မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေ လဲတဲ့နှုန်းထားကို တည်ငြိမ်သွားအောင် လုပ်ပေးဖို့ စီစဉ်နေပါပြီလို့ မြန်မာအစိုးရက ပြောဆိုပါတယ်။ လောလောဆယ်မှာတော့ အစိုးရသတ်မှတ်ဈေး တစ်ဒေါ်လာ ခြောက်ကျပ်၊ ပြင်ပပေါက်ဈေး ၇၅၀-၈၀၀၊ FEC ဈေးက ၆၀၀- ၇၀၀ စသဖြင့် အမျိုးမျိုး ဖြစ်နေပါတယ်။ မြန်မာစစ်အစိုးရဟာ ၁၉၉၃ ခုနှစ်ကတည်းက Foreign Exchange Certificate (FEC) ခေါ်တဲ့ နိုင်ငံခြားငွေလဲ လက်မှတ်ကို ဒေါ်လာနဲ့ ညီမျှတဲ့ နှုန်းထားနဲ့ သတ်မှတ် ထုတ်လုပ်နေခဲ့ပေမယ့် FEC ဟာ ဒေါ်လာထက် အမြဲတမ်း တန်းဖိုးနည်းနေပြီး မြန်မာစစ်အစိုးရအတွက်ပဲ အမြတ်ထွက်တဲ့ အစီအစဉ်တခု ဖြစ်နေခဲ့ပါတယ်။ အခုတော့ အရပ်သားအစိုးရက ဒီကိစ္စတွေကို ပြုပြင်တော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ဇူလိုင်လအတွင်းက ပြောခဲ့သလို ပြီးခဲ့တဲ့ သောကြာနေ့ကလည်း အရပ်သားအစိုးရရဲ့ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲမှာ ထပ်ပြီးအတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအပြောင်းအလဲတွေကို တွေ့မြင်ဖို့ မလွယ်သေးပါဘူးလို့ မြန်မာ့အရေး လေ့လာသူ ဦးအောင်ခင် က ပြောဆိုပါတယ်။
ဦးအောင်ခင် ။ ။ နိုင်ငံခြား စီးပွားရေး ရေစီးကြောင်းနဲ့ ဝင်ဆန့်မယ်ဆိုရင်တော့ နိုင်ငံခြား စံချိန်အတိုင်း ကျပ်ငွေနဲ့ ဒေါ်လာငွေနဲ့ သတ်မှတ်ပြီးတော့ လုပ်တာ အကောင်းဆုံးပေါ့။ အဲဒီလို မလုပ်ဘဲနဲ့ သူတို့ အကျိုးစီးပွားအတွက် ငွေဖလှယ်နှုန်းတွေ သတ်မှတ်ထားတော့ လုပ်ရကိုင်ရ ခက်တာပေါ့။ နိုင်ငံခြား ကုမ္မဏီတွေလည်း တွန့်တာပေါ့။ နိုင်ငံခြားက ရစရာရှိတာတွေလည်း မရနိုင်ဘူး။ လူတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ကြတာပေါ့။ ဗမာအစိုးရကို ဘဏ်စံနစ်တို့၊ ဘာတို့ အယုံအကြည်မရှိတော့ဘူး။ အယုံအကြည် ရှိအောင် ငွေလဲနှုန်းကို မှန်မှန်ကန်ကန် လုပ်ကိုင်ဖို့ လိုပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီနေရာမှာက သူတို့အကျိုးစီးပွားအတွက် ငွေလဲလှယ်နှုန်းကို ပုံမှန် မဟုတ်ဘဲနဲ့ တစ်ဒေါ်လာကို ခြောက်ကျပ်နှုန်း သတ်မှတ်ထားတယ်ဆိုတဲ့ နေရာမှာ။ အဲဒီလို သတ်မှတ် ထားပေမဲ့ အပြင်ဘက်မှာ တခြားဈေးကွက်ထဲမှာရှိနေတဲ့ နှုန်းတွေ အမျိုးမျိုး ဖြစ်နေတယ်။ ဖြစ်နေပြီး အလုပ်တွေလည်း ဖြစ်နေတယ် မဟုတ်ဘူးလား။ ဘာကြောင့်မို့ ဒီလို အလုပ်ဖြစ်နေတဲ့ အခြေအနေကြားကနေ ဘာကြောင့်မို့ အပြောင်းအလဲတွေ လုပ်ဖို့ ကြိုးစားလာရတာလဲ။
ဦးအောင်ခင် ။ ။ ကျပ်ကိုပဲ သူက တဖြည်းဖြည်းနဲ့ အဲဒီလိုလုပ်ရင်တော့ ကျပ်နဲ့တခြားငွေ လဲလှယ်လို့ ရမှာ မဟုတ်ဘူး။ ကျပ်ကတော့ လုံးဝ သုံးလို့မရတဲ့ ပိုက်ဆံလို ဖြစ်နေတယ်။ အဲဒီတော့ ကျပ်ကိုပြန်ပြီး တည်ငြိမ်အောင်လို့ တန်ဖိုးရှိအောင် သူတို့ ငွေလဲနှုန်းတွေ အားလုံးပြင်ပြီး လုပ်မယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ တည်ငြိမ်လာမယ့်သဘော ရှိတယ်။
အရင်တုန်းကတော့ အကုန်လုံး တွက်လို့မရဘူး။ ကမောက်ကမ ဖြစ်နေတာပေါ့။ Distortion တွေ အရမ်းများတယ်။ အကုန်လုံး ကမောက်ကမတွေ ဖြစ်နေတဲ့အတွက် သူတို့က သူတို့ရတဲ့ ပိုက်ဆံကျတော့ ခြောက်ကျပ်နှုန်းနဲ့ တွက်ထားတယ်။ ဒီဟာနဲ့ မပြချင်တဲ့ဟာတော့ မပြကြဘူး။ ဥပမာ ဓာတ်ငွေ့က ရတဲ့ ပိုက်ဆံတွေကို စာရင်းပြတော့ ၆ ကျပ်နှုန်းနဲ့ ပြထားတယ်။ ၆ ကျပ်နှုန်းနဲ့ ပြထားတော့ ဘာမှမရှိဘူး။ ကျန်တဲ့ပိုက်ဆံတွေက ဘယ်ရောက်ကုန်သလဲ။ ပြန်စဉ်းစားစရာပေါ့။ ဒါတွေက လျှို့ဝှက် ထားတဲ့ ကိစ္စတွေ။ ဒါမျိုးလုပ်တယ်ဆိုရင် သိသာမြင်သာအောင် ပြတ်ပြတ်သားသား၊ ရှင်းရှင်းလင်းလင်း လုပ်ဖို့လိုတယ်။ ခိုးကြောင်ခိုးဝှက် လုပ်လို့မရဘူး။
ဥပမာ ဒေါ်လာကို မြန်မာပြည်မှာ ကိုင်ခွင့်မရှိဘူးဆိုပြီး ကြေညာပြီး FEC ထုတ်တာ။ FEC ဆိုတာ ဒေါ်လာအတု ဖြစ်တယ်။ ဒေါ်လာအတု သုံးပြီး အစစ်ကို တရားဝင် ကိုင်ခွင့်မရှိဘူးဆိုပြီး လူတွေက ကိုင်ကြတယ်။ စစ်ဗိုလ်တွေက အများဆုံး ကိုင်နိုင်ကြတယ်။
ဦးသန်းလွင်ထွန်း ။ ။ စောစောက ပြောတဲ့ သဘာဝဓာတ်ငွေ့ ရောင်းလို့ရတဲ့ ပိုက်ဆံတွေက အားလုံး လည်း အသိပဲ။ နိုင်ငံခြားက ဝင်တယ်ဆိုရင် ဒေါ်လာ သန်း ၁ ထောင် ဝင်တယ်ဆိုရင် အဲဒီ ဒေါ်လာ သန်း ၁ ထောင် က မြန်မာဘဏ်တိုက်ထဲမှာ ဒေါ်လာ သန်း ၁ ထောင်အနေနဲ့ ရှိနေတာလား။ ဒါမှ မဟုတ် ငွေလဲလှယ်နှုန်းနဲ့ ၆ ကျပ်နှုန်းနဲ့ လဲပြီးတော့ မြန်မာကျပ်ငွေအနေနဲ့ အစိုးရက ပြတဲ့ သဘောလား။
ဦးအောင်ခင် ။ ။ ကျနော်ကတော့ economists တွေ ရေးထားတာတွေ လေ့လာမိသလောက်ကတော့ စီးပွားရေးပညာရှင် နှစ်ယောက်ဖြစ်တဲ့ Dr. Sean Turnell နဲ့ Koji Kubo တို့ကတော့ ၆ ကျပ်နှုန်းနဲ့ အစိုးရက စာရင်းပြတယ်လို့ ပြောတယ်။ ကျန်တဲ့ဟာ အပြင်ဘက်က ဒေါ်လာသန်း ၁ ထောင်ဝင်ရင် ၆ ကျပ် နှုန်းနဲ့ပြရင် ဘာမှမရှိတော့ဘူး။ ကျန်တဲ့ပိုက်ဆံကိုတော့ ဘယ်မှာထားသလဲတော့ မသိဘူး။ ဒီဥစ္စာတွေကို ကျပ်နဲ့ပြပြီး တကယ့်ဒေါ်လာတွေကိုတော့ စင်္ကာပူမှာ ထားရင်ထားမှာပေါ့။ စင်္ကာပူမှာ အစိုးရပိုက်ဆံ ဘယ်လောက်ရှိမလဲဆိုတာကို ဘယ်သူမှ မှန်းလို့မရဘူး။ ဒီပိုက်ဆံတွေ အစိုးရဆီမှာ ဘယ်လောက်ရှိသလဲ။ ရန်ကုန်မှာ ရှိရဲ့လား။ ဘဏ်တွေက ဘယ်လောက်လုပ်ပိုင်ခွင့် ရှိသလဲဆိုတာကို ဘယ်သူမှ ရှင်းရှင်းလင်းလင်း သိရတာ မဟုတ်ဘူး။
ဦးသန်းလွင်ထွန်း ။ ။ အစိုးရက FEC ဆိုတဲ့ အစိုးရဒေါ်လာ၊ မြန်မာဒေါ်လာ ထုတ်ဖို့အရေးမှာ သူတို့မှာ တကယ် FEC နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာအစစ်လည်း ရှိဖို့လိုတယ် မဟုတ်လား။ အဲဒီလိုရှိတဲ့ အတွက်ကြောင့် FEC တွေကို ထုတ်ဝေနေတာ မဟုတ်ဘူးလား။
ဦးအောင်ခင် ။ ။ အဲဒါတော့ မပြောတတ်ဘူး။ သူတို့ တကယ်ရှိမရှိတော့ မပြောတတ်ဘူး။ စထုတ်တယ် ဆိုတာကတော့ အမေရိကန်ဒေါ်လာကို သူတို့ဆီရောက်ပြီး မြန်မာပြည်မှာ FEC သုံး။ FEC ဆိုတာ မြန်မာပြည်ထဲမှာပဲ သုံးလို့ရတယ်။ ဗမာပြည်ထဲမှာ သုံးတဲ့ဒေါ်လာဆိုတော့ စသုံးတဲ့ လုပ်ချိန်မှာ နိုင်ငံခြားသားတွေ ရောက်လာလာခြင်း ပိုက်ဆံလဲရတယ်။ နိုင်ငံခြားသားဆီက ဒေါ်လာကို FEC နဲ့ လဲပေးလိုက်တဲ့အခါမှာ အစိုးရက ဒေါ်လာယူထားပြီး နိုင်ငံခြားသားတွေက FEC ဒေါ်လာအတုနဲ့ သုံးပြီးတော့ FEC မြန်မာပြည်မှာထားပြီး ပြန်သွားရတယ်။ နိုင်ငံခြားမှာလည်း သုံးလို့မရတော့၊ ဒါက ပြည်တွင်းသုံး ဒေါ်လာ ဖြစ်တယ်။ အဲဒါက မြန်မာပြည်သားတွေဆီမှာ ဒေါ်လာ မရောက်အောင်။ သူ့ ဆီမှာပဲ ဒေါ်လာရှိအောင်လို့။ အမေရိကန်ဒေါ်လာကို မြန်မာပြည်သားတွေက တရားဝင် မသုံးရဘူး ဆိုပြီး လုပ်ထားတာ။ ဒေါ်လာအစစ်ကို သုံးခွင့်မရှိဘူး။ ဒေါ်လာအစစ် သူပဲသုံးခွင့်ရှိတယ်လို့ လုပ်ထားတာ။
ဦးသန်းလွင်ထွန်း ။ ။ ဦးအောင်ခင်ရဲ့ သုံးသပ်ချက်တခုမှာ ဒီလို FEC တွေ သုံးနေတာ ၁၈ နှစ်ရှိနေပြီ။ ဒါပေမဲ့ ဒီလို ငွေလဲနှုန်းတွေ အမျိုးမျိုးသုံးနေတာက မြန်မာပြည်ထဲမှာ အာဂတိလိုက်စားမှုကို အားပေးရာ ဖြစ်နေတယ်လို့ သုံးသပ်ထားတာကို တွေ့ရတယ်။ အဲဒါကို နည်းနည်းလေး ရှင်းပြပါလား။ ဘယ်လိုအချက်ကို ဆိုလိုချင်တာလဲ။
ဦးအောင်ခင် ။ ။ အစိုးရဋ္ဌာနတွေအနေနဲ့ သူတို့ ဒေါ်လာဝင်တဲ့ဟာနဲ့ ပြတဲ့ဟာက တကယ့်တကယ် ပြတဲ့အခါကြတော့ ခြောက်ကျပ်နှုန်းနဲ့ ပြပြီးတော့။ တကယ်ပြသင့်တာက ၁ ထောင်နှုန်းနဲ့ ပြသင့်တယ် ဆိုတော့ အဲဒီကြားထဲမှာ difference တွေက အများကြီး ရှိတာပေါ့။ အဲဒီနေရာတွေမှာစားကွက်တွေ ရောက်လာတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဦးအောင်ခင်ရဲ့ သုံးသပ်ချက်ထဲမှာ နာဂစ်လေဘေးတုန်းက နိုင်ငံခြား န်ထမ်းတွေ ကိစ္စကိုလည်း ထည့်ပြောထားတယ်။ အဲဒီနေရာမှာ ဒေါ်လာ ၁၀ သန်းကျော်လောက် မြန်မာအစိုးရက အမြတ်ထွက်သွားတယ်ဆိုတာ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ အမြတ်ထွက်သွားသလဲဆိုတာကို နည်းနည်း ရှင်းပြပေးပါ။
ဦးအောင်ခင် ။ ။ အဲဒါက နာဂစ်လေဘေးမှာ ရတဲ့ ဒေါ်လာတွေက များသောအားဖြင့် နိုင်ငံခြားကနေ ပစ္စည်းဝယ်ပို့တာပါ။ ပစ္စည်းဝယ်ပို့တာတွေက အတော်များတယ်။ အဲဒါတွေကတော့ ဗမာပြည်ထဲကို မရောက်ဘူး။ ဗမာပြည်ထဲကို ရောက်တာ အမှုထမ်းတွေပါ။ အဲဒီ အမှုထမ်းတွေ ဗမာပြည်ထဲ ရောက်လာပြီးတော့ ဗမာပြည်ထဲ သွားလာနေထိုင် သုံးစရိတ်တွေ။ အဲဒီ အသုံးစရိတ်တွေကို FEC နဲ့ လဲပြီးသုံးရတယ်။ ဒေါ်လာနဲ့ မသုံးနိုင်ဘူး။ အဲဒီအချိန်မှာ FEC က သိပ်နည်းနေတယ်။ အပြင်မှာ ကျပ် က FEC နဲ့ဆိုရင် ၈၀၀ လောက်ရှိမယ်ဆိုရင် ရမယ့်ဟာကို အပြင်မှာတရားဝင်ပေါက်ဈေးနဲ့ ဒေါ်လာကို လဲမယ်ဆိုရင် တစ်ထောင်ကျော်လောက် ရနိုင်ပေမယ့် FEC နဲ့ က ၈၀၀ လောက်ပဲရတဲ့အတွက် အဲဒါတွေအားလုံး စုပေါင်းလိုက်ရင် သူတို့တွက်တာ ဒေါ်လာ ဆယ်သန်းလောက် အစိုးရဘက် အမြတ်ထွက်သွားတယ်လို့ ပြောတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဗမာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေနဲ့ လခရတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေ၊ မြန်မာဝန်ထမ်းတွေ များများရှိလို့ရှိရင် အခု FEC စနစ် ရှိနေသမျှကာလပတ်လုံး ဗမာအစိုးရအနေနဲ့ ပိုပြီး အကျိုးရှိမှာပေါ့။
ဦးအောင်ခင် ။ ။ FEC က ဒေါ်လာအတု - လူတွေကို ဒေါ်လာအတု ကိုင်ခိုင်းပြီး သူတို့က ဒေါ်လာအစစ် ကိုင်ထားတာ။ ဒီဥစ္စာကြီးကို ဘယ်လိုလုပ် သူတို့အကျိုးခံစားနေရတာကို ဘယ်လိုလုပ် ဖျက်မလဲ ဆိုတာ ကိုတော့ စဉ်းစားစရာပါ။ ဒီ အစိုးရက သူ့အကျိုးစီးပွား ထိခိုက်တာကို လုံးဝ လက်မခံဘူး ဆိုတော့ ဒီဟာကို ဖြစ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါတွေ ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒီ သောကြာနေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာ့ ဘဏ် ဥက္ကဋ္ဌ ဦးသန်းညိမ်းက FEC ကိစ္စက မြန်မာပြည်မှာ အခုလုပ်နေတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်ဖို့ လုပ်နေတဲ့ကိစ္စတွေမှာ ပါသွားပြီးတော့ နောက်ပိုင်းမှာ ဖျက်သိမ်းမယ်ဆိုတာတွေ ပါတယ်။ အဲဒီတော့ အဲဒီလို လုပ်တဲ့အခါမှာ FEC လက်ဝယ်ရှိတဲ့ နိုင်ငံသားတွေ နစ်နာမှုမရှိဘို့ လုပ်ပေးမယ် လို့လည်း ကတိပြုသွားခဲ့တယ်။ အဲဒီတော့ FEC ကို လက်ထဲမှာ သိမ်းထားတယ်လူတွေအနေနဲ့ ဘယ်လိုများ နစ်နာစရာအကြောင်းတွေ ရှိနေသလဲ။ တကယ်လို အခုလို နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းကို အစိုးရကနေ သေချာပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်ရင်။
ဦးအောင်ခင် ။ ။ FEC ကိုင်တဲ့လူတွေကို သူက အစကတည်းက ဒေါ်လာမကိုင်စေချင်လို့ ဒေါ်လာအတု တွေ ထုတ်ပေးထားတာ။ အဲဒီ FEC နဲ့ ဒေါ်လာတော့ ပြန်ဝယ်လို့ရမယ် မထင်ဘူး။ FEC ရှိတဲ့လူတွေကို သူတို့ လျှော်ကြေးပေးချင်တယ်ဆိုရင် ကျပ်ငွေပဲ ထုတ်ပေးမှာပေါ့။ ကျပ်ငွေကတော့ သူတို့ လိုသလို ရိုက်ထုတ်လို့ ရတယ်။ အဲဒီတော့ FEC ကိုင်တဲ့လူတွေကို ဘယ်လောက်ပဲ ရှိတဲ့တန်းဖိုးကို ကျပ်နဲ့ တွက်ပြီး ကျပ်နဲ့ပဲ ထုတ်ပေးမှာပေါ့။ ဒေါ်လာတော့ ထုတ်ပေးမယ်လို့ မထင်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါဆိုလိုရှိရင် ဒီလို သတင်းတွေထွက်နေပြီဆိုရင် ဗမာပြည်မှာ FEC ကိုင်ထားတဲ့ လူတွေအနေနဲ့ တုန်လှုပ်နေကြတဲ့ ပုံစံတော့ ရှိကြမှာပေါ့။
ဦအောင်ခင် ။ ။ မတတ်နိုင်ကြဘူး။ ဒီဥစ္စာကြီးက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး။ ဗမာငွေနဲ့ပဲ လဲလို့ ရတာ။ ဒေါ်လာ ဝယ်လို့ရတဲ့ ပိုက်ဆံမှ မဟုတ်ဘဲ။ ပစ္စည်းဝယ်ပေါ့။ ပစ္စည်းကြီးတွေက FEC သုံးလို့ရတဲ့ ပစ္စည်းကြီးတွေဖြစ်တဲ့ ရေခဲသေတ္တာ၊ ဘာတို့တွေပေါ့။ FEC နဲ့ ဝယ်လို့ရတဲ့ ပစ္စည်းတွေ အကုန်ဝယ် ထားပေါ့။ ဒါပဲရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ နောက်ပိုင်းမှာ မြန်မာငွေက အခုလောလောဆယ်တော့ တစ်ဒေါ်လာကို ၇၀၀ ကျော်နှုန်းလောက် ဖြစ်နေတယ်။ အဲဒီတော့ အစိုးရသတ်မှတ်ထားတဲ့ ၆ ဒေါ်လာနှုန်းနဲ့ ပြင်ပ ဒေါ်လာ ဈေးနှုန်းမှာ ၇၀၀ ကျော်နှုန်း၊ FEC မှာ ၆ ရာကျော်ရှိတယ်။ အဲဒီ သုံးခုကြားထဲမှာ မျှတမယ့် နှုန်းထား ဆိုတာက ဘယ်လိုနှုန်းထားမျိုးလောက်ကို ဖြစ်လာလိမ့်မယ်လို့ ထင်ပါသလဲ။
ဦးအောင်ခင် ။ ။ ဒီကိစ္စကိုတော့ သူတို့တွက်ကြတာပေါ့။ ပညာရှင်တွေ တွက်ကြတယ်။ ကျနော်က တော့ လေ့လာမိသလောက်ကတော့ IMF က ၂၀၀၈ ခုနှစ်မှာ စာတမ်းတစောင်ထုတ်တယ်။ ဂျပန် မာစတာဟီရို ဟိုရီ နဲ့ ယုချင်ဟုန် ဆိုတဲ့ ပုဂ္ဂိုလ် နှစ်ယောက် ရေးတာ။ သူတို့ နှစ်ယောက်ကတော့ တွက်ချက်ပြီးတော့ unified market - အားလုံးစုပြီးတော့ တခုတည်းသော ဈေးကွက်ကို ထားမယ် ဆိုရင် ငွေကြေးဖလှယ်နှုန်းက ၅၀၀ ဝန်းကျင်လောက် ရှိသင့်တယ်လို့ သူတို့ ရေးထားတာကို တွေ့ရတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ၅ ရာ နှုန်းထားလောက် ဖြစ်သွားမယ်ဆိုရင် ဒီလို သတ်မှတ်နိုင်ပြီဆိုရင် အထူးသဖြင့် ကျနော်တို့တတွေ နိုင်ငံရပ်ခြားမှာဆိုရင် ထိုင်းနိုင်ငံမှာဆိုရင် လေဆိပ်ထဲဝင်လိုက်တာနဲ့ ငွေလဲလှယ်တဲ့ ကောင်တာမှာ ထိုင်းဘတ်ငွေ က အမေရိကန်နဲ့ဆိုရင် ဘယ်လောက်။ အိမ်နီးချင်း တရုတ် ယွမ်ငွေ က အမေရိကန် နဲ့ ထိုင်းဘတ်ငွေနဲ့ ဘယ်လောက်ဆိုပြီ နှုန်းထားလေးတွေ ကပ်ထားတာ ရှိတယ်။ နောက်ဆုံး ဘင်္ဂလာဒေ့ရှ်နိုင်ငံက တာကာ၊ အိန္ဒိယက ရူးပီငွေတွေတောင် ဇယားမှာ ပါတယ်။ ဗမာငွေ ကျပ်ငွေဆိုတာ ဘယ်တုန်းကမှ ဇယားထဲမှာ မတွေ့ခဲ့ဘူးဆိုတော့ နောက်ပိုင်းမှာ ဒါတွေကို တွေ့မြင်လာရမယ်ဆိုတဲ့ သဘောပေ့ါ။
ဦးအောင်ခင် ။ ။ သူတို့ unified market လုပ်ရင်တော့ ကျပ်ကို convertable ဖြစ်လာရင်တော့ ဒီထဲပါလာမှာပေါ့။ အဲဒါကလဲ သူတို့က ဈေးကွက်သဘောတရားကို သူတို့က လေးစားအုံးမှ။ မလေးစားဘဲ တဘက်သတ် ထင်ရာလုပ်နေရင်တော့ ကျပ်က ဘယ်တော့မှ အသုံးကျမှာ မဟုတ်ဘူး။ လူတွေက ယုံကြည်မှုပေါ်မှာ မူတည်တယ်။ သူတို့လုပ်ချင်တိုင်းလုပ် ပြောချင်တိုင်းပြောပေမယ့် တကယ့် တကယ် မယုံကြည်ရင် ဘာမှမတတ်နိုင်ဘူး။ ဈေးသတ်မှတ်ပေမယ့်လည်း သတ်မှတ်တဲ့ ဈေးကို မယုံကြည်ရင် ဈေးကွက်ကဈေး တမျိုးဖြစ်နေမှာ။ အဲဒီအတိုင်း လိုက်နိုင်အောင်လိုက်ပေါ့။ ဒါပဲရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ လန်ဒန်မြို့မှာရှိတဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်ခင်ကို ဆက်သွယ်ဆွေးနွေး သုံးသပ်တင်ပြထားတာ ဖြစ်ပါတယ်။