ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီ ဆွေးနွေးခန်းမှာ လာမယ့် နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲကနေ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်းတွေ အဆင့်ဆင့် မြင့် မားလာစေဖို့ မဲဆန္ဒရှင် လူထုအနေနဲ့က မျှော်လင့်ချက်တွေ ထားမှာကတော့ အမှန်ဖြစ် ပါတယ်။ ရွေးကောက်ပွဲတွေက ဒီမိုကရေစီရဲ့ အဆင့်တဆင့် ဖြစ်တယ်လို့ ပြောကြသလို ရွေးကောက်ပွဲတွေကနေတဆင့် ဒီမိုကရေစီအစိုးရတရပ် ချက်ချင်းပေါ်ပေါက်ဖို့ဆိုတာ အမြဲမျှော်လင့်ထားလို့ မရနိုင်ဘူးလို့လည်း ဆိုကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ လူထုအတွက် ဘာတွေ ဆောင်ကြဉ်းပေးနိုင်မယ်ဆိုတာကို ဆွေးနွေးဖို့အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေတဲ့ ဗဟုဖွံ့ဖြိုးရေးအဖွဲ့ ဒါရိုက်တာ ဦးဇော်ဦးကို ဗွီအိုအေမြန်မာသတင်းဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ် မေးမြန်းဆွေးနွေး သုံးသပ်တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အစောက ကိုယ်စားလှယ်တွေပြောခဲ့တဲ့အတိုင်း နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေ ပြည့်မီလာအောင် သူတို့အနေနဲ့ လုပ်ပေးနိုင်မယ့် အရည်အသွေးတွေ၊ လုပ်ပေးနိုင်မယ့် အခွင့်အလမ်းတွေ ရလာမယ့် အလားအလာ ရှိမယ်လို့ ထင်ပါသလား။
ဦးဇော်ဦး ။ ။ ရွေးကောက်ပွဲပြီးရင် ဖြစ်လာနိုင်တဲ့ တိုးတက်မှုတခုကတော့ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်မှုပုံစံဟာ ပြောင်းလဲသွားမယ့် အနေအထားမှာ ရှိပါတယ်။ အရင်တုန်းကတော့ တပ်မတော်အစိုးရက အုပ်ချုပ်တာ ဖြစ်တာအတွက်ကြောင့် တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်က နံပတ်တစ်ကနေ ထိပ်ဆုံးကနေ အစစအရာရာ အုပ်ချုပ်တဲ့အနေအထားကနေ အခု အခြေခံဥပဒေသစ် ဖြစ်လာတဲ့ နောက်ပိုင်းမှာ သမ္မတ ရှိလာမယ်။ တခြား ဝန်ကြီးအဖွဲ့တွေ ရှိလာမယ်။ ပြည်နယ်အစိုးရနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေလည်း ရှိလာမယ်။ ပြီးတော့လည်း သူတို့မှာလည်း တရားဝင် ဘဏ္ဍာရေးကော်မရှင်လိုဟာမျိုးမှာ ပါဝင်ပြီးတော့ အစစအရာရာကို ပူးပေါင်းပြီး စီမံခန့်ခွဲရမယ် ဆိုတဲ့ အုပ်ချုပ်မှုပုံစံအသစ်တွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် လူတဦးတည်း အမိန့်ပေးအုပ်ချုပ်နေတာကနေ အားလုံး ဝိုင်းပြီးလုပ်ရမယ့် အုပ်ချုပ်မှုပုံစံတခု ပြောင်းလာရခြင်းဟာ စီးပွားရေး အသွင်သစ်တွေ စီးပွားရေးပေါ်လစီသစ်တွေ ဖြစ်လာဖို့အတွက် လမ်းစတခု ပွင့်လာမယ် လို့ ယူဆလို့ ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီနေရာမှာ နိုင်ငံတခုရဲ့ မဏ္ဍိုင်ကြီးတွေဖြစ်တဲ့ အုပ်ချုပ်သူအစိုးရနဲ့ ဥပဒေပြုအဖွဲ့တွေကြားထဲမှာ တဘက်နဲ့ တဘက် ဘက်မျှအောင် လုပ်ထားတဲ့နေရာမှာ အခု နောက်လာမယ့် အစိုးရအဖွဲ့နဲ့ ဥပဒေပြုလွှတ်တော်ထဲမှာရှိနေတဲ့ လူတွေရဲ့ အစိုးရ အဖွဲ့ကို ကျားကန်ပေးနေတဲ့ ထောက်ခံသူတွေကြားထဲမှာ ရှိနေတဲ့လူတွေရဲ့ အနေအထားဟာ ဘက်ညီမျှတမှု မရှိတဲ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာလည်း ဒီလို အပြောင်းအလဲတွေကို လုပ်ဆောင်နိုင်ဖို့အတွက်ကို ကျကျနန ပြဌာန်းပေးထားတာ၊ အခွင့်အရေးတွေ ပေးထားတာ ရှိပါသလား။ ပြောရမယ်ဆိုရင် လွှတ်တော်ထဲမှာ လွတ်လွတ်လပ်လပ် ငြင်းခုံပိုင်ခွင့်နဲ့ အစိုးရကို ဘက်ညီအောင် ထိန်းချုပ် ပေးနိုင်မယ့် အနေအထားတွေ ရှိပါသလား။
ဦးဇော်ဦး ။ ။ ဟုတ်ကဲ့။ ဒီ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းတွေကတော့ ကျနော်တို့ မတွေ့ရသေးဘူးပေါ့။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာကိုက တိတိကျကျ ပါထားပြီးဖြစ်တဲ့ လုပ်ထုံးလုပ်နည်းတချို့ကို လွှတ်တော်အမတ် ဖြစ်လာမယ့်သူတွေက ဝိုင်းပြီးတော့ အကောင်အထည်ဖော်ဖို့လိုတယ်။ နောက် လွှတ်တော်နဲ့ အုပ်ချုပ်မှု အစိုးရပိုင်းမှာလည်း အားနည်းမှုတွေ ရှိနေတယ်ဆိုရင် ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါထားတဲ့အချက်ဆိုရင် လွှတ်တော်နဲ့ လွှတ်တော်အမတ်တွေမက တနိုင်ငံလုံး၊ နိုင်ငံသူနိုင်ငံသား အားလုံးက တရားဝင် လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် အနေအထားတွေ ရှိလာတယ်။ ဒီကိစ္စမှာ ကျနော်တို့ အားလုံးက တက်ညီလက်ညီနဲ့ တွန်းမယ်ဆိုရင် အခုန စစချင်း ပေါ်လာမယ့် အခွင့်အလမ်းတွေကတဆင့် တကယ် လက်တွေ့အကောင်အထည်ဖော်လို့ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်လာတဲ့ အထိ ရောက်အောင် လုပ်သွားဖို့ လိုတယ်။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာကို အားလုံးမျှော်လင့်ထားရမှာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အခုန ကိုဇော်ဦး ပြောတဲ့အထဲမှာ တက်ညီလက်ညီ တွန်းရမယ်ပေါ့။ တက်ညီလက်ညီ တွန်းရလောက်အောင် လူဦးရေအနေအထားအရ ရောက်သွားမယ့် ပုံစံ ရှိရဲ့လား။ အခုလောလောဆယ် ဝင်ပြိုင်မယ့် အနေအထားမှာဆိုရင် စစ်တပ်နဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီဝင်တွေပဲ လွှမ်းမိုးသွားမယ်ဆိုတဲ့ သဘောဖြစ်နေတော့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးမူဝါဒတွေ၊ ကျန်းမာရေး၊ ပညာရေး မူဝါဒတွေနဲ့ ပတ်သက်လို့ အခုလက်ရှိ အခြေအနေကနေ ဒီထက်ပိုပြီး မူဝါဒအားဖြင့် ထပ်ပြီး ဖွံ့ဖြိုးလာမယ့် ပြောင်းလဲလာမယ့် အလားအလာတွေ ရှိနိုင်ပါသလား။
ဦးဇော်ဦး ။ ။ သေချာတာကတော့ ရွေးကောက်ပွဲတခုတည်းနဲ့တော့ ပြီးမှာမဟုတ်တာ သေချာတယ်။ နိုင်ငံရေးပါတီ တခုတည်းနဲ့ ပြီးမှာ မဟုတ်သလို လွှတ်တော်တခုတည်းနဲ့ ဒါကိုလုပ်လို့ မရပါဘူး။ ကျနော်တို့ ဗမာနိုင်ငံရဲ့ စီးပွားရေးလိုအပ်ချက်ကိုက အင်မတန်မှ ကြီးမားတဲ့ အတွက်ကြောင့် ဒါကို အားလုံးက ဝိုင်းလုပ်ရမယ့် အနေအထားဖြစ်လာတယ်။ နောက်တချက်ကလည်း အုပ်ချုပ်မှုပုံစံအသစ်တွေ ဖြစ်လာ ရင် အကျိုးစီးပွားအသစ်တွေကလည်း ပေါ်လာစရာရှိတယ်။ အဲဒီ အနေအထားမှာ အုပ်ချုပ်ရေးပုံစံသစ်တွေနဲ့ လုပ်ပိုင်ခွင့်အသစ်တွေ ဖြစ်လာတဲ့နောက်ပိုင်းမှာ ဒါကို တကယ် အကောင်အထည်ဖော်လို့ရတဲ့ အနေအထားတွေ ဖြစ်လာအောင် ပေါ်လစီကို လုပ်တဲ့နေရာမှာ ထိပ်ဆုံးကနေ ပေါ်လစီ ချနေတဲ့ အနေအထားကနေ ပေါ်လစီကို လွှတ်တော်ထဲမှာတဆင့်၊ နောက်ပြီးတော့ အစိုးရသစ်ထဲကတဆင့် နောက်ပြီးတော့ ဘဏ္ဍာရေးကော်မရှင်က တဆင့်၊ နောက်ပြီးတော့ ပြည်နယ်တိုင်းတွေ အောက်ခြေမှာရှိနေကြတဲ့ တိုင်းလွှတ်တော်ကြီး များမှတဆင့် အဲဒီ အစိုးရတွေကတဆင့် နေရာတိုင်းမှာ ပေါ်လစီအသစ်တွေကို လုပ်နိုင်ဖို့ဆိုတာ civil society ရဲ့ အားကောင်းမှုက လည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီတော့ ဒါဟာ ရွေးကောက်ပွဲထက်စာရင် ရွေးကောက်ပွဲ ပြီးတဲ့နောက် ဖြစ်လာမယ့် အခြေအနေကို ကြိုတင်ပြင်ဆင်ဖို့ လိုမယ်လို့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီတော့ အနာဂတ်လွှတ်တော်ထဲမှာ သူတို့ အပြန်အလှန် ဆွေးနွေးလာမယ့် အကြောင်းအရာတွေ- အထူးသဖြင့် ဘတ်ဂျက်ပိုင်ဆိုင်ရာကိစ္စ။ အဲဒီအခါကျရင် ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်နဲ့ စစ်ရေးအသုံးစရိတ်ကိစ္စတွေ ပေါ်လာပါလိမ့်မယ်။ အခု ကျနော်တွေ့ရသလောက်တော့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ဒီကိစ္စတွေ အထူးသဖြင့် နိုင်ငံတော်ရဲ့ကျန်းမာရေး အသုံး စရိတ်ကို မြှင့်တင်မယ်၊ ပညာရေးအသုံးစရိတ်ကို မြှင့်တင်မယ် ပြောပေးမဲ့လည်း စစ်ရေးအသုံးစရိတ်နဲ့ပတ်သက်လို့ စစ်ရေးအသုံးစရိတ် တွေကို လိုအပ်ရင် ဖြတ်ချမယ်။ နောက်ပြီးတော့ လိုအပ်သလောက်ပဲ သုံးမယ်ဆိုတဲ့ ပြောဆိုချက်တွေ မတွေ့ရတာကို တွေ့ရတယ်လေ။ အဲဒါတွေနဲ့ ပတ်သက်လ့ို နောက်ပိုင်းမှာ ကိုယ်စားလှယ်တွေအနေနဲ့ ပြောရေးဆိုခွင့်တွေ ရှိလာပါမလား။
ဦးဇော်ဦး ။ ။ ဒီလိုကိစ္စမျိုးမှာ တချို့အနေအထားမှာ ပညာရှင်တွေရဲ့ပံ့ပိုးကူညီမှုကလည်း အရေးကြီးပါလိမ့်မယ်။ ဆိုလိုတာက တချို့ကိစ္စ တွေမှာ ဥပမာ စစ်ရေးအသုံးစရိတ်ကို ချက်ချင်းလျှော့ချရမယ်ဆိုတဲ့ ကိစ္စမျိုးဟာ ချက်ချင်းလက်ငင်းပြောလို့ မရနိုင်သေးတဲ့ တခြားနည်း လမ်းနဲ့ ဒါကို ဘယ်လိုလျှော့ချလို့ရမလဲဆိုတဲ့ဟာကို စီးပွားရေးရှုထောင့်က ကြည့်ပြီးတော့ စဉ်းစားပေးလို့ရပါတယ်။ အဲဒီတော့ လွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ်တွေရဲ့ တင်ပြပုံတင်ပြနည်း အားကောင်းလာအောင်အတွက် ကျန်တဲ့ ဘေးက ဝိုင်းဝန်း အားပေးမှုတွေကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ဘတ်ဂျက်နဲ့ပတ်သက်ရင် ကျနော့်စိတ်အထင် အရေးကြီးဆုံးကိစ္စက အရင် အစိုးရတွေ တောက်လျှောက်သုံးလာတဲ့ နိုင်ငံခြားဝင်ငွေကို ခြောက်ကျပ်နဲ့ အစိုးရငွေလွှဲနှုန်းနဲ့ လဲနေတဲ့ ပုံစံကနေ ဒီဈေးကွက်ထဲမှာ ပေါက်နေတဲ့ ဈေးနှုန်းအတိုင်း ဖြစ်လာအောင် ပြောင်းလဲပြင်ဆင်သတ်မှတ်တဲ့ အချက်ဟာ လွယ်လွယ်ကူကူနဲ့ အရင်ဆုံးလုပ်လို့ရတဲ့ ခြေလှမ်းသစ်ပါ။ ဒါကို လုပ်နိုင်မယ်ဆိုရင် ကျန်းမာရေး၊ ပညာရေးစရိတ်တွေကလည်း သူ့အလိုအလျောက်ကို သူ့ရဲ့ အချိုးအစားအတိုင်း တက်လာစရာ ရှိပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုဟာက စောစောက ဦးဇော်ဦး ပြောသလို ငွေလွှဲနှုန်းတွေကို ပြင်ဆင်သတ်မှတ်လိုက်တဲ့ အခါကျတော့ ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်တွေ အချိုးအစားအလိုက် တက်လာနိုင်မယ်ဆိုပေမဲ့ လွှတ်တော်ထဲမှာ စစ်တပ်က ကြီးစိုးနေတယ်။ စစ်တပ်ကနေပြီး ထောက်ခံပေးထားတဲ့၊ စစ်တပ်ကို ထောက်ခံနေတဲ့ ပါတီဝင်တွေ ကြီးစိုးနေတဲ့ အခါကျတော့ စစ်တပ်အသုံးစရိတ်ကို မထိနဲ့ဆိုတဲ့ ထိလို့မရနိုင်တဲ့ အနေအထား ရောက်မသွားနိုင်ဘူးလား။
ဦးဇော်ဦး ။ ။ တကယ်တမ်းတော့ စစ်တပ်က ကုန်ကုန်ပြောရရင် ၅၀ ရာခိုင်နှုန်း သုံးစွဲတောင် ကျန်တဲ့ ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း တို့ကို ပညာရေး၊ ကျန်းမာရေးကိစ္စတွေမှာ သုံးနိုင်မယ်ဆိုရင် အင်မတန်မှကောင်းတဲ့ တိုးတက်မှုပါ။ ဒါပေမဲ့ ပြဿနာဖြစ်နေတာက စစ်တပ်က ဒေါ်လာနဲ့ သုံးပြီးတော့ လူထုက ကျပ်နဲ့ သုံးနေရတဲ့ပြဿနာ။ အဲဒီတော့ ဒေါ်လာနဲ့ ရတဲ့ဝင်ငွေကို မျှမျှတတနဲ့ အားလုံး တပြေးညီနှုန်းနဲ့ ပြောင်းလဲပြီး ဒါကို စစ်တပ်က ပိုသုံးသုံး အကယ်၍ ကျန်တဲ့ ဝင်ငွေမှန်သမျှကို လူထုကို ခွဲဝေပြီး သုံးစွဲခွင့်ပြုမယ်ဆိုရင် လူထုအတွင်းမှာ ချက်ချင်း တိုးတက်နိုင်စရာတွေ ရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီကိစ္စအပြင် အခုလောလောဆယ် ဖြစ်နေတာက နိုင်ငံတကာကလည်း အထူးသဖြင့် သတိပေးထားတာက ရွေးကောက်ပွဲတွေဆိုတာက လွတ်လပ်မျှတရမယ်၊ အားလုံးပါဝင်တဲ့ ဘက်ပေါင်းစုံပါဝင်မယ့် ရွေးကောက်ပွဲတွေ ဖြစ်ရမယ်လို့ ဆိုထား တယ်။ ဒါပေမဲ့လည်း အခုလောလောဆယ်ဆိုလို့ရှိရင် အဓိက အတိုက်အခံပါတီကြီးနဲ့ အင်အားတော်တော်များများက ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ်ဆိုတော့ တကယ်လို့များ နိုင်ငံတကာ အသိအမှတ်ပြုမှုတွေ ဒီလို အခုလိုအခြေအနေကြောင့် မရလာခဲ့ဘူးဆိုရင် နောက်ပိုင်းမှာ နိုင်ငံတကာ ဖွံ့ဖြိုးမှု အခြေအနေတွေ ပွင့်လင်းလာမယ့် အနေအထား ရှိပါမလား။
ဦးဇော်ဦး ။ ။ လောလောဆယ် အနေအထားအရတော့ အခုနပြောတဲ့ နိုင်ငံရေးအခြေအနေတွေ မကဘူး။ စီးပွားရေး လုပ်ပုံလုပ်နည်းတွေ မှာလည်း တကယ့်အခြေခံကျကျ ဘာမှ အကူအညီမလိုဘဲ ငွေလွှဲနှုန်းကိုတောင် ပြောင်းနိုင်တဲ့ အနေအထားမှာတောင်မှ လောလော ဆယ် မလုပ်နိုင်သေးတဲ့အတွက်ကြောင့်မို့ နိုင်ငံတကာကလည်း ဒီကိစ္စကို စောင့်ကြည့်နေမယ့် သဘောရှိနေပါသေးတယ်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က လူတွေကလည်း ပြောထားပြီ။ ဗမာနိုင်ငံမှာ နိုင်ငံခြားငွေ အရံငွေတွေ ဒေါ်လာသန်း ၇,၀၀၀ လောက် ရှိနေတယ်။ ဒီကိစ္စက တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့မတူဘူး။ ဗမာနိုင်ငံမှာ သူ့ငွေနဲ့သူ၊ သူ့ရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို သူ့ အင်အားနဲ့ လုပ်နိုင်တဲ့အခြေအနေရှိတယ်။ ဒါကို လုပ်ဖို့ပဲလိုတယ်လို့ ပြောနေတာတွေ ရှိပါတယ်။ အဲဒီတော့ အခုန ကိုသန်းလွင်ထွန်း ပြောသလို နိုင်ငံရေးအခြေအနေတွေ ပြည့်စုံဖို့ဆိုတာလည်း တဘက်က အရေးကြီးတယ်။ ဒါပေမဲ့လည်း နောက် နိုင်ငံတကာ အကူအညီ ရဖို့ဆိုရင် အခုလောလောဆယ်မှာ ကိုယ်တိုင်အစွမ်းအစနဲ့ လုပ်နိုင်တဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေကိုလည်း စနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါတွေမှ မစနိုင်ဘူးဆိုရင် နိုင်ငံရေး အခြေအနေ အင်မတန် ကောင်းနေဦးတော့ နိုင်ငံတကာ အကူအညီ ပေးဖို့ဆိုတာက ခက်နေဦးမယ့် အနေအထားမှာ ရှိနေပါတယ်။