လူမှုကူညီရေးအဖွဲ့ ဖြစ်လာမယ့် အန်အယ်လ်ဒီ?

ဦးမြင့်စိုး (NLD-LA)

ပြီးခဲ့တဲ့ မေလ ပါတီမှတ်ပုံတင်ဖို့ သတ်မှတ်ထားတဲ့ရက် ကျော်လွန်သွားခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်တန့်ပြီး လူမှုရေးလုပ်ငန်းတွေ ထောက်ပံ့ရေးလုပ်ငန်းတွေမှာပဲ အရေးစိုက်၊ အရေးတယူ လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ဒီလိုလုပ်ကိုင်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီတခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မြန်မာ့နိုင်ငံရေး လောကမှ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားစရာ အလားအလာ ရှိနေသလားဆိုတာကို သိရှိနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အတွင်းရေးမှုး ဦးမြင့်စိုး ကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လူမှုရေးနဲ့ လူမှုထောက်ပံ့ရေးတွေကိုပဲ လုပ်ဆောင်နေခြင်းဖြင့် လက်ရှိရှိနေတဲ့ နိုင်ငံရေးလောကမှ မှေးမှိန်သွားနိုင်တဲ့ အလားအလာ ရှိပါသလား။ တချို့ကလည်း ဒီလို မှေးမှိန်သွားစေချင်တဲ့ ဆန္ဒတွေရှိနေတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဦးမြင့်စိုး ဘယ်လိုမြင်ပါသလဲ။

ဦးမြင့်စိုး ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လူမှုရေးလုပ်ငန်းတွေကတော့ ၁၉၈၉-၉၀ ကတည်းက ဆောင်ရွက်ခဲ့တာရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ဖြစ်ဖြစ်၊ တခြားသော လူမှုရေးလုပ်ငန်းတွေ ပတ်သက်လို့ဖြစ်ဖြစ် လုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီတရပ်အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာတော့ အဓိကတော့ အဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုကို ဘယ်လို message ပေးမလည်းဆိုတဲ့အပေါ် မူတည်ပါတယ်။ နိုင်ငံရေးဆိုင်ရာ message တွေကတော့ ဟောပြောပွဲမှတဆင့် သို့မဟုတ် နိုင်ငံရေးဆိုင်ရာ statement တွေကတဆင့် ပေးတာရှိပါတယ်။ အခု မေ ပတ်ဝန်ကျင်မှာတော့ ကျနော်တို့ ဒီလို နအဖရဲ့ တင်းကြပ်တဲ့ ဥပဒေတွေအရ မှတ်ပုံမတင်ခဲ့တဲ့အတွက်ကြောင့် ပြည်သူလူထုကို အခါတိုင်းပေးသလို ကြေညာချက် ထုတ်ပေးတာမျိုး၊ လူထုဟောပြောပွဲတွေ လုပ်ပြီးတော့ message ပေးတာမျိုး လုပ်တာမျိုးတော့ ရှောင်ကျဉ်ကြပါတယ်။ သို့သော်လည်း ပြည်သူလူထုနဲ့ ကိုယ့်အဖွဲ့ဝင်တွေကို ဘယ်လို message ပေးနိုင်သလည်းဆိုတာကတော့ အသံလွှင်ဌာနကဖြစ်ဖြစ်၊ ကျနော်တို့ အဖွဲ့ဝင်ကေဒါများကတဆင့် ပေးတာမျိုးရှိပါတယ်။ အဲဒီလိုမျိုး ပေးနေတဲ့တချိန်တည်းမှာ လူမှုရေးလုပ်ငန်းတွေကို ပိုပြီးတော့ ဇောင်းပေးပြီး အားကောင်းမောင်းသန် လုပ်တာမျိုးရှိပါတယ်။ အဓိကအားဖြင့် နိုင်ငံရေးဆိုင်ရာ ပြည်သူလူထုကို message ပေးတယ်၊ အဖွဲ့ဝင်တွေကို message ပေးတာကတော့ လျှော့ပါးသွားတာ မရှိပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတော် ဦးဆောင်မယ့် နိုင်ငံရေးပါတီတခုအနေနဲ့ကတော့ အထူးသဖြင့် ရွေးကောက်ပွဲမှာ ဝင်ရမယ်၊ လွှတ်တော်ထဲဝင်ပြီး နေရာယူရမယ်။ လက်တွေ့ကျတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆိုင်ရာတွေမှာ လက်တွေ့ကျကျ လုပ်ဆောင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက အမှုဆောင်တချို့ ဒီကိစ္စအပေါ် အမြင်ကွဲလွဲမှုဖြစ်ပြီး ခွဲထွက်တယ်၊ နိုင်ငံရေးပါတီအသစ် တည်ထောင်တဲ့ကိစ္စတွေ ရှိခဲ့တယ်။ အဲဒီတော့ လောလောဆယ်မှာတော့ ဦးမြင့်စိုး ပြောသလို တင်းကြပ်တဲ့ဥပဒေတွေကြောင့် နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ဘေးခဏ ချထားပြီးတော့ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်တယ်။ ရေရှည်အားဖြင့် ဘာတွေဖြစ်လာနိုင်သလဲ။

ဦးမြင့်စိုး ။ ။ ဆက်လက်ဆောင်ရွက်နေတာပါ။ ကျနော်တို့ ရင်ဆိုင်နေရတဲ့အရာက ကျနော်တို့ဆိုတာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တင်မက ပြည်သူလူထုတရပ်လုံး ရင်ဆိုင်နေရတာက တင်းမာတဲ့ စစ်အာဏာရှင်တို့နဲ့ ရင်ဆိုင်ရနေတယ်ဆိုတာ ကောင်းကောင်းသဘောပေါက်ပါတယ်။ ကျနော်တို့က ဥပဒေအရ ဆောင်ရွက်ချင်တယ်။ ဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ ကျနော်တို့က ပြည်သူလူထုရဲ့ အဆုံးအဖြတ်ကို ခံယူမယ်။ ပြည်သူလူထု ဆန္ဒကိုခံယူမယ်ဆိုပြီး ဝင်ရောက်အရွေးချယ်ခံခဲ့ပါတယ်။ အဲဒီကနေ ဖြစ်စဉ်တရပ်လုံးကို တဖြည်းဖြည်း ငဲ့စောင်းကြည့်မယ် သို့မဟုတ် ပြန်သုံးသပ်မယ်ဆိုရင် တင်းမာတဲ့ စစ်အစိုးရက အာဏာကို ခွဲမပေးနိုင်ဘူး၊ လွှဲမပေးနိုင်ဘူး။ သူတို့ ရေရှည်ဆက်လက် အုပ်ချုပ်ချင်တဲ့ ပုံစံကို ဖြည်းဖြည်းခြင်း ပြောင်းယူလာတယ်။ နောက်ဆုံးတော့ ပေါ်ပေါ်တင်တင် ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ကြေညာပြီး ဆောင်ရွက်လာတာကို သိရတယ်။ သူတို့ ၂၀၀၈ အတည်ပြုထားတဲ့ ပြည်သူလူထုဆီက အတင်းအဓမ္မ အတည်ပြုထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ ပြည်သူလူထုအကျိုးစီးပွားနဲ့ မကိုက်ညီဘူး။ ပြည်သူလူထု ဆန္ဒသဘောထားနဲ့ မကိုက်ညီဘူးဆိုတာကို ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရှေ့လျှောက်နိုင်ငံရေးကိစ္စတွေ ပြေလည်စေချင်တယ်ဆိုရင် အဖွဲ့ချုပ်အနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို အမြဲတမ်းဖွင့်ထားတယ်။ တွေ့ဆုံဆွေးနွေးရေးကို ကျနော်တို့ကတော့ ကမ်းလှမ်းထားတယ်။ တွေ့ဆုံဆွေးနွေးရေးတံခါးကို အမြဲဖွင့်ထားတယ်။ တကယ်လိုများ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ၂၀၀၈ ဥပဒေထဲက အများပြည်သူ လက်မခံနိုင်တဲ့ကိစ္စ သုံးလေးငါးချက်ကို ပြင်နိုင်မယ်ဆိုရင် ကျနော်တို့က ရွေးကောက်ပွဲကိစ္စကို စဉ်းစားလို့ရတယ်လို့ တိတိလင်းလင်း ပြောထားပြီဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ လက်ရှိ စစ်အစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို ပြန်လာမယ်လို့ ယူဆလို့ ရပါသလား။ ဘာကြောင့်လည်းဆိုတော့ သူတို့လည်း နိုင်ငံတကာကို ယတိပြတ် ပြောထားတာတွေ ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ အားလုံး အမျိုးသားညီလာခံကြီးနဲ့ ဆုံးဖြတ်ထားတဲ့ကိစ္စ ရှေ့ဆက်ပြီးတော့ တဆင့်သွားဖို့ပဲရှိတော့တယ်။ ရွေးကောက်ပွဲအဆင့်ပဲ ကျန်တော့တယ်ဆိုပြီးတော့ သူတို့အနေနဲ့ နောက်တဆင့်ကိုသွားဖို့ အင်မတန် နီးစပ်နေတဲ့အချိန်မှာ နောက်ကြောင်းပြန် ပြန်လည့်လာပါအုန်းမလား။

ဦးမြင့်စိုး ။ ။ တွေ့ဆုံဆွေးနွေးရေးဆိုတာ သိပ်ခက်ခဲတဲ့အရာ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။ သို့သော်လည်း တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့က အင်အားတရပ်တော့ လိုတာတော့ အမှန်ပါ။ အဲဒီ အင်အားကဘာလဲဆိုတာကို ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမြဲတစေ စဉ်းစားနေတာရှိပါတယ်။ ဒါကြောင့်မို့ ၁၉၉၀ တုန်းကလည်း ကျနော်တို့က အင်အားတရပ်အနေနဲ့ ၁၉၉၀ မတိုင်ခင် ၁၉၈၉ တုန်းက ပြည်သူလူထု ထောက်ခံတဲ့ အင်အားတရပ်အနေနဲ့ ဖန်တီးလာခဲ့တာရှိတယ်။ ၁၉၉၀ မှာလည်း ပြည်သူအများလိုက်ပါနိုင်တဲ့ အင်အားတရပ်ကို ဖန်တီးတယ်။ ရရှိခဲ့တာမျိုး ရှိတယ်။ အကြောင်းအမျိုးမျိုးကြောင့် အင်အားကို သူတို့က ခုခံနိုင်တယ်၊ resist လုပ်နိုင်တဲ့ အနေအထားတွေရှိတော့ ၁၉၉၈ မှာဖြစ်ဖြစ်၊ ၂၀၀၃ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကျနော်တို့က ပြည်သူလူထုအင်အားနဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်ဖို့ တွန်းတွန်းတိုက်တိုက် လုပ်လာတာမျိုး ရှိပါတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ တသက်လုံး မဖြစ်နိုင်ဘူးလို့ ကျနော်တို့ မမျှော်လင့်ဘူး။ မကြာခင်တော့ ဖြစ်လာနိုင်တဲ့ အနေအထားတော့ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီကိစ္စကို တိုက်ရိုက်ပုံစံနဲ့ နားလည်းလွယ်အောင် ပြောရမယ်ဆိုရင် အင်္ဂလိပ်လိုတော့ bargaining power အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစုတွေမှာ စစ်အစိုးရကို အတိုက်အခံတွေနဲ့ လာပြီးတော့ ဆွေးနွေးလာနိုင်အောင် အကြပ်ကိုင်နိုင်တဲ့ အင်အားမရှိဘူး ဖြစ်နေတာပေါ့။ ဒါက လူထုအနေနဲ့ နိုင်ငံရေးပါတီတွေကို စိတ်ဆန္ဒအရ ထောက်ခံနေကြပေမယ့် ဒီလို စစ်အစိုးရနဲ့ ဆွေးနွေးလာမယ့် လမ်းကြောင်းဆီကို တွန်းပို့နိုင်အောင် လူအင်အားနဲ့ ဘာကြောင့် ဝင်ပြီးတော့ ပူးပေါင်းပါဝင်မှုတွေ လုပ်မပေးနိုင်ရတာလဲ။

ဦးမြင့်စိုး ။ ။ အင်အားကတော့ ပြည်တွင်းမှာလည်း လိုအပ်ပါတယ်။ ပြည်ပမှာလည်း လိုအပ်ပါတယ်။ နိုင်ငံတကာရဲ့ ဖိအားမျိုးလည်း လိုအပ်သလို၊ ပြည်တွင်းမှာလည်း ဖိအားအမျိုးမျိုး ပေါ်လာဖို့လည်း လိုအပ်တယ်။ အဲဒါက ကျနော်တို့ ဖိအားတွေ ပေါ်လာဖို့အပြင်ကို အဲဒီ ဖိအားကို ခံနိုင်ရေး မရှိလောက်အောင် ကျိုးကျသွားလောက်အောင် တဟုတ်ခြင်း ပြုတ်ကျသွားနိုင်လောက်အောင်လို့ လုံလောက်တဲ့ ဖိအားမျိုးလည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ ၂၀၀၇ မှာ ပြည်တွင်းမှာ သံဃာတွေ လှုပ်ရှားမှုဖြစ်တယ်၊ ပြည်သူလှုပ်ရှားမှု ဖြစ်တယ်။ သို့သော်လည်း အဲဒီ ဖြစ်လာတဲ့ အင်အားကို နအဖ က တစုံတရာ တောင့်ခံနိုင်တုန်းပဲ။ ဒါကြောင့်မို့ ကျနော်တို့က အောင်မြင်သင့်သလောက် မအောင်မြင်သေးဘူး။ သို့သော်လည်း နိုင်ငံတကာမှာ လက်ရှိ ရှိနေတဲ့ ဖိအား၊ ဒီထက်ပိုလာတဲ့ ဖိအား။ ပြည်တွင်းမှာလည်း ဒီထက် ပိုတက်လာနိုင်တဲ့ ဖိအားတွေ အချိန်တခုရောက်မယ်ဆိုရင်တော့ ကျနော်တို့က အချိန်မရွေး ကုလားအုတ်ရဲ့ ကျောရိုးက ကျိုးကျသွားနိုင်တယ်လို့ ကျနော်တို့ ဒီလိုပဲ ပြင်းပြင်းထန်ထန် ယုံကြည်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ်။ ကျနော်တို့ ခန့်မှန်းထားတဲ့ ပုံစံအရဆိုရင် လာမယ့် နိုဝင်ဘာလအထဲမှာ (၁၁) ရက်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကျဉ်းကျခံကာလ ကျော်ပြီးဆိုတော့ လွတ်မြောက်လာဖို့လည်း အလားအလာရှိနေတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာလို့ရှိရင် အခုလက်ရှိ နိုင်ငံရေး အခင်းအကျင်းက ဘယ်လိုပြောင်းလဲသွားနိုင်သလဲ။

ဦးမြင့်စိုး ။ ။ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထုအများစု လက်မခံနိုင်ဘူး၊ လက်ခံတဲ့အရာမဟုတ်ဘူးလို့ ကျနော်တို့က ယုံကြည်တယ်။ နအဖကတော့ ကြံ့ဖွံ့တွေရဲ့ ထောက်ခံမှု၊ သူတို့ရဲ့ အင်အားအရ ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူလူထု လက်ခံထားတဲ့ ၉၂% ကျော် ထောက်ခံထားတယ်လို့ သူတို့က ပြောနိုင်တယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုရင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်သူတွေ လက်မခံနိုင်ဘူးဆိုတာဟာကို ကျနော်တို့က ပြည်သူနဲ့အတူ ရနိုင်အောင်လို့ ပြနိုင်အောင် ကြိုးစားမယ်လို့ စဉ်းစားထားတယ်။ အဲဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ် အဖွဲ့ချုပ်လူငယ်တွေပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ဖြစ် ပြည်သူတွေအားလုံးနဲ့ လက်တွဲပြီး ၂၀၀၈ ဖွဲ့စည်းပုံဟာ အများစုလက်မခံနိုင်ဘူးဆိုတာကို သက်သေပြနိုင်အောင် စဉ်းစားထားတာရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံတကာ ဒီမိုကရေစီအသိုင်းအဝိုင်းမှာ ဒီမိုကရေစီရဲ့ လမ်းစဉ်၊ ဒီမိုကရေစီရဲ့ ကျင့်စဉ်အရ ရွေးကောက်ပွဲ ဖြစ်တယ်။ ရွေးကောက်ပွဲတွေကနေ ဒီမိုကရေစီ နည်းလမ်းကျတဲ့ အစိုးရတွေ တက်မတက်ဆိုတာကတော့ တပိုင်း။ ဒါပေမဲ့လည်း ဒီမိုကရေစီမှာ ရွေးကောက်ပွဲတွေက အရေးပါတဲ့ အစိတ်အပိုင်းပေါ့။ အဲဒီတော့ မြန်မာနိုင်ငံအရေးကို ပြောကြမယ်ဆိုလို့ရှိရင် များသောအားဖြင့် အပေါ်ယံအားဖြင့် ကြည့်မယ်ဆိုရင် နှစ်ပေါင်း (၂၀) အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲတွေ ကျင်းပပေးဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းတချို့က တဖက်သတ် ဖိနှိပ်ထားတဲ့ စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်ဆိုတဲ့ အဆင့်အထိ လျှော့လာပြီ။ ဒီကိစ္စကို အခွင့်အရေးတရပ်အနေနဲ့ အတိုက်အခံတွေ နိုင်ငံရေးအသိုင်းအဝိုင်းတွေက ယူပြီးတော့ ယှဉ်ပြိုင်သင့်တယ်လို့ မြင်နေကြတာရှိတယ်။ ကျနော်အနေနဲ့ နားလည်းတယ် ပြည်တွင်းကိစ္စတွေကို နားလည်းတဲ့ လူတွေအနေနဲ့တော့ နိုင်ငံရေးအသိုင်းအဝိုင်း၊ အတိုက်အခံအင်အားစုတွေ ဒီကိစ္စကို ဆန့်ကျင်နေရတာက ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် အချက်တွေကို မကျေနပ်ကြလို့ ကန့်ကွက်နေကြတယ်လို့ နားလည်းတယ်။ ဒါပေမဲ့ အဲဒီလို ရှင်းလင်းချက်တွေကို ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင် ပြင်ပကို ဘယ်လောက်အထိ ရှင်းရှင်းလင်းလင်း တင်ပြနိုင်ခဲ့ပြီးပြီလဲ။

ဦးမြင့်စိုး ။ ။ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောနိုင်တဲ့ကိစ္စတွေရှိပါတယ်။ အဲဒါက ကျနော်တို့က ရွေးကောက်ပွဲကို ငြင်းဆန်နေတာ မဟုတ်ဘူး။ ရွေးကောက်ပွဲကို မျက်လုံးစုံပိတ် ငြင်းနေတာလည်း မဟုတ်ပါဘူး။ လက်တွေ့အားဖြင့် ၁၉၉၀ ရွေးကောက်ပွဲကို ဖြတ်သန်းလာခဲ့ပြီးပြီ။ ရွေးကောက်ပွဲရဲ့ ချိုမြိန်တဲ့အရသာတွေ၊ ရွေးကောက်ပွဲရဲ့ ခါးသီးတဲ့ အရသာတွေလည်း ကျနော်တို့ ခံစားခဲ့ရပြီးပါပြီ။ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ကျနော်တို့ ကြောက်နေတဲ့ အရာမဟုတ်ပါဘူး။ သို့သော်လည်း ဒီထဲမှာ မဖြစ်မနေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြုပြင်ပေးရမယ့် ကိစ္စမျိုးတွေရှိတယ်။ အဲဒီလိုမျိုး တစ်ချက်နှစ်ချက်လောက်တော့ ပြုပြင်ပေးသင့်တယ်လို့ ကျနော်တို့က ယူဆတယ်။ ဥပမာ ပြောရရင် အချိန်မရွေး တိုင်းပြည်ကို အာဏာသိမ်းနိုင်တဲ့ အမျိုးသားကောင်စီလိုကိစ္စမျိုး ဒါမျိုးက ပယ်ဖျက်ထားသင့်တယ်။ နောက်တခါကြတော့ သူတို့ဘက်က လူတွေက ပြောလာပြီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ပြည်သူလူထု ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ပြန်ပြင်တဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ် ပါဝင်နိုင်တဲ့ ထောက်ခံနိုင်တဲ့ အချိုးအစား။ အဲဒီ အချိုးအစားကို ပြန်ပြင်နိုင်တယ်၊ ပြန်ညှိနှိုင်းနိုင်တယ်ဆိုရင် ကျနော်တို့က အနှိမ့်ဆုံး အခြေခံ အချက် (၂) ချက် သဘောတူညီချက်ရတယ်ဆိုရင် ကျနော်တို့က ရွေးကောက်ပွဲကို မစဉ်းစားနိုင်စရာ အကြောင်းမရှိဘူး။ အခု အများထင်ထားသလို လာမယ့် ရွေးကောက်ပွဲက ၂၀၀၈ ဖွဲ့စည်းပုံကို ဖြည်းဖြည်းချင်း ပြင်သွားနိုင်တယ်ဆိုတဲ့ အလားအလာ မရှိနိုင်ဘူး။ တခုမှ မရှိနိုင်ဘူးလို့ ကျနော်တို့တွက်တယ်။ ဒါကြောင့်မို့ ပြင်နိုင်တဲ့ အလားအလာရှိမယ်ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်နိုင်လို့ရတယ်။ သို့သော်လည်း နိုင်ငံတကာ နဲ့ ပြည်တွင်းမှာ အဓိက ဖြေရှင်းရမယ့်ကိစ္စက ၁၉၉၀ ရွေးကောက်ပွဲရလဒ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုတော့ စာတကြောင်းတည်းနဲ့ ဖျက်လို့မရဘူး။ အဲဒီတုန်းက ကျင်းပထားတဲ့ ကော်မရှင်တွေရှိတယ်။ အဲဒီတုန်းက တရားဝင်ဖွဲ့စည်းထားတဲ့ ကိစ္စတွေရှိတယ်။ နိုင်ငံတော်ပြန်တမ်းနဲ့ ထုတ်ပြန်ထားတာတွေရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ်ပြုထားတာတွေရှိတယ်။ အဲဒါတွေကို တနည်းတဖုံ ဖြေရှင်းမှဖြစ်မယ်။ အဲဒီလို ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့က တွေ့ဆုံဆွေးနွေးရေးကို လမ်းစဖွင့်ထားတာ။ အခုအချိန်အထိလည်း ဖွင့်ထားတုန်းပါ။

ဦးသန်းလွင်ထွန်း ။ ။ ဆိုတော့ ဦးမြင့်စိုးတို့ရဲ့ ပြင်ပမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကို မေးရမယ်ဆိုရင် အခု လာမယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ရွေးကောက်ပွဲမှာ မဲမပေးရေးလား၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလား၊ ရွေးကောက်ပွဲ တိုက်ဖျက်ရေးလား။

ဦးမြင့်စိုး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော်တို့က သပိတ်မှောက်တယ်။ ဒါကို စကားလုံးအနေနဲ့ ပြောရရင်တော့ ဒီဂရီတွေ ဘယ်လို ကွာမလဲဆိုတာကတော့ တဖွဲ့နဲ့တဖွဲ့ တူခြင်းမှတူမယ်။ ကျနော်တို့က ရွေးကောက်ပွဲကို ဆန့်ကျင်မလား။ ရွေးကောက်ပွဲကို တိုက်ဖျက်မလား။ ဒါမှမဟုတ် ရွေးကောက်ပွဲကို သဘောမတူဘူးလား။ ဒါမှမဟုတ် ရွေးကောက်ပွဲကို သပိတ်မှောက်မလားဆိုတာက စကားလုံးတွေပေါ် မူတည်ပြီးတော့ ဒီဂရီအနည်းနဲ့အများ ကွာနိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ရှင်းရှင်းပြောလိုက်ရင် ကျနော်တို့ မဲမပေးဘူး၊ သပိတ်မှောက်မယ်ဆိုတဲ့ message မျိုးကိုပဲ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပေးပါတယ်။ သို့မဟုတ်ရင် ဗမာစကားလုံးရဲ့ အပြင်းအပျော့အရ သွေဖိမယ်၊ ဆန့်ကျင်မယ်၊ တိုက်ဖျက်မယ် စသဖြင့် အဲဒီလိုဆိုရင် ပြည်သူလူထု နားထဲမှာ ရှုပ်သွားနိုင်တဲ့ အနေအထားတွေရှိတယ်။ သပိတ်မှောက်တယ်ဆိုရင် ပြည်သူနားလည်းမယ်လို့ ယူဆပါတယ်။