ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာ ခင်ဇော်ဝင်း ခင်ဗျား.. အခုတော့ စစ်အစိုးရက နိုဝင်ဘာ (၇) ရက်နေ့မှာ ရွေးကောက်ပွဲကျုင်းပမယ်လို့ ကြေညာလိုက်ပြီးတော့ ဒီအပေါ်မှာလည်း အမြင်သဘောထားတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ ဒီ ကြေညာလိုက်တာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတချို့ကလည်း နှစ်ပတ်အတွင်းမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ နံမည်စာရင်း တင်သွင်းဖို့ဆိုတဲ့နေရာမှာ အချိန်အကန့်အသတ် သိပ်နည်းတယ်ဆိုပြီးတော့ ပြောဆိုနေတာ ရှိနေပါတယ်။ ဒီအပေါ် ဒေါက်တာခင်ဇော်ဝင်း သဘောထား ဘယ်လိုရှိပါသလဲ။
ဒေါက်တာခင်ဇော်ဝင်း ။ ။ ရက်ကတော့ တနိုင်ငံလုံးက စောင့်မျှော်နေတာ ကြာခဲ့ပါပြီ။ တလောက မကြေညာခင်ကဘဲ အောက်တိုဘာမှာ ဖြစ်မလား၊ ဒီဇင်ဘာမှာ ဖြစ်မလားလို့ လူတွေက အမျိုးမျိုး ပြောဆိုနေခဲ့ကြတယ်။ ကျနော်က မြန်မာပြည်ကနေ (၈) ရက်နေ့က ထွက်လာခဲ့တယ်။ အပြင်ရောက်မှ နိုဝင်ဘာလ (၇) ရက်နေ့ လုပ်မှာကို သိလိုက်ရတယ်။ နောက်တခုက ရွေးကောက်ပွဲ ကိုယ်စားလှယ်တွေ စာရင်းကို ကြေညာရမယ့်ရက်ကိုလည်း တဆက်တည်း ကြေညာလိုက်တယ်။ အဲဒါကိုလည်း အခုနပြောသလို ကျနော့်စိတ်အထင် နည်းနည်းလေး ကာလမြန်လည်းမြန်လွန်းတယ်၊ နည်းလည်း နည်းလွန်းတယ်လို့ ထင်တယ်။
ဦးသိန်းထိုက်ဦး ။ ။ သြဂုတ်လ (၃၀) ရက်နေ့ မတိုင်ခင်
ဒေါက်တာခင်ဇော်ဝင်း ။ ။ (၁၆) ရက်ကနေ့ (၃၀) ရက်အတွင်း - နဂိုကမှ ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီတွေ သိပ်ပြီးတော့ အဆင်သင့် မဖြစ်ကြသေးတာ မဟုတ်ဘူး။ မပြည့်စုံတာတွေလည်း အများကြီးပေါ့။ ဒီကြားထဲမှာ ကောက်ကာငင်ကာနဲ့ ကမန်ကတမ်း နှစ်ပတ်အတွင်း ကြေညာရမယ်ဆိုတော့ သူတို့လည်း အခက်အခဲတွေ တွေ့နေကြရတယ်။ ကျနော်တို့ကတော့ ကာလကို တလလောက်တော့ ပေးစေချင် တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မှတ်ပုံတင်တာတောင် ဘယ်လောက်မှ မကြာသေးဘူး။ အခုက လူစုရတာနဲ့ နောက်ပြီးတော့ ကိုယ်စားလှယ်လောင်း စုရတာနဲ့ဆိုတော့ ပေးတဲ့ကာလက နည်းလွန်းတယ်လို့ ထင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေးမှာ သူတို့ဘက်က အင်အားနည်းသွားတာမျိုး အခက်အခဲ အကျပ်အတည်းတွေ မတွေ့နိုင်ဘူးလား။
ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒါကိုတော့ အစကတည်းက ရင်ဆိုင်ရမယ်ဆိုတာကိုတော့ သိပြီးသာပါ။ တချို့နေရာမှာဆို မှတ်ပုံတင်မယ် ဆိုရင် ပါတီဝင် ဘယ်နှစ်ယောက်ရှိရမယ်ဆိုတာ သတ်မှတ်ထားတာ ရှိတယ်။ တချို့ပါတီတွေကိုဆိုရင် ဒါတွေ မပြည့်ဘူးလို့တောင် ပြောနေကြတယ်။ ဒါပေမဲ့ ပါတီက လူတွေရဲ့ တကယ်အမြင်က ဘာလဲဆိုတော့ ပါတီဝင်ထက် ကိုယ်စားလှယ်လောင်းတွေက ပို အရေးကြီးနေတယ်လို့ ပြောတယ်။ ရွေးကောက်ပွဲ ဘယ်အချိန်ကာလကလည်း နီးတဲ့အတွက် လူထုစည်းရုံးတာကို ခဏထားဦးပေါ့။ အရည်အချင်းပြည်စုံတဲ့ ကိုယ်စားလှယ်လောင်းတွေကို သူတို့အနေနဲ့ လုံလုံလောက်လောက် စုရလိမ့်မယ်။ အခု ဒီလိုကိစ္စမျိုးမှာတော့ နည်းနည်းလေး ခက်ခဲသွားနိုင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ နောက် ဒီနိုင်ငံရေးပါတီတွေ ထောက်ပြတာက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းဝင်တွေကြတော့ အစိုးရကလည်း သူတို့ကို ကျောထောက်နောက်ခံပေးတယ်၊ အစိုးရက ပေးထားတဲ့ အခွင့်အရေးတွေနဲ့ ငွေထုတ်ချေးတာတို့၊ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်တွေ ပေးထားတယ်။ နိုင်ငံရေးပါတီ တခြားပါတီတွေကြတော့ ဒီ အခွင့်အလမ်းတွေ မရတဲ့အတွက် သူတို့နယ်မှာ ရုံးခွဲတွေဖွင့်ဖို့မျိုးတောင် အကန့်အသတ်နဲ့ နောက်ကနေ နှောက်ယှက်တာမျိုးတွေ ခံရတာမျိုးတွေရှိတော့ ဒီလို ခွဲခြားဆက်ဆံတဲ့ အနေအထားတွေအပေါ်မှာ ဒီ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်နိုင်ပါ့မလား။
ဒေါက်တာခင်ဇော်ဝင်း ။ ။ အဲဒီ မေးခွန်းကတော့ တကယ်တော့ ကျယ်ပြန့်ပါတယ်။ ဒီကိစ္စကို အရင်ကလည်း ကျနော် ပြောခဲ့ပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာရော လက်ခံလောက်တဲ့ အနေအထားရှိတဲ့ ရွေးကောက်ပွဲဆိုရင်တော့ မျှမျှတတ ဖြစ်ဖို့လိုတယ်။ အခုဟာက အဲဒါ သိပ်ပြီး မတွေ့ရသေးဘူး။ အထူးသဖြင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကြတော့ အရာရာမှာ အဘက်ဘက်မှာ အသာစီးရနေတယ်။ ဒီကိစ္စကို ကျနော် ပြောပါတယ်။ ထပ်လည်း ပြောဖို့လိုပါတယ်။ ခက်တာကလည်း ဒီ process ကြီးက လုပ်ငန်းစဉ်ကြီးက သွားမယ်ဆိုတော့ သိပ်လည်း အချိန်က မရှိတော့ဘူး။ ဒီ အခက်အခဲတွေကြားက ကိုယ့်က ဆက်ပြီးတော့ ကြိုးပမ်းရမှာပေါ့။ ဆိုတော့ ဘယ်လို ရွေးကောက်ပွဲ ပဲဆိုဆို ဒါဟာ သမိုင်းတွင်ပါတယ်။ နိုင်ငံတကာကလည်း ဒါကို ကြည့်နေကြတယ်။ အခုနပြောသလို တရားမျှတမှု၊ လွတ်လပ်မှုတို့က အားနည်းနေမယ်ဆိုရင် ဒါက ပြောစရာ အများကြီး ဖြစ်လာလိမ့်မယ်။
ဦးသိန်းထိုက်ဦး ။ ။ လက်ရှိအခြေအနေတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ဆိုတဲ့ အနေအထားက အားနည်းနေတယ်လို့ ဒေါက်တာခင်ဇော်ဝင်း ပြောချင်ပါသလား။
ဒေါက်တာခင်ဇော်ဝင်း ။ ။ ဟုတ်ပါတယ်ခင်များ ကျနော် ပြောချင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒီ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ်၊ လွှတ်သင့်တယ်၊ လွှတ်မယ်မလွှတ်ဘူးဆိုတာနဲ့လည်း မျှော်လင့်ချက်တွေအမျိုးမျိုးတော့ ကြားနေရပါတယ်။ ဒေါက်တာခင်ဇော်ဝင်းအနေနဲ့ ဘယ်လို မျှော်လင့်ပါသလဲ။
ဒေါက်တာခင်ဇော်ဝင်း ။ ။ ဟုတ်တယ် ကျနော်ကတော့ မျှော်လင့်နေတာ ကြာပါပြီ။ တချို့ကလည်း မှန်းကြတာပေါ့။ ဒီလို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ကြေညာရမယ့် ကာလကို သတ်မှတ်လိုက်တယ်။ အဲဒါ ကုန်ဆုံးပြီးဆိုရင် လွှတ်ရင်လွှတ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီ လွတ်လာတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဝင်ပြီးယှဉ်ပြိုင်လို့ မရတော့တဲ့ သဘောမျိုးပေါ့။ အဲဒါလည်း ဘာပဲပြောပြော ဖြစ်စေချင်ပါတယ်။ နိုင်ငံတကာကလည်း ဒါကို မျှော်လင့်ကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာပြီဆိုရင် ဘာပဲပြောပြော ရာနှုန်းပြည့် မဟုတ်တောင်အောင် ပိုပြီးလက်ခံလာနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်တယ်။ အနည်းဆုံး ဒီလူတွေ လွတ်လာတာပေါ့။
ဦးသိန်းထိုက်ဦး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒေါက်တာခင်ဇော်ဝင်းတို့က ရွေးကောက်ပွဲကနေ မြန်မာနိုင်ငံမှာ တစုံတရာ အပြောင်းအလဲ ပေါ်လာနိုင်တဲ့ လမ်းစတခုကို ရနိုင်မယ်ဆိုပြီး ရွေးကောက်ပွဲကျင်းပတာကို တလျှောက်လုံး ထောက်ခံဆွေးနွေးခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။ အခုအနေအထားမှာ မြန်မာနိုင်ငံမှာ တကယ်တမ်း အပြောင်းအလဲပေါ်လာဖို့အတွက် အာမခံချက်၊ ရွေးကောက်ပွဲ ပြီးရင် ပေါ်လာနိုင်တဲ့ အာမခံချက်မျိုး ဘာတွေ တွေ့ရပါသလဲ။
ဒေါက်တာခင်ဇော်ဝင်း ။ ။ ကျနော်တို့ ဒီကိစ္စကို ပြောလာတာ ကြာပါပြီ။ အခုနပြောတာ မှန်ပါတယ်။ အာမခံချက်စကားကိုတော့ ကျနော် သိပ်ပြီးတော့ မသုံးနိုင်သေးဘူး။ ရွေးကောက်ပွဲ ကျင်းပမယ်။ ဒီဟာ ကျင်းပလို့ ပြောင်းလဲမှုဖြစ်ဖို့ အာမခံနိုင်တယ်ဆိုတာကတော့ သိပ်ပြီးတော့ မဖြစ်နိုင်သေးဘူးထင်တယ်။ ရွေးကောက်ပွဲ ကျင်းပမယ်။ အဲဒီမှာ ပါလာမယ့် ပုဂ္ဂိုလ်တွေအနေနဲ့လည်း ကြိုးပမ်းဖို့လိုတယ်။ နောက်ပြီးတော့ တပ်မတော်အစိုးရအနေနဲ့လည်း ဒီမိုကရေစီကို မျှော်မှန်း ရှေ့ရှုပြီးတော့ ဆက်သွားတော့မယ်။ ဒါဆိုလို့ရှိရင် တခြား ပါတီတွေ၊ တခြားပုဂ္ဂိုလ်တွေလည်း လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်လို့ရအောင် အခွင့်ရေးတော့ ပေးရမယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒါက ကျနော်တို့က လက်ရှိ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ အနေအထားကို ဆွေးနွေးကြတာပေါ့။ ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် ကျနော်တို့ ဘာကိုမျှော်လင့်နိုင်မလဲ။ ဘာကိုမျှော်လင့်နိုင်မလဲဆိုတာ လက်ရှိမြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းမျိုးတွေ၊ မြန်မာနိုင်ငံကို နိုင်ငံတကာမှာ ဝိုင်းပယ်ခံထားရတဲ့ အနေအထား အထီးကျန်ရပ်တည်နေရတဲ့ အနေအထားတွေ ပြောင်းလဲသွားနိုင်မလား။ မြန်မာနိုင်ငံရဲ့ ပြဿနာအရပ်ရပ်က ရွေးကောက်ပွဲ ပြီးသွားတဲ့အခါမှာ ဘာကို မျှော်လင့်လို့ရမလဲ။
ဒေါက်တာခင်ဇော်ဝင်း ။ ။ သူတို့ဘက်ကကြည့်မယ်ဆိုရင်လည်း မျှော်လင့်စရာတွေ အများကြီး - ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ရွေးကောက်ပွဲ ကျင်းပတာကလည်း အနှစ် (၂၀) ကြာသွားတယ်။ လူတွေကလည်း အချိန်ကာလ အတန်ကြာအောင် ဒီကိစ္စကို မျှော်လင့် လာခဲ့ကြတယ်။ ဒါပေမဲ့ အခုနဟာတွေ ဖြစ်ဖို့ဆိုတာကတော့ ချက်ချင်းလက်ငင်းတော့ ဖြစ်လာမှာ မဟုတ်သေးဘူး။ ကျနော် တခု ပြောချင် တာက ဒီမိုကရေစီပါတီတွေ၊ တသီးပုဂ္ဂလတွေက ဝင်ပြီးအရွေးခံကြမယ်။ ဒီမိုကရေစီကို တကယ်လိုလားပြီး တောက်လျှောက် လုပ်လာတဲ့ လူတွေ။ သူတို့လည်း အရွေးခံ တင်မြှောက်ခံဖို့ အလားအလာ ကောင်းပါတယ်။ ဒီလူတွေ ပါလီမန်ရောက်လာပြီဆိုရင် မျှော်လင့်ချက်တွေ သူတို့အပေါ် ရောက်သွားလိမ့်မယ်။ ဒီမိုကရက်တွေတော့ အမတ်တွေ ဖြစ်လာပြီ။ ဒီလူတွေ ဘာလုပ်ပေးနိုင်မလဲ။ အင်္ဂလိပ်လို ပြောမယ် ဆိုရင်တော့ expectation တွေပေါ့။ ပြည်တွင်း ပြည်ပမှာ သူတို့အပေါ်မှာ တနည်းအားဖြင့် ပြောရရင် မျှော်လင့်ချက်တွေက စုပုံ ကျလာ လိမ့်မယ်။ ဒီလူတွေရဲ့ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ အများကြီးတည်ပါလိမ့်မယ်လို့ ထင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ပါလီမန်ထဲမှာ တကယ်ကော ဒီမိုကရေစီအင်အားစုတွေ နေရာရနိုင်လောက်တဲ့ အနေအထား ရှိပါသလား။ အခု လက်ရှိ အနေအထားအရ။
ဒေါက်တာခင်ဇော်ဝင်း ။ ။ အခုန ပြောသလို အနေအထားကတော့ ၁၉၉၀ ရွေးကောက်ပွဲနဲ့တော့ ကွာခြားတာပေါ့။ ဒီမိုကရေစီပါတီတွေ အနေနဲ့က အဖက်ဖက်က အားနည်းနေသေးတယ်။ စစ်တပ်ကတော့ ရှိပါတယ်။ ဒီလူတွေကို ကျယ်ကျယ်ပြန့်ပြန့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်နိုင်အောင် ဝိုင်းပြီးတော့ ကူညီဖို့လည်းလိုတယ်။ နောက်တခုက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ မကဘူး။ လူထု ပါဝင်မှုလည်း လိုပါတယ်။ အဲဒါကို ကျနော် အဓိကပြောချင်ပါတယ်။ လူထုက ရွေးကောက်ပွဲတွေ ဒီမိုကရေစီတွေနဲ့ နိုင်ငံရေးနဲ့ ကင်းကွာ နေတာ အကြာကြီးပေါ့။ ဒီတော့ ဒီရွေးကောက်ပွဲကိုလည်း လူတွေက ဇဝေဇဝါ ဖြစ်နေကြတယ်။ ကျနော် ဒီဟာကို အရင်ကလည်း ပြောဖူးပါတယ်။ ထပ်လောင်းပြောချင်ပါတယ် လူထုပါဝင်မှုလည်း လိုပါတယ်။ ပါတီတွေဘာတွေ ဝင်ပြီးတော့ ပါတီကို အားပေးတာလည်း ရှိသလို အနည်းဆုံးတော့ ရွေးကောက်ပွဲကို ဝင်ပြီးတော့ မဲဆန္ဒပေးဖို့ လိုပါလိမ့်မယ်။
ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံအတွင်းမှာ ဝေဖန်နေကြတာက ဒီ ရွေးကောက်ပွဲဟာ စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးကပဲ ပါလီမန်နေရာတွေကို ခွဲဝေယူသွားမယ့် ရွေးကောက်ပွဲမျိုး။ အတိုက်အခံ ပီပီပြင်ပြင် မရှိဘူးဆိုပြီး လူတော်တော်များများက မဲမပေးဘူးလို့ ပြောနေကြတာတွေ အသံတွေလည်း ကြားနေရပါတယ်။ လူထုကရော ရွေးကောက်ပွဲကို တကယ် စိတ်ဝင်စားတယ်လို့ မြင်ပါသလား။
ဒေါက်တာ ခင်ဇော်ဦး ။ ။ အဲဒါကတော့ အမှန်အတိုင်း ပြောရရင် အပြည့်အဝတော့ စိတ်မဝင်စားဘူး။ အရင်နှစ်တွေထက် ပြန်ကြည့်ရင် တော့ စိတ်ဝင်စားမှုက ကျလာတယ်။ ဒါကို ကျနော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုတယ်။ လူထုကလည်း နည်းနည်းလေး နိုင်ငံရေးကို စိတ်ဝင်စားမှုက နည်းလာတယ်ဆိုတော့ ဒါကို ကျနော်အနေနဲ့က နိုင်ငံရေးပါတီတွေအနေနဲ့ ကိုင်တွယ်ဖို့ လိုလိမ့်မယ်။ လူထု စိတ်ဝင်စားမှု များလာအောင် နောက်ပြီးတော့ ပါဝင်လာနိုင်အောင်၊ ကုန်ကုန်ပြောလိုရှိရင် အဲဒီနေ့ကျရင် ဝင်ပြီးတော့ မဲပေးနိုင်အောင် လုပ်ပေးရမယ်။ အခက်အခဲတွေကတော့ အများကြီးပေါ့။ လူထုပါဝင်နိုင်အောင် တကယ်ကို လိုပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာခင်ဇော်ဝင်းအနေနဲ့ လူထုပါဝင်ဖို့လိုတယ်။ နောက်ပြီးတော့ ဒီရွေးကောက်ပွဲကနေ တစုံတရာ အပြောင်းအလဲတွေ ပေါ်လာဖို့အတွက် အခုနပြောတဲ့ expectation မျှော်လင့်ချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။ တကယ်လို့ ရွေးကောက်ပွဲပြီးလို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ စစ်တပ်ကပဲ စစ်ဝတ်စစ်စားကနေ အရပ်ဝတ်ကိုပြောင်းပြီး တိုင်းပြည်ကို အုပ်ချုပ်တာမျိုး၊ ကျန်တဲ့ အကန့်အသတ်တွေကလည်း နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ မရဘူးဆိုရင် ရွေးကောက်ပွဲကို ထောက်ခံခဲ့တဲ့ လူတယောက်အနေနဲ့ ဒေါက်တာခင်ဇော်ဝင်း နိုင်ငံရေး အကျဉ်းသမားတယောက်အနေနဲ့ ထောက်ခံမိခဲ့လေခြင်းဆိုပြီး နောင်တရတာမျိုး မဖြစ်နိုင်ဘူးလား။
ဒေါက်တာ ခင်ဇော်ဦး ။ ။ မဖြစ်ပါဘူး။ အခုန ကိုသိန်းထိုက်ဦး ပြောသလို ဖြစ်လာမယ်ဆိုရင်တော့ ဝမ်းနည်းစရာပေါ့။ ကိုယ်ကတော့ စိတ်ရင်း စေတနာမှန်တဲ့ တိုင်းပြည်ကို တကယ် ပြောင်းလဲစေချင်တဲ့ စေတနာနဲ့ ဒီကိစ္စကို လိုလိုလားလား ပြောခဲ့တယ်။ အဲဒါကို အကြောင်း အမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ဘူးဆိုရင်တော့ ဝမ်းနည်းစရာပေါ့။ အဲဒီလို ဖြစ်အောင်လုပ်တဲ့လူတွေဆိုရင်လည်း သူတို့ ဒီအပေါ်မှာ အများကြီး တာဝန်ရှိပါတယ်။