ပြန်ကြားရေးဝန်ကြီ ဦးကျော်ဆန်း နဲ့ ဗွီအိုအေ သီးသန့်မေးမြန်းခန်း

ပြန်ကြားရေးဝန်ကြီ ဦးကျော်ဆန်း နဲ့ ဗွီအိုအေ သီးသန့်မေးမြန်းခန်း

အင်အားကြီးနိုင်ငံတွေနဲ့ မီဒီယာ ဖွံ့ဖြိုးပြီးနိုင်ငံတချို့က မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို မဟုတ်မမှန် လုပ်ကြံရေးသားမှုတွေ ရှိနေသမျှ မြန်မာနိုင်ငံရဲ့ သတင်းပြန်ကြားရေးဌာနအနေနဲ့ မီဒီယာကို မီဒီယာနဲ့ တုံ့ပြန်ရမယ်ဆိုတဲ့ မူဝါဒနဲ့ ပြန်လည်ချေပ လုပ်ဆောင်သွားရမယ်ဖြစ်တယ်လို့ သတင်းနဲ့ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောဆိုလိုက်ပါတယ်။ အနောက်နိုင်ငံ မီဒီယာတွေကို လွတ်လပ်တဲ့ မီဒီယာတွေလို့ မမြင်ဘဲ အစိုးရသြဇာခံ ဝါဒဖြန့်မီဒီယာတွေအဖြစ်ပဲ ရှုမြင်နေဆဲဖြစ်တယ်ဆိုတာကို အဲဒီပြောဆိုချက်က သက်သေခံနေပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ လက်ရှိအစိုးရရဲ့ သတင်းထုတ်ပြန်မှုအပိုင်းမှာတော့ အပြောင်းအလဲတွေ လုပ်ဆောင်နေပါပြီလို့ ဝန်ကြီးဦးကျော်ဆန်းက ဗွီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ နိုဝင်ဘာလ (၄) ရက်နေ့က ထိုင်းနိုင်ငံ လေဆိပ်မှာ သီးသန့်တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ပါတယ်။

ဦးကျော်ဆန်း ။ ။ ကျနော်တို့က လောလောဆယ်မှာ နှစ်မျိုးလုပ်သွားဖို့ ရှိပါတယ်။ တမျိုးကတော့ နိုင်ငံတော်နဲ့ အဓိကဆိုင်တဲ့ အကြောင်းအရာတွေကို ပြောဆိုထုတ်ပြန်ပေးဖို့အတွက်ကိုတော့ အခု ဖွဲ့ထားတဲ့ နိုင်ငံတော်ရဲ့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ နိုင်ငံတော်သမ္မတကြီးကလည်း ပြောစရာရှိလျင် သူပြောစရာရှိတာတွေ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ မူဝါဒတွေ၊ ပေါ်လစီတွေ ပြောသွားမှာပါ။ အလားတူပဲ ဒုတိယ သမ္မတကြီး စသည်ဖြင့် ဒါတွေကလည်း ပြောသွားမှာပါပဲ။ တခါ နောက်တပိုင်းက ဘာလဲဆိုရင်တော့ ကနေ့ ကျနော်တို့ဆီမှာ ဝန်ကြီးဌာနအလိုက် သတင်းနဲ့ ပတ်သက်ပြီးတော့ contact person တွေစပြီး ဖွဲ့စည်းနေပြီ။ တာဝန်နေ ပေးနေပြီ။ ပြီးလို့ရှိရင် သူနဲ့အတူ သူမှာ သတင်းနဲ့ ပတ်သက်ပြီးတော့ တည်ဆောက်ထုတ်ပြန်ပေးနိုင်ဖို့ရာအတွက် သူရဲ့ media group လေး team လေးတွေလည်း စတင်ပြီး ဖွဲ့တယ်။ ဒါကြောင့် နောက်ပိုင်းကြရင်တော့ အဲဒီ ဝန်ကြီးဌာနအလိုက် contact person တွေ ဝန်ကြီးဌာနအလိုက် spoke person တွေ ဒါလေးတွေကိုလည်း သူတို့ဘက်ကလည်း သူတို့ဝန်ကြီးဌာနနဲ့ဆိုင်တဲ့ကိစ္စတွေမှာ သူတို့မေးမြန်းလာရင် ပြန်ကြားပေးမယ်။ မမေးမြန်းသည်တိုင် သူ့ဝန်ကြီးဌာနက ထုတ်ပြန်သင့်တဲ့ အကြောင်းအရာသတင်းတွေဆိုရင်လည်း ထုတ်ပြန်သွားမှာဖြစ်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်ပြီးတော့ အခု ဝန်ကြီးတို့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ လှမ်းနေတဲ့အထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတခုကတော့ သတင်းလွတ်လပ်ခွင့် press freedom ပေါ့။ အများပြောနေကြတာ။ အဲဒီတော့ press freedom နဲ့ ပတ်သက်လာလို့ရှိရင် သတင်းလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက အမြဲတမ်းလိုလို ပါနေဆဲပါပဲ။ အဲဒီတော့ ဒီစာရင်းထဲက ပပျောက်သွားအောင် ဝန်ကြီးတို့ ဘယ်လိုများ လုပ်ဖို့ အစီအစဉ်တွေ ရှိပါသလဲရှင့်။

ဦးကျော်ဆန်း ။ ။ သတင်းသမားတွေအတွက် သတင်းလွတ်လပ်ခွင့်၊ သတင်းသမားတွေက ပြန်လည်ထိန်းသိမ်းကြရမယ့် သတင်းဆိုင်ရာ ဝတ္တရားနဲ့ တာဝန်တွေကို ဒါတွေကို အခြေခံဥပဒေနဲ့အညီ ခံစားနိုင်ဖို့ရာအတွက် ကျနော်တို့ မီဒီယာဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ စတင်ပြီး ကျနော်တို့ ဆောင်ရွက်နေပြီ။ အဲဒီတော့ ဒီဥပဒေ မပြဋ္ဌာန်းနိုင်ခင်မှာလည်း လက်ရှိ ရှိနေတဲ့ ဥပဒေများရဲ့ လုပ်ပိုင်ခွင့်အတွင်းကနေပြီးတော့ သတင်းမီဒီယာဆိုင်ရာ ပြုပြင်ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကိုလည်း ပြုပြင်ပြီးတော့ ဆောင်ရွက်ပေးနေပြီ။ ဒီလို ဆောင်ရွက်ပေးတာရဲ့ ရည်ရွယ်ချက်ကတော့ သတင်းမီဒီယာဆိုင်ရာ ဥပဒေအသစ် ပြဋ္ဌာန်းပေးတဲ့အခါမှာ အဲဒီ သတင်းမီဒီယာ ဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်တွေနဲ့ သတင်းလောကသားတွေက လက်တွေ့ဆောင်ရွက်နေတာနဲ့ သဟဇာတဖြစ်သွားအောင်ဆိုဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးနေတယ်။ အဲဒီလို ဆောင်ရွက်ပေးတဲ့အထဲမှာ အရင်ကဆိုရင် စာပေစီစစ်မူ (၂၁) ချက် သတ်မှတ်ထားတယ်။ သို့သော်လည်း ကနေ့အခါမှာ (၁၂) ချက်ကို ပြောင်းလဲပြီးတော့ သတ်မှတ်ခွင့်ပြုဆောင်ရွက်ပေးထားတယ်။ အဲဒီတော့ အဲဒီ (၁၂) ချက်ကလည်း အာဆီယံနိုင်ငံတွေ အပါအဝင် ကမ္ဘာ့နိုင်ငံအများစုက ဆောင်ရွက်နေတဲ့ သတင်းမီဒီယာဆိုင်ရာ သဘောတွေနဲ့အတူတူပါ။ အဲဒီတော့ ကနေ့အခါမှာ မြန်မာနိုင်ငံမှာရှိနေတဲ့ သတင်းမီဒီယာသမားတွေအားလုံးအနေနဲ့ အဲဒီ အခွင့်အရေးကိုယူပြီးတော့ ယနေ့ ရေးသားပြောဆိုဆောင်ရွက်နေကြပြီ။ ဒါအပြင်လည်း လွတ်လပ်မှုနဲ့ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှု။ နောက်တခါ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား၊ အဲဒီ နှစ်ခုကို ယှဉ်တွဲကျင့်သုံးပြီးတော့ လူပုဂ္ဂိုလ် တဦးတယောက်ပေါ်မှာဖြစ်ဖြစ်၊ အန်ဂျီအို အဖွဲ့အစည်းတခုခုပေါ်မှာဖြစ်ဖြစ် အစိုးရဌာနတခုအပေါ်မှာဖြစ်ဖြစ် ဝေဘန်ထောက်ပြ အကြံပြုမှုတွေကို အပြုသဘောနဲ့ ရေးသားခွင့်တွေကိုလည်း ပေးထားတယ်။ ဒါအပြင်လည်း ကျနော်တို့နိုင်ငံမှာ ရှိနေတဲ့ စာအုပ်စာစောင်အားလုံးကို အုပ်စုနှစ်စုခွဲပြီးတော့ အုပ်စုတစ်ကို ထုတ်တင်စနစ်ပေးထားတယ်။ ထုတ်တင်စနစ်ဆိုတာကတော့ စောစောကရှေ့က ကျနော်ပြောခဲ့တဲ့ မူဝါဒ (၁၂) ခု ဘောင်အတွင်းကနေ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှု နဲ့ ဆင်ခြင်တုံတရားကို ကျင့်သုံးပြီးမှ သူဟာသူ ရေးသားပြီးမှ ထုတ်ဝေခွင့်ပေးထားတဲ့ စနစ်ဖြစ်ပါတယ်။ အဲဒီ အုပ်စုတစ်ထဲမှာ ဘယ်စာပေတွေ ပါသလဲဆိုရင် ခလေးစာပေ၊ အားကစား၊ သုတရသစာပေ၊ နည်းပညာ၊ ကျန်းမာရေး တို့ပါတယ်။ ဒီ (၅) ခုက ဒီအတိုင်းပေးထားတယ်။ ကျန်တဲ့အုပ်စုနှစ်ထဲမှာတော့ ကျန်တဲ့ စာပေတွေ ပါဝင်နေပြီးတော့ သူတို့ကတော့ ကနေအခါမှာ တင်ထုတ်စနစ်ကို ကျင့်သုံးနေရတုန်း ဖြစ်ပါတယ်။ အဲဒီတော့ တင်ထုတ်စနစ်ဆိုတာကတော့ စောစောက မူဝါဒ (၁၂) ရပ်ရယ်၊ လွတ်လပ်မှုနဲ့ တာဝန်ယူမှုရယ်၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို ပေါင်းစပ်ပြီးတော့ ရေးသားပြီးတဲ့အခါမှာ စာပေစီစစ်ကိုတင်။ စာပေစီစစ်က edit လုပ်ပြီးမှ ပြန်ခွင့်ပြုပေးတဲ့ စနစ်ဖြစ်ပါတယ်။ သို့သော်လည်း ထုတ်တင်စနစ် ကျင့်သုံးမှု၊ သဟဇာတ ဖြစ်လာတာနဲ့အမျှ လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရားကို ပေါင်းစပ်ကျင့်သုံးမှုတွေ ကျင့်သားရလာတာနဲ့အမျှ အုပ်စု နှစ်မှာပါတဲ့ စာပေစာအုပ်တွေကိုလည်း အုပ်စုတစ်ကို တဖြည်းဖြည်းပြောင်းလဲသွတ်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးကြရင်တော့ ဒေါ်ခင်စိုးဝင်း ပြောတဲ့ သတင်းလွတ်လပ်ခွင့်၊ စာအုပ်စာစောင် ထုတ်ဝေခွင့်တွေဆိုတာက အားလုံးက ထုတ်တင်စနစ် ဖြစ်သွားမှာပါ။ နောင်ကြရင်တော့ စာပေစီစစ်ဆိုတာက စာပေရေးသားမူတွေကို စောင့်ကြည့်ရုံလောက်ပဲ လုပ်တဲ့အလုပ်မျိုးကိုပဲ လုပ်ဖို့လုပ်ကောင်း ရှိကောင်းရှိပါလိမ့်မယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခု ကျမ မေးချင်တာက ဝန်ကြီးတို့ အရင်တုန်းက ပြောခဲ့ဘူးတဲ့ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ်ဆိုတဲ့ စနစ်လေး၊ နည်းဗျူဟာလေး။ အဲဒီ နည်းဗျူဟာကို ဆက်လက်ကျင့်သုံးဖို့ ရှိပါသလားရှင့်။

ဦးကျော်ဆန်း ။ ။ အဲဒါ မဖြေခင် ကျနော် မေးခွန်းလေး ပြန်မေးမယ်။ အခြား နိုင်ငံတွေမှာရော အဲဒီ နည်းဗျူဟာ ကနေ့ မရှိဘူးလား။ ကျနော်တော့ ရှိနေတယ်၊ သုံးနေကြတယ်လို့ ဒီလိုပဲ နားလည်းထားတယ်။ ဒါကတော့ တပိုင်းပေါ့။ အဲဒီတော့ စောစောက ဒေါ်ခင်စိုးဝင်း မေးခွန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က သဘောထား ပြောရရင်တော့ information technology - information communication technology က အရမ်း ပြောင်းလဲတိုးတက်လာတာနဲ့အမျှ မီဒီယာပြန့်နှံမှုတွေကလည်း အင်မတန်မြန်တယ်။ ပြန့်နံှတယ် ဧရိယာကလည်း အင်မတန် ကြီးမားတယ်။ မီဒီယာအတွက် border ဆိုတာ မရှိဘူး။ အဲဒီတော့ မီဒီယာရဲ့ ကနေ့ အခန်းကဏ္ဍက သြဇာအင်မတန် ကြီးမားလာတယ်။ အဲဒီတော့ ဒီဟာကို အခွင့်ကောင်းယူပြီးတော့ တချို့သော နိုင်ငံကြီးတွေ၊ တချို့သော မီဒီယာအင်အား တောင့်တင်းတဲ့ နိုင်ငံကြီးတွေက သူမလိုလားတဲ့ နိုင်ငံတွေအပေါ်မှာ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စည်းလုံးညီညွှတ်ရေး၊ တည်ငြိမ်မှု၊ ဒါတွေအားလုံးကို အဖက်ဖက်က ယိုင်းလဲပြိုလဲသွားအောင် မီဒီယာကို အမျိုးမျိုးသုံး ဆောင်ရွက်ပြီး နေကြတယ်။ ဒါကနေ့ ကမ္ဘာမှာ အဲဒီသဘောအတိုင်း ဖြစ်နေတာကို နေရာတကာမှာ တွေ့နိုင်ပါတယ်။ အဲဒီတော့ အင်အားနည်းတဲ့ ကျနော်တို့လို့ နိုင်ငံငယ်လေးတွေ အခါကျတော့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ အကျိုးအတွက် ကိုယ့်နိုင်ငံတည်ငြိမ်မှု၊ ကိုယ့်တိုင်းရင်းသားတွေ စည်းလုံးညီညွှတ်မှု။ ကိုယ့်နိုင်ငံရဲ့ လုံခြုံမှုစတဲ့ ဒီအကျိုးတရားတွေအတွက် တဖက်က နည်းမျိုးစုံနဲ့ ထိုးနှက်စွပ်စွဲဆောင်ရွက်လာတဲ့ မီဒီယာတွေကို မလွှဲမသွေ အမှန်တရားတွေနဲ့ အရှိတရားတွေနဲ့ ပြန်လည်တုံ့ပြန်ရတာတွေ ဖြစ်လာတယ်။ တဖက်က စွပ်စွဲတိုက်ခိုက်လာတဲ့ မီဒီယာ တိုက်ခိုက်မှုတွေ တစိတ်ကို တအိတ်လုပ်၊ အမှားကို အမှန်လုပ်၊ အမှန်ကို အမှားလုပ်။ ပြည်သူတွေရဲ့ ကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် အတွေးအခေါ် အယူအဆတွေ လွဲမှားသွားအောင် ဆောင်ရွက်လာတာတွေကို ကျနော်တို့မှာလည်း ကျနော်တို့ရှိတဲ့ မီဒီယာကိုသုံးပြီးတော့ အခြေအနေမှန်၊ ဖြစ်ရပ်မှန်တွေ ဒါတွေကို ပြည်သူတွေသိအောင်၊ ပြည်သူတွေ ဝေဖန်ချင့်ချိန်နိုင်အောင် ပြန်လည်ဆောင်ရွက်ရတယ်။ တကယ်လိုသာ မီဒီယာအားလုံးက ဖြောင့်ဖြောင့်မတ်မတ်၊ မှန်မှန်ကန်ကန်၊ မျှမျှတတ အပြုသဘောနဲ့ အားလုံးက ရေးသားလုပ်ကိုင်သွားကြပြီဆိုရင်တော့ ဒေါ်ခင်စိုးဝင်း ပြောတဲ့ မီဒီယာကို မီဒီယာနဲ့ ချေမှုန်းရမယ့်ဆိုတဲ့ နည်းဗျူဟာက လိုကောင်းမှ လိုတော့မယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခုက ဝန်ကြီးတို့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ လှမ်းလာတာနဲ့အမျှ ပြည်ပသတင်းမီဒီယာအဖွဲ့တွေကိုလည်း မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျမ သိရသလောက် သတင်းမီဒီယာ (၈) ဖွဲ့လောက် ဝင်ခွင့်မရဘူးလို့ ပြောနေပါတယ်။ AP, ITN, NBC အပါအဝင် ဂျပန်အဖွဲ့တွေလည်း ပါတယ်လို့ ပြောပါတယ်။ ဘယ်လိုမူနဲ့များ ဝင်ခွင့်ပြုပါသလဲ။

ဦးကျော်ဆန်း ။ ။ မြန်မာနိုင်ငံအတွင်းကို လာရောက်ပြီးတော့ သတင်းရယူလိုတဲ့ သတင်းဌာန၊ သတင်းမီဒီယာသမားတွေက မြန်မာနိုင်ငံသံရုံးတခုခုမှာ ဗီဇာလျှောက်ရပါမယ်။ အဲဒီလို ဗီဇာလျှောက်လာလို့ ရှိရင်တော့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဌာနကနေပြီးတော့ ကျနော်တို့ ပြန်ကြားရေးဝန်ကြိးဌာနကို အဲဒီ ပြည်ဝင်ခွင့်လျှောက်လာတဲ့ သတင်းသမားနဲ့ ပတ်သက်တဲ့ အချက်အလက် အကြောင်းအရာတွေ သူကိုယ်စားပြုတဲ့ သတင်းဌာနနဲ့ ပတ်သက်တဲ့ အချက်အလက်အကြောင်းအရာတွေကို ကျနော်တို့ကို မေးပါတယ်။ အဲဒီ သတင်းဌာနဟာ ကျနော်တို့ မှတ်တမ်းအရ သတင်းတွေကို ရေးသားထုတ်ပြန်တဲ့အခါမှာ မှန်မှန်ကန်ကန်၊ မျှမျှတတ ဆောင်ရွက်ခဲ့တာမျိုး ဟုတ်မဟုတ်၊ လျှောက်ထားတဲ့ ပုဂ္ဂိုလ်ရဲ့ အရင်က ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်မှု အထောက်အထား။ နောက် နိုင်ငံမှာ လက်ရှိဖြစ်နေ၊ ရှိနေတဲ့ အခြေအနေ ဒါလေးတွေကို ကျနော်တို့က နိုင်ငံခြားရေးဌာနကို ပြန်ပေးပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဲဒီအချက်တွေပေါ် မူတည်ပြီးကမှ ဒါကို ပြည်ဝင်ခွင့်ဗီဇာကို စိစစ်ပြီးမှ ခွင့်ပြုပေးလျက် ရှိပါတယ်။အဲဒီတော့ ဒါနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဆောင်ရွက်တဲ့အခါမှာ တဖက်နဲ့တဖက် ယုံကြည်မှု၊ နားလည်းမှုတွေ တည်ဆောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံက သတင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်း နဲ့ ဗီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်း သီးသန့်မေးမြန်းခဲ့တာတွေကို မြန်မာ့ဒီမိုကရေစီ ရေးရာမှ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပါတယ်။