ရွှေဂတ်စ်မှ ရရှိမယ့် အကျိုးရလဒ်များ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ နိုင်ငံရဲ့ အနောက်ဖက်ခြမ်း ရွှေသဘာဝဓါတ်ငွေ့တွင်းက ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ ရောင်းချရငွေတွေကို ပြည်နယ်နဲ့ဒေသ ဖွံ့ဖြိုးမှုအတွက် အဓိကအသုံးပြုဖို့ဆိုတဲ့ စီမံကိန်းတွေကို လုပ်ဆောင်ထားတာကို မတွေ့ရှိရသေးကြောင်း။ ဒီလို စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် ပိုပြီးပွင့်လင်းမြင်သာတဲ့ တင်ပြမှုတွေ တိုင်ပင်နှီးနှောမှုတွေ လုပ်သင့်ကြောင်း နိုင်ငံတကာငွေကြေးအဖွဲ့အစည်းကြီးတွေဆီကို တင်ပြပြောဆိုခဲ့တယ်လို့ Shwe Gas Movement - ရွှေသဘာဝဓါတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်သူ ဦးဝင်းအောင် ကို ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြပါတယ်။

ဦးသန်လွင်ထွန်း ။ ။ ဦးဝင်းအောင်အနေနဲ့ အခု ထိုင်းနိုင်ငံ ချင်းမိုင်မှာအခြေစိုက်နေပြီး အခု လောလောဆယ် ဝါရှင်တန်မြို့တော်ကို ရောက်နေတဲ့အကြောင်းလေးကို တချက်လောက် ရှင်းပြပါလား။

ဦးဝင်းအောင် ။ ။ အခု ကျနော် ဝါရှင်တန်ဒီစီကို လာရတဲ့အကြောင်းရင်းကတော့ ဒီမှာလုပ်တဲ့ အစည်းအဝေးတွေတချို့မှာ အထူးသဖြင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အပါအဝင် ကမ္ဘာ့ဘဏ်တွေအနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ သူုတို့အနေနဲ့ လှုပ်ရှားမှုတွေနဲ့ ရှေ့ဆက်ပြီး လုပ်ဆောင်မယ့်ဟာတွေကို သူတို့ပြောတာဆိုတာရှိတယ်။ အဲဒီအပေါ်မှာ ရှောင်ရမယ့်ဟာတွေနဲ့ လောလောဆယ်ဖြစ်နေတဲ့ဟာတွေကို ကျနော်တို့ လာရောက်တင်ပြတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ဒီမိုကရေစီရေး ရှေ့ရှုတဲ့လုပ်ငန်းစဉ်တွေအပေါ် မူတည်ပြီးတော့ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေကလည်း မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ်။ ထောက်ပံ့မှုတွေလုပ်လာမယ့် အနေအထားတွေရှိတယ်။ အဲဒီတော့ ဦးဝင်းအောင် တို့အဖွဲ့တွေကလည်း ဒီကိစ္စအပေါ်မှာ - ဗမာပြည်မှာ အလုပ်တွေလုပ်လာပြီဆိုရင် ဘာတွေဆောင်ရမယ်၊ ရှောင်ရမယ်ဆိုတာတွေကို လာပြီးအကြံပြုတယ်ဆိုတဲ့ သဘောပေါ့။

ဦးဝင်းအောင် ။ ။ ဟုတ်ကဲ့ပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အဓိကအားဖြင့်တော့ ဦးဝင်းအောင်တို့အဖွဲ့က Shwe Gas Movement လို့ခေါ်တဲ့ ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်း၊ ရခိုင်ပြည်နယ်ဖက်မှာ အခြေစိုက်တဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကြားမှာ လှုပ်ရှားမှုလေးတွေကို အသိပညာပေးဆောင်ရွက်နေတဲ့အဖွဲ့ဆိုတော့။ အဲဒီ နိုင်ငံတကာ ရင်းနှီးမြုပ်နံှမှုတွေနဲ့ ရွှေသဘာဝဓါတ်ငွေ့ ပြည်တွင်းမှာလုပ်နေတဲ့ လုပ်ငန်းအခြေအနေတွေ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကို နည်းနည်းရှင်းပြပေးပါ။

ဦးဝင်းအောင် ။ ။ ကျနော်တို့ နိုင်ငံမှာ အကုန်လုံးသိတဲ့အတိုင်း တိုင်းပြည်ရဲ့ သံယံဇာတအများက အိမ်နီးချင်းနိုင်ငံတွေအပါအဝင် တော်တော်များများ တင်ပို့ရောင်းချနေတာကို တွေ့ရတယ်။ ရွှေသဘာဝဓါတ်ငွေ့ဆိုရင်လည်း ၂၀၀၀ ဝန်းကျင်ကတည်းက တောင်ကိုရီးယားကုမ္မဏီ နဲ့ အိန္ဒိယကုမ္မဏီတို့ စတင်ပြီးလုပ်လာခဲ့တာဖြစ်တယ်။ အတိုင်းအတာတခုအဖြစ် သူတို့တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ထုတ်လုပ်တင်ပို့ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာကို ကျနော်တို့တွေ့တယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့။ လာမယ့်နှစ် ၂၀၁၃ ဆိုရင် သူတို့အနေနဲ့ အဲဒီဟာတွေကို တင်သွင်းရောင်းချမယ်ဆိုတာကို ကျနော်တို့သိရတယ်။ အဲဒီ စီမံကိန်းတွေကို အကောင်အထည်ဖော်ကတည်းက ဒေသခံတွေအတွက် အင်မတန် စိုးရိမ်စရာတွေကို တွေ့ရတယ်။ အထူးသဖြင့်တော့ ဒေသခံတွေနဲ့ တိုင်ပင်တာမျိုးတွေမရှိသလို ဒေသခံတွေရဲ့ လယ်ယာမြေသိမ်းပိုက်မှုတွေကတော့ သူတို့ရဲ့ သက်မွေးဝမ်းကြောင်းတွေပါ ရေရှည်အတွက် ဆုံးသွားတဲ့အနေအထားကို အများကြီးတွေ့ရတယ်။ နောက်တခုက ဒီ စီမံကိန်းက အရှေ့တောင်အာရှမှာ အကြီးမားဆုံး စီမံကိန်းတခုဖြစ်တယ်။ ကျနော်တို့နိုင်ငံအနေနဲ့ တိုင်းပြည်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ~ မရှိခဲ့တဲ့အနေအထားတခုမှာတော့ ဒီလိုမျိုး ကိုယ့်တိုင်းပြည်ကထွက်တဲ့ သံယံဇာတပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းစားတဲ့အနေအထားကို အင်မတန်ကို စိုးရိမ်တယ်။ နောက်တခုက ဒီလိုမျိုး ဒီမိုကရေစီကို ကျင့်သုံးနေတဲ့အစိုးရအနေနဲ့ ကိုယ့်တိုင်းပြည်သူတွေရဲ့ အဓိကအလေးထားရတဲ့ ကိုယ့်တိုင်းပြည်မှာ လိုအပ်တဲ့စွမ်းအင်တွေကို ဦးစားပေးသုံးပြီးမှ ကျန်တဲ့ဟာတွေကို တင်ပို့ရောင်းချတာမျိုးကို ဖြစ်သင့်တယ်လို့ထင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ကျနော် နားလည်းလိုက်တဲ့အချက်က ဘာလဲဆိုတော့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာရှိနေတဲ့ သဘာဝဓါတ်ငွေ့သိုက်ဆိုတာက ကမ္ဘာပေါ်မှာ ဆဌမမြောက် အကြီးဆုံးသဘာဝဓါတ်ငွေ့သိုက်လို့ ပြောကြပါတယ်။ ဒီလို သဘာဝဓါတ်သိုက်ကနေ သဘာဝဓါတ်ငွေ့တွေ ထုတ်ဖော်ပြီး နိုင်ငံရပ်ခြားကိုရောင်းဖို့။ နိုင်ငံရပ်ခြားကို ရောင်းဖို့ဆိုတဲ့နေရာမှာ ဒါက တိုင်းပြည်ရဲ့ ဝင်ငွေတွေဖြစ်မလာနိုင်ဘူးလား။ တိုင်းပြည်ရဲ့ ဝင်ငွေဖြစ်လာမယ်ဆိုရင် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အလားအလာကောင်း မဟုတ်ဘူးလား။

ဦးဝင်းအောင် ။ ။ ဥပမာပြောရရင် ရတနာ ရဲတခွန်မှာထွက်တဲ့ သဘာဝဓါတ်ငွေ့၊ ထိုင်းနိုင်ငံကို ရောင်းလာခဲ့တာ သက်တမ်းတခုမှာ ၁၉၉၇-၉၈ ကတည်းက ပြီးခဲ့တဲ့နှစ်အထိ အမေရိကန်ဒေါ်လာပေါင်း သန်းထောင်ပေါင်းတစ်ဆယ်ကျော်လောက် အနည်းဆုံးလည်ပတ်ခဲ့တာကို တွေ့ရတယ်။ အဲဒီဟာရဲ့ တဝိုက်ကျော်ကလည်း ပြီးခဲ့တဲ့ နအဖစစ်အုပ်စုရဲ့ အိတ်ထဲကို တိုက်ရိုက်ရောက်တယ်လို့ ပြောလို့ရတယ်။ ဆိုတော့ အဲဒီကရတဲ့ အကျိုးအမြတ်တွေကို ကြည့်ရင် အကုန်လုံးသိတဲ့အတိုင်းပဲ အဲဒီဟာတွေဟာ တကယ့်တကယ် တိုင်းပြည်အတွက် လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ တခြားဖွံ့ဖြိုးရေးလုပ်ငန်းပိုင်းတွေမှာ လုံးလုံးလျားလျားကြီးသုံးတာမျိုးတွေ မတွေ့ရသေးဘူး။ အဓိက ပြဿနာကတော့ ကျနော်တို့နိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ ငွေကြေးစနစ်တွေ မရှိတာတွေ။ နောက်တခုက ဒေသခံတွေ နဲ့ သဘာဝပတ်ဝန်းကျင်တွေကို အကာအကွယ်ပေးနိုင်တဲ့ အဲဒီလိုမျိုး ယန္တရားတွေ မရှိသေးတဲ့အနေအထားတခုက အင်မတန်ကို ပြီးခဲ့တဲ့ဟာတွေကလည်း ဆုံးရှုံးခဲ့တာမျိုးတွေရှိတယ်။ အခုအနေအထားမှာလည်း စံချိန်စံနှုန်းမရှိသေးတာကတော့ လောလောဆယ်လုပ်နေတဲ့ စီမံကိန်းတွေကတော့ ဒေသခံတွေအတွက် ထိထိရောက်ရောက် အာမခံချက်ပေးနိုင်တဲ့ အကျိုးအမြတ်တွေကို မသိရသေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ ရဲတခွန် စီမံကိန်းဆိုတာက တနင်္သာရီတိုင်းမှာရှိတဲ့ စီမံကိန်း ဒီ စီမံကိန်းမှာ လက်တွေ့အားဖြင့် ဝင်ငွေတွေရနေပြီ။ ထိုင်းနိုင်ငံကို ရောင်းစားလို့ရနေပြီဆိုပေမယ့် ဒေသတွင်းမှာ တိုးတက်မှုတစုံတရာ မတွေ့ခဲ့ရဘူးဆိုတဲ့ ဒီအချက်ကိုထောက်ပြပြီးတော့ ဦးဝင်းအောင်တို့က ရခိုင်ပြည်မှာ ရွှေသဘာဝဓါတ်ငွေ့တွေ ထွက်လာပြီဆိုရင်တောင်မှပဲ ရခိုင်ပြည်ထဲက ပြည်သူတွေအတွက် အကျိုးမရှိဘူးဆိုတဲ့သဘောပေါ့။ ဒါပေမဲ့လည်း အခြေအနေက နည်းနည်းပြောင်းလာပြီ မဟုတ်ဘူးလား။ အထူးသဖြင့် အခု မြန်မာနိုင်ငံရေးအခြေအနေအရ ပါလီမန်လွှတ်တော်အဖွဲ့အစည်းတွေ ရှိနေပြီ။ ရှိနေတဲ့အခါကြတော့ ရခိုင်ပြည်နယ်မှာလည်း ရခိုင်ပြည်နယ်အစိုးရ၊ ရခိုင်ပြည် လွှတ်တော်အဖွဲ့အစည်းတွေ ရှိနေပြီ။ ဒီအဖွဲ့အစည်းတွေက ဒေသတွင်း တိုးတက်မှုတွေအတွက် တစုံတရာ ထိထိရောက်ရောက် တိုက်တွန်းလာနိုင်တာတွေ၊ လုပ်လာနိုင်တာတွေ မရှိနိုင်ဘူးလား။

ဦးဝင်းအောင် ။ ။ ကျနော်တို့အနေနဲ့ အခုလိုမျိုး ပါလီမန်ဒီမိုကရေစီအစိုးရကို ကြိုဆိုပါတယ်။ နောက်တခုက ရခိုင်ဆိုရင်လည်း ရခိုင်တိုင်းရင်းသားပါတီတွေအနေနဲ့ တချို့ဟာမျိုးတွေကြတော့ ဝေဖန်တာမျိုးတွေရှိတယ်။ ထောက်ပြတာတွေရှိတယ်။ ဒါပေမဲ့ အဲဒီဟာတွေက ပိုပြီးတော့ လက်တွေ့ကျတဲ့ အာမခံချက်တွေကို တောင်းဆိုတဲ့အနေအထားမှာတော့ အင်မတန် အလှမ်းဝေးနေသေးတယ်လို့ ကျနော်မြင်တယ်။ နောက်တခုက အခုလက်ရှိ အခြေခံဥပေဒအရလည်း article (၃၇) မှာ တိုင်းပြည်ကထွက်ရှိတဲ့ သံယံဇာတ မြေပေါ်ရေအောက် အကုန်လုံးကို ဗဟိုအစိုးရပဲ ချုပ်ကိုင်ထားတယ်ဆိုတော့ အဲဒီဟာတွေက အင်မတန်ကို အလှမ်းဝေးနေသေးတယ်လို့ ပြောရလိမ့်မယ်။ ရခိုင်ပြည်ကထွက်တဲ့ သံယံဇာတ၊ အထူးသဖြင့် သဘာဝဓါတ်ငွေ့တွေဆိုရင် အင်မတန်ကို တန်းဖိုးလည်းကြီးတယ်။ ငွေရေးကြေးရေးအရ။ ဒေသတွင်းမှာသုံးမယ်ဆိုရင်လည်း နှစ်ပေါင်းရာနဲ့ချီ သုံးလို့ရတယ်။ ရခိုင်ပြည်လူထုဟာဆိုရင်လည်း မြန်မာနိုင်ငံမှာ ဒုတိယအဆင်းရဲဆုံး လျှပ်စစ်စွမ်းအားမရှိဘဲ နေလာခဲ့တဲ့လူတွေထဲမှာပါတယ်။ အဲဒီ လူမျိုးတွေအနေနဲ့ ကိုယ်တို့ဆီကထွက်တဲ့ သံယံဇာတတွေကို ကိုယ်တို့တိုင်းပြည်၊ ပြည်နယ်မှာ သုံးခွင့်မရတာက အင်မတန် စော်ကားခံရတဲ့အနေအထားတခုလို့ ပြောပြချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ သဘောက ပြည်ထောင်စုလွှတ်တော်မှာ တက်နေတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာ တက်နေတဲ့ ရခိုင်ကိုယ်စားလှယ်တွေကို တိုက်တွန်းပေးလို့ရမယ်ဆိုလို့ရှိရင် တိတိကျကျ ဘာတွေတိုက်တွန်းပေးစေချင်လဲ။ အထူးသဖြင့် ရွှေသဘာဝဓါတ်ငွေ့လုပ်ငန်းနဲ့ ပတ်သက်လို့။

ဦးဝင်းအောင် ။ ။ အထူးသဖြင့်တော့ ရခိုင်တိုးတက်ရေးပါတီအပါအဝင် ပြည်သူလူထုတရပ်လုံးအနေနဲ့ ဒီ စီမံကိန်းအခြေအနေအကုန်လုံးကို အောက်ခြေကနေအဆုံးအထိ အတိုင်းအတာတခု အသိပေးသင့်တယ်လို့ ကျနော်မြင်တယ်။ ဥပမာအားဖြင့် ဒီ စီမံကိန်းကြီးက ဘယ်ဟာတွေပါမယ်။ ဘယ်လို စီမံကိန်းနဲ့ ပတ်သက်ပြီး အဆောက်အဦးတွေပါမယ်။ နောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေ၊ လူနေမှု့ဆိုင်ရာ ထိခိုက်မှုတွေ ဘာတွေရှိလာမယ်။ ဒေသခံတွေရဲ့ ဓလေ့ထုံစံ အပါအဝင် ကျနော်တို့ရဲ့ အလေ့အထတွေကို သူတို့အနေနဲ့ အာမခံချက်တွေ ပေးနိုင်မယ်။ အဲဒီဟာတွေကအစ အကုန်လုံး သိသင့်တယ်လို့ မြင်တယ်။ နောက်တခု အရေးကြီးတာက ဒီ စီမံကိန်းရဲ့ အကုန်လုံးစပြီး လုပ်ကတည်းက contract လုပ်တဲ့အခါမှာ စာချုပ်ချုပ်တဲ့အခါမှာ တန်းဖိုး၊ ဒီ စီမံကိန်းက နှစ်စဉ်ရလာမယ့် ဝင်ငွေတွေကအစ အကုန်လုံးသိသင့်တယ်လို့ မြင်တယ်။ အဲဒီ စီမံကိန်းတခုလုံးရဲ့ အခြေအနေတွေကို မသိသေးသ၍တော့ ဟိုတစဒီတစ ကျနော်တို့အနေနဲ့ ထောက်ပြနေသ၍တော့ ကျနော်တို့ လိုအပ်တဲ့ လိုလားတဲ့ အတိုင်းအတာတခု ရမယ်လို့ မထင်ဘူး။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်ဆိုလို့ရှိရင်လည်း သဘာဝဓါတ်ငွေ့တွေက လာမယ့်နှစ်အတွင်းမှာ ထွက်လာမယ့် အနေအထားမျိုးတွေ ရှိနေပြီ။ ရှိနေပြီဆိုတော့ စီမံကိန်းကလည်း အတော်ခရီးရောက်နေပြီ။ ခရီးရောက်နေသမျှ စီမံကိန်း လက်ရှိအခြေအနေအထိ ဒေသအတွင်းမှာ ဘာတွေများ ပျက်စီးမှုတွေ မြင်ခဲ့ရသလဲ။ ဘာတွေများ ထိခိုက်မှုတွေ မြင်ခဲ့ရသလဲ။

ဦးဝင်းအောင် ။ ။ ဒီ စီမံကိန်းက ဘယ်လိုဆိုမလဲ။ ကျနော်တို့ အများဆုံးဖြစ်တာကတော့ လယ်ယာမြေ သိမ်းပိုက်ခံရမှု။ လူတွေက ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားခဲ့တယ်။ သူတို့အနေနဲ့ သူတို့ပိုင်ခဲ့တဲ့ လယ်ယာမြေတွေအပေါ်မှာ နောက်တချိန်မှာ သူတို့အနေနဲ့ သာမန် အလုပ်သမားအနေနဲ့ လာလုပ်ရမယ့်အနေအထားတခုကို ရောက်နေတယ်။ နောက်တခုက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံးမှုဆိုရင်လည်း ရခိုင်ကနေ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်ကိုဖြတ်ပြီး တောက်လျှောက်ကြီး တောတောင်တွေကို ဖြတ်ပြီးတော့ သူတို့အနေနဲ့ ခုတ်ချင်တာခုတ်၊ ဖြတ်ချင်တာကိုဖြတ် သဘာဝပိုက်လိုင်း တရုတ်ပြည်ကိုသွားမယ့် ပိုက်လိုင်တလျှောက်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေက မရှိတဲ့အနေအထားမှာ အဲဒီဟာတွေက ကျနော်တို့အနေနဲ့ ဘာမှသိရတာလည်း မရှိဘူး။ နောက်တခုက ပြီးခဲ့တဲ့ နှစ်ကတည်းက လက်နက်ကိုင်ပဋိပက္ခ ဖြစ်နေတယ်ဟာတွေဆိုရင်လည်း အစိုးရရဲ့ စီမံကိန်းက တရုတ်အစိုးရ၊ မြန်မာအစိုးရအနေနဲ့ စီးပွားရေးအရ၊ နိုင်ငံရေးအရ အင်မတန် မဟာဗျူဟာမြောက်တဲ့ စီးပွားရေးတခုလို့ ပြောလို့ရတယ်။ အစိုးရအနေနဲ့ ဒီလို စီမံကိန်းတွေကို သူတို့အနေနဲ့ အကာအကွယ်လုပ်ဖို့အတွက် ပြီးခဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ရှမ်းပြည်နယ်မှာဖြစ်ဖြစ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကချင်လက်နက်ကိုင်တွေနဲ့ ဖြစ်တာက သိသာထင်ရှားတယ်။ ဒီလိုမျိုး အရင်းအမြစ်တွေကို ရောင်းချပြီးတော့ သူတို့အနေနဲ့ အကာအကွယ်ယူတဲ့အနေအထားမှာ ဒေသခံတွေနဲ့ အစိုးရတပ်တွေ ဖြစ်တယ့်ဟာတွေက သိသာထင်ရှားတယ်လို့ ပြောလို့ရတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ စီမံကိန်းကနေ နောက်ပိုင်းမှာရလာနိုင်တဲ့ နှစ်စဉ်ဝင်ငွေ ဘယ်လောက်အထိ ခန့်မှန်းထားသလဲ။ အဲဒီတော့ ဒီလို နှစ်စဉ်ဝင်ငွေအပြင် အထူးသဖြင့် ရခိုင်ပြည်နယ်အနေနဲ့ ဘယ်လောက်အထိ အချိုးအစား ခံစားပိုင်ခွင့်ရှိတယ်လို့ ယူဆသလဲ။

ဦးဝင်းအောင် ။ ။ လောလောဆယ် စီမံကိန်းရဲ့ တန်းဖိုးကတော့ လောလောဆယ် တရုတ်နဲ့ချုပ်ထားတဲ့ စာချုပ်အရဆိုရင် နှစ်ပေါင်း (၂၅) နှစ်ကနေ နှစ်ပေါင်း (၃၀) အတွင်း။ လောလောဆယ် အစိုးရအနေနဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း ၂၉ သန်း ရရှိမှာဖြစ်တယ်။ အဲဒီဟာတွေက ထဲထဲဝင်ဝင်ကြီးကို ဒေသခံပြည်သူတွေအတွက်ဖြစ်ဖြစ်၊ ရခိုင်ပြည်သူတွေအတွက်ဖြစ်ဖြစ် ခွဲတမ်းချပေးတာ လုံးဝမတွေ့ရသေးဘူး။ အဲဒီ ဝင်ငွေတွေအပါအဝင် နောက်တခုက ကိုယ်တို့ဆီကထွက်တဲ့ သဘာဝဓါတ်ငွေ့ ခံစားပိုင်ခွင့်ဆိုရင်လည်း ဘာမှ အာမခံချက်မျိုးတွေ ပေးထားတာမျိုးတွေ ကျနော်တို့ မသိရသေးဘူး။

ဦးသန်းလွင်ထွန်း ။ ။ ဥပမာအားဖြင့် ဓါတ်ငွေ့တွေ ထွက်လာပြီဆိုလို့ရှိရင် တဖတ်ကလည်း ပိုက်သွယ်တန်းပြီးတော့ တရုတ်ပြည်ဖက်ကို ရောင်းတာတမျိုး။ ဒေသအတွင်းမှာ လျှပ်စစ်စွမ်းအားတို့ ဘာတို့အတွက် သုံးတာမျိုး စီမံကိန်းမျိုး မကြားမိဘူးလား၊ မရှိဘူးလား။

ဦးဝင်းအောင် ။ ။ အခုလောလောဆယ်တော့ စီမံကိန်းတွေ အကောင်အထည်ဖော်လာတာ နှစ်ပေါင်း တဆယ်နီးပါးလောက် ရှိလာပြီလို့ ပြောလို့ရတယ်။ ကျော်လည်းကျော်လာပြီ။ ဒေသဖွံ့ဖြိုးရေးအတွက် ကိုင်ပြီးတော့ မျှမျှတတကြီး ပြလို့ရအောင်ဆိုတဲ့ဟာမျိုးက လောလောဆယ်တော့ မတွေ့ရသေးဘူး။ ရေရှည်မှာဆိုရင် ဒီထက်ပိုပြီး အခြေအနေဆိုးမယ်။ အခြေအနေဆိုးမယ်ဆိုတာက လောလောဆယ် သူတို့လုပ်နေတဲ့ အနေအထားမှာ မတွေ့ရသေးဘူးဆိုရင် ဒီထက် အကျိုးမြတ်ရတဲ့ အနေအထားမှာ ကျနော်တို့အတွက် ပိုပြီးအလှမ်းဝေးနေမယ်လို့ ကျနော်အနေနဲ့ ထင်မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဦးဝင်းအောင် တို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှုရဲ့ ရလဒ်အနေနဲ့။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ အနောက်နိုင်ငံတို့၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းတွေက ဘယ်လိုတုံ့ပြန်မှုတွေ ရှိသလဲ။

ဦးဝင်းအောင် ။ ။ သူတို့အနေနဲ့တော့ ဒီအခြေအနေ၊ အနေအထားတခုမှာ သူတို့ရဲ့ အကောင်းဆုံး စံချိန်စံနှုန်းတွေနဲ့ လိုက်ပြီးတော့ လုပ်လာနိုင်တဲ့အနေအထားတခုကို ကျနော်တို့အနေနဲ့ တွေ့ရတယ်။ ဒါပေမဲ့ သူတို့ဒီထက် ပိုပြီးထဲထဲဝင်ဝင် လေ့လာစမ်းစစ်ပြီးတော့ ဒေသခံတွေအပါအဝင် တိုင်ပင်ဆွေးနွေးမှုတွေကို အလေးပေးလုပ်သင့်တယ်လို့ ကျနော်တို့အနေနဲ့ မြင်တယ်။ လုပ်တဲ့နေရာတွေမှာလည်း သာမန်သူတို့နဲ့ လုပ်ကိုင်နေတဲ့ စစ်တပ်ကျောထောက်နောက်ခံ လူတစုနဲ့ ဆိုတာထက် ဒီ စီမံကိန်းမှာပါဝင်နိုင်တဲ့ တခြား ဒေသခံပြည်သူလူထုတွေ အကုန်လုံးနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လေ့လာစမ်းစစ်တာတွေ။ ပိုပြီးထိရောက်တဲ့ ဆွေးနွေးမှုတွေနဲ့ ဒီထက်ပိုပြီး ကောင်းမွန်တဲ့ စံချိန်စံနှုန်းတွေကို ထားပြီးတော့ လုပ်တဲ့အနေအထားတခုကို ကျနော်တို့အနေနဲ့ လိုချင်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ Shwe Gas Movement လို့ခေါ်တဲ့ ရွှေသဘာဝဓါတ်ငွေ့ လှုပ်ရှားမှုအဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်သူ ဦးဝင်းအောင် ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။