလို့ ရပြီ" ဆိုတဲ့ကိစ္စမျိုးတွေ ပြောလာမယ်။ သတင်းပို့ လာမယ်။ နောက်တခါ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အားလုံး ဝိုင်းဆွေးနွေးကြမယ်ဆိုတဲ့ အနေအထား မျိုးမှာပဲ ကျနော်တို့က သွားဖို့ အနေအထားရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်မြို့တော်မှာ ရောက်ရှိနေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။