ထိုင်းအစိုးရသစ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းအစိုးရသစ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ် ရှင်နာဝပ် (YinLuck Shinawatra) ရဲ့ လက်ထက်မှာ စီးပွားရေးတိုးချဲ့ လုပ်ကိုင်လာတာနဲ့အတူ ထိုင်းနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုလာပြီး နိုင်ငံရပ်ခြားက ကျွမ်းကျင်အလုပ်သမားတွေ နေရာရလာမယ့် အခြေအနေရှိမယ်လို့ ဆိုပါတယ်။ ထိုင်းအခြေခံ အလုပ်သမားတွေရဲ့ လစာတွေကို မြှင့်တင်ပေးဖို့လည်း ရှိတာမို့ ဈေးနှုန်းသက်သာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ ပိုသုံးလာဖို့လည်း ဖြစ်နိုင်တယ်လို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ ဦးမြင့်ဝေက သုံးသပ်ပြောဆိုပါတယ်။

ဦးမြင့်ဝေ ။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ဒီ အနီရောင်ဆန္ဒပြကြသူတွေနဲ့ တော်တော် နီးစပ်ကြတယ်။ အနီရောင်တွေကလည်း အောက်ခြေလူတန်းစားတွေ ဖြစ်တာကို။ သူတို့ကြားထဲမှာ နီးစပ်မှုရှိတယ်။ နောက်တခါ သက်ဆင် ဝန်ကြီးချုပ်ဘဝတုန်းကလည်း မြန်မာအလုပ်သမားတွေအားလုံး အလုပ်သမားလက်မှတ် မှတ်ပုံတင်ရေးကို သူက စပြီးလုပ်လို့ လူဦးရေတသန်းနဲ့ နှစ်သိန်းကျော်လောက် မှတ်ပုံတင်ခွင့်ပေးခဲ့တယ်။ ဆိုတော့ ခွန်ယင်းလပ် လက်ထက်မှာ ဖြစ်နိုင်စရာက အစိုးရက migrant workers ပေါ်မှာတော့ ဖိနှိပ်မှုတွေ ပေါ်လစီအရ ထိခိုက်အောင် မလုပ်နိုင်ဘူး။ သို့သော် ဖြစ်နိုင်ချေတခု ရှိတာကတော့ သူက အနိမ့်ဆုံး လုပ်အားခကို ဘတ် ၃၀၀ ကို သူက တိုးချဲ့မယ်။ တိုးမြှင့်ပေးမယ်။ အဲဒီလို တိုးမြှင့်ပေးလို့ရှိရင် ထိုင်းလုပ်ငန်းရှင်တွေက သူတို့ ထိုင်းအလုပ်သမားတွေကိုခန့်ရင် သူတို့ ဘယ်လိုပဲ ဖြစ်ဖြစ် တနေ့ကို ၃၀၀ ရာနှုန်းပေးရမယ်ဆိုရင် သူတို့က ဗမာအလုပ်သမားတွေကို အစားထိုး ခန့်ဖို့များတယ်။

ဦးသန်းလွင်ထွန်း ။ ။ လာမယ့် ခွန်ယင်းလပ် အစိုးရလက်ထက်မှာ စီးပွားရေးတိုးချဲ့လာလို့ရှိရင် ထိုင်းနိုင်ငံအတွင်းမှာ လုပ်ငန်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမယ်ဆိုတဲ့ သဘောလား။ အခုလောလောဆယ်ရော ထိုင်းနိုင်ငံအတွင်းမှာက မြန်မာနိုင်ငံကလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ လိုအပ်ချက်က ဘယ်လောက်လောက် ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ အခုလောလောဆယ်ကတော့ ပိုပြီးတိုးနေပြီတော့ board of investment နိုင်ငံတကာ ရင်းနှီးမြှုပ်နံှရေးဆိုတာက နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေနဲ့ ပတ်သက်ရင် တော်တော်အရှိန်အဝါကြီးတယ်။ လုပ်ပိုင်ခွင့်လည်း အတော်ရှိတယ်။ အခုတောင် သူတို့က ဘာတောင် အဆိုတင်သွင်းနေသလဲဆိုရင် မြန်မာအလုပ်သမားတို့၊ လာအို၊ ကမ္ဘောဒီယားတို့က မကျွမ်းကျင်သော အဆင့်နိမ့်အလုပ်သမားကို။ အခု သူတို့က Industry စက်ရုံကြီးတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေက ကျွမ်းကျင်အလုပ်သမားတွေအဖြစ် သုံးပြီး ခန့်အပ်ဖို့အထိ သူတို့က အစိုးရဆီကနေ ခွင့်ပြုချက်တွေ တင်သွင်းနေပြီ။

ဆိုတော့ အဓိပ္ပာယ်က မျှော်လင့်ကြည့်တာက စီးပွားရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးလာနိုင်တယ်။ နောက် အလုပ်သမား လိုအပ်ချက်မှာလည်း ရိုးရိုး အောက်ခြေ မကျွမ်းကျင်အဆင့်ကနေ ကျွမ်းကျင်အလုပ်သမား အဆင့်အထိ ဘာသာစကားလည်းတတ်တယ်။ နည်းပညာ၊ အတတ်ပညာတခုခုနဲ့ လာတဲ့ အလုပ်သမားတွေ ဆိုရင် စက်မှုလုပ်ငန်းနဲ့ဆိုင်တဲ့ စက်ရုံကြီးတွေမှာ ကားတပ်ဆင်တဲ့ စက်ရုံတို့၊ စက်မှုလက်မှုနဲ့ လုပ်ရတဲ့ စက်ရုံနေရာမျိုးတွေအထိ သူတို့က ခန့်ဖို့အထိ စဉ်းစားနေတာတွေ ရှိနေပြီ။

ဦးသန်းလွင်ထွန်း ။ ။ ထိုင်းနိုင်ငံမှာက ဘယ်လိုအစိုးရပဲတက်တက် ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေ ယှဉ်လိုက်လို့ရှိရင် ထိုင်းဘက်မှာက လုပ်ငန်းကိုင်ငန်းတွေက ဖွံ့ဖြိုးနေပြီတော့ အလုပ်သမား လိုအပ်ချက်က အမြဲတမ်းရှိနေတော့ ဒီ ရွှေ့ပြောင်းအလုပ်သမားတွေက ဆင်းရဲတဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ ထိုင်းနိုင်ငံထဲကို အမြဲတမ်းဝင်ပြီး လုပ်နေကြတာပဲ။ ဒါပေမဲ့ ဒီ ရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး၊ တရားဝင်ခန့်အပ်ရေး၊ နောက်ပြီးတော့ ဒါမှမဟုတ်လို့ရှိရင် ရွှေ့ပြောင်းအလုပ်သမားတွေကို အခွင့်အရေး တန်းတူပေးပြီးတော့ အလုပ်အကိုင်တွေ စောင့်ရှောက်မှုတွေ ပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ အရင် democratic အဘီဆစ် အစိုးရလက်ထက်နဲ့ အခုလာမယ့် ခွန်ယင်းလပ် အစိုးရတို့ ဘာတွေများ ကွာခြားလာနိုင်စရာတွေ ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ သိပ်တော့ အများကြီးတော့ ကွာခြားမှာမဟုတ်ဘူး။ သိပ်တော့လည်း အများကြီး မျှော်လင့်မထားဘူး။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရက်အစိုးရလက်ထက်မှာတော့ အစိုးရက ပါမန်နစ် အစိုးရဝန်ထမ်းတွေရဲ့ အဆိုတင်သွင်းမှုတွေ နည်းနည်းပိုပြီ အားသန်တယ်။ အဲဒါကြောင့်မို့ သူက အလုပ်သမားတွေ ထိန်းချုပ်ရေးကော်မတီတို့ immigration တို့၊ ရဲတို့ရဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်မှုတွေကို မြန်မာအလုပ်သမားတွေ ရင်ဆိုင်ရတယ်။ ဒါပေမဲ့ ခွန်ယင်းလပ် တက်လာရင်တော့ ဘယ်လိုအခြေအနေ ပြောင်းမလဲတော့ မသိဘူး။ ဒါပေမဲ့ အစိုးရဌာနဆိုင်ရာ အမြဲတမ်း ဝန်ထမ်းတွေကလည်း သူတို့ဘာသာသူတို့ ဌာနဆိုင်ရာအလိုက် အလုပ်သမားဝန်ကြီးဌာန၊ ကျန်းမာရေး၊ ပညာရေးဝန်ကြီး၊ ကာကွယ်ရေးဦးစီးဌာန။ အဲဒါတွေ အကုန်လုံးက သက်ဆိုင်တာဆိုတော့ သူတို့ ဝန်ကြီးဌာနတွေရဲ့ ပေါ်လစီပေါ်မှာလည်း ရိုက်ခတ်တယ်။

ဝန်ကြီးချုပ်တဦးတည်းအပေါ်မှာ မူမတည်ဘူးဆိုတော့ အလုပ်သမားတွေရဲ့ ကာကွယ်စောင့်ရှောက်မှုရယ်။ အလုပ်သမားတွေရဲ့ ဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့၊ လုပ်ငန်းခွင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆင့်ကတော့ မျှော်လင့်သလောက်နဲ့ တကယ့် ဥပဒေပြဌာန်းချက်တွေကိုတော့ လုံးဝမမှီသေးပါဘူး။ ဒီ အစိုးရက အခုန ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အလုပ်စွမ်းအားကို သူတို့ရဲ့ အလုပ်သမားအခွင့်အရေး၊ ဘာညာသေချာ ပံ့ပိုးပေးပြီးတော့ သူတို့ရဲ့ ကုန်ထုန်စွမ်းအားနဲ့ အစိုးရရဲ့ GDP ကို သူက တိုးအောင်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ များများအလုပ်လုပ်နိုင်အောင် လုပ်မယ်ဆိုရင်တော့ သက်တောင့်သက်သာ ဖြစ်မယ်။ စိတ်ချမ်းချမ်းသာသာနဲ့ ဝင်ငွေကောင်းပြီး လုပ်လို့ရမယ်လို့ မျှော်လင့်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားဦးရေ ဘယ်လောက် လောက် ရှိနေသလဲ။ သူတို့အပေါ်ကို တရားဝင်မှတ်ပုံတင်ရေးကိစ္စတွေကရော ဘယ်အခြေအနေအထိ ခရီးရောက်နေပြီလဲ။

ဦးမြင့်ဝေ ။ ။ အခု အလုပ်သမား လက်မှတ်မရှိတဲ့လူတွေကို လက်မှတ်လုပ်ဖို့ ပြီးခဲ့တဲ့လ (၁၅) ရက်ကနေ ဒီလ (၁၄) ရက်နေ့အထိ သက်တမ်းတလ ဖွင့်ပေးတဲ့အချိန်မှာ လူဦးရေ ခန့်မှန်းချေ ငါးသိန်း နီးပါး လောက် အလုပ်သမား မှတ်ပုံလာတင်သွားပြီ။ အဲဒီတော့ ပထမရှိပြီးသာ တသန်းနဲ့ သုံးသိန်း - လာအို၊ ကမ္ဘောဒီယား၊ ဗမာ - နိုင်ငံသားစီစစ်တဲ့ကိစ္စ၊ ပတ်စ်ပို့စ်တွေလည်း လုပ်နေကြပြီ။ work-permit တွေလည်း ရှိတယ်ပေ့ါ။ ခန့်မှန်ချေ တသန်းနဲ့ ခုနှစ်သိန်း၊ ရှစ်သိန်းတို့ ရှိနေပြီ။ လောလောဆယ်ရှိနေတာ။ ဒါက တရားဝင်ပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် ဗမာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ မှတ်ပုံတင်ရေးကိစ္စကရော လွယ်လွယ်ကူကူ ရှိရဲ့လား။

ဦးမြင့်ဝေ ။ ။ လွယ်လွယ်ကူကူတော့ရှိတယ်။ အစိုးရက အလုပ်သမားလက်မှတ်လုပ်ဖို့ ချပေးတဲ့ကိစ္စက လွယ်လွယ်ကူကူရှိတယ်။ ဒါပေမဲ့ ပြဿနာက အလုပ်သမားလုပ်တဲ့အချိန်မှာ အလုပ်ရှင်ရှိရတယ်။ အလုပ်ရှင်က စက်ရုံကြီးတွေနဲ့ အလုပ်ရုံကြီးတွေပဲဖြစ်ဖြစ် အလုပ်ရှင်က အလုပ်သမားတယောက်ကို တရားဝင်ခန့်ဖို့အတွက်ကို သွားပြီးဆောင်ရွက်ရတာကလည်း သိပ်ပြီးတော့ ယိုးဒယားတွေ ပြောသလို ဆိုရင် ယိုးဒယားတယောက် အမေရိကသွားလိုက်တာက ဗမာအလုပ်သမားတယောက် အိမ်မှာခန့်ဖို့ထက် ပိုလွယ်တယ်။ အချိန်အခါ အဲဒီလောက် မကုန်ဘူးတဲ့။ အဲဒီလို ဖြစ်နေတယ်။

အခု အလုပ်ရှင်တွေက သူတို့ကိုယ်စားလှယ်လွှဲတဲ့ တယောက်ကို ငှားပြီးတော့ လွှတ်တာရှိတယ်။ နောက်တခါ မြန်မာပွဲစားတွေကလည်း အရမ်းလွန်ကဲတယ်။ မြန်မာအလုပ်သမားတွေက အလုပ်ရှင်တွေနဲ့ မှတ်ပုံတင်ရဖို့ကို ကြားကပွဲစားတွေက လိုနေတယ်။ ဘာကြောင့်လဲဆိုရင် စကားတို့၊ စာတို့၊ လုပ်ထုံး လုပ်နည်းတွေ မသိဘူး။ မသွားတတ်၊ မလာတတ်ဘူး။ အဲဒီတော့ အဲဒါကို ကြားထဲက ဗမာပွဲစားတွေ ဆောင်ရွက်မှုနဲ့ဆိုတော့ အစိုးရက သုံးထောင့်ရှစ်ရာ ကုန်ကျပြီးတော့ မြန်ဆန်တဲ့ တနေ့ချင်း one stop service လုပ်ပြီးတော့ အလုပ်သမားတွေ လက်ထဲကို original အလုပ်သမားကဒ်ပြားကို ထည့်ပြီးတော့ အလုပ်ရှင်က သိမ်းထားလို့ မရအောင်ဆိုတဲ့ ရည်ရွယ်ချက်ကို သူက စီစဉ်ပေးသော်လည်း အခုန ကြားပွဲစားတွေနဲ့၊ အစိုးရပေါ်လစီအရ နည်းနည်း အလုပ်ရှင်ဘက်မှာ အလုပ်သမားကို ထိန်းချုပ်စေချင်တဲ့ ဘက်ကများတဲ့အခါကျတော့ အလုပ်သမားတချို့က သုံးထောင့်ရှစ်ရာလို့ ပြောသော်ငြားလည်း တချို့ ဆိုရင် ခြောက်ထောင်၊ ခုနှစ်ထောင် ကုန်ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာအလုပ်သမားတွေအနေနဲ့ ဘယ်လိုကဏ္ဍတွေမှာ အလုပ်များလဲ။ အထူးသဖြင့် အဲဒီလုပ်ငန်းတွေမှာ ဒေသခံထိုင်းတွေက မလုပ်ကြဘူးလား။ လုပ်ခလစာအနေနဲ့ ဘယ်လောက် ကွာခြားမှုတွေ ရှိနေသလဲ။

ဦးမြင့်ဝေ ။ ။ ဘန်ကောက်မြို့ကြီးအနေနဲ့တော့ မြို့တော်ကြီးတွေမှာတော့ သိပ်မကွာခြားဘူး။ တချို့ လုပ်ငန်းဆိုရင် ဗမာအလုပ်သမားတွေရဲ့ လစာက ထိုင်းနဲ့ ယှဉ်မယ်ဆိုရင် ကျွမ်းကျင်မှု - ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းမှာဆိုရင် ကျွမ်းကျင်တဲ့ မြန်မာပြည်သား ဗမာ၊ မွန်တို့၊ ကရင်တို့က ထိုင်းထက်တောင် လစာများတယ်။ သူတို့က ဖိုမင် အသေးစားတွေတောင်ရှိတယ်။ ဒါပေမဲ့ နယ်တွေမှာတော့ နယ်က ထိုင်းအလုပ်ကိုယ်တိုင် လစာနည်းတော့ ဘုရားသုံးဆူ၊ ကမ်ချနာဘူရီ ဧရိယာဆိုရင် ဆန္ဒပြပြီးတော့ တနေ့ လုပ်အားခ ရှစ်ဆယ်ပဲ ရတာတွေ ဖြစ်နေတယ်။

မဲဆောက်လည်း ဒီအတိုင်းပဲ။ လုပ်အားခအနေနဲ့ကတော့ မြို့ကြီးတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေရဲ့ ဝင်ငွေအနေနဲ့ ပြန်တွက်မယ်ဆိုရင် ထိုင်းအလုပ်သမားနဲ့ သိပ်မကွာဘူး။ တချို့စက်ရုံကြီးတွေမှာဆိုရင် တကယ်ကို တန်းတူရတယ်။ နိုင်ငံခြားကို အားကစားပစ္စည်းချုပ်ပြီး ပို့တဲ့စက်ရုံမျိုး။ နိုင်ငံခြားကို ပို့တဲ့ စက်မှုလုပ်ငန်းမျိုးတွေမှာ လုပ်ရတယ်၊ စက်ရုံကြီးတွေမှာ လုပ်ရတဲ့ ဗမာပြည်သားအလုပ်သမားတချို့က ထိုင်းအလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်နေတာတောင်ရှိတယ်။ ပြီးတော့ ထိုင်းအလုပ်သမား သမဂ္ဂတွေက သူတို့နဲ့အတူတူ ပူးပေါင်းပြီးတော့ ကာကွယ်တာတွေလည်း ရှိတယ်။ Level တခုမှာ လူဦးရေသိပ်မများလှတဲ့အဆင့်က ဝင်ငွေကောင်းတဲ့အဆင့်မှာ ရှိနေတယ်။ ဒါပေမဲ့ အများစုက အများအားဖြင့် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးလုပ်ငန်း။ နောက်တခါ လုပ်ငန်းအသေးစားတွေ စားသောက်ဆိုင်တို့၊ အိမ်တွင်းပစ္စည်းထုတ်လုပ်တဲ့ကိစ္စတို့၊ အထည်ချုပ်တဲ့လုပ်ငန်းတို့ - အသေးစား မိသားစု စက်ကလေး လေးငါးဆယ်လုံးနဲ့ ချုပ်တဲ့လူမျိုးတွေမှာတော့ လုပ်အားခနည်းတယ်။ နောက်တခါ အဲဒီလို လူမျိုးတွေကလည်း ဗမာအလုပ်သမား ငှားကြတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုတော့ ဒီအလုပ်သမားတွေက ထိုင်းနိုင်ငံထဲမှာရတဲ့ ဝင်ငွေတွေကို မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ အိမ်ကို ပြန်ပို့ဖို့ အရေးကိစ္စမှာ ဘယ်လိုအခြေအနေတွေ ရှိပါသလဲ။

ဦးမြင့်ဝေ ။ ။ အဲဒါကတော့ အခုက ငွေကြေးမှာ မြန်မာပြည်က မြင့်တက်သွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ တလောမှာတော့ အလုပ်သမားတွေ ညီးညူကြတယ်။ နောက်တခါ ငွေကြေးကို တရားဝင် အခုအချိန်အထိ - အခုမှာတော့ တရားမဝင် ငွေလွှဲနေတဲ့လူတွေနဲ့ပဲ သုံးနေရတုန်းပဲ။ ထိုင်းနိုင်ငံထဲမှာတော့ ဘဏ်စနစ်နဲ့ ဘဏ်စာရင်းတွေပါတွေ ဖွင့်ခွင့်ရပြီးတော့ တချို့ဘဏ်တွေဆိုရင် ဗမာလို အေတီအမ်စက်က ကွန်ပြူတာမှာ ဗမာလို ဖတ်လို့ရအောင်ပါ စီစဉ်ပေးတဲ့ ဘဏ်တွေဘာတွေ ရှိနေပြီ။ သို့သော် မြန်မာပြည်ထဲကို ယိုးဒယားကနေ လုံလုံခြုံခြုံ လုပ်အားခ စုထားတဲ့ငွေကို တရားငွေအနေနဲ့ လွှဲဖို့အဆင့်တော့ မရောက်လာသေးဘူး။ ထိုင်းဘဏ်နှစ်ခုကတော့ ဗမာပြည်မှာသွားပြီး ဘဏ်ခွဲဖွင့်ဖို့တော့ ကြိုးစားနေတယ်။ သို့သော် ဗမာအစိုးရဘက်က ဘယ်လောက် international marketing ငွေကြေးတန်ဖိုး exchange နဲ့ လဲပေးမှာလား။ သူတို့ဘဏ်က သူတို့ ဗမာပြည်သားတွေ ဗမာပြည်တွင်းမှာ ထိုင်းငွေနဲ့ ထုတ်ပေးလို့ရမှာလား ဘယ်လိုလုပ်မလဲဆိုတာတော့ မသိသေးဘူး။