ဂျွန်မက်ကိန်း မြန်မာပြည်ခရီး နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ

ဂျွန်မက်ကိန်း မြန်မာပြည်ခရီး နဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ မြန်မာခရီးစဉ်နဲ့ မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေ၊ မြန်မာ့နိုင်ငံရေး အခြေအနေ အကြောင်းအရာများကို ထိုင်းအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် နဲ့ ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု ရီပတ်ဘလင်ကန် အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) က မြန်မာနိုင်ငံ (၃) ရက်ကြာ ခရီးစဉ်အပြီး မြန်မာအစိုးရသစ်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးပြေလည်ဖို့ အမှန်တကယ်လိုလားနေတယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။ ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေ၊ လွှတ်တော်အတွင်း အတိုက်အခံခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပြီး သူက အခုလို ပြောကြားခဲ့တာပါ။ မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့ စီးပွားရေးဖွံ့ဖြိုးရေးအတွက် အဓိကကျတဲ့ လုပ်ငန်းစဉ်များအဖြစ် နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းပြန်လွှတ်ပေးရေး၊ နိုင်ငံအတွင်း ဘက်ပေါင်းစုံနဲ့ စစ်မှန်နဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ရေး စတာတွေကိုလည်း သူကတိုက်တွန်းခဲ့ပါတယ်။ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း မြန်မာနိုင်ငံကိုမသွားခင် ထိုင်းနိုင်ငံနယ်စပ်မှာ တွေ့ဆုံခဲ့သူတွေထဲက တဦးဖြစ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် က အခုလို သုံးသပ်ပါတယ်။

ဒေါက်တာနိုင်အောင်။ ။ ကျနော်သိသလောက်တော့ အခုလာတဲ့လူတွေထဲမှာ publicly ဒါတွေ ဒီလိုလုပ်သင့်တယ်။ ဘယ်လိုအခြေအနေမျိုးတွေ ရှိလာမှ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာနိုင်တယ်ဆိုတာဟာမျိုး publicly တိတိကျကျပြောတာဆိုလို့ သူပဲရှိသေးတယ်။ သူ့ရဲ့ ပြောကြားချက်တွေနဲ့ statement ကို ကြည့်မယ်ဆိုရင်တော့ အမေရိကန်အစိုးရနဲ့ သူအပါအဝင် ထားရှိနေတဲ့သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြသွားတယ်။ တပြိုင်နက်ထဲမှာပဲ သူကိုလာခွင့်ပေးတာရယ်။ တွေ့ဆုံတဲ့ စီစဉ်မှုတွေပေါ်မှာတော့ ဗမာအစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးပြေလည်လာဖို့အတွက်ကိုတော့ လိုလိုလားလားရှိနေပုံတော့ သူမြင်တယ်၊ နားလည်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြတာတွေ့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အမေရိကန်ဘက်ကရော မြန်မာနိုင်ငံ အခုလက်ရှိအစိုးရနဲ့ ပိုပြီးတော့ ဆက်ဆံချင်တဲ့ သဘောဆန္ဒဟာ အဓိကအားဖြင့် ဘာကိုရည်ရွယ်တာလဲ။

ဒေါက်တာနိုင်အောင်။ ။ အားလုံးနိုင်ငံတွေ တော်တော်များများမှာတော့ ကျနော်မြင်တာကတော့ အခုဗမာပြည်နဲ့ ပတ်သက်ပြီး ပြောဆိုနေကြတာ ဗမာပြည်ထဲမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့အတွက်ကို ပြောကြတာပေါ့။ အမေရိကန်ဘက်ကလည်း ၂၀၁၀ အစိုးရသစ်ဖြစ်လာပြီးအခါမှာ ဒီအစိုးရသစ်အနေနဲ့ ဒီလိုမျိုး အခြေအနေမျိုးမှာ ပုံစံအသစ်များ၊ လမ်းကြောင်းအသစ်များ ပြောင်းလာမလားလို့ နိုင်ငံတော်တော်များများက စိတ်ဝင်စားကြတာလည်းရှိတယ်။ နောက်တခုက အမေရိကန်နိုင်ငံအနေနဲ့လည်း နောက်ပိုင်းမှာက သူတို့ပြောတဲ့ critical engagement ထိတွေ့ဆက်ဆံမယ်၊ သို့သော်လည်း ကိုယ်ပြောချင်တဲ့ ကိုယ့်ရဲ့ position ကိုလည်း ရှင်းရှင်းလင်းလင်းပြောမယ်၊ နားချပြီးတော့ ပြောမယ်။ တဖတ်မှာလည်း pressure mechanism တွေကိုလည်း လိုအပ်သလို ဆက်ပြီးကိုင်ထားမယ်။ လိုအပ်ရင်လည်း တိုးသွားမယ်။ ဆိုတော့ သူပြောတဲ့အထဲမှာပါသလိုပဲ အမေရိကန်အစိုးရက အစိုးရပေါ်လစီကတော့ အပြောင်းအလဲတွေ မလုပ်နေဘူးဆိုရင် နဂိုပိတ်ဆို့အရေးယူထားတွေ ရှိမှာပဲ။ အပြောင်းအလဲတွေလုပ်လာလို့ရင်တော့ ဆက်ဆံရေးတွေလည်း ပိုကောင်းလာပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာမယ်။ ဆိုတော့ အဲဒါကိုပဲ သူတို့ တဖွဖွလာပြောနေကြတယ်လို့ ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ပြောသွားတဲ့အချက်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီသူရဲကောင်းတယောက်အဖြစ် သူ့အနေနဲ့ ချီးမွမ်းတဲ့အပြင်ကို မြန်မာနိုင်ငံအတွင်းမှာ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေ တရားဝင်ဖြစ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့ဝင်တွေ၊ အတိုက်အခံခေါင်းဆောင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲဒါတွေအကုန်လုံးနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက်ပဲ တောင်းဆိုထားတာကို တွေ့ရတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရအစဉ်အဆက်က အမေရိကန်လွှတ်တော်အမတ်တွေ အစဉ်အဆက်ပြောနေကြတာက ၁၉၉၀ ရွေးကောက်ပွဲရလဒ်။ ဒါမှမဟုတ်လို့ရှိရင်လည်း မကြာသေးခင်က ကျင်းပသွားတဲ့ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိပါဘူးဆိုတဲ့အချက်။ အဲဒါတွေကိုတော့ သူ့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း ထည့်ပြီးဖော်ပြသွားတာကို မတွေ့ဘူး။ အဲဒါနဲ့ ပတ်သက်လို့ရော ဒေါက်တာနိုင်အောင်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဒေါက်တာနိုင်အောင်။ ။ အခု သုံးပွင့်ဆိုင်ဆွေးနွေးပွဲလို အန်အယ်လ်ဒီ နဲ့ တွေ့ပါ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ အန်အယ်လ်ဒီ တို့ကို နိုင်ငံရေးပါတီအဖြစ်နဲ့ အသိအမှတ်ပြုပါ။ တိုင်းရင်းသားတွေလည်း ၉၀ ရွေးကောက်ပွဲရလဒ်ကို တစုံတရာ အသိအမှတ်ပြုတဲ့သဘောပေါ့။ ကျနော် နားလည်သဘောပေါက်တာကလည်း ၉၀ ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေကလည်း အန်အယ်လ်ဒီ အပါအဝင် ၉၀ ရွေးကောက်ပွဲရလာဒ်၊ လွှတ်တော်ကြီးကို ပြန်ခေါ်ပေးဖို့ တောင်းဆိုနေတာမျိုး မရှိပါဘူး။ အားလုံးကတော့ နိုင်ငံရေးပြဿနာကို ပြေလည်ချင်လို့ ပြောတာပဲ။ ဆိုတော့ တွေ့ဆုံဆွေးနွေးရေး သုံးပွင့်ဆိုင်လို့ ပြောတာကလည်း ၉၀ ရွေးကောက်ပွဲရလဒ်ကို တစုံတရာ အသိမှတ်ပြုသလိုပေါ့။ နောက်တခုက ၂၀၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် တကယ်တမ်း ၂၀၁၀ ရွေးကောက်ပွဲကြီးကို အသိအမှတ်ပြုနေတယ် ဆိုလို့ရှိရင် ဘာဖြစ်လို့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ထပ်ပြီးတိုက်တွန်းမှာလဲ။ ဒီဟာကိုပဲ ကျနော်ထင်တာကတော့ သံတမန်နည်းအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဆိုပြုချက်ကိုပဲ အဓိက မီးမောင်းထိုးပြသွားပြီးတော့မှ အဲဒါတွေဖြစ်လာဖို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ICRC ပေးလည်ပေးဖို့ အစရှိသဖြင့် ဒါတွေလုပ်ပြီမှ တွေ့ဆုံဆွေးနွေးရေးကို ဦးတည်ပြီးလုပ်ပါ။ ဒါတွေဒါတွေ ပြောင်းလာရင်တော့ လူ့အခွင့်အရေး အခြေအနေတွေ၊ ပြည်သူတွေရဲ့ အခြေအနေတွေ ပြောင်းလာလို့ရှိရင်တော့ နိုင်ငံတွေရဲ့ ပူးပေါင်းဆက်ဆံရေး မြှင့်လာမှာပဲဆိုတာကို ပြောသွားတဲ့သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် အမေရိကန်ရဲ့ အဓိက စိုးရိမ်ချက်ဖြစ်တဲ့ အဏုမြူလက်နက် မပြန့်ပွါးရေး ကိစ္စ၊ မြောက်ကိုရီးယား နဲ့ စစ်ရေးဆက်ဆံမှု အဲဒါတွေကိုလည်း သတိပေးသွားတာကို တွေ့ရတယ်။ အဲဒီလို သတိပေးချက်တွေနဲ့ ပတ်သက်လို့ရော မြန်မာအစိုးရဖက်က လိုက်နာဖို့၊ လိုက်လိုက်လျောလျောရှိဖို့ အလားအလာရှိရဲ့လား။

ဒေါက်တာနိုင်အောင် ။ ။ မြန်မာ့အလင်းကို ဖတ်ကြည့်တော့ ထူးထူးခြားခြား သွားသတိပြုမိတာရှိတယ်။ သတင်းစာထဲမှာ ရေးထားတာက ဟုတ်မဟုတ်တော့ မသိပါဘူး။ နျူကလီယားကိစ္စတွေ လုပ်တာက သူတို့ရဲ့ ကျန်းမာရေးနဲ့ သုတေသနလုပ်ငန်းတွေအတွက် ရုရှားရဲ့ အကူအညီနဲ့လုပ်တာပါ။ သူတို့အနေနဲ့လည်း ခေတ်နောက်ကျမကျန်ခဲ့ရအောင် လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ နိုင်ငံတကာက နားလည်မှုတွေ လွဲမှားဆိုလို့ အဲဒါကို ရပ်လိုက်ပြီလို့ သတင်းစာထဲမှာတော့ ရေးထားတာပဲ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက အဏုမြူစီမံကိန်းကိစ္စပေါ့။ မြောက်ကိုရီးယားနဲ့ စစ်ရေးဆက်ဆံမှုကိစ္စကရော။

ဒေါက်တာနိုင်အောင်။ ။ အဲဒါကတော့ သူတို့ပြောတာကတော့ သူတို့ပြောတဲ့စကားအတိုင်းပြောရင်တော့ ကုလသမဂ္ဂရဲ့ အဖွဲ့ဝင်နိုင်ငံတခု၊ ကမ္ဘာ့မိသားစုအဖွဲ့ဝင်နိုင်ငံတခု၊ မြန်မာနိုင်ငံလည်း လွတ်လပ်တဲ့နိုင်ငံတခုဆိုတော့ အားလုံးနဲ့ သူတို့အနေနဲ့ ဗမာပြည်အတွက် အကျိုးရှိမယ်ဆိုရင် အားလုံးနဲ့ ဆက်ဆံဖို့အခွင့်အရေးရှိတယ်လို့ သတင်းစာထဲမှာ ရေးထားတာကိုတွေ့တယ်။

ဦးသန်းလွင်ထွန်း ။ ။ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မြန်မာပြည်ကို မသွားခင်မှာ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေကို သွားပြီးတော့ ကြည့်ရှုတယ်။ ဒေါက်တာစင်သီယာ ဆေးခန်းကိုလည်း ကြည့်တယ်။ အဲဒါပြီးတော့ နယ်စပ်မဲဆော့မြို့မှာ ဒေါက်တာနိုင်အောင်တို့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ အထူးသဖြင့် ပြောကြားသွားတဲ့အချက်ကလေးတွေ၊ ထူးခြားတဲ့ အချက်တွေ ဘာတွေရှိခဲ့ပါသလဲ။

ဒေါက်တာနိုင်အောင် ။ ။ ကျနော်တို့ အဓိကတင်ပြတာကတော့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်သွားပေမဲ့ အနစ်သာရအားဖြင့်တော့ ဗမာပြည်မှာ ဘာမှမပြောင်းလဲဘူးပေါ့။ ဆိုတော့ ဒီစစ်အုပ်စုအနေနဲ့ သူတို့လိုချင်တဲ့ အာဏာတည်တန့်ခိုင်မြဲရေးအတွက်ပဲ ဆက်ပြီးတော့ ဒါကိုလုပ်ဆောင်သွားတယ်။ နောက်ပြီးတော့ ကျနော်တို့ အမြဲတမ်း တောင်းဆိုနေတဲ့ တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို လစ်လျူရှုတဲ့သဘောဖြစ်တယ်။ လောလောဆယ်ကာလအတွင်းမှာလည်း တွေ့ဆုံဆွေးနွေးရေးကို လုပ်မယ့်သဘောမရှိဘူး။ ဒါကြောင့်မို့ ကျနော်တို့က နိုင်ငံတကာကို ဖြစ်စေချင်တာကတော့ ကျနော်တို့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးမှ လူ့အခွင့်အရေး၊ ဒီမိုကရေစီ လှုပ်ရှားမှုတွေ လုပ်နေတဲ့ အင်အားစုတွေကို သေသေချာချာ ထောက်ခံပြီး ပံ့ပိုးစေချင်တယ်။ သေသေချာချာ အားပေးစေချင်တယ်။ ကူညီစေချင်တယ် ဒါကတခု။ ဒုတိယတခုအနေနဲ့ကတော့ ရှိနေပြီသား ဖိအားပေးတဲ့အထဲမှာက ပစ်မှတ်ထားအရေးယူမှုတွေ။ အထူးသဖြင့်တော့ financial sanction နဲ့ ပတ်သက်တဲ့ အရေးယူပိတ်ဆို့မှုတွေကို သေသေချာချာ အားကောင်းကောင်းနဲ့ ထိထိရောက်ရောက်ဖြစ်အောင် ဆက်ပြီး အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့တင်ပြတယ်။ နောက်ပြီးတော့ ဗမာပြည်မှာ ပြီးခဲ့တဲ့ကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် အမှန်တရားဖော်ထုတ်ဖို့အတွက် နစ်နာခံခဲ့ရတဲ့လူတွေအတွက် အမှန်တရားဖော်ထုတ်ပေးဖို့အတွက် စုံစမ်းစစ်ဆေးကော်မရှင်ကို ကုလသမဂ္ဂက ဖော်ဆောင်ပေးဖို့ကို နိုင်ငံတကာက လုပ်သင့်တယ်။ အမေရိကန်ကလည်း ဒါကိုသေသေချာချာ၊ တက်တက်ကြွကြွနဲ့ အကောင်အထည်ဖော်ပေးသင့်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ပြောပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်စိတ်ရှိတယ်ဆိုရင်တော့ ပထမဦးဆုံး လုပ်ပေးသင့်တာက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အတိုက်အခံတွေအပေါ်မှာ ရန်လိုတဲ့အပြုအမူတွေ အဲဒါတွေအားလုံးကို ရပ်တန့်ဖို့ အဲဒါက ပထမဦးဆုံး အရေးကြီးတဲ့အချက်ဖြစ်တယ် ဆိုတာကိုလည်း ပြောပါတယ်။ နောက်တခုက ဒီ ထိုင်းနယ်စပ်တလျှောက်မှာရှိနေတဲ့ အင်အားစုတွေအပေါ်မှာ ဖိအားပေးလာတဲ့ကိစ္စတွေ များလာတာတွေကိုလည်း တင်ပြပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလောလောဆယ်အားဖြင့်တော့ ဗမာပြည်ကို အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးမူဝါဒအသစ်တရပ်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးပါတဲ့ လက်ထောက်နိုင်ငံခြားရေး အဆင့်ရှိတဲ့ အရာရှိကြီးတွေသွားတယ်။ အလားတူပဲ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း လို အင်မတန် အရေးပါအရာရောက်တဲ့ အထက်လွှတ်တော်က ခေါင်းဆောင်တွေလည်း သွားနေတယ်ဆိုတော့ ဒီလုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့အတွက် ဘယ်လောက်များပံ့ပိုးမှုတွေ ရှိလာမလဲလို့ ထင်ပါသလဲ။

ဒေါက်တာနိုင်အောင် ။ ။ ပထမတခု ကျနော်တို့ သတိပြုမိတာကတော့ ဗမာပြည်က သတင်းစာတွေထဲမှာ ရေးထားတာကတော့ ဆီနိတ်တာ မက်ကိန်းနဲ့ တွေ့တဲ့ကိစ္စတွေ။ အပြန်အလှန်ပြောတဲ့ကိစ္စတွေကို ခါတိုင်းဧည်သည်တွေလာတာနဲ့ မတူဘဲနဲ့ နည်းနည်းပြည့်ပြည့်စုံစုံလေး ရေးထားတာကိုတွေ့ရတယ်။ နောက်ပြီးတော့ အခုနပြောတဲ့ တွေ့ဆုံမှုမှာလည်း သမ္မတဦးသိန်းစိန်က လွှဲလို့ ကျန်တဲ့လူတွေနဲ့ တွေ့တာရှိတယ်။ ကျနော် မြင်တာကတော့ ဗမာပြည်က အထူးသဖြင့် အမေရိကန်အစိုးရနဲ့ ဆက်ဆံမှုမျိုး မြှင့်တင်တိုးတက်စေချင်တာတော့ အမှန်ပဲ။ အဲဒီမှာ ကျနော်တို့ သတိပြုသင့်တာကတော့ အဲဒါကလည်း ဘာဖြစ်လို့ဒီလို ဖြစ်ရသလဲဆိုရင် အမေရိကန်ကနေ စီးပွားရေးပိတ်ဆို့အရေးယူထားတယ်ဆိုတဲ့ ကိစ္စကြီးက အဓိကရှိနေလို။ ကျနော့်အမြင်ကတော့ ဖိအားပေးပိတ်ဆို့ထားမှုဟာ အလုပ်ဖြစ်တယ်။ ဒါပေမဲ့ ဖိအားပေးမှုတွေအားလုံးကလည်း တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ပဲ။ ဆိုတော့ ကျနော်တို့က ဒီလိုလုပ်ထားတယ်။ ဒီလိုလုပ်ထားတာက ဒီလိုဖြေရှင်းစေချင်လို့ဆိုတဲ့ စကားတွေကို ကျနော်တို့က ပြောနေတယ်။ ဟိုဖက်ကလည်း တဖြည်းဖြည်းနားထောင်စေချင်တဲ့ စိတ်မျိုးလည်း ရှိလာတယ်။ သူတို့လည်း တကယ် နားလည်းလာပြီးတော့ ဒါ ငါတို့တိုင်းပြည်၊ ငါတို့လူမျိုးတွေကို မုန်းလို့မဟုတ်ဘဲနဲ့ ငါတို့တွေရဲ့ လူ့အခွင့်အရေး အခြေအနေမတိုးတက်လို့၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မဖြစ်သေးလို့၊ စစ်မှန်တဲ့ ဈေးကွက်စီးပွားရေးစနစ်တွေ မပြောင်းလဲသေးလို့၊ ယုံကြည်လာပြီး အပြောင်းအလဲတွေ လုပ်လာတယ်ဆိုလို့ရှိရင် ဖြစ်မှာပဲ။ အဲဒီလို ဖြစ်လာနိုင်ဖို့အတွက်ကို နိုင်ငံတကာ ခေါင်းဆောင်အားလုံး၊ တရုတ်အပါအဝင် အာဆီယံအားလုံးက တညီတညွှတ်တည်း၊ တသံတည်း ပြောနိုင်လေလေ ပိုကောင်းလေလေလို့ ကျနော်ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက ဒေါက်တာနိုင်အောင်ရဲ့ ကိုယ်ပိုင်အယူအဆပေါ့။ မြန်မာနိုင်ငံအတွင်းမှာ သမ္မတသစ်ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့သစ်ဟာ ဒီလိုအပြောင်းအလဲတွေကို လုပ်ဆောင်လာဖို့ တကယ်လမ်းကြောင်းမှန်ကို ရောက်လာစပြုလာပြီလို့ ယူဆသလား။

ဒေါက်တာနိုင်အောင်။ ။ အခု မြင်တာကတော့ အစောပိုင်းတုန်းကလည်း အကြိမ်ကြိမ်တင်ပြပါတယ်။ အခုရှိနေတဲ့ အစိုးရက စစ်အစိုးရရဲ့ အဆက်ပဲ။ ယေဘုယျအားဖြင့်တော့ အရပ်ဝတ်တွေဝတ်ပြီး ပါတီထောင်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရထားတယ်ဆိုပေမယ့် အားလုံးက စစ်အစိုးရရဲ့အဆက်တွေပဲ။ သူတို့ပြောတဲ့ မိန့်ခွန်းထဲမှာပဲ စစ်အစိုးရက ခင်းထားပေးတဲ့ တံတားကို လျှောက်လာတဲ့လူတွေ့ပဲဖြစ်တယ်ဆိုတော့ အရင်အတိုင်းပဲလို့ ကျနော်ယူဆတယ်။ အခုအခြေအနေအထိ။ ဆိုတော့ အခုအချိန်အထိကတော့ ဘာမှမပြောင်းလဲဘူးလို့ ကျနော်တို့မြင်တယ်။ တကယ်လို့များ အပြောင်းအလဲတွေကို တကယ်လုပ်ချင်လာတယ်လို့ ပြောရင်တော့ မြင်သာထင်သာတဲ့ ကိစ္စတွေလုပ်ပေးရမှာဖြစ်တယ်။ အခုနပြောသလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာမျိုး၊ နောက် အတိုက်အခံတွေကို ရန်လိုတဲ့အပြုအမှုတွေ ရပ်တဲ့ကိစ္စမျိုး၊ တွေ့ဆုံဆွေးနွေးရေးအတွက်ကို လမ်းကြောင်းဖွင့်ပြီး အပြန်အလှန် အမြင်ဖလှယ်မျိုးတွေကို။ တကယ်ကိုပဲ ပြောင်းချင်တဲ့စိတ်နဲ့ လုပ်တဲ့လုပ်ဆောင်မှုတွေကို အများကြီးလုပ်ဖို့ လိုတယ်လို့မြင်တယ်။ တတိယတခုကတော့ ကျနော်ထင်တယ် ဗိုလ်ချုပ်သန်းရွှေ ရှိနေသရွေ့ အခုရှိတဲ့အစိုးရကတော့ ဘာမှလုပ်ရဲမယ်လို့ မထင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုအဖွဲ့ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။