မြန်မာ့ဒီမိုကရေစီစနစ် နဲ့ အမေရိကန် ပံ့ပိုးကူညီရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းလုပ်ဆောင်နေမှုတွေ ပိုပြီးခရီးရောက်အောင် အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုတွန်းအားပေး၊ ကူညီလုပ်ဆောင်သင့်သလဲ စတဲ့အကြောင်းအရာတေါကို အမေရိကန်မြန်မာနိုင်ငံမှာ ၁၉၈၈-၂၀၀၂ ခုနှစ်အတွင်း ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သံရုံးယာယီတာဝန်ခံ (Charge' d' Affaires) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Ms. Priscilla Clappကို ဗွီအိုအေ အကြီးတန်းအယ်ဒီတာ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ၁၉၉၈ ခုနှစ်ကနေ ၂၀၀၂ ခုနှစ်အထိ ရန်ကုန် အမေရိကန်သံရုံးမှာ သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး အခုဆိုရင် ၁၀ နှစ်ကျော်ပြီပေါ့နော်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုံးက မြန်မာနိုင်ငံကို သွားခဲ့တယ်လို့သိရပါတယ်။ ဘယ်လို တာဝန်တွေနဲ့များ သွားရောက်ခဲ့တာပါလဲသိပါရစေ။

Priscilla Clapp ။ ။ နယူးယောက်မြို့အခြေစိုက် Asia Society ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ယူထားပါတယ်။ Asia Society ကိုယ်စားလှယ်အဖွဲ့နဲ့အတူ မြန်မာပြည်ကို သွားရောက်ပြီး သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဦးဆောင်တဲ့ မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်အဖွဲ့အစည်းက အသိပညာရှင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လူ့စွမ်းပကားမြင့်မားရေးဆိုင်ရာ ပူးတွဲ အစီအစဉ်တွေအကောင်အထည်ဖေါ်နိုင်ရေးအတွက် အသိပညာရှင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတချို့ လျှော့ပေးတာ သိပ်စောလွန်းတယ်လို့ ဝေဖန်တာတွေ ရှိနေပါတယ်။ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ အချိန်တန်ပြီလို့ ယူဆပါသလား။

Priscilla Clapp ။ ။ မြန်မာပြည်အတွက် ဒီအချိန်မှာ သိပ်ကိုအရေးတကြီးလိုအပ်နေတဲ့ ဖွံ့ဖြိုးမှုနယ်ပယ်တွေအတွက် အမေရိကန်ရဲ့ အထောက်အပံ့တွေပေးနိုင်မယ့် နည်းလမ်းတွေဖွင့်ပေးဖို့ ကျမတို့ကြိုးစားနေကြတာပါ။ ပိတ်ဆို့မှုတွေအားလုံး သိမ်းကြုံး ရုပ်သိမ်းပေးတာမျိုးမဟုတ်ပါဘူး။ ပိတ်ဆို့မှုတွေကို တဖြည်းဖြည်း တဆင့်ချင်းလျှော့ပေးနေတာဖြစ်ပါတယ်။ အမေရိကန် အစိုးရအနေနဲ့ ကျမတို့ရဲ့လှုပ်ရှားမှုတွေရဲ့ လိုအပ်ချက်တွေပေါ်မူတည်ပြီး ဆက်လက်လျှော့ပေးသွားလိမ့်မယ်လို့ ယူဆ ပါတယ်။ အမေရိကန်အဖွဲ့အစည်းတွေဟာ လူမှုရေးနဲ့ ဋ္ဌာနဆိုင်ရာလုပ်ငန်းတွေအတွက် ဆောင်ရွက်ကြတဲ့နေရာမှာ အထူးသဖြင့် ဘဏ္ဍာရေးပိတ်ဆို့မှုက အခက်အခဲဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနဲ့ စွမ်းရည်မြင့်မားရေး နယ်ပယ်တွေမှာ ပံ့ပိုးပေးနိုင်ရေးအတွက် ဘဏ္ဍာရေးပိတ်ဆို့မှုကို အထိုက်အလျောက် ဖြေလျှော့ ပေးလိုက်တာဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နှစ် ၅၀ ကျော် အထီးကျန်ဖြစ်ခဲ့တဲ့ မြန်မာပြည်က ပြည်သူ့ဝန်ထမ်းတွေဟာ ကြိုးနီစံနစ်၊ ဗျူရိုကရေစီယန္တယားနဲ့ အရိုးစွဲနေကြပြီး အကျင့်ပျက်အဂတိလိုက်စားမှုတွေရှိနေပါတယ်။ အခု အမေရိကန်အပါအဝင် နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပုံမှန်ပြန်လည်ဆက်ဆံလာပြီး ရင်းနှီးမြှုပ်နှံတာတွေလုပ်ဖို့ စိုင်းပြင်းနေကြတော့၊ ဒီတော့ မြန်မာပြည်မှာ ဖြစ်ရိုးဖြစ်စဉ် အာဏာပိုင်တွေနဲ့ လက်သင့်ရာ ကိုယ်ကျိုးရှာ လုပ်ငန်းရှင်တွေနဲ့ အကျင့်ပျက်ချစားမှုတွေကို ထိန်းချုပ်ဖို့ ဘယ်လိုများ ကိုင်တွယ်သွားဖို့ ရှိပါသလဲရှင့်။

Priscilla Clapp ။ ။ လူပိန်းအခေါ် Cronies list ဆိုတာရှိပါတယ်။ တရားဝင်အသုံးအနှုံးကတော့ SDN Special Designated Nationals အထူးသတ်မှတ်ထားတဲ့ နိုင်ငံသားများစာရင်းလို့ခေါ်ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့ website မှာ တဦးချင်း စီရဲ့ နံမည်တွေကို သေသေချာချာဖေါ်ပြထားပါတယ်။ ဒါကြောင့် ဘယ်အမေရိကန် အဖွဲ့စည်းမဆို အဲဒီ SDN လူပုဂ္ဂိုလ် တဦးချင်းစီနဲ့ ဘယ်လိုလုပ်ငန်းမျိုးမဆို ပူးပေါင်းမလုပ်မိအောင် သိပ်ကိုဂရုစိုက်ကြရမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်နိုင်ငံရေးမှာ မကြာခင် ပါဝင်လာတော့မှာဖြစ်ပါတယ်။ အခု မြန်မာ့နိုင်ငံရေးမှာ NLD ဆောင်ရွက်နိုင်မယ့် အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လိုများသုံးသပ်မိပါသလဲရှင်။

Priscilla Clapp ။ ။ NLD အမတ်တွေလွှတ်တော်ထဲရောက်တဲ့အခါ၊ NLD အနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားကြမယ်လို့ မှန်းဆရပါတယ်။ ပြုပြင်ပြောင်းလဲရေးနယ်ပယ်မှာ အထူးသဖြင့် လွှတ်တော်ပါဝင်ရမယ့် အခန်းကဏ္ဍအတွက် NLD ကအာရုံစိုက်သွားပါလိမ့်မယ်။ NLD အနေနဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံရဲ့ အဓိကကျတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို သိပ်ကို စိတ်ဝင်စားကြမှာပါ။ လူမှုရေး၊ စီးပွားရေး အထူးသဖြင့် လူမှုဝန်ထမ်းအပြင် တရားရေးစံနစ်နဲ့ ပတ်သက်ပြီး NLD က ဘဝင်မကျဘူးလို့ ကျမယူဆပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ တကိုယ်တော်စွမ်းဆောင်ရမယ့် ခေါင်းဆောင်လိုဖြစ်နေတယ်လို့ အများကမြင်ကြပါတယ်။ NLD ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လုံလောက်တဲ့ ပံ့ပိုးပေးမှု ပေးနိုင်စွမ်းရှိမရှိကို ဘယ်လိုများ သုံးသပ်မိပါသလဲ။

Priscilla Clapp ။ ။ သူ့မှာ အတော်လေး စွမ်းဆောင်နိုင်တဲ့လူတချို့ရှိပါတယ်။ ကျမသိတဲ့သူတွေဆိုရင် အတော်လေး ထူးချွန်ထက်မြက်တဲ့ စွမ်းဆောင်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။ ပညာရေးနယ်ပယ်က ကျွမ်းကျင်သူတယောက်ဆိုရင် NLD အန်ကယ်လ်ကြီးတွေထဲ က တယောက်ဖြစ်တဲ့ ဦးလွင်ရဲ့ သမီးပါ။ နောက်တယောက်က အမျိုးသမီးဆရာဝန်ပါ။ ကလောမြို့က အရည်အချင်းရှိတဲ့ ဆရာဝန်တယောက်ပါ။ NLD ကိုယ်စားလှယ်တွေအားလုံးဟာ အထိုက်အလျောက် ထူးချွန်ထက်မြက်သူတွေ ဖြစ်တယ်လို့ ကျမယုံကြည်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာအစိုးရခေါင်းဆောင်ပိုင်းက ပြုပြင်ပြောင်းလဲရေး ဖေါ်ဆောင်နေပေမဲ့ အစိုးရဋ္ဌာနတွေရဲ့ အရာထမ်း အမှုထမ်းတွေ အတွက် Capacity building လို့ခေါ်တဲ့ စွမ်းဆောင်ရည်မြင့်မားရေး လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ်တယ် လို့ ပြောကြပါတယ်။ Asia Society ကလည်း သမ္မတအကြံပေးအဖွဲ့နဲ့ ဒီနယ်ပယ်မှာ လက်တွဲပူးတွဲဆောင်ရွက်ဖို့ စီစဉ်နေတယ်ဆို တော့ နည်းနည်းလောက်ရှင်းပြပေးပါလားရှင်။

Priscilla Clapp ။ ။ Capacity building ဆိုတဲ့နေရာမှာ စွမ်းဆောင်ရည်မြင့်မားရေးကိစ္စရပ်တခုတည်းကို ကိုင်တွယ်ရမှာမဟုတ်ပါဘူး။ အဲဒါကအစိတ်အပိုင်းတခုပါ။ ပညာပေး အစီအစဉ်တွေပါမယ်။ ကျမသိသလောက်တော့ အမေရိကန်ရဲ့ကူညီပံ့ပိုးမှုနဲ့ စင်္ကာပူနိုင်ငံက တာဝန်ယူဖို့ ရှိပါတယ်။ အစိုးရအရာရှိတွေအတွက် ထူးခြားတဲ့ စွမ်းဆောင်ရည် မြင့်မားရေး သင်တန်းတွေ ပေးဖို့အတွက် ကျမတို့ တိုင်ပင်နှီးနှောနေပါတယ်။ မြန်မာပြည်က ပြည်သူ့ဝန်ထမ်းတွေ တကယ်လိုအပ်နေတာက အလေ့အကျင့် ဓလေ့တရပ်ကို ပြောင်းပစ်ရမှာ ဖြစ်ပါတယ်။ အရင်စံနစ်ဟောင်းက အထက်က အမိန့်ပေးတဲ့စံနစ်ပါ။ စစ်တပ်က အမိန့်ပေးတဲ့ စံနစ်မျိုးနဲ့ တူပါတယ်။ အမှုထမ်းတွေက တာဝန်ယူခွင့်မရှိသလို၊ Initiative ကိုယ့်အစွမ်းအစနဲ့ ဦးဆောင်နိုင်ခွင့်လည်း မရှိကြပါဘူး။ ဒီလို လုပ်ကြဖို့အတွက် အားလည်းမပေးခဲ့ပါဘူး။ ဒီမိုကရေစီစံနစ် ထူထောင်တော့မယ်ဆိုရင် လူထုဆန္ဒ ကို တုန့်ပြန်ရမှာဖြစ်သလို မဲဆန္ဒရှင်တွေကိုလည်း ကိုယ်စားလှယ်တွေက တုန့်ပြန်ကြရမှာပါ။ အစိုးရအရာရှိတွေကလည်း ကိုယ်အထက်အရာရှိတွေထက် လူထုကို အလုပ်အကျွေးပြုဖို့ လိုပါတယ်။ အောက်ပိုင်းက ဝန်ထမ်းတွေ ဘယ်လိုတာဝန်ယူ ဦးဆောင်ရမလဲဆိုတာ လေ့ကျင့်ပေးဖို့ လိုပါတယ်။ ခေါင်းဆောင်ပိုင်းကလည်း လက် အောက်ငယ်သားတွေကို ဦးစီးမှုပြုနိုင်အောင် အားပေးဖို့လိုပါတယ်။ ဒါကြောင့် အထက်က အမိန့်ပေးမှ လုပ်တတ်တဲ့ ဓလေ့ကို ပြောင်းပစ်ဖို့ လိုပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ တချိန်တည်းမှာဘဲ လာမယ့် ၂၀၁၅ ခုနှစ်မှာ အာဆီယံမိသားစု အသိုင်းအဝိုင်း အဖြစ်တသားတည်း ရပ်တည်ကြမယ့် ရည်မှန်းချက်အရ မြန်မာပြည်အနေနဲ့ တခြား အာဆီယံတွေနဲ့ ရင်ဘောင်တန်း လိုက်နိုင်လိမ့်မယ်လို့ကော ယူဆပါသလား။

Priscilla Clapp ။ ။ ဒါက သိပ်ကိုနက်နဲရှုတ်ထွေးတဲ့ ကွင်းဆက်တခုလို့ ဆိုရမှာပါ။ ၂၀၁၅ ခုနှစ်မှာတော့ အထမြောက်လိမ့်မယ်လို့ မထင်ပါဘူး။ အဲဒီအချိန်ကျမှ စ လုံရေ စ ကြရမှာပါ။ အာဆီယံက အာရှပုံစံ ဥရောပသမဂ္ဂလိုမျိုး ဖန်တီးဖို့ ကြိုးစား နေပုံရပါတယ်။ သိတဲ့အတိုင်းပါဘဲ အခြေအနေ ဖြစ်ပါတယ်။ ဥရောပအသိုင်းအသိုင်းတခု ဒီလိုအတိုင်းအတာနဲ့ တစုတည်းဖြစ်ဖို့ မျိုးဆက်တွေနဲ့ချီ အချိန်ယူခဲ့ကြရတာပါ။ ဒီတော့ အာဆီယံအနေနဲ့လည်း အချိန်အတော်ကြာ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလည်း ၂၀၁၄ ခုနှစ်မှာ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူဖို့ အရေးကြီးတဲ့ ခြေလှမ်းအဆင့်ဆင့်ကို ပြင်ဆင်နေတဲ့ တချိန်တည်းမှာဘဲ ၂၀၁၅ ခုနှစ် အာဆီယံ မိသားစုအသိုင်းအဝိုင်းမှာ အများနဲ့အတူ ဝင်ဆန့်အောင် လိုအပ်ချက်တွေကို ဖြည့်ဆည်းသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လာမယ့် ၁၀ နှစ်မှာ မြန်မာပြည်ရဲ့အနာဂတ်ကို ဘယ်လိုများ မှန်းဆလို့ရပါသလဲ။

Priscilla Clapp ။ ။ မနှစ်က ကျမတို့တွေ့ခဲ့တဲ့ ဖြစ်စဉ်ကို ဆက်ပြီးတွေ့ရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ အခုလောလောဆယ်သွားနေတဲ့ လမ်းကြောင်းအတိုင်း အရှိန်အဟုန်ကို ထိန်းထားရမှာပါ။ ဋ္ဌာနဆိုင်ရာတွေ၊ ဒီမိုကရေစီလိုလားတဲ့ အစိုးရမျိုး ထူထောင် ရမယ်။ ဒီမိုကရေစီဆိုတာ တကယ်အလုပ်ဖြစ်တဲ့ အစိုးရကိုဆိုလိုတာပါ။ ဒီမိုကရေစီဆိုတာ သိပ်ခက်ခဲပါတယ်။ အငြင်းပွား ကြရတယ်။ အခြေအတင်ပွင့်ပွင့်လင်းလင်းပြောဆိုကြရတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေစဉ်တွေ့နေရသလိုပါဘဲ။ ဒါပေမဲ့ ဒီမိုကရေစီက တီထွင်မှုတွေ၊ ဦးဆောင်ဦးရွက်ပြုတာတွေနဲ့ နိုင်ငံကို တွန်းအားတွေပေးနေသလို ကြွယ်ဝချမ်းသာမှု နဲ့ အရင်းအမြစ်တွေကိုလည်း ဖန်တီးပေးနေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် Asia Society အကြီးတန်းအကြံပေးပုဂ္ဂိုလ် PRISCILLA CLAPPကို ဗွီအိုအေက တွေ့ဆုံမေးမြန်းခဲ့တာပါ။