ပြောင်းလဲလာတဲ့ NLD နိုင်ငံရေးလမ်းစဉ်

ပြောင်းလဲလာတဲ့ NLD နိုင်ငံရေးလမ်းစဉ်

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင် က အန်အယ်လ်ဒီပါတီ အနေနဲ့ ဘာကြောင့် ပါတီမှတ်ပုံတင်ဖို့ နဲ့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေး၊ ရှင်းလင်းချက်ကို တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်ပြန်လည် မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရေးကိစ္စဟာ ပြင်ပမှာ အငြင်းပွားမှုတွေ ရှိနေပေမယ့် နိုဝင်ဘာလ (၁၈) ရက်နေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မျက်နှာစုံညီ အစည်းအဝေးပွဲမှာတော့ ကန့်ကွက်သူမရှိ တခဲနက် အတည်ပြုနိုင်ခဲ့တယ်လို့ အဖွဲ့ချုပ်ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းတင်က ပြောဆိုပါတယ်။ အဖွဲ့ချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်အလားအလာတွေအပြင် မကြာခင် မြန်မာနိုင်ငံကို လာရောက်မယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အကြောင်းကိုပါ ဦးဝင်းတင် က သုံးသပ်ပြောဆိုထားပါတယ်။

ဦးဝင်းတင် ။ ။ အပြင်မှာ သတင်းတွေမျိုးစုံဖြစ်တာပေါ့။ ဥပမာဆိုတော့ ကွဲလွဲကြတဲ့အသံလေးတွေ ဘာလေးတွေ ထွက်ကြတယ်။ အယူအဆလေးတွေ ရှိကြတယ်။ အမြင်လေးတွေ ရှိကြတယ်ဆိုတဲ့ အနေနဲ့ ဆိုတဲ့အခါကြတော့ ဒီအစည်းအဝေးကြတော့ ဘာများဆိုကြပြောကြမလဲပေါ့။ အဲဒီလိုတောင် တွက်နေကြတာ။ ဒါပေမဲ့လို့ အစည်းအဝေးကြတော့ တက်ရောက်လာကြတဲ့ ဗဟိုကော်မတီဝင်တွေက တခဲနက်ဆိုတဲ့ စကားပဲပြောရမှာပဲ။ တခဲနက်ကို ဆုံးဖြတ်လိုက်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တယောက်ဆိုတယောက်မှ ကွဲလွဲတဲ့အမြင်တွေ၊ အယူအဆတွေ ဘာတွေပြောတာတွေ သိပ်မရှိဘူး။ ထောက်ခံတာကတော့ အကုန်လုံး တခါတည်း မှတ်ပုံတင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေးကိုတော့ တခဲနက်ထောက်ခံလိုက်တာပါ။ အဲဒါက သိသာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တခြားအမြင်တွေ။ သူတို့မြင်တာတွေ ရှိတာတွေ မပြောဖြစ်ဘူး။ မပြောကြဘူး။

ဦးသန်းလွင်ထွန်း ။ ။ ပြောဆိုဖို့ အခွင့်အရေး ရခဲ့ကြသလား။

ဦးဝင်းတင် ။ ။ ရတယ် ရပါတယ် အဖွဲ့ဝင်တိုင်း ရပါတယ်။ တခုရှိတယ် မပြောဖြစ်တဲ့ လူတချို့တော့ ရှိပါတယ်။ ဥပမာ ကျနော်တို့ ဆိုပါစို့။ ကျနော်ဆိုရင် ခင်များတို့ အားလုံး သိကြတဲ့အတိုင်း ရွေးကောက်ပွဲဝင်ရေးနဲ့ ပတ်သက်လို့ ကျနော်မှာ ဒွိဟသံသယတွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့လည်း အရင်တုန်းကလည်း မီဒီယာတွေမှာ ပြောဘူးပါတယ်။ သို့သော် ကျနော်တို့ ထုံစံရှိတာကတော့ CEC လူကြီးတွေကတော့ မပြောကြဘူး။ ထိုင်နားထောင်ကြတယ်။ ကျနော်တို့လည်း ဦးစီးအဖွဲ့ဝင်ပဲ သို့သော် ကျနော်တို့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကတော့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကျနော်တို့ ကျန်တဲ့လူ (၁၀) ယောက် စုစုပေါင်း - ဒါတွေကတော့ ဘာမှမပြောကြပါဘူး။ သို့သော် ပြောလို့ရတဲ့လူတွေ အားလုံးကတော့ ဒီဟာကို တခဲနက် ထောက်ခံတယ်လို့ပဲ ယူဆနိုင်လောက်အောင် တသံတည်းထွက်ခဲ့ကြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်များ။ အထူးသဖြင့်ပေါ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေမှာ လှုပ်ရှားတက်ကြွတဲ့ အရင် ဒေါ်နော်အုန်လှတို့လို အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ရာနဲ့ချီတဲ့လက်မှတ်တွေကို စုဆောင်ပြီးတော့ ပါတီပြန်ပြီး မှတ်ပုံမတင်ရေးကိစ္စကို တင်ပြထားတာတွေလည်းရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆွေးနွေးဆုံးဖြတ်ခဲ့ကြသလဲ။

ဦးဝင်းတင် ။ ။ အဲဒါတွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ဆွေးနွေးခြင်းမရှိဘူး။ သူတို့တွေအားလုံးဟာ ဗဟိုကော်မတီဝင်ရဲ့ ပြင်ပက ပုဂ္ဂိုလ်များဖြစ်ကြတော့ ပြင်ပ ပုဂ္ဂိုလ်များရဲ့ သဘောထားတွေ၊ အသံတွေ၊ အယူအဆတွေကိုတော့ ကျနော်တို့ အစည်းအဝေးမှာတော့ ထည့်ပြီးတော့ ဆွေးနွေးနိုင်ခြင်း မရှိဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဒီမိုကရေစီရဲ့ လုပ်ထုံးလုပ်နည်းမှာတော့ များသောအားဖြင့်ကတော့ အကြောင်းအရာတရပ်ကို သဘောတူတယ်ဖြစ်စေ၊ သဘောမတူဘူးဖြစ်စေ ဆန္ဒတွေကို တင်ပြိုင်ပိုင်ခွင့်ရှိကြတယ်။ ဒါပေမဲ့ ဒီလို ဆုံးဖြတ်ချက်တစုံတရာ ကျကျနန ကျပြီးပြီဆိုရင် ပါတီအဖွဲ့ဝင်တွေအားလုံးအနေနဲ့ ပါတီရဲ့ ရပ်တည်မှုအောက်မှာ ဘယ်လိုဆက်ပြီး လုပ်သွားဖို့ ဆရာအနေနဲ့ တိုက်တွန်းချင်ပါသလဲ။ ယူဆချက် ရှိပါသလဲ။

ဦးဝင်းတင် ။ ။ ဒါကတော့ ဒီလိုရှိတယ်ဗျ။ ကျနော်တို့ ဒီအစည်းအဝေး မတိုင်ခင်ကလည်း သဘောထား ပေးပြီးသာဖြစ်ပါတယ်။ ဥပမာဆိုရင် ကွဲလွဲတဲ့အယူအဆတွေ ရှိတာရှိမရှိ။ ရှိတာတွေကို ကိုယ့်ရဲ့ အယူအဆတွေကို ပြောကြဆိုကြ၊ ဆွေးနွေးကြ၊ တင်ပြကြ၊ ငြင်းခုံစရာရှိလည်း ငြင်းခုံကြပေ့ါ။ အဲဒါတွေ လုပ်ပြီးတယ်ဆိုတာနဲ့ တပြိုင်နဲ့ ဆုံးဖြတ်ချက်ကျပြီးတဲ့အချိန်၊ သို့မဟုတ်လည်း ဆုံးဖြတ်ချက်ချတဲ့ အချိန်မှာတော့ အားလုံးရဲ့ အများသဘောတူ ဆုံးဖြတ်ချက်နောက် လိုက်ကြဆိုတဲ့ သဘောထား နဂိုကတည်းက ရှိပါတယ်။ အဲဒီဟာမှာ ကျနော်တို့ အခုပြောချင်တာကတော့ ဒီနေ့ အစည်းအဝေးပုံသဏ္ဍာန်အရကတော့ ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူ့ရဲ့ သဘောထားတွေကို သူ့ရဲ့ မိန့်ခွန်းတွေထဲမှာ သူပြောတဲ့ စကားတွေထဲမှာ ထည့်ပြောပါတယ်။ သူ့ရပ်တည်ချက်၊ သူအနေနဲ့ မှတ်ပုံတင်ချင်တဲ့ဆန္ဒ၊ နောက် ရွေးကောက်ပွဲ ဝင်ချင်တဲ့သဘောထား ဆိုတာတွေကို ပြောပါတယ်။ အဲဒီတော့ ဒီမှာကြတော့ ဘာကိုသွားတွေ့ရသလဲဆိုတော့ အားလုံးသော ဗဟိုကော်မတီဝင်များဟာ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ပါတီရဲ့ ဆုံးဖြတ်ချက်နောက်ကနေ တခါတည်း ရပ်တည်ပြီးတော့ တသံတည်းထွက်အောင်လို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရပ်တည်ခဲ့ကြတယ်လို့ အဲဒီလိုပဲ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံရေးပါတီတခုအနေနဲ့ တရားဝင်ပါတီအဖြစ် မှတ်ပုံတင်တယ်။ ရပ်တည်ရေးအတွက် မှတ်ပုံတင်တယ်ဆိုတာကတော့ တပိုင်းပေါ့။ ဒီနေရာမှာ ရွေးကောက်ပွဲဝင်မယ်။ အခုလောလောဆယ် ချမှတ်ထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ နေရာမှာကြတော့ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်တွေကို ဒါက လုံးဝဘေးဖယ်ထားလိုက်ပြီဆိုတဲ့ သဘောမျိုး ရောက်သွားသလား။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် ရှင်းပြထားတာကို ကျနော်တို့ ကြားသိရပါတယ်။ ဦးဝင်းတင်ရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။

ဦးဝင်းတင် ။ ။ ကျနော်တို့ကတော့ ဒီလိုရှိတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ကျနော်တို့ရဲ့ ရွှေဂုံတိုင်မှာ နောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်းမှာ ပြောခဲ့တယ့် ရပ်တည်ချက်က ဘာလဲဆိုတော့ ဒီရွှေဂုံတိုင်ကို ပစ်ပယ်လို့မရဘူး။ ကျနော်တို့ကို ပြည်သူလူထုက ယုံမှတ်ပြီးတော့ ကျနော်တို့ကို တာဝန်ပေးအပ်လိုက်တာ။ ကျနော်တို့ အမွေရတဲ့ ပစ္စည်းလည်း မဟုတ်ဘူး။ သူများဆီက တောင်းယူရရှိတဲ့ပစ္စည်းလည်း မဟုတ်ဘူး။ အဲဒါကြောင့် ဒီဆုံးဖြတ်ချက်တွေကို မြောင်းထဲလည်း ပစ်မချနိုင်ဘူး။ ဒီဟာတွေကို စွန့်ပစ် အဝေးကိုလည်း လွှင့်ပစ်တဲ့ပုံစံမျိုးလည်း မလုပ်နိုင်ဘူးဆိုတဲ့ အနေနဲ့ ကျနော်တို့ ကိုင်တွယ်ရပ်တည်ခဲ့တယ်။ အဲဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုတော့ စွန့်ပစ်ခြင်း မပြုနိုင်ဘူး။ ဒီဟာကို ဖယ်ရှားခြင်းလည်း မပြုနိုင်ဘူး။ ဒီရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုရမယ်ဆိုတဲ့ တောင်းဆိုချက်က ကျနော်တို့ တချိန်လုံးတောင်းဆိုချက်ပဲ။ အဲဒါနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီအစည်းအဝေးမှာ အများကြီးရှင်းပြသွားပါတယ်။ အဲဒါတွေကလည်း ပြေလည်တဲ့သဘောတော့ ရှိလိမ့်မယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဝေဖန်သူတွေ ဥပမာအားဖြင့် ဆုံးဖြတ်ချက်ကို ပြင်ပက ဆန့်ကျင်သူတွေ ထောက်ပြနေတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အဓိက ရပ်တည်ချက်တခုက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတဲ့နေရာမှာ အခု ဒီအချိန်မှာ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများဟာ ထောင်တွေထဲမှာ ရှိနေဆဲပါ။ ဒီအချက်ကို ပြေလည်အောင် မရသေးဘဲနဲ့။ လောလောဆယ်အားဖြင့် မှတ်ပုံတင် ပြန်တင်ဖို့၊ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ လုပ်လိုက်တယ်ဆိုတာဟာ ကိုယ့်ရဲ့ ရပ်တည်ချက်ကို လျှော့ပေးလိုက်တဲ့သဘောမျိုး ဖြစ်မနေဘူးလား။

ဦးဝင်းတင် ။ ။ ဒီလို တွက်ရင်လည်း တွက်ကြပေါ့။ ယူဆနိုင်ပါတယ်။ မယူဆရဘူးလို့ ကျနော် မပြောပါဘူး။ သို့သော် တဖတ်က ပြန်ကြည့်မယ်ဆိုရင်တော့လည်း ဒီ အကျဉ်းသားကိစ္စတို့ ဘာတို့ ရှိနေခြင်းကြောင့်သည်ပင်လျှင် ဒီလို မှတ်ပုံတင်မယ်။ ပါတီက ရွေးကောက်ပွဲဝင်မယ်ဆိုလို့ရှိရင် ပါတီဟာ တရားဝင်ပါတီဖြစ်လာမယ်။ နောက်တခါ လွှတ်တော်တို့ ဘာတို့မှာ ပြောခွင့်ဆိုခွင့် ရှိလာမယ်ဆိုရင် ဒီ အကျဉ်းသား လွှတ်ရေးကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ပိုပြီး ထိထိရောက်ရောက် ပြောဆိုနိုင်မယ်၊ ရပ်တည်နိုင်မယ်လို့ ပြောလို့ရပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဆရာဦးဝင်းတင် ပြောတဲ့သဘောအရဆိုရင် လွှတ်တော်အတွင်း ရောက်လာပြီဆိုတဲ့စကားပါပါတယ်။ ဆိုတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ။ အခုလောလောဆယ်တော့ မကြေညာရသေးဘူး။ စုစုပေါင်း နေရာပေါင်း (၅၀) လောက် လစ်လှပ်မယ့် အနေအထားရှိပါတယ်။ အဲဒီအထဲမှာ ဝင်ပြိုင်မယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဝင်ပြိုင်မယ်ဆိုလို့ရှိရင် ဒီနေရာတွေ အကုန်လုံးမှာ အနိုင်ယူထားပါအုံးတော့ လွှတ်တော်ထဲမှာ ရမယ့်နေရာက တော်တော်လေးနေရာ ခပ်ကျဉ်းကျဉ်းပဲ ရှိပါလိမ့်မယ်။ အဲဒီတော့ အဲဒီအထဲမှာ ဝင်ပြီးဆောင်ရွက်နိုင်မယ့် အလားအလာကို ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။

ဦးဝင်းတင် ။ ။ ဒီလို ပြောရမယ်ထင်တယ် ရတာကတော့ ဒါကတော့ ရွေးချယ်တဲ့ မဲဆန္ဒရှင်လူထုရဲ့ ဆန္ဒသဘောထားပေါ်မှာ မူတည်တာပေါ့။ ဒါပေမဲ့လို့ အကြောင်းအားဖြင့် ရွေးတင်ပြီဆိုပါတော့ ရွေးတင်တဲ့အခါမှာ။ ဥပမာ အန်အယ်လ်ဒီ က (၄၀) ရတယ်ဆိုပါတော့ အလွန်နည်းတယ်ပေါ့။ ကျနော်တို့ သဘောတူပါတယ်။ သို့သော် အဲဒီနည်းပေမယ့်လို့ နည်းတဲ့ဟာကို ကျနော်တို့ ပွါးယူနိုင်တဲ့အား၊ ပွါးယူနိုင်တဲ့ စည်းရုံးရေအား၊ စည်းရုံးနိုင်တဲ့အား၊ ဆွေးနွေးနိုင်တဲ့အား ကျနော်တို့မှာ ရှိသလားလို့ ကြည့်တဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်လို့ ပုဂ္ဂိုလ်မျိုး ရှိနေရင် ခေါင်းဆောင်နေတဲ့ လွှတ်တော်အတွင်း အမတ်များရဲ့ ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေမယ်။ သို့မဟုတ်လည်း ဒီလွှတ်တော်အမတ်များကို ဒေါ်အောင်ဆန်းစုကြည် ကနေ ဦးဆောင်မှု ပေးနေနိုင်မယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပွများနိုင်သော အင်အားများနဲ့ ကျနော်တို့ လွှတ်တော်အတွင်းမှာရှိတဲ့ အခုန (၄၀) လောက် အမတ်များအားဟာ တစ်ဆ၊ နှစ်ဆ၊ သုံးဆ၊ လေးဆ စသည်ဟာမျိုး တိုးပွါးနိုင်တာမျိုး ရှိတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီမှတ်ပုံပြန်လည်တင်ရေး ဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲကို ဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တဖတ်တလမ်းက ကြည့်မယ်ဆိုလို့ရှိရင် ဗမာပြည်ထဲမှာ လက်ရှိအစိုးရ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို တကယ်တမ်းကို အပြုသဘောကို စွဲဆောင်ယူဆပြီးတော့ အသိအမှတ်ပြုလိုက်တဲ့ သဘောဖြစ်နေပါတယ်။ ဒါအပြင်လည်း ဗမာပြည်ထဲမှာ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အာဆီယံ ဥက္ကဋ္ဌ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ၂၀၁၄ ခုနှစ်မှာ ဥက္ကဋ္ဌနေရာပေးရေး။ အဲဒါအပြင် မကြာသေးခင်ကပဲ သမ္မတ Obama ကနေ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကိုယ်တိုင်ကို ဗမာပြည်ကို စေလွှတ်မယ်ဆိုတဲ့အကြောင်း ဒါတွေ ကြေညာထားပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ခြုံငုံပြီးတော့ သုံးသပ်ပြပါလား။ ဘယ်လိုများ အလားအလာကောင်းတွေ မြင်စရာရှိသလဲဆိုတာကို။

ဦးဝင်းတင် ။ ။ ဒီလိုတော့ ပြောလို့ရမယ်ခင်များ။ ကျနော်တို့ဟာ ဒီလို မှတ်ပုံတင်ခြင်း။ ရွေးကောက်ပွဲဝင်ရခြင်းဟာ ဒါဟာ ပြောင်းလဲလာတဲ့ အခြေအနေ။ ဥပဒေအကြောင်းအရ ပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာတည်ပြီးတော့ ကျနော်တို့ပါတီမှာရှိတဲ့ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို ကိုင်စွဲပြီးတော့ ကျင့်သုံးခြင်းတာ ဖြစ်တယ်။ ဒီ အစိုးရရဲ့ လုပ်ငန်းတွေကို အသိအမှတ်ပြုရာ ရောက်တယ်ဆိုတဲ့သဘောနဲ့တော့ အဲဒီလိုမျိုးနဲ့တော့ မပြောသင့်ဘူးလို့၊ မပြောသာဘူးလို့ အဲဒီလိုပဲ ထင်ပါတယ်။ ဒါကတချက်ပေါ့။ နောက်တချက်ကတော့ Clinton လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ ဘယ်လိုတွက်သလဲဆိုတော့ ဒီအစိုးရက ဒီအခွင့်အရေးတွေအများကြီး။ အခြေအနေတွေ အများကြီး။ နိုင်ငံရေး အခြေအနေတွေ အများကြီးကို ပြောင်းလဲပေးတဲ့အတွက် လာတယ်လို့ဆိုတဲ့မျိုးကိုလည်း အဲဒီလို မတွက်ဘူး။ တွက်တာကတော့ ဘာလဲဆိုတော့ Mr. Obama ပြောသွားတဲ့ စကားအတိုင်းပဲ အများကြီး နှစ်ပေါင်းများစွာ ပိတ်စို့နေတဲ့နေရာကနေ အလင်းရောင်လေးဟာမျိုး မြင်လာတဲ့ဟာ။ အဲဒီလို အလင်းရောင်လေးမျိုး မြင်လာတဲ့အခါမှာ ဒါကို အင်္ဂလိပ်စကားနဲ့ပြောမယ်ဆိုရင် light in the tunnel ပေါ့။ ဥမင်လှိုဏ်ခေါင်ထဲက အလင်းရောင်ဆိုတဲ့ သဘောမျိုးနဲ့ သတ်မှတ်ရမယ့် ဗမာပြည်ရဲ့ အခြေအနေက။ အဲဒါကို Mrs. Clinton လာပြီးတော့ လေ့လာမယ်၊ ကြည့်ရှုမယ်၊ သုံးသပ်မယ်ဆိုတဲ့ သဘောမျိုးဖြစ်တယ်လို့ အဲဒီလိုပဲ ယူဆပါတယ်။ ဒါတချက်ပေါ့ နောက်တချက်ကတော့ Mrs. Clinton လာခြင်းဟာ ဒီ စစ်တပိုင်းအစိုးရ စစ်တဖြစ်လည်း အစိုးရရဲ့အပေါ်မှာ အကျိုးကျေးဇူးတွေ ဘယ်လောက်ရှိမလဲ မရှိမှာကိုတော့ ကျနော်တို့ မသိဘူး။ သို့သော် ဗမာပြည်အတွက်တော့ အကျိုးများနိုင်တယ်။ ဘာလည်းဆိုလို့ရှိရင် Mrs. Clinton လာခြင်းအားဖြင့် ဗမာပြည်မှာ ဖြစ်နေတဲ့ကိစ္စတွေ ဥပမာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ဒီနေ့အထိ ရှိနေတုန်းပဲ။ အလားတူပဲ တိုင်းရင်းသားများနဲ့ ပတ်သက်လို့ ပဋိပက္ခတွေကလည်း ဒီနေ့အထိ ရှိနေတုန်းပဲ။ ပြည်တွင်းစစ်ဆိုတာလည်း ရှိနေတုန်းပဲ။ ပြည်တွင်းစစ် မီးတောက်ကလည်း တိုးပွါးနေတဲ့ အနေအထားမှာရှိနေတယ်။ အဲဒီလို အနေအထားတွေအားလုံးကို Mrs. Clinton လို ပုဂ္ဂိုလ်မျိုးကလာပြီး ကြည့်ရှုမယ်၊ လေ့လာမယ်၊ သုံးသပ်မယ် ဆိုလို့ရှိရင် ဒါက ဒီအစိုးရ ဦးသိန်းစိန်အစိုးရက ပြောင်းလဲနိုင်တာ၊ မပြောင်းလဲနိုင်တာ တပိုင်း။ Mrs. Clinton တို့လာပြီး လေ့လာခြင်းအားဖြင့်ကို ပြောင်းလဲရမယ့် အနေအထားမျိုးတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကျနော်က ယူဆတယ်။ ဒါဟာ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးများစေမယ့် ကိစ္စဖြစ်တယ်လို့ အဲဒီလိုမျိုးပဲ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ဝင် ဦးဝင်းတင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ခဲ့တာပါ။