ဒီတပတ် မြန်မာ့ဒီမိုကရေစီရေး အစီအစဉ်မှာ မြန်မာနိုင်ငံ လွှတ်တော်နှစ်ရပ်က အတည်ပြုလိုက်တဲ့ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းဆိုင်ရာကို ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ FTUB (Federation of Trade Unions Burma) ခေါ် ပြည်ပရောက် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်းက လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုပေးလိုက်တဲ့ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ဥပဒေမူကြမ်းကို ကြိုဆိုလိုက်ပါတယ်။ အဲဒီကတဆင့် အလုပ်သမားသမဂ္ဂတွေ၊ အလုပ်ရှင်တွေနဲ့ အစိုးရလက်တွဲပြီး အလုပ်သမားထုတရပ်လုံးကို အကာအကွယ်ပေးနိုင်မယ့် အခြေခံအလုပ်သမားထုတရပ်လုံးကို အကာအကွယ်ပေးနိုင်မယ့် အခြေခံအလုပ်သမားဥပဒေတရပ် ပေါ်ထွက်လာရေးကို ကြိုးပမ်းရလိမ့်မယ် ဖြစ်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။ FTUB ရဲ့ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် ကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးမောင်မောင် ။ ။ ဒီလို ဖွဲ့စည်းခွင့်ပြုတယ်ဆိုတဲ့ကိစ္စကို ကျနော်တို့ ကြိုဆိုပါတယ်။ FOU – Freedom of Association – ILO ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့ချုပ်မှာ သဘောတူထားတဲ့အချက်ကို ပြန်လည်ပြီးလုပ်ဆောင်လာတဲ့ အချက်က အင်မတန်ကောင်းတယ်။ နိုင်ငံအတွက်ကို ကောင်းတယ်ဆိုတာကို ကြိုဆိုတဲ့အကြောင်းလည်း ပြောချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့ရှိရင် အဓိကအားဖြင့် မှတ်ကျောက် စမ်းသပ်ခံတဲ့ကိစ္စတွေမှာ အထူးသဖြင့်က စီးတန်းလှည့်လည် ဆန္ဒပြခွင့် ပေးလာမလား။ ဒါမှမဟုတ်လို့ရှိရင် အလုပ်သမားတွေမှာ လွတ်လွတ်လပ်လပ် အစည်းအရုံးအသင်းအပင်တွေ ဖွဲ့ပြီးတော့ ကိုယ့်ရဲ့အခွင့်အရေးကို တိုက်ပွဲဝင်ခွင့် ရလာမလားဆိုတဲ့ အဓိက စမ်းသပ်မှုတွေ ရှိပါတယ်။ အခုဆိုလို့ရှိရင် အလုပ်သမားများသမဂ္ဂတွေ ဖွဲ့ခွင့်ပေးလိုက်ပြီဆိုတဲ့အချက်ဟာ ဒီ စမ်းသပ်ချက်မှတ်ကျောက်ကို အောင်သွားပြီလို့ ပြောလို့ရမလား။
ဦးမောင်မောင် ။ ။ အတိုင်းအတာတခုထိတော့ အောင်ပြီလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမိုကရေစီစနစ်တခုလုံးမှာ လိုအပ်တဲ့အချက်တွေထဲမှာ လွတ်လပ်တဲ့ အလုပ်သမား ဖွဲ့စည်းရေးကိစ္စအတွက်ကတော့ ဆက်လက်ပြီး တိုက်ပွဲဝင်ရအုန်းမယ်ဆိုတဲ့ ကိစ္စတွေ ရှိနေပါသေးတယ်။ ဒီအပြင်ကို အဓမ္မလုပ်အားပေးကိစ္စ၊ ခလေးစစ်သားကိစ္စ၊ အကျဉ်းကျအလုပ်သမားကိစ္စတွေကို ကျနော်တို့က ဖြေရှင်းနိုင်မှသာ ဒီ အခြေခံအလုပ်သမား အခွင့်အရေးကို ချိုးဖောက်မှု မရှိတော့ဘူးဆိုတာကို ပြည့်ပြည့်ဝဝ ပြောလို့ရမယ့်အနေအထား ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့အများကြီး ကြိုးစားရမယ်လို့ တင်ပြချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အတည်ပြုလိုက်တဲ့ မူကြမ်းက သမ္မတက လက်မှတ်ထိုးပေးလိုက်ပြီဆိုရင် ဥပဒေအနေနဲ့ ထွက်လာမယ်။ အဲဒါဆိုရင် မြန်မာနိုင်ငံရဲ့ မြို့နယ်အသီးသီး၊ အလုပ်ရုံအသီးသီးမှာ သမဂ္ဂတွေအသီးသီးတွေ ပေါ်လာမယ်။ အဲဒီတော့ ဒီ သမဂ္ဂတွေအနေနဲ့ ဖွဲ့ခွင့်ရရုံပဲလား။ ဒီ သမဂ္ဂတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးအတွက်ကို သူတို့ဘယ်လောက်များ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရလားမလဲ။ သူတို့ရဲ့ အခွင့်အရေးတွေကို ဘယ်လောက်အထိ ဥပဒေအရ အကာအကွယ်ပေးထားမလဲ။ ဒီအဖွဲ့တွေဟာ လွန်ခဲ့တဲ့ ဆိုရှယ်လစ်ခေတ်က ရှိခဲ့တဲ့ အလုပ်သမားအစည်းအရုံးတွေနဲ့ ဘာများကွာခြားချက် ရှိမလဲ။
ဦးမောင်မောင် ။ ။ ကွာခြားဖို့ကတော့ ကိုယ်က လုပ်ယူရမှာပါ။ ဥပဒေကတော့ ရှိသွားမယ်။ ဥပဒေကို အတည်ပြုပေးလိုက်တယ်ဆိုတာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ အဲဒီ ဥပဒေထဲမှာ ကျနော်တို့ ဘယ်လောက်အထိ ရပ်တည်လို့ရမလဲ၊ ကိုယ့်ရဲ့ လွတ်လပ်မှုက ဘယ်လောက်အထိ ရှိမလဲ။ နောက်တခါ ဒါကို အတည်ပြုထားတဲ့ အစိုးရအနေနဲ့ ဘယ်လောက်အထိ အာမခံချက်ပေးမလဲဆိုတာကို ကိုယ်ကတော့ လက်တွေ့စမ်းသပ်ကြည့်ရမယ်ဆိုတဲ့ အနေအထားရှိတယ်။ ဒါကြောင့်မို့လို့ အရင်တုန်းကခေတ်လို မနေချင်ဘူးဆိုတာကို ကိုယ့်ကလက်တွေ့ ဖွဲ့စည်းရမယ်။ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေကို လက်တွေ့တောင်းရမယ်။ ဒီအပြင် အရေးကြီးတဲ့အချက်တခုက အခုက အလုပ်သမား အစည်းအရုံးသဘောမျိုး။ အလုပ်သမားသမဂ္ဂမျိုး ဖွဲ့ခွင့်ပေးလိုက်ပေမယ့် အရေးကြီးတဲ့ အခြေခံအလုပ်သမား အက်ဥပဒေဆိုတာက အရေးကြီးပါတယ်။ ဥပမာ တပတ်မှာ ငါးရက်အလုပ်လုပ်မယ်။ တရက်မှာ ရှစ်နာရီလုပ်မယ်။ အချိန်ပို ဘယ်လောက်ရမယ်။ အခြေခံလစာ ဘယ်လောက်အထိ ရှိရမယ်ဆိုတဲ့ ကိစ္စတွေကို သတ်မှတ်မယ့် အလုပ်သမားဥပဒေတွေက အရေးကြီးပါတယ်။ အဲဒါကို ရေးဆွဲတဲ့အခါမှာ အခုန ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေရယ် အလုပ်ရှင်တွေရယ်၊ အစိုးရတို့ ပေါင်းပြီးတော့ သုံးပွင့်ဆိုင်ဆွဲဖို့ လိုတယ်။ အဲဒီကမှသာ တကယ် လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ။ တကယ် အဓိက အခြေခံအလုပ်သမား အခွင့်အရေးတွေကို အခိုင်အမာ ကျနော်တို့ တောင်းဆိုနိုင်မယ့် အနေအထားရှိလာမယ်လို့ တင်ပြချင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးမောင်မောင် ပြောတဲ့ အလုပ်သမားအခွင့်အရေး ဥပဒေ၊ အလုပ်သမားဥပဒေ က နိုင်ငံတော်အခြေခံ ဥပဒေမူကြမ်းမှာပါတဲ့ အလုပ်သမားတွေ အခွင့်အရေးကို ကာကွယ်ပေးရမှာနဲ့ မလုံလောက်ဘူးလား။ တခြား ဒီလို အလုပ်သမားဥပဒေတွေဆိုပြီး မြန်မာပြည်မှာ မရှိသေးဘူးလား။ သက်သက်ဆွဲယူရမလား။
ဦးမောင်မောင် ။ ။ ရှိခဲ့ပါတယ်။ အဲဒါကိုလည်း ပယ်ဖျက်သလား၊ ပယ်မဖျက်ဘူးလားဆိုတဲ့ ကိစ္စတွေ အများကြီးရှိသေးတယ်။ ဒီအပြင် အရင်တုန်းက ရှိခဲ့တဲ့ ၂/၈၈ တို့၊ ၆/၈၈ တို့။ ၁/၂၀၀၆ မတရားအသင်း ကြေညာချက်အားလုံးကို ဖျက်ပြီးပြီလား၊ မဖျက်သေးဘူးလားဆိုတာကို သိဖို့လိုပါတယ်။ ဒါတွေက တကဏ္ဍပါ။ ဒါပေမဲ့ အခုနပြောချင်တာက ရထားအလုပ်သမားနဲ့ သင်္ဘောအလုပ်သမားတို့ မတူကြပါဘူး။ သင်္ဘောဆိုလည်း ပင်လယ်၊ ကမ်းနားမှာလုပ်တဲ့ ကိစ္စနဲ့ ပြည်တွင်းရေကြောင်း အလုပ်သမားကိစ္စနဲ့ သူတို့ရဲ့ အနေအထား လုပ်ငန်းခွင်တွေ မတူပါဘူး။ ထို့အတူ သူတို့နဲ့ စက်ရုံအလုပ်သမားတွေ ပုဂ္ဂလိကပိုင် စက်ရုံနဲ့ အစိုးရပိုင်စက်ရုံ အလုပ်သမားတွေ လုပ်ငန်းခွင်ခြင်း မတူညီကြပါဘူး။ မတူတဲ့ဟာတွေအတွက်ကို သူ့ကဏ္ဍအလိုက် အလုပ်သမားဥပဒေ ရှိဖို့လိုတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းဥပဒေနဲ့ အခုနဖွဲ့ထားပေးတဲ့ အလုပ်သမား ဖွဲ့ပိုင်ခွင့် ဥပဒေနှစ်ခုကို ပေါင်းပြီးလုပ်မှသာလျှင် တကယ် စံနစ်ကျတဲ့ ရာခိုင်နှုန်းပြည့် အလုပ်သမား အခြေခံအခွင့်အရေးကို ကမ္ဘာ့ရင်ဘောင်တန်နိုင်တဲ့ အနေအထားရောက်မယ်လို့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တကယ်လိုများ အလုပ်သမားသမဂ္ဂတွေ ပေါ်လာပြီဆိုရင် သမဂ္ဂတွေကတော့ အလုပ်သမားတွေကို ကိုယ်စားပြုမှာပေါ့။ အဲဒီအခါမှာဆိုရင် အလုပ်ရှင်အလုပ်သမား ပဋိပက္ခတွေ။ လုပ်ငန်းရှင်တွေနဲ့ ပဋိပက္ခတွေ။ အဲဒီအခါကြရင်တော့ အရင်တုန်းကတော့ ဝါဏိဇ္ဖခုံရုံးဆိုတာ ရှိခဲ့တယ်။ ဒီ အလုပ်ရှင်၊ အလုပ်သမားကိစ္စတွေကို အခု သတ်မှတ်ထားတဲ့ မူကြမ်းအရ၊ သမဂ္ဂဖွဲ့စည်းခွင့် မူကြမ်းအရ ဆိုလို့ရှိရင် ဒီလို ပြဿနာတွေ ပေါ်လာခဲ့ရင် ဘယ်လိုခုံရုံးက ဖြေရှင်းပေးသွားမလဲ။
ဦးမောင်မောင် ။ ။ ILO ကတဆင့် တောင်းဆိုထားတဲ့ Independence Judicial လွတ်လပ်တဲ့ တရားဥပဒေ စိုးမိုးရေးရှိဖို့လိုတယ်ဆိုတာကို တောင်းဆိုထားတယ်ဆိုတော့ ဝါဏိဇ္ဖ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ခုံရုံးအနေနဲ့ ထားချင်လည်း ထားမှာပေါ့။ အမည်အားဖြင့်တော့။ သို့သော် independence အစိုးရအောက်ကနေပြီး အလုပ်သမားဝန်ကြီးဌာနအောက်က သွားမယ်။ နောက် မနိုင်ဘူးဆိုရင် ရဲကဝင်လာမယ်။ စစ်တပ်ဝင်လာမယ့် အနေအထားမျိုးဖြစ်လို့ မဖြစ်ဘူး။ Independence Judicial ရှိဖို့လိုတယ်။ နောက်တခါ Tripartite အခုနပြောတဲ့ သုံးပွင့်ဆိုင် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရပါတဲ့ တရားရုံးတွေကနေ ဆုံးဖြတ်ဖို့ အနေအထားရောက်အောင်လို့ အလုပ်လုပ်ယူရပါမယ်။
ဦးသန်းလွင်ထွန်း ။ ။ ဦးမောင်မောင် ပြောတဲ့အထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO နဲ့ ပတ်သက်တာပါတယ်။ ILO မှာဆိုရင် အစဉ်အဆက် မြန်မာအစိုးရအနေနဲ့ ILO အဖွဲ့ဝင်အနေနဲ့ ပါနေတော့ နှစ်စဉ်ညီလာခံတွေ တက်ရပါတယ်။ အလားတူပဲ ILO ကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ ကြားရသလောက်တော့ ILO ဆွေးနွေးပွဲတွေ လုပ်ခဲ့ပြီဆိုရင် မြန်မာနိုင်ငံရဲ့ အလုပ်သမားတွေကို ကိုယ်စားပြုပြီးတော့ ဦးမောင်မောင်တို့ရဲ့ FTUB ပြည်ပမှာရှိနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ကိုယ်စားလှယ်အနေနဲ့ တက်တယ်လို့ ကြားသိရတယ်။ အဲဒီအခြေအနေလေးကို နည်းနည်းရှင်းပြပါလား။ ဗမာပြည်မှာဆိုရင် အရင်တုန်းက အလုပ်သမား သမဂ္ဂရယ်ဆိုတာ မရှိတော့ ဗမာပြည်ကနေ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့မလားဘဲ လုပ်ငန်းရှင်နဲ့ အစိုးရပဲ တက်ရောက်တယ်။ အခုနောက်ပိုင်း သမဂ္ဂတွေ ဖွဲ့လိုက်ပြီဆိုရင် ဥပမာအားဖြင့် လာမယ့် ILO ညီလာခံဆိုလို့ရှိရင် ဗမာပြည်ကလာမယ့် အလုပ်သမားသမဂ္ဂ ကိုယ်စားပြုအဖွဲ့အနေနဲ့ တက်မလား၊ ဦးမောင်မောင်တို့နဲ့ ဒီကိစ္စမျိုး ဘယ်လိုဖြေရှင်းသွားဖို့ ရှိသလဲ။ ဘယ်လိုကြုံတွေ့လာနိုင်ဖွယ် ရှိသလဲ။
ဦးမောင်မောင် ။ ။ လာမယ့်နှစ် ဇွန်လမှာ ပြုလုပ်မယ့် ကမ္ဘာ့အလုပ်သမား သမဂ္ဂညီလာခံမှာ အခုထုတ်တဲ့ ဥပဒေအတိုင်း ဖွဲ့စည်းထားတဲ့ အလုပ်သမား သမဂ္ဂတွေ ပါချင်ပါလာပါလိမ့်မယ်။ ပါလာရင် ကောင်းတာပေါ့။ ဒါပေမဲ့ တခုရှိတဲ့ ဒီအလုပ်သမား သမဂ္ဂတွေကလည်း အစိုးရကဖွဲ့တဲ့ သမဂ္ဂတွေမဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကိုယ် ရွေးကောက်ပွဲ တက်လာတဲ့ ကိုယ့်ဘာသာ ရွေးကောက်မယ်။ ကိုယ်ဘာသာ မဲထည့်မယ်။ ကိုယ်ဘာသာ ရပ်တည်နိုင်တဲ့ အလုပ်သမား သမဂ္ဂတွေ၊ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖြစ်လာမယ်။ ဒါကို အစိုးရက အသိအမှတ်ပြုပြီး ခေါ်လာတယ်ဆိုရင် ကျနော်တို့က ကြိုဆိုတယ်။ လက်ခံတယ်။ ဝမ်းသာတယ်။ ကျနော်တို့ကတော့ FTUB မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂကအဖွဲ့ချုပ်ကတော့ ITUC ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်ဖြစ်တယ်။ ဆိုတော့ အဖွဲ့ဝင်အနေနဲ့ အလုပ်သမားအုပ်စုထဲမှာ ILO မှာရှိတဲ့ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးစုထဲက အလုပ်သမားအုပ်စုမှာ ကျနော်တို့က အမြဲတမ်း ပါနေတယ်။ ကျနော်တို့နဲ့ မြန်မာပြည်ကလာတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီးတော့ ဘယ်လိုရှေ့သွားမလဲဆိုတာကို နောက်တော့ ဆွေးနွေးတာပေါ့။ သို့သော်လည်း ကျနော်တို့ကတော့ အလုပ်သမားအစုအဖွဲ့ worker group ထဲမှာတော့ ကျနော်တို့က အဖွဲ့ဝင်အဖြစ် ပါနေမယ်ဆိုတာကို ပြောလို့ရပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဦးမောင်မောင်အနေနဲ့ ပြည်တွင်းမှာ ပေါ်ထွက်လာမယ့် အဖွဲ့အစည်းတွေနဲ့ ထိပ်တိုက်တွေ့လာနိုင်စရာ။ ပဋိပက္ခဖြစ်လာစရာတော့ မရှိဘူးပေါ့။
ဦးမောင်မောင် ။ ။ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ရဲ့ ကျင့်စဉ်မှာ pluralism ဆိုတာ ရှိပါတယ်။ ဒါက FTUB တခုတည်းမှ မဟုတ်ပါဘူး။ TUFB လည်းဖြစ်နိုင်တယ်။ BTFU လည်း ဖြစ်နိုင်တယ်။ အမျိုးစုံဖြစ်နိုင်တယ်။ တခြား အလုပ်သမားသမဂ္ဂတွေလည်း ရှိနိုင်တယ်။ အလုပ်သမားအစုအဖွဲ့တွေလည်း ရှိနိုင်တယ်။ ဒါတွေက တကယ်လုပ်တယ်ဆိုရင် လက်တွဲကြိုဆိုရမယ့် အနေအထားရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ အစောကြီးထဲက လုပ်နေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တဆင့်တက်ပြီး မေးရမယ်ဆိုရင် ပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတွေ ပေါ်လာပြီဆိုလို့ရှိရင် ပြည်ပမှာရှိတဲ့ FTUB ဆိုတာကော ရှိသင့်သေးသလား။
ဦးမောင်မောင် ။ ။ ရှိသင့်ပါတယ်။ ကျနော်တို့က full team အချိန်ပြည့် ရာခိုင်နှုန်း တစ်ရာ မသွားနိုင်သေးခင်တော့ ဒါကို ကျနော်တို့ monitor လုပ်ဖို့လိုတယ်။ နောက်ပြန်ဆုတ်မသွားအောင်လို့ပါ။ နောက်ပြန်ဆုတ်မသွားအောင် ဒါကို လုပ်နေရမယ်ဆိုတော့ ကျနော်တို့ရဲ့ တာဝန်ရှိနေပါသေးတယ်။ သို့သော် အထဲထဲမှာ တကယ်လုပ်လာနိုင်မယ်။ တကယ် ဖြစ်လာနိုင်ဖို့ကိုလည်း ကျနော်တို့က ကူညီပေးရမယ်။ ကူညီပေးဖို့လည်း အဆင်သင့်ရှိတယ်။ အခုလည်း အခုနတင်ပြသလို ကျနော်တို့ ဖွဲ့ထားတာတွေရှိတယ်။ ထို့အတူ တိုင်းရင်းသားဒေသတွေမှာ ကရင်ပြည်နယ်ထဲမှာ ကော်သူလေးအလုပ်သမားသမဂ္ဂဆိုတာ ပေါ်လာဖို့လိုတယ်။ ချင်းထဲမှာ ချင်းအလုပ်သမားသမဂ္ဂ ဖွဲ့လာဖို့လိုတယ်။ ရခိုင်ဒေသမှာ ရခိုင်အလုပ်သမားသမဂ္ဂ ဖွဲ့လာပြီးတော့ အခုနပြောသလို Pluralism Democratic Society ထဲမှာရှိတဲ့ တိုင်းနဲ့ပြည်နယ်ထဲမှာ ဒါတွေပေါ်လာဖို့ ဆက်ပြီးကြိုးစားရပါလိမ့်မယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုဆိုရင် ဦးမောင်မောင်တို့ရဲ့ ပြည်ပရောက် အလုပ်သမားသမဂ္ဂအတွက် လှုပ်ရှားပေးခဲ့လို့ တချိန်က အဖမ်းခံခဲ့ရတဲ့ FTUB အဖွဲ့ဝင်တချို့လည်း အကျဉ်းထောင်က ပြန်လွတ်လာပါပြီ။ အလားတူပဲ အစောက ပြောခဲ့သလို ပြည်တွင်းမှာလည်း အလုပ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့ခွင့်ရတော့မယ်ဆိုတော့ အခြေအနေတွေ ပွင့်လင်းလာပြီဆိုရင် FTUB ဦးမောင်မောင်တို့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေကို နည်းပညာအရ လုပ်ငန်းကိုင်ငန်းတွေအရ ဝင်ပြီးကူညီပေးဖို့ အလားအလာရှိပါသလား။ အခွင့်အရေးတွေ ရလာမယ်ထင်ပါသလား။
ဦးမောင်မောင် ။ ။ ရှိပါတယ်။ အခွင့်အရေးတွေ ရလာပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အခုအတည်ပြုတဲ့ဆိုတဲ့ ဥပဒေထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂနဲ့အတူ အဖွဲ့ဝင်ဖြစ်ခွင့်၊ ဆက်သွယ်ခွင့်ဆိုတာ ပါထားပါတယ်။ ဒါကို ကျနော်တို့က အသုံးပြုရမှာပါ။ အသုံးပြုရမယ်ဆိုတော့ ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေက - ဥပမာ အထည်ချုပ်လုပ်ငန်းဆိုရင် အပြည်ပြည်ဆိုင်ရာ အထည်ချုပ်လုပ်ငန်းနဲ့ ဆက်သွယ်ဖို့လိုမယ်။ စားသောက်ကုန်လုပ်ငန်းဆိုရင် အပြည်ပြည်ဆိုင်ရာ စားသောက်ကုန်လုပ်ငန်းနဲ့ ဆက်သွယ်ဖို့လိုမယ်။ ဒါကို မိတ်ဆက်ပေးဖို့ အဆင်သင့်ပဲ။ ဒါတွေကို သူတို့နဲ့ ပူးတွဲပြီး အလုပ်လုပ်ဖို့ ကျနော်တို့ မိတ်ဆက်ပေးမယ်။ လမ်းဖွင့်ပေးမယ်။ ဒါမှသာလျှင်လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ရှိရင် အစိုးရဘက်က တတ်နိုင်တာရှိတယ်။ အလုပ်ရှင်ဘက်က တတ်နိုင်တာရှိတယ်။ အလုပ်သမားသမဂ္ဂအချင်းချင်း ပြန်လှန်ပြီး နည်းစနစ်ပိုင်ဆိုင်ရာ ပြန်လည်ကူညီပေးနိုင်တဲ့ သင်တန်းတွေရှိတယ်။ ပံ့ပိုးမှုတွေရှိတယ်။ ဒါတွေကို ကျနော်တို့က မိတ်ဆက်ပေးမှသာလျှင် အလုပ်သမားတွေကလည်း အခွင့်ရေးတိုင်းကိုလည်း မကဘူး ကိုယ်လုပ်နိုင်တာကိုလည်း နိုင်ငံအတွက် ဝိုင်းလုပ်နိုင်တဲ့ အနေအထားရောက်လာမှာပါ။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ ဖြစ်သမျှ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေမှန်သမျှကို လေ့လာကြပြီဆိုရင် timing ဖြစ်နေတဲ့ အချိန်အခါကို ဝေဖန်ကြတာတွေ ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုရင် ဒါဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင် အစည်းအဝေး နီးလာတဲ့အခါမိုလို့။ အာဆီယံအဖွဲ့ ဥက္ကဋ္ဌရာထူးအတွက် ကြိုတင်ပြီးတော့ ပျော့ပျောင်းမှုတွေ ပြလိုက်တဲ့ပုံစံမျိုး။ နိုင်ငံရေအရ တင်ကြိုကစားကွက်တခုလို့ ပြောကြတာတွေ ရှိတယ်။ ဒါမှမဟုတ်လို့ဆိုရင် ကုလသမဂ္ဂမှာ လူ့အခွင့်အရေး ကော်မရှင်အစည်းအဝေးတွေ ရှိနေလို့။ ဒီအတွက် ကြိုတင်ပြီး ကာတဲ့အနေနဲ့ လွှတ်ပေးထာလိုက်တာတွေ ရှိတယ်ဆိုတာတွေ ပြောကြပါတယ်။ အလားတူပဲ အခု အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းရေးနဲ့ ဒီလို ဥပဒေမူကြမ်းပြုပြီးတော့ လျှော့ပေးလိုက်တဲ့ဆိုတဲ့ ကိစ္စမျိုး။ ဒီလိုလျှော့ပေးလိုက်တဲ့ဟာကလည်း ILO မှာ လာမယ့် လအနည်းငယ်အတွင်းမှာ ဗမာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ ကိစ္စတွေကို ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ဘာညာဆိုပြီး တိုက်တွန်းမှုတွေ ရှိနေတော့ အဲဒါတွေကို ကြိုတင်ကာကွယ်ဖို့ အကွက်ဆင်ပြီး လုပ်လိုက်တာလို့ ယူဆတာတွေ မရှိဘူးလား။ အဲဒါတွေကို ဘယ်လိုယူဆပါသလဲ။
ဦးမောင်မောင် ။ ။ ကျနော်တို့ လာမယ့် နိုဝင်ဘာ (၄) ရက်နေ့မှာ စမယ့် ILO ရဲ့ Governing Body - ILO ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ဗမာပြည်အတွင်းမှာ လွတ်လပ်တဲ့ အသင်းအပင် ဖွဲ့စည်းမှုကို အသိအမှတ်မပြုသေးဘူးဆိုရင် ILO အတွင်းမှာ Commission of Inquiry စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး လုပ်ဖို့ကို အလုပ်သမားတွေဘက်က စာတင်ထားတာ ရှိပါတယ်။ ဒါကိုလည်း အလုပ်ရှင်တွေက သဘောထားကျထားပြီးသာ ဖြစ်တယ်။ ဒါက အကယ်၍ ပြုပြင်ပြောင်းလဲမှု။ ဥပမာ စာပေါ်မှာပဲဖြစ်ဖြစ် ဒီလို ဥပဒေမပြုထားဘူးဆိုရင် ဒါက တကယ်သွားတော့မယ့်ကိစ္စ။ အဲဒါ မတိုင်ခင်ကို လွှတ်ပေးတဲ့သဘောမျိုးလို့ မြင်လို့ရပါတယ်။ အလုပ်သမားဖွဲ့စည်းရေး အတည်ပြုပေးတယ်။ နောက်တခါ FTUB ကရှိတဲ့ ရဲဘော်တွေ အထူးသဖြင့် ကိုမျိုးအောင်သန့်၊ ဦးသန်းဝင်း လွှတ်ပေးတဲ့ကိစ္စရှိတယ်။ အဲဒါက ကျနော်မြင်ပါတယ်။ သို့သော်လည်း ဒီလို လုပ်လာတာကို ဒီလိုမြင်တယ်ဆိုပြီး ဝေဖန်နေလို့ မရဘူး။ အခုန တင်ပြသလိုပဲ ဖွဲ့ခွင့်ပေးရင်တော့ ဝင်ဖွဲ့ခွင့်လိုတယ်။ နောက်ထပ်လူ အဖမ်းမခံရအောင် လုပ်ဖို့လိုတယ်။ နောက် ကိုယ့်လိုချင်တဲ့ အလုပ်သမားဥပဒေဖြစ်အောင် ကိုယ်က ဝင်ကြိုးစားဖို့လိုတယ်။ ကျနော်တို့ကို အကြောင်းအရာတခုကြောင့် တံခါးဖွင့်ပေးတယ်ပြောပြော၊ နေရာပေးတယ်ပြောပြော၊ ရှောင်ချင်လို့ လုပ်တယ်ပြောပြော ကျနော်တို့က အလုပ်သမားတွေရဲ့ social security, job safety လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အာမခံချက်။ လုပ်ငန်ခွင်ထဲမှာရှိတဲ့ လုံခြုံရေး ဆိုတဲ့ဟာတွေကို ပေါ်အောင် အခုနတင်ပြသလိုပဲ အလုပ်သမားဥပဒေကြီးကို ရေးဆွဲရင်တော့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးဦးပေါင်းပြီးဆွဲတဲ့ဟာ ဖြစ်ဖို့ကို အခုဖွဲ့မယ့် အလုပ်သမားသမဂ္ဂတွေက ဝိုင်းလုပ်ဖို့ကို လိုတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာ ခေတ္တရောက်ရှိနေတဲ့ FTUB အထွေထွေအတွင်းရေးမှူး ဦးမောင်မောင် ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။