မြန်မာပြည် ပြောင်းလဲမှု ဘယ်ကို ဦးတည်နေ

မြန်မာပြည် ပြောင်းလဲမှု ဘယ်ကို ဦးတည်နေ

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံပြင်ပမှာ ရောက်ရှိနေသူတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ဆိုတဲ့ သမ္မတဦးသိန်းစိန်ရဲ့ ပြောဆိုချက်ဟာ လက်တွေ့ကြတာမို့ ဆန္ဒရှိသူတွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ ပါဝင်လုပ်ဆောင်ကြဖို့သင့်တယ်လို့ ပြည်ပရောက် မြန်မာ့အရေးလေ့လာနေသူတဦးဖြစ်တဲ့ ဦးဘိုဘိုကျော်ငြိမ်းက ပြောဆိုပါတယ်။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ကျနော်ကတော့ လက်တွေ့ကျတဲ့ သဘောလို့ပဲ မြင်ပါတယ်။ ဆိုလိုချင်တာက ကျနော်တို့ တိုင်းပြည်က စီးပွားရေးအရ နောက်ကျကျန်ခဲ့တယ်။ စီးပွားရေးဆိုတာ တယောက်ထဲတယောက်တည်း မဟုတ်ပါဘူး။ တိုင်းပြည်စီးပွားရေးကျတယ်။ တိုးတက်တယ်ဆိုရင် တိုင်းပြည်မှာရှိတဲ့ သန်း (၅၀) လုံး ခံစားရတယ်။ ဒီလို အစိုးရအပြောင်းအလဲ ဖြစ်သွားတဲ့ အခြေအနေမှာ ဒီလို စီးပွားရေးပြောင်းလဲဖို့အတွက် ပညာရှင်တွေကို ခေါ်တယ်ဆိုတာကို အကောင်းဖက်ကပဲမြင်တယ်။ အကောင်းမြင်တယ်ဆိုတာ နိုင်ငံရေးအရ ပြောတာတခုတည်း မဟုတ်ဘူး။ တိုင်းပြည်ကို ပြန်လည်ထူထောင်ဖို့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ တိုင်းပြည် အဓိက ခံစားရ၊ ဆုံးရှုံးတဲ့အရက Human Resources လို့ခေါ်တဲ့ ပညာတတ်တွေ၊ တက်ကျွမ်းတဲ့လူတွေ၊ လူတော်တွေ ဆိုရှယ်လစ်နဲ့ စစ်အုပ်ချုပ်မှုစနစ်ကြောင့် အသီးသီး တိုင်းပြည်ကနေ ထွက်ခဲ့ရတယ်။ ဒီလူတွေက ပထမတော့ ထွက်ခဲ့ပေမယ့် ဘာပြန်ကောင်းသွားတာလဲဆိုတော့ ဒီလူတွေက အတွေ့အကြုံအများကြီး ရသွားခဲ့တယ်။ အတွေ့အကြုံအများကြီး ရသွားတော့ အမြင်ကျယ်သွားတာပေါ့။ အမြင်ကျယ်သွားတော့ ဒီလူတွေဟာ ကမ္ဘာနဲ့ချီပြီးမြင်တယ်။ ခရီးတွေသွားကြတယ်။ တိုးတက်တဲ့နိုင်ငံတွေမှာ နေကြတဲ့အခါကြတော့ ပြန်လာလို့ရှိရင် တိုင်းပြည်ချစ်စိတ်နဲ့သာ စနစ်ကို ခဏဘေးချိတ်ထားပြီး တိုင်းပြည်ကောင်းဖို့အတွက်ကို နောက်ဆုံး တက္ကစီမောင်းတဲ့လူက ပြန်လာပြီး starbucks ကော်ဖီဆိုင်ပဲ ထောင်ထောင်၊ စားသောက်ဆိုင်ပဲထောင်ထောင် အမြင်မတူတဲ့အခါကျတော့ လုပ်ပုံကိုင်ပုံမတူတဲ့အခါကျတော့ သူတို့က လုပ်ပုံကိုင်ပုံ မတူကြတော့ဘူးပေါ့။ ဒီလိုပဲ စီးပွားရေးဆိုတာ တယောက်တည်းလုပ်လို့ မရဘူး။ အစိုးရကလည်း တယောက်တည်း လုပ်လို့မရဘူး။ အစိုးရက လုပ်နိုင်တဲ့လူတွေကို အခွင့်ရေးပေးတာပဲ ရှိတယ်။ အားလုံး ဝိုင်းလုပ်ကြရတယ်။ တိုင်းပြည်တခုကို ထူထောင်မယ်ဆိုရင် ပညာရှင်တွေ မဟုတ်ဘူး၊ စီးပွားရေးကို နားလည်းသူတွေ။ ဥပမာ ဆူရှိလုပ်တဲ့လူတွေ ပြန်လာပြီး ဆူရှိ လုပ်လို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်ဖြတ်မေးချင်တာက ဒီလို ပြင်ပမှာ ရောက်နေတဲ့ ဒီလိုပြင်ပမှာ ရောက်နေတဲ့ အမြင်ကျယ်လာတဲ့လူတွေ အတွေ့အကြုံရှိတဲ့လူတွေ ပြန်လာခွင့်ရပြီဆိုပေမယ့် ဗမာပြည်အတွင်းမှာ ရောက်လာခဲ့ပြီးရင် ဒီလူတွေအနေနဲ့ လုပ်ပိုင်ခွင့် ရကြမလား။ အခွင့်အလမ်းတွေရော ပေါ်လာမလား။ ဒီလူတွေက ဗမာပြည်အတွင်းမှာ ရှိနေပြီသာ သူများထက်ပိုပြီး အခွင့်အရေးတွေပိုရနေတဲ့ လက်ရှိ အခွင့်ထူးခံ လူပုဂိုလ်တွေ၊ လူပိုင်ခွင့် ရှိသူတွေကြားထဲမှာ ဘယ်လိုများ တိုးပေါက်နိုင်မလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ နှစ်ခုရှိပါတယ်။ ကျနော်ကတော့ လက်တွေ့ကျကျပဲ စဉ်းစားစေချင်တယ်။ ပြန်လာကြပါခေါ်တိုင်း ပြန်လာကြတဲ့လူတိုင်း အခွင့်ရေးတူကြမှာ မဟုတ်ဘူး။ ဘာကြောင့် လက်ရှိ ဗမာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကတော့ အင်္ဂလိပ်လိုတော့ Crony capitalism လို့ခေါ်တဲ့ ရောင်ရင်း၊ ရင်းဖြာ အရင်းရှင်စနစ်လို့ ခေါ်တယ်။ ဆိုလိုချင်တာက free market လို့ခေါ်တဲ့ စီးပွားရေးဈေးကွက်စနစ်ကို သုံးပေးမယ့် နိုင်ငံရေးစနစ်က အာဏာရှင်စနစ် ဖြစ်နေခဲ့လို့ရှိရင် အခွင့်ထူးခံ နီးစပ်တဲ့လူတွေပဲ ကြီးပွားတဲ့ စနစ်ဖြစ်သွားတာပေါ့။ ဆိုတော့ ဒီဖြစ်သွားတဲ့လူတွေကို ချက်ချင်းကြီး ဂငယ်ကွေ့ ၁၈၀ ဒီဂရီ ရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လက်တွေ့ကျကျ စဉ်းစားသင့်တယ်။ ကျန်တဲ့လူတွေကလည်း လုပ်နိုင်တော့မယ်ဟေ့ လုပ်ကြမယ်ဆိုတဲ့ အခြေအနေ ရှိချင်မှရှိမယ်။ စိတ်ပျက်ပြီးတော့ ပြန်ထွက်သွားတဲ့လူလည်း ရှိမယ်။ ရှိနေတဲ့စနစ်မှာလည်း ဖြစ်အောင်လုပ်နိုင်မယ့်လူတွေလည်း ရှိကောင်းရှိမယ်။ ထို့အပြင်မှာ ကျနော်အနေနဲ့ကတော့ နိုင်ငံရေးအနေနဲ့ ကြည့်မယ်အုပ်စုအနေနဲ့ အစိုးရနဲ့ ပူးပေါင်းလုပ်စရာ မရှိဘူး။ အစိုးရက development လို့ခေါ်တဲ့ စီးပွားရေးတိုးတက်မှုကို လုပ်တယ်။ အစိုးရ မလုပ်နိုင်တာတွေ ရှိတယ်။ ပညာရေးမှာရှိတယ်။ ကျန်းမာရေးမှာရှိတယ်။ ဒါတွေကို humanitarian ခေါ်တယ့် ပြည်သူလူသားတွေ ကောင်းဖို့အတွက်ဟာ ဒါကလည်း နိုင်ငံရေးပဲ ဖြစ်တယ်။ ဆိုတော့ ဒီလိုနေရာမှာ ကျနော်က ပြန်လာတဲ့လူတွေ အစိုးရအောက်မှာ လုပ်ရမယ်ဆိုတယ်လို့ မဆိုဘူး။ အစိုးရမလုပ်နိုင်တဲ့ အစိုးရကလည်း အားလုံးကို မလုပ်နိုင်ဘူး။ အစိုးရမလုပ်နိုင်တဲ့ဟာတွေ ရှိတယ်။ ဒါတွေကို ကိုယ်ကျိုးစွန့်ပြီးတော့ အရာတွေ အများကြီးရှိတယ်။ အဲဒီအတွက် ကျနော်တို့က လုပ်တာဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်က အများကြီးနောက်ကျနေခဲ့တယ်။ မှီဖို့အတွက်ကို အရှေ့တောင်အာရှမှာတောင် မှီဖို့အတွက်ကို အများကြီး အလုပ်လုပ်ဖို့ ရှိတယ်။ အကယ်၍များ အစိုးရက ဒီလို အခွင့်အရေး ပေးလို့ရှိရင်တော့ ယူချင်နိုင်တဲ့လူ ယူနိုင်တယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောပိုင်းက ဦးဘိုဘိုကျော်ငြိမ်း က လက်တွေ့ကျကျ စဉ်းစားဖို့ဆိုပြီး ပြောသွားပါတယ်။ ဒီနေရာမှာ မြန်မာပြည်မှာ ကျနော်တို့ မြင်နေရတာက ဥပမာအားဖြင့် စီးပွားရေးမှာဆိုရင် အကြံပေးအဖွဲ့တွေ ပေါ်လာတယ်။ အကြံပေးလို့ရတဲ့အကြောင်းတွေ ရှိလာတယ်။ ပြီးတော့ သူတို့တင်ပြလာတဲ့ စာတမ်းတွေကို လူတွေ၊ ပြင်ပက ဖတ်ရှုခွင့်ရလာအောင်၊ ဝေဖန်ခွင့်ရလာအောင် ဖော်ပြလာတာတွေ ရှိလာတယ်။ ဒါကို ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ လက်တွေ့ကျကျ ဆိုလို့ရှိရင် မြန်မာပြည်အတွင်းမှာဖြစ်နေတဲ့ cronism လို့ခေါ်တဲ့ ဆွေမျိုးညာတိ ကောင်းစားရေးဝါဒ၊ အာဂတိလိုက်စားရေး တိုက်ဖျက်ရေးစတာတွေနဲ့ ပတ်သက်လို့ တိတိကျကျ အာဏာရှိပြီး စုံစမ်းဖော်ထုတ်နိုင်တဲ့၊ အရေးယူနိုင်တဲ့ အစိုးရနဲ့ မပတ်သက်တဲ့ သီးခြားကော်မရှင်တွေ ဘာတွေပေါ်လာဖို့ဆိုတာ ဖြစ်လာနိုင်ပါမလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ဒီဟာကိုတော့ ကျနော်လည်း မပြောနိုင်ဘူး။ ဘယ်သူမှလည်း မပြောနိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ အာဏာရှိနေတဲ့ လူတွေက ဘယ်လောက် ခွင့်ပြုချင်သလဲ။ ခွင့်ပြုနိုင်သလဲဆိုတာ ဘယ်အစိုးရမဆို အုပ်စုဆိုတာ ရှိတယ်။ Fictional politics အုပ်စုတိုက်ပွဲတွေ ရှိတယ်ဆိုတော့ ဒီဟာတွေကို ကျနော်တို့ မသိဘူး။ ဒီဟာကို ဖြစ်လာနိုင်တယ်၊ မဖြစ်လာဘူးဆိုတာ ကျနော်တို့လည်း မပြောနိုင်ဘူး။ ဒါက ဖြစ်ပေါ်လာတဲ့ တိုးတက်မှုအပေါ် မူတည်ပြီးတော့ ကြည့်ရမှာပဲ။ သို့သော် ကျနော် ဆိုလိုချင်တာက အရင်တုန်းက စစ်အာဏာရှင်လက်ထက်မှာတုန်းက အကုန်လုံးက တင်းတင်းကြပ်ကြပ် ကိုင်ထားတယ်။ အခုအချိန်က လုပ်ချင်တဲ့လူ၊ လုပ်ချင်စိတ်ပိုတဲ့ လူတစုရှိလာတယ်။ တပိုင်းတဒေသအားဖြင့်ပေ့ါ။ အကုန်လုံးကတော့ လုပ်မှာတော့ မဟုတ်ဘူး။ ဒါကို အတိုက်အခံပြုနေမယ့်။ သူတို့အထဲမှာ အတိုက်အခံပြုနေမယ့် လူတွေလည်း ရှိမှာပဲ။ ဆိုတော့ ဒီဟာကို ဖြစ်တဲ့အခါကြတော့ ဒါဖြင့်မှာ ဒါဖြင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက် expectation မျှော်လင့်ချက်ကို တစ်ရာ ရာခိုင်နှုန်း သွားမျှော်လင့်ရင်တော့ သွားတဲ့လူက စိတ်ဓါတ်ကျလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ဟုတ်ပါတယ်။ ဒီတော့ ဒီနေရာမှာ လုပ်ချင်တဲ့လူတစုကနေ အစောပိုင်းတွေမှာ ကြားလာရတဲ့ကိစ္စတွေက ဗမာနိုင်ငံဟာ တကယ့်ကို အောက်တန်းနောက်တန်းကျပြီးတော့ ဆင်းရဲနေပါပြီ။ ဖွံ့ဖြိုးမှုတွေ အင်မတန် နောက်ကျကျန်ခဲ့ပါပြီလို့ ဝန်ခံမှုတွေ ပေါ်လာတယ်။ ဆင်းရဲမွဲှတေမှုတွေ ပပျောက်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ လုပ်ဆောင်ချက်တွေ ပေါ်လာတယ်။ အဲဒါတွေနဲ့ မရှေးမနှောင်းမှာပဲ တချို့က ပြောလာတာကဆိုရင် ဗမာပြည်မှာ ဆင်းရဲမွှဲတေမှု ပပျောက်ရေးထက် ကြီးပွားချမ်းသာမှု အာဂတိလိုက်စားမှု တိုက်ဖျက်မှု အရင်လုပ်ရမယ်ဆိုတဲ့ စကားတွေကလည်း ပေါ်လာခဲ့တယ် မဟုတ်ဘူးလား။ အဲဒီတော့ အထူးသဖြင့် အိမ်နီးချင်း တရုတ်ပြည်ကိုပဲ ကြည့်ပါ။ တရုတ်ပြည်မှာဆိုရင် အစိုးရနဲ့ ကွန်မြူနစ်ပါတီက သူတို့ရဲ့ နိုင်ငံအတွင်းမှာ စီးပွားရေးအခွင့်အလမ်းတွေကို တိုးတက်လာအောင်ဆိုပြီး တံခါးဖွင့်ပေးတယ်။ အားပေးတယ်။ တချိန်တည်းမှာပဲ အာဂတိတိုက်ဖျက်ရေးကို တော်တော်လေးကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တာကို တွေ့ရတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အလုပ်တွေကို အရင်လုပ်ဖို့ မလိုဘူးလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ကျနော်ကတော့ ဒါကို လက်တွေ့မကျဘူးလို့ မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိန်ရှောင်ဖိန် ကို ကြည့်မယ်ဆိုရင် တချိန်တည်းမှာ အနှစ် (၂၀) (၃၀) ကြာတယ်။ ဒီဟာကို ကိုင်တွယ်ဖို့အတွက်ကို။ ကျနော်တို့မှာ မဆလစိတ်၊ မဆလအကျင့်တွေကလည်း ရှိနေသေးတယ်။ မဆလအကျင့်တွေကလည်း ရှိနေသေးတယ်။ ဒါက အစိုးရကော၊ တပ်ကော ရှိနေတယ်။ အာဂတိလိုက်စားတယ်ဆိုတာလည်း အမေရိကမှာလည်း မကင်းဘူး။ တရုတ်မှာလည်း မကင်းဘူး။ အာဏာရှိလို့ရှိရင် အာဂတိလိုက်စားမှုဆိုတာ ရှိနေမှာပဲ။ ဒါပေမဲ့ အာဏာယူထားတဲ့ လူတွေဟာ တိုင်းပြည် တကယ်ချစ်လို့ရှိရင် အာဂတိကို နည်းနိုင်သမျှ နည်းအောင် လုပ်နိုင်ဖို့ လုပ်ချင်တဲ့စိတ် ရှိဖို့လိုတယ်။ ဒါက အဓိကပဲ။ ဆိုတော့ တရုတ်ပြည်မှာလည်း အခုအချိန်အထိ အာဂတိလိုက်စားမှုကို ပျောက်သွားအောင် မကိုင်တွယ်နိုင်ဘူး။ အမေရိကမှာလည်း မကိုင်တွယ်နိုင်ပါဘူး။ အမေရိကမှာလည်း ဒီနေ့အထိ အာဂတိလိုက်စားမှုတွေ အများကြီး ရှိနေသေးပါတယ်။ ခင်များတို့လည်း သိပါတယ်။ ဆိုတော့ ဒီဟာကို ပယ်ပျောက်သွားဖို့ အဓိက အရေးကြီးဆုံးက အာဏာရှိတဲ့လူတွေသည် အာဏာရမယ်လူတွေသည်၊ ယူနိုင်သည့် လူတွေသည် တိုင်းပြည်ချစ်တဲ့စိတ် ရှိလို့ရှိရင် တိုင်းပြည်အတွက် အကျိုးဆောင်တဲ့စိတ်က များလို့ရှိရင် အာဂတိလိုက်စားမှုနည်းမယ်။ ဒီလို အာဂတိလိုက်စားမှု နည်းတဲ့အခါကြတော့ ဥပမာ တိန်ရှောင်ဖိန် တို့ဆိုရင် တကယ် တိုင်းပြည်ကို ကောင်းစားစေချင်တယ်။ အာဂတိလိုက်စားမှုကို တိုက်ဖျက်စေချင်ပေမယ့် အကုန် မတိုက်ဖျက်နိုင်ခဲ့ဘူး။ ဟူးယင်တောင် ရဲ့ ဟိုဒင်ပြီးတဲ့အခါမှာပဲ ရှန်ဟန်ရဲ့ ပေါ်လစ်ဗျူဟာ chief ကို သူတို့ လာဘ်စားမှုနဲ့ ဖြုတ်ခဲ့ရတယ်။ ဒါ သုံးလေးငါးနှစ် ကာလတုန်းကပေါ့။ အခုအချိန်အထိ ရှိနေသေးတယ်။ ဘေဂျင်းမြို့မှာ ငွေရှင်တွေက ပေါင်းပြီးတော့ လူတွေ၊ အိမ်တွေကို မတရားသိမ်းတာ အခုထိ ရှိနေသေးတယ်။ အင်မတန် ယုတ်ဆိုးပါတယ်။ သို့သော် တချိန်တည်းမှာလည်း အာဂတိလိုက်စားမှုကိုလည်း တိုက်ဖျက်တဲ့လူက တိုက်ဖျက်။ တိုင်းပြည်စီးပွားရေးကို လုပ်ဆောင်မယ်လူကလုပ်။ ဒါဖြစ်မှ ဒါလုပ်မယ်ဆိုရင်တော့ ဘယ်နိုင်ငံမှ တိုးတက်မှာ မဟုတ်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဗမာပြည်မှာ ဖြစ်နေတဲ့ကိစ္စကတော့ တရုတ်ပြည်မှာဖြစ်နေတဲ့ အာဂတိလိုက်စားမှု။ ဒါမှမဟုတ် အစောက ဦးဘိုဘိုကျော်ငြိမ်း ပြောသလို အမေရိကန်ဖြစ်နေတဲ့ အာဂတိလိုက်စားမှုတွေနဲ့ နှိုင်းယှဉ်လို့ မရလောက်အောင် တပြည်လုံး ခေါင်းဆောင်မှုတပိုင်းလုံး အာဂတိလိုက်စားမှုတွေ ရှိနေတယ်ဆိုတာကိုတော့ ငြင်းလို့မရနိုင်ဘူးလေ။ အဲဒီတော့ ဒီအခြေအနေကနေ လျော့ကျသွားအောင် လုပ်လာမယ်ဆိုတဲ့ အရိပ်လက္ခဏာတွေက ပေါ်နေပြီလား။ ရှိနေပြီလား။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ရှင်းရှင်းပြောရရင်တော့ အခုနကျနော်ပြောတဲ့ မဆလ ကနေ အာဏာကို စစ်တပ်က ဘာနဲ့ ထိန်းတာလဲဆိုရင် အာဏာကို ငွေနဲ့ ဝယ်ယူတာပဲ။ ဒီဟာကြီးကို ပြန်ပြောင်းဖို့ဆိုတာ တော်တော်ကြီးကို ခက်ပါတယ်။ တော်တော်လည်း အချိန်ယူရပါမယ်။ နည်းတဲ့ ကျော်လွှာမှုလည်း ကျော်လွှာရမှာတော့ မဟုတ်ဘူးပေါ့။ ဆိုတော့ ဒီဟာကို မြင်တယ်လို့တော့ ပြောလို့မရဘူး။ ကျနော်ပြောနိုင်တာကတော့ ဒါကို ပြင်ချင်တဲ့စိတ် ရှိသူတွေ ရှိပါတယ်လို့ပဲ ပြောလို့ရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်အတာကလည်း အများကြီး တိုသေးတယ်။ သို့သော် စစ်အာဏာရှင်တောက်လျှောက်မှာ ဦးနေဝင်းကစပြီး စစ်အာဏာရှင်ကို အာဏာထူးထောင်တဲ့နေရာမှာ စစ်ဗိုလ်တွေက ဒီစနစ်ကို ကျင့်သုံးလိုက်တော့ အာဂတိလိုက်စားမှုဆိုတာ currency လိုပဲ ငွေကြေးလိုပဲ လာဖြစ်တယ်။ ဒီဟာကို ပြင်ဖို့ဆိုတာ အချိန်လည်း အများကြီးယူရမယ်။ တကယ်လုပ်ချင်တဲ့ လူတွေလည်း များလာရမယ်။ တရုတ်ပြည်မှာလည်း တိုးတက်ချင်တာ များလာတဲ့အခါကြတော့၊ မြင်လာတဲ့အခါကြတော့၊ တိုးတက်မှုတွေ များလာတဲ့အခါကြတော့ လူကောင်းတွေများများ ပိုပေါ်လာကြတယ်။ ကျနော် ဆိုလိုချင်တာကတော့ ပြောင်းပြီဆိုတာနဲ့ တစ်ရာ ရာခိုင်နှုန်း မဖြစ်ဘူး။ ကျနော်ထင်တယ် သုံးရာခိုင်နှုန်း လေးရာခိုင်နှုန်း ငါးရာခိုင်နှုန်း ပြောင်းရင်တော့ ဒါကို ပြောင်းပြီလို့ ပြောလို့ရတယ်။ ဒီကနေမှတဆင့် ဖြည်းဖြည်းချင်း သွားရမယ်။ အရေးကြီးဆုံးကစနစ်ပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ယေဘုယျ သုံးသပ်ချက်အနေနဲ့ဆိုရင်တော့ ဦးဘိုဘိုကျော်ငြိမ်းရဲ့ အမြင်က ဗမာပြည်မှာရှိနေတဲ့ လက်ရှိအခြေအနေဟာ အကောင်းဖက်ကို သွားနေတယ်လို့ မြင်တယ်ပေါ့။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ အကောင်းဖက်ကို သွားစရာလမ်းရှိတယ်လို့ မြင်တယ်။ သွားနေပြီလို့ ကျနော် မပြောဘူး။ မပြောနိုင်သေးဘူး။ ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘာမှမဖြစ်လာသေးဘူး။ ဖြစ်ချင်တဲ့စိတ် ရှိတဲ့အခြေအနေမှာပဲ ရှိနေသေးတယ်။ ရှင်းရှင်းပြောရရင် ပဋိသန္ဓေ တောင် မတည်ရသေးဘူး။ တည်ဖို့အခြေအနေမှာပဲ ရှိနေပါသေးတယ်။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ ရှိနေသူ မြန်မာ့အရေး လေ့လာသုံးသပ်နေသူ ဦးဘိုဘိုကျော်ငြိမ်းကို ဆက်သွယ်မေးမြန်းခဲ့တာပါ။