အလုပ်သမားများ အခွင့်အရေးဆိုင်ရာ

ဒေါ်ခင်စိုးဝင်း ။ ။ ILO ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကနေပြီးတော့ မြန်မာနိုင်ငံကို ကန့်သတ်ထားခဲ့တဲ့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းပေးလိုက်ပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးအနေနဲ့ ဘယ်လိုများ မှတ်ချက်ပေးချင်ပါသလဲ။

ဦးအောင်ကြည် ။ ။ ကျနော်တို့ နိုင်ငံအပေါ်မှာ ILO ရဲ့ ကန့်သတ်ချက်က ၁၉၉၉ ခုနှစ်တုန်းကတော့ (၃) ချက်ရှိတယ်။ အဲဒီ (၃) ချက်ကတော့ ကျနော်တို့ကို assistance ပေးဖို့ကိစ္စတွေ - trading, technical assistance တို့။ ဒါမျိုးတွေကို ကန့်သတ်တာပါ။ ဒါပေမဲ့ ၂၀၀၀ ခုနှစ်မှာ ကန့်သတ်တဲ့အချက်ကြတော့ တခြား နိုင်ငံတွေ၊ ကုလသမဂ္ဂညီလာခံ၊ နောက် Eco Source အပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး အပေါ်မှာ မေတ္တာရပ်ခံချက်တွေ ဖြစ်လာတဲ့အခါကြတော့ နိုင်ငံရဲ့ စီးပွားရေးကိုပါ ထိခိုက်စေခဲ့ပါတယ်။ ဒီလို ထိခိုက်စေတဲ့အတွက်လည်း ကျနော်တို့ နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေ ဖြစ်လာခဲ့ပြီးတော့ ကျနော်တို့ နိုင်ငံသားတချို့ဟာ ပြည်ပနိုင်ငံကိုသွားပြီးတော့ အလုပ်လုပ်ရတဲ့ အနေအထားဟာ အဲဒီအချိန်မှာ ပိုပြီးတော့ ထင်ထင်ရှားရှား ကျယ်ကျယ်ပြန့်ပြန့်ပြီး ဖြစ်လာတယ့်သဘောမျိုး ဖြစ်ပါတယ်။ ကျနော်တို့ အချက်အလက်တွေ data အချက်အလက်တွေ ဒီအတိုင်းပဲ တွေ့ရပါတယ်။ အခု ILO အနေနဲ့ အခုဆိုလို့ရှိရင် 99 Resolutions (၃) ချက်စလုံးကို lift လုပ်ပေးပါတယ်။ ပြီးတော့ 2000 Resolutions မှာ (၃) ချက်ကို လုံးဝ lift လုပ်ပြီးတော့မှ တချက်ကိုတော့ suspend လုပ်ထားပါတယ်။ နောက်တချက်ကတော့ lift လုပ်တဲ့သဘောပါပဲ။ သူကတော့ တကယ့်တကယ် အဖွဲ့အစည်းနဲ့ ဌာနနဲ့ မသက်ဆိုင်ဘဲနဲ့ ကျနော်တို့ ဒီကိုရောက်လာတဲ့အခါမှာ mission အဖွဲ့အနေနဲ့ ကြားနားရတဲ့အပိုင်းမှာ special sitting ထိုင်ရတဲ့အပိုင်းလေး။ procedure သဘောနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။ အဲဒီ procedure ကို လျှော့ပေးတဲ့သဘောပါ။ အဲဒီတော့ (၈) ချက်မှာ (၇) ချက်ကို lift လုပ်ပေးတော့ပြီးမှ တချက်ကိုပဲ suspend လုပ်တဲ့သဘောမျိုး သက်ရောက်နေတယ်ဆိုတော့ ဒီဆုံးဖြတ်ချက်ဟာ ကျနော်တို့ဟာ balance ဖြစ်တယ်၊ မျှတတယ်လို့ ယူဆပါတယ်။ တကြိမ်တည်းတပြိုင်တည်း အကုန်လုံး lift လုပ်ပေးဖို့ဆိုတာကလည်း ဖြစ်တောင့်ဖြစ်ခဲ့ အခွင့်အရေးပါ။ ဒါမျိုးကလည်း ခဲယဉ်းပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ မျှတတဲ့ ဆုံးဖြတ်ချက်တွေလို့ အဲဒီလိုပဲ မြင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာနိုင်ငံအတွင်းမှာ အခုလတ်တလော စက်မှုဇုံတွေမှာ ဖြစ်ပွားနေတဲ့ အလုပ်အခွင့်အရေး တောင်းဆိုတဲ့ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီးတော့ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြားမှာ ဝင်ပြီးစေ့စပ်ဖျန်ဖြေပေးတဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ဝန်ကြီးအနေနဲ့ နည်းနည်းများ ပြောပြပေးလို့ ရပါသလားရှင့်။

ဦးအောင်ကြည် ။ ။ ဒီနေရာမှာ ကျနော် အသိအမှတ်ပြုပြီးတော့ ပြောချင်တာကတော့ ဘာလဲဆိုတော့ ဒီကိုလာခါနီး (၃) ရက်နေ့မှာ ရန်ကုန်မှာ Multilateral Talk တခုလေး လုပ်လိုက်ပါတယ်။ အဲဒီမှာ အဖွဲ့အစည်းတွေအကုန်လုံး ပါကြတယ်။ အလုပ်သမားရေး လှုပ်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရဝန်ကြီးတွေ ဒီပြဿနာကို စဉ်းစားတဲ့အထဲမှာ အချက်တချက် ပါတာပေါ့။ တကယ့်တကယ် သူ့ရဲ့ ခေါင်းစဉ်ကတော့ CMP လုပ်ငန်းနဲ့ သက်ဆိုင်တာပေါ့။ မြန်မာနိုင်ငံမှာတော့ စက်ရုံ၊ အလုပ်ရုံတွေက CMP ပဲ ဖြစ်နေသေးတယ်။ အဲဒီတော့ CMP လုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ်ရှင်၊ အလုပ်သမားပြဿနာတွေကို ဘယ်လို ဖြေရှင်းကြမလဲဆိုတာကို စဉ်းစားကြရင်နဲ့ အဲဒီမှာ connection လေးတခု ရခဲ့တယ်။ အထူးသဖြင့် ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ၊ အလုပ်သမားရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ၊ ကျန်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တယောက်နဲ့တယောက် နားလည်းမှုလေး ရခဲ့တယ်။ အလုပ်သမားဝန်ကြီးဌာန ဘာတွေလုပ်နေတယ်ဆိုတာကိုလည်း အဲဒီအချိန်ကြတော့ သိလာတယ်။ ကျနော်လည်း ရှင်းပြပါတယ်။ အနာဂတ် ကျနော်တို့ သွားမယ်လမ်းကြောင်းက ဘယ်လောက်အတိုင်းအတာအထိသွားမယ်။ ကျနော်တို့ ရောက်ခဲ့တဲ့ခရီးက ဘယ်လောက်အထိ ရောက်နေပြီလဲ။ ဒီလို ရှင်းပြတဲ့အချိန်မှာ အကုန်လုံးကလည်း နားလည်းသဘောပေါက်ပါတယ်။ အပြန်အလှန် အမြင်ချင်း ဖလှယ်နိုင်ကြတဲ့အတွက် တယောက်နဲ့တယောက် နားလည်းမှုရရှိလာပြီးတော့ အဲဒီနောက်ပိုင်းမှာ ဖြေရှင်းရတာ ပိုပြီးတော့ လွယ်လာတာ တွေ့ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည် မနက်တုန်းက ပြောသွားတာလည်း ကြားလိုက်ပါတယ်။ အလုပ်သမား ဥပဒေတွေက ခေတ်နဲ့ မလျော်ညီတော့ဘူး။ အနှိမ့်ဆုံးလစာ သတ်မှတ်ချက်ကအစ ခေတ်နဲ့မဆီလျော်တော့ဘူးလို့ ပြောဆိုခဲ့တယ်။ လူမှုဖူလုံရေး အက်ဥပဒေလိုမျိုးပဲ အလုပ်သမား တခြားဥပဒေတွေကို ပြင်ဆင်တာ ရှိပါသေးသလားရှင့်။

ဦးအောင်ကြည် ။ ။ ကျနော်တို့ ဘာပဲပြောပြော Labor Organization Law အသစ် ထွက်လာပြီ။ နောက် Trade Settlement Law ထွက်လာပြီ။ တနှစ်အတွင်းမှာ ဥပဒေ နှစ်ခု ။ Social Security Law ပါဆိုရင် (၃) ခု ပြောရမှာပါ။ အဲဒီတော့ ဝန်ကြီးဌာနတခုတည်းက ဥပဒေ (၃) ခု။ ဥပဒေ တခုတခု ပြုစုရတာ အတော်ခက်ပါတယ်။ တော်တော်လေးလည်း တိုင်ပင်ရတယ်။ ဆွေးနွေးရတယ်။ အကြိမ်ပေါင်းကို ရာနဲ့ချီပြီးတော့မှ ဆွေးနွေးရတယ်၊ ပြုပြင်ရတယ်၊ ပြင်ဆင်ရတယ်။ အခုနလို အထောက်အထားတွေရှာရတယ်။ တနှစ်အတွင်းမှုာ ဥပဒေ (၃) ခု ရေးဆွဲနိုင်ခဲ့တယ်လို့ ဒီလိုပဲ ပြောရမှာဖြစ်ပါတယ်။ ကျနော်တို့ ဆက်ပြီးတော့ လုပ်သွားပါမယ်။ အခုဆိုရင် လာမယ့် လွှတ်တော်မှာ ဥပဒေ (၃) ခု တင်ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီအထဲမှာ အခုနတုန်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားတဲ့ Minimum Wages Act လည်း တခု အပါအဝင်ဖြစ်ပါတယ်။ Minimum Wages Act က ဟိုတုန်းက ရှိခဲ့တဲ့ Minimum Wages Act က တော်တော်လေး ခေတ်မမှီတော့ပါဘူး။ နောက်တခုက တကယ်တမ်း လက်တွေ့လုပ်ဖို့ကလည်း တော်တော်လေး ခဲယဉ်းနေပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ဒီ Minimum Wages Act နဲ့ ပတ်သက်ပြီးတော့ အသစ်ပြန်ရေးဆွဲရတာ ဖြစ်ပါတယ်။ အသစ်ပြန်ရေးဆွဲတဲ့အခါကြတော့ နိုင်ငံတကာအဆင့်လည်း မှီဖို့လိုတယ်။ ဒါကြောင့် ဒီနေ့ဆိုရင် Minimum Wages Act နဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေ။ ဒီ ဂျီနီဗာမှာ ဥပဒေပညာရှင်တွေ ပေါပါတယ်။ ပေါတဲ့အခါကြတော့ အထူးသဖြင့် အငြိမ်စားပညာရှင်တွေ ပုဂ္ဂိုလ်တွေနဲ့ ပြန်ပြီးတော့တိုင်ပင်တယ်။ ကျနော်တို့ ရေးဆွဲထားပြီးသာပြီပါ။ Minimum Wages Act ဥပဒေကို ရေးဆွဲထားပြီဖြစ်တယ်။ Skill development ရေးဆွဲထားပြီဖြစ်တယ်။ ဒါက အလုပ်သမားဖက်က။ ကျနော်က လူမှုဝန်ထမ်းဖက်ကလည်း တာဝန်ရှိတာမို့ Risk – Law လည်း ရေးဆွဲထားပြီဖြစ်တယ်။ ကျနော်မှာ drafts (၃) ခု ရှိနေတယ်။ အဲဒီ drafts (၃) ခုကို international norms တွေနဲ့ ညီမညီ ဒါလေးတွေ ကျနော်တို့ ပြန်ပြီးတော့ ရင်းရင်းနှီးနှီးနဲ့ တယောက်နဲ့တယောက်၊ တခါတည်း အလုပ်ပြတ်သွားတယ်။ ဒီပုဂ္ဂိုလ်ကြီးတွေကို ဗမာပြည် ပြန်ဖိတ်ပြီးမှ ဆွေးနွေးရမယ်၊ လုပ်ရမယ်ဆိုရင် အချိန်လည်းကြာမယ်။ ကုန်ကျစရိတ်တွေလည်းများမယ်။ ဒါကြောင့် ၁၃ ရက်နေ့အထိ ILO ကိစ္စတွေ အပြတ်လုပ်တယ်။ ၁၄ ရက်မှာ ဒါကိုဇောက်ချပြီးတော့ လုပ်တာပါ။ အဲဒီတော့ cost effective တော့ ဖြစ်သွားတာပေါ့။ အများကြီး အလုပ်ဖြစ်ပါတယ်။ ဥပဒေ နောက်ထပ် လာမယ့် လွှတ်တော်မှာ ၃ ခု ဆက်တင်သွားမယ်။ ဆက်လက်ပြီး ကျနော် လုပ်သွားမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ နောက်တခု သိချင်တာက တခြားနိုင်ငံတွေမှာဆို လူမှုဖူလုံရေးစနစ်က အင်မတန်ကိုမှ သက်ကြီးရွယ်အိုတွေအတွက် အင်မတန်ကောင်း၊ စိတ်ချလုံခြုံမှုကို ပေးနိုင်တဲ့ စနစ်လေးတခု။ မြန်မာနိုင်ငံမှာရော ဒီလိုမျိုး လူမှုဖူလုံရေးဌာနအနေနဲ့ သက်ကြီးပင်စင်ကိစ္စ၊ ဘာညာများ လုပ်တာရှိပါသလား။

ဦးအောင်ကြည် ။ ။ ၁၉၅၄ လူမှုဖူလုံရေးဥပဒေအကြောင်းတော့ သိပြီးသာဖြစ်ပါပေါ့။ ဒါပေမဲ့ အဲဒီမှာ အခုအချိန် လက်တွေ့ကျင့်သုံးတဲ့အခါမှာတော့ အများကြီးသူမှာ အဲဒီမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ အခုခေတ်ကာလမှာ social protection ကို လူတိုင်းက ဦးစားပေးလာကြပြီလေ။ ဒီမိုကရေစီခေတ် ရောက်လာတဲ့အခါကြတော့ လူမှုရေးကာကွယ်စောင့်ရှောက်မှုတွေက social security measures တွေက လူတိုင်းက စိတ်ဝင်စားပြီး၊ လူတိုင်းက ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြတဲ့ကိစ္စ။ အဲဒီလိုကိစ္စမျိုးမှာ ကျနော်တို့က ၁၉၅၄ လူမှုဖူလုံရေးဥပဒေတွေဟာ လူအများစု၊ အလုပ်သမားအများစုရဲ့ အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ကြဉ်းမပေးနိုင်အတွက် ယုံကြည်မှု ကျဆင်းနေတယ်။ အမှန်အတိုင်း ပြောရရင်တော့။ ၁၉၅၄ Social Security Act ကို ယုံကြည်မှုကျဆင်းတယ်။ ဒါကြောင့် ကျနော်တို့က အသစ်ရေးဆွဲခဲ့တယ်။ ရေးဆွဲခဲ့တာတောင် ၃ နှစ်တောင် စောစောထဲက ရေးဆွဲခဲ့တာ။ ၃ နှစ်တောင် အချိန်ယူပြီး ရေးဆွဲခဲ့ပါတယ်။ အဲဒီ ရေးဆွဲခဲ့တဲ့ ဥပဒေမှာ ကျနော်တို့အနေနဲ့ high age pension သက်ကြီးတဲ့လူတွေကိုလည်း ပင်စင်ပေးနိုင်တဲ့ အစီအစဉ်တွေ ပါရမယ်။ နောက် အလုပ်လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ ပင်စင်မျိုးလည်း ထည့်တယ်။ နောက် unemployment pension တွေလည်းထည့်တယ်။ နောက်တခါ social security housing project တို့လည်း ထည့်ထားတယ်။ နမူနာကတော့ ဘေးပတ်ဝန်းကျင်က ကောင်းတဲ့နိုင်ငံတွေရဲ့ နမူနာတွေလည်း ယူပါတယ်။ ပြီးတော့ အာဆီယံစံနှုန်း၊ အပြည်ပြည်ဆိုင်ရာစံနှုန်းတွေကို ကြည့်ပြီးတော့ လုပ်ထားပါတယ်။ ဒီ ဥပဒေကတော့ လောလောဆယ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးပြီးသွားကြပါပြီ။ ဒါပေမဲ့ လွှတ်တော်နှစ်ရပ်မှာ တခုနဲ့တခု တချို့နေရာလေးတွေမှာ ပြန်ညှိနှိုင်းဖို့ ကျန်နေသေးတဲ့အတွက် မပြီးပြတ်သေးပါဘူး။ လာမယ် လွှတ်တော်မှာတော့ ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ပြဌာန်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဝန်ကြီးကို နောက်ဆုံးအနေနဲ့ မေးချင်တာက ဝန်ကြီးအနေနဲ့ ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရကြားမှာ ညှိနှိုင်းဆောင်ရွက်ခဲ့တာတွေ ရှိပါတယ်။ အခုလိုမျိုး မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ဖြစ်လာတာ ဝန်ကြီးအနေနဲ့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍကရော အကျိုးသက်ရောက်မှု ရှိပါသလား။

ဦးအောင်ကြည် ။ ။ အကျိုးသက်ရောက်မှု ရှိပါသလားဆိုရင်တော့ အားဖြည့်ပေးရာ ကျလိုက်မယ်လို့ ကျနော်ကထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ reformation strategy ကတော့ နဂိုကတည်းကရှိပြီးသာပါ။ ဒါပေမဲ့ ကျနော်တို့က cooperation and collaboration ဒီပုံစံမျိုးလေးနဲ့ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းတဲ့၊ သွားကြတဲ့အခါကြတော့ မူလရှိပြီးသာ reformation strategy ကို ပိုပြီးအားကောင်းစေပါတယ်။