မြန်မာ့နိုင်ငံရေး နဲ့ ဘာသာရေးဆိုင်ရာ သိကောင်းစရာ

မြန်မာ့နိုင်ငံရေး နဲ့ ဘာသာရေးဆိုင်ရာ သိကောင်းစရာ

မြန်မာအစိုးရ အာဏာပိုင်တွေအနေနဲ့ လူထုရဲ့ အသက်အိုးအိမ် စည်စိမ်တွေကို အန္တရာယ်က အကာအကွယ် ပေးဖို့ တာဝန်အပြည့်ရှိပေမယ့် ရွှေတိဂုံဘုရားလို ဘုရားဖူးတွေ စိတ်ငြိမ်အေးချမ်းရာ ရှာနေတဲ့ ရင်ပြင်တော်နဲ့ ပရဝုဏ်အတွင်းမှာ မိုင်းဗုံးအန္တရာယ် သတိပေးဆိုင်ဘုတ်ထောင်တာတွေ၊ အိတ်တွေရှာဖွေတာတွေကို ဆင်ခြင် သင့်တယ်လို့ အမေရိကန်အခြေစိုက် သာသနာ့ဥသျောင် မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့ ဦးဆောင် ဆရာတော် တပါးဖြစ်တဲ့ ဆရာတော် အရှင်စန္ဒောဘာသ မိန့်ကြားလိုက်ပါတယ်။ နိုင်ငံအစိုးရသစ်အနေနဲ့ မတရားဖမ်းဆီးထားတဲ့ သံဃာတော်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမြန်ဆုံး လွှတ်ပေးသင့် တယ် လို့လည်း ဆရာတော်က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ မိန့်ကြားသွားခဲ့ပါတယ်။

ဆရာတော် စန္ဒောဘာသ ။ ။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ အစဉ်အလာအရ မြန်မာနိုင်ငံက ရွှေတိဂုံဘုရားတို့၊ ဆူးလေဘုရားတို့၊ ဗိုလ်တထောင်ဘုရား၊ မန္တလေးဆိုရင် မဟာမြတ်မုနိဘုရားတွေက ရှေးယခင်ကတော့ လွတ်လွတ်လပ်လပ်နဲ့ ဘုရားဖူးတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ဘုရားဖူးသွားလာခဲ့ကြတယ်။ ဒါပေမဲ့ ဒီနေ့ အချိန် အခါကျတော့ ဘုရားပေါ်မှာ အခုနပြောတဲ့ မိုင်းရှင်းတဲ့ ကိရိယာတွေ၊ မိုင်းဗုံးတွေ ရှာတာတွေ လုပ်လာတဲ့ အခါကျတော့ သူတို့ကိုယ်တိုင် မိုင်းတွေရှာတယ်ဆိုတော့ သူတို့ကိုယ်တိုင် ဒါတွေကို ခွဲနိုင်တယ်ဆိုတာကို သူတို့ပဲသိတယ်။ သူတို့ပဲ သိတဲ့ဆိုတော့ ပြည်သူလူထုကို target ထားပြီးတော့ ဘယ်သူကလုပ်မလဲဆိုတာကို စဉ်းစားကြည့်လို့ရှိရင် ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် သူတို့မှာ တာဝန်ရှိတယ်။ တာဝန်ရှိတဲ့အခါကြတော့ ဘုရားပေါ်မှာ အကယ်၍ ဘုရားပေါ်ကြမှ ရှာတယ်ဆိုလို့ရှိရင်တော့ ဒါ သိပ်မကောင်းပါဘူး။ တကယ်တမ်း ဘုန်းဘုန်း ဆန္ဒကတော့ အမေရိကန်လေဆိပ်တွေမှာ လုံခြုံရေးအရ ရှာသလိုပဲ ဘုရားအောက်ခြေ၊ ဘုရားပေါ် မတက်ခင်မှာ အောက်ခြေကနေ စည်းကမ်းတကျ၊ နည်းလမ်းကျကျ လူတွေကို ဘုရားပေါ်တက်ခိုင်းမယ်ဆိုရင် ပိုပြီးသင့်တော်မယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အရှင်ဘုရား ဒီနေရာမှာ တပည်တော် လျှောက်ထားချင်တဲ့အကြောင်းအရာက အခုလို ဗမာပြည်ရဲ့ ဗုဒ္ဓဘာသာတွေ အထွဋ်အမြတ်ထားတဲ့ ရွှေတိဂုံစေတီ၊ ဆူးလေစေတီ တို့လို ဒီလို ဘုရားစေတီ တွေမှာ မိုင်းဗုံးထောင် ဖောက်ခွဲမှုတွေ၊ သို့မဟုတ် ဘုရားပရိဝုဏ်တဝိုက်မှာ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ခဲ့ ဖူးလို့လား။

ဆရာတော် စန္ဒောဘာသ ။ ။ ကမ္ဘာအေး မဟာပါသန လှိုဏ်ဂူမှာ တရုတ်ပြည်က စွယ်တော်ကြွလာတုန်း အချိန်က မဟာပါသနလှိုဏ်ဂူထဲမှာ ဆဌသံဃာ ရတနာ ဝန်ကြီးချုပ်ဦးနု ကိုယ်တိုင်လုပ်ခဲ့တဲ့နေရာမှာ ဗုံးပေါက် ခဲ့တာ ရှိပါတယ်။ အဲဒီ ဗုံးပေါက်ခဲ့တဲ့အချိန်တုန်းကဆိုရင် စစ်အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းပေးပြီး ဘယ်သူကြောင့် ဘယ်ဝါကြောင့်ဆိုပြီး သေချာဖြေရှင်းခဲ့တာ မရှိပါဘူး။ အဲဒီတော့ အလားတူပဲ ဘာသာရေး နယ်မြေတွေ၊ အရေးကြီးတဲ့ သံဃာရတနာတင်တဲ့နေရာကြီးမှာ သွေးမြေတွေကျခဲ့တာ သာသနာသမိုင်းမှာ အင်မတန်မှ ဝမ်းနည်းစရာတွေ ရှိခဲ့ပါတယ်။ အဲဒီလို အဖြစ်မျိုးတွေ ထပ်ပြီးတော့ မဖြစ်ဖို့ရာကတော့ အခု လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမှာ ၁၀၀% သူတို့မှာ တာဝန်ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အရှင်ဘုရား အထူးသဖြင့်ပေါ့ ကမ္ဘာအေး သာသနာလှိုဏ်ဂူကြီးမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဆိုလို့ရှိရင် အစိုးရကနေပြီး ဒါက ကရင်သောင်းကျန်းသူလက်ချက်၊ ပြင်ပမှာရှိတဲ့ ပြည်ပြေးအဖွဲ့တွေရဲ့ လက်ချက်ဆိုပြီး စွပ်စွဲပေမဲ့ ဒီအဖွဲ့တွေကလည်း ပြတ်ပြတ်သားသား ငြင်းဆိုထားတဲ့အပြင် နောက်ပိုင်းမှာ အပြင်ဖက်ကိုထွက်လာတဲ့ အတွင်းသတင်း၊ ထောက်လှမ်းရေးသတင်းတွေအရဆိုရင် ဒီကိစ္စက အချင်းချင်း၊ သူတို့စစ်တပ်အဖွဲ့တွေကြားထဲမှာ အချင်းချင်း လုပ်ကြံသတ်ဖြတ် ကြိုးစားမှုဆိုတဲ့ သဘောမျိုးတွေ သတင်းတွေ ထွက်လာတာကို ကြားသိရပါတယ်။ ဒီလို ကမ္ဘာအေးသာသနာလှိုဏ်ဂူကိစ္စအပြင် အစောက အရှင်ဘုရား ပြောပြသွားခဲ့တဲ့ ဘုရားပရိဝုဏ်အတွင်းနား ဒါမှမဟုတ် သံဃာတော်တွေကြားမှာ သွေးမြေကျခဲ့ရတဲ့ ဖြစ်ရပ်တွေဆိုတာက ဘယ်သူက ကျူးလွန်ခဲ့တဲ့ဖြစ်ရပ်တွေကို ဆိုလိုတာလဲ။

ဆရာတော် စန္ဒောဘာသ ။ ။ ဒါ စစ်အစိုးရကိုယ်တိုင် ကျူးလွန်ခဲ့တာ စက်တင်ဘာ ရွှေဝါရောင် သံဃာ တော်လှန်ရေးတုန်းက ရွှေတိဂုံရဲ့ ခြေရင်းမှာ စစ်သားတွေကိုယ်တိုင် သတ်ဖြတ်ခဲ့တာ တကမ္ဘာလုံးအသိပါပဲ။ ဒါကတော့ တပိုင်းပေါ့။ ကမ္ဘာအေး သာသနာလှိုဏ်ဂူထဲမှာ ဘုန်းကြီးရဟန်းသံဃာတော်တွေလည်း အဲဒီ အထဲမှာ ပျံတော်မူခဲ့တာရှိတယ်။ ဗုံးခွဲဒဏ်ကြောင့်။ အဲဒီတုန်းကလည်း ဘုန်းကြီးသံဃာတော်တွေ သွေး မြေ ကျ၊ ဘုန်းကြီးတွေ ပျံတော်မူခဲ့တာပဲ။ စစ်အစိုးရက သူတို့ချင်းသူတို့ လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်တယ် ဆိုတာ တကမ္ဘာလုံးနဲ့ မြန်မာလူမျိုးတွေ သိပါတယ်။ ဒါတွေကို ရွှေတိဂုံကုန်းပေါ်မှာလည်း သူတို့အာဏာပိုင် အဖွဲ့အစည်းတွေ ဘုရားလာရှစ်ခိုးတဲ့အခါမှာ၊ ဘုရားဖူးလာတဲ့အခါမှာ သူတို့ခေါင်းဆောင်တွေကို သူတို့နဲ့ မကျေနပ်တဲ့ ပုဂ္ဂိုလ်တွေက လုပ်ကြံမှာ၊ သတ်ဖြတ်မှာတွေကို စိုးရိမ်တဲ့အခါကျတော့ သူတို့ဘုရားမလာခင်မှာ ဒါတွေကို ပူပြီးတော့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို အလေးထားတာထက် သူတို့လာလို့ရှိရင် သူတို့အန္တရာယ်ကင်းဖို့အတွက်ကို ပိုပြီးလုပ်တယ်လို့ ဘုန်းဘုန်းအနေနဲ့ အဲဒီလိုမြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လူထုအနေနဲ့ စိတ်အေးချမ်းသာမှုအတွက် တရားရှာဖို့ ဘုရားဖူးတဲ့အချိန်မှာ အခုလို မိုင်းအသိ၊ မိုင်းသတိရှိကြပါဆိုတဲ့ ဆိုင်ဘုတ်မျိုးတွေကို ထင်ထင်ရှားရှားကြီးတွေ ပြထားတယ်၊ ရှာဖွေမှုတွေ လုပ်တယ်ဆိုတော့ စိတ်အနှောက်အယှက် မဖြစ်ကြဘူးလား။ ဒါအပြင် လူထုအကြားမှာ ဒီလို လုပ်ရပ် တွေ ကြောင့် စိတ်မသက်မသာနဲ့ မယုံသင်္ကာမှုတွေကို ပိုပြီပွားလာအောင် ဖန်တီးနေသလို မဖြစ်ဘူးလားဘုရား။

ဆရာတော် စန္ဒောဘာသ ။ ။ ဒါကတော့ အားလုံးအပေါ် အယုံအကြည်ကင်းမဲ့အောင် လုပ်သလိုဖြစ်တယ်။ နောက်ပြီးတော့ တကယ်တမ်း လက်ရှိအစိုးရအနေနဲ့က ရွှေတိဂုံဘုရားအပေါ် အခုလို တက်မယ်ဆိုလို့ရှိရင် မိုင်းတွေဘာတွေ ရှာမယ်ဆိုလို့ရှိရင် မြန်မာ့ရုပ်မြင်သံကြားတို့၊ သတင်းစာ၊ သတင်းမီဒီယာတို့ကနေ ရွှေတိဂုံ ဘုရားကို ဘုရားဖူးတက်မယ်ဆိုလို့ရှိရင် ကြိုတင်ရှောင်ရှားပြီးတော့ လုပ်ရမယ့်အချက်တွေ၊ မယူလာရမယ့် ပစ္စည်းတွေ အဲဒါမျိုးတွေကို သေချာ မီဒီယာကနေ ပြည်သူလူထုကို ကြိုတင်ပြီးတော့ ပြောကြား ပန်ကြား သင့်တယ်။ ရွှေတိဂုံဘုရားရောက်တဲ့အခါကြမှ ဟိုဟာမလုပ်ရဘူး၊ ဒီဟာမလုပ်ရဘူး။ ဟိုဟာမယူရဘူး၊ ဒီဟာမယူရဘူးဆိုတော့ အဲဒီလိုဆို လူတွေက စိတ်ဆင်းရဲမှုတွေ အများကြီးဖြစ်မယ်။ တောနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးက လာကြတဲ့ တောသူတောင်သားတွေက အထုပ်အပိုးတွေနဲ့ ဘုရားဖူးလာကြတော့ သူ့အထုပ်အပိုး တွေ ရွှေတိဂုံဘုရားပေါ် - ဘုန်းဘုန်းတို့ ငယ်ရွယ်ကိုရင်ဘဝတုန်းက ရွှေတိဂုံဘုရားပေါ်ကို ကိုယ့်ပါတဲ့အထုပ် ကိုယ့်ဘာသာ ယူသွားခဲ့တာပဲ။ ဒီလို အစဉ်အလာရှိခဲ့တယ်။ အဲဒီတော့ ရွှေတိဂုံဘုရားပေါ် တက်မယ်ဆိုရင် ကြိုတင်ပြီးတော့ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူလူထုကို သေခြာ clear ဖြစ်အောင် ကြိုတင် ကြေညာအသိပေးရမယ်။ အဲဒါမှ ပြည်သူလူထုနဲ့ အာဏာပိုင်အဖွဲ့အစည်းကြားထဲမှာ အဆင်ပြေမှုတွေဖြစ်မယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဘာမှကြိုတင် အကြောင်းကြားမရှိဘဲနဲ့ ဘုရားနားရောက်မှ ဟိုဟာမလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူး။ ဟိုမသွားရဘူး၊ ဒီမသွားရဘူးဆိုတော့ ပိုပြီးတော့ ပြဿနာတွေ ကြီးထွားစေတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဗမာပြည်ထဲမှာ ရန်ကုန်မြို့မှာ ဗုံးလန့်တဲ့ကိစ္စတွေ၊ ဗုံးခွဲဖို့ ကြိုးစားတယ်၊ ဖမ်းဆီးတဲ့ သတင်းတွေဆိုတာက အထူးသဖြင့် သင်္ကြန်တွင်းကာလမှာ ပိုပြီအရေးတကြီး ပြောလာကြတာကို ကြားရ ပါတယ်။ ဒါပေမဲ့လည်း ဗုံးဖွဲ့မူကိစ္စတွေဆိုရင် အမြဲတမ်း အစိုးရအနေနဲ့က ပြင်ပမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေကို အမြဲတမ်းလက်ညိုးထိုးလိမ့် ရှိပါတယ်။ ဒါပေမဲ့ တိတိကျကျရယ်လို့ မဟုတ်သလို ပြင်ပကလည်း အဖွဲ့အစည်းတွေကလည်း ဒီကိစ္စတွေကို ဘယ်တုန်းကမှ လုပ်ပါတယ်ဆိုပြီးတော့ ဝန်ခံ ပြောကြားခဲ့တာ ရှိတယ်လို့ မကြားခဲ့ပါဘူး။ အဲဒီတော့ ဒီလုပ်ရပ်တွေက တကယ်တမ်းကြလို့ရှိရင် အတိုက်အခံ အဖွဲ့အစည်းတွေကို အခုလောလောဆယ် ရွှေတိဂုံဘုရားမှာ မိုင်းသတိပေးတယ်ဆိုတဲ့ကိစ္စမျိုးက ဘုရား ပရိဝုဏ် အတွင်းမှာတောင် မရှောင်ဘဲတိုက်ခိုက်မယ့် ယုတ်မာပက်စက်တဲ့လူတွေအဖြစ် ပုံဖော်ချင်တဲ့ သဘော မျိုးတွေ ဖြစ်မနေဘူးလား။

ဆရာတော် စံန္ဒောဘာသ ။ ။ ဒီဟာကတော့ အတိုက်အခံကတော့ ဒီလို ငြိမ်းချမ်းရေးအလုပ်ကိုပဲ ဦးဆောင် ပြီးတော့ လုပ်တာပါပဲ။ တကယ်တမ်းကြတော့ တိုက်ခိုက်မှုတွေ အကြမ်းဖက်မှုတွေဖြစ်တိုင်းဖြစ်တိုင်း သူတို့ တခုခု ဖန်တီးမှုရှိတယ်။ အကြောင်းအကျိုးတွေ ဆက်စပ်ပြီးတော့ ပြင်ဆင်လေ့ရှိတယ်။ အဲဒီတော့ မြန်မာ နိုင်ငံရဲ့ အခြေအနေကြည့်မယ်ဆိုလို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်းက - ဗုံးတွေ၊ လက်နက်တွေ ဆိုတာ ကလည်း သူတို့မှာပဲရှိတာ။ တခြားပြည်သူလူထုဆီမှာ မရှိပါဘူး။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရမှာ တာဝန်ရှိတယ်။ အဲဒါ သူကတော့ တခုဖြစ်ပြီဆိုရင်တော့ အတိုက်အခံ တွေကိုပဲ သူတို့ လွှဲချမှာပဲ။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် အုပ်ချုပ်တဲ့အစိုးရအနေနဲ့ ပြည်သူလူထုကို ယုံကြည်မှု ရအောင်၊ အတိုက်အခံကိုတော့ ယုံကြည်မှုတွေ ကင်းမဲ့အောင် မသမာတဲ့နည်းတွေနဲ့ ဖေါက်ခွဲပြီး အတိုက်အခံ ကို လွှဲချပြီး၊ ပြည်သူလူထုကို သတ်ဖြတ်ညဉ်းဆဲတာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ တကယ်တမ်း ပြည်သူလူထုရဲ့ အိုးအိမ်စည်းစိမ်တွေ၊ ဘုရားဖူးတဲ့ တကာ၊ တကာမတွေ အားလုံးကို အကောင်းဆုံး ဖြစ်အောင် အခုနပြောတဲ့ ဘုန်းဘုန်းကတော့ ဘုရားပေါ်ကို လုံခြုံစိတ်ချမှု တကယ်ရှိစေချင်တယ်၊ ပြည်သူ လူထုကို ကောင်းစေချင်တယ်ဆိုရင် နည်းမှန်လမ်းမှန်နဲ့ ဘုရားရဲ့ တောင်မုဒ်၊ မြောက်မုဒ်၊ အရှေ့အနောက် မုခ်တွေမှာ စည်းကမ်းတကျ၊ နည်းလမ်းတကျနဲ့ နောက်ဆုံး ပြည်သူလူထုကို စိတ်သက်သာရအောင် ကောင်းကောင်းမွန်မွန်နဲ့ အကောင်းဆုံးဖြစ်အောင် ဘုရားရဲ့ အောက်ခြေ၊ မုခ်ဦးကနေ လုပ်သင့်တယ်။ ဘုရားပေါ် ရှိခိုးတဲ့အချိန်ကျမှ၊ ပုတီးစိပ်တဲ့အချိန်ကျမှ မသင်္ကာမှုတွေနဲ့ လုပ်တာတော့ ဘာသာရေးကို သူတို့ ကိုယ်တိုင် နှောက်ယှက်တယ်လို့ မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု မြန်မာပြည်မှာ လက်ရှိအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကလေးအကြောင်း မေးချင်ပါတယ်။ ဒီနှစ်သစ်ကူးကာလမှာ အစိုးရအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ဆိုတဲ့ လှုပ်ရှားမှု။ အားလုံး လက်မှတ်ရေးထိုးပြီးတော့ သမ္မတသစ် ဦးသိန်းစိန်ဆီ ပို့ပေးဖို့ဆိုတဲ့ လှုပ်ရှားမှုကို တပည်တော်တို့ ကြားသိရပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားဆိုတဲ့နေရာမှာ မြန်မာနိုင်ငံမှာ ရွှေဝါရောင် တော်လှန်ရေး ကာလအပြီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရဟန်းတော်တွေ၊ သံဃာတော်တွေလည်း အများအပြား ပါဝင် နေတယ်ဆိုတာ တပည်တော်တို့ သိရပါတယ်။ အထူးသဖြင့် နိုင်ငံရေးကူညီစောင့်ရှောက်ရေးအသင်းရဲ့ မှတ်တမ်းအရဆိုရင် စုစုပေါင်းသံဃာတော် အရည်အတွက် (၂၂၅) ပါးတို့ ရှိနေတယ်ဆိုတာကို သိရပါတယ်။ ဒီသံဃာတော်တွေ ပြန်လွတ်ပေးဖို့အရေးက ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာလေးကို နည်းနည်း ရှင်းပြပေးပါဘုရား။

ဆရာတော် စန္ဒောဘာသ ။ ။ ဒီသံဃာတော်တွေက ငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒပြခဲ့တဲ့အတွက်ကြောင့် ဒီသံဃာတော်တွေက နိုင်ငံရဲ့ ဥပဒေ၊ ဘုရားဥပဒေတွေကို ဘာတခုမှ ချိုးဖောက်တာ မရှိပါဘူး။ အဲဒါ ဒီဟာတွေကို စစ်အစိုးရအနေနဲ့ ဖမ်းဆီးထောင်ချပြီးတော့ လူဝတ်လဲပြီးတော့ ထောင်ထဲမှာ နှိပ်စက် နေတာ တွေက သူတို့အနေနဲ့ အကျည်းတန်အရုပ်ဆိုးလှပါတယ်။ အဲဒီတော့ အခုနပြောတဲ့ ဘုန်ကြီးတွေ ထောင်ထဲပြီး ပိတ်ဖြူတွေပတ်ပြီးတော့ အဲဒီလို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ညဉ်းပမ်းနှိပ်စက်နေတာတွေကို ဒါတွေက တိုင်းပြည်အတွက် အကျည်းတန်စေတယ်။ အကျည်းတန်တဲ့အတွက်ကြောင့် ဒီဟာတွေကို အမြန်ဆုံး လွှတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်တွင်းထဲမှာရှိတဲ့ နိုင်ငံရေး အဖွဲ့ အသီးသီးက တောင်းဆိုနေတာတွေက တရားမျှတတဲ့ အလုပ်တွေဖြစ်တယ်ဆိုတာကို ဘုန်းဘုန်းအနေနဲ့ ပြောချင်တယ်။ နောက်တခုက ဘုန်းကြီးတို့ ရဟန်းသံဃာဆိုတာက စာသင်ခြင်း၊ စာချခြင်း၊ တရားပြခြင်း ဆိုတဲ့ ကိုယ့်ရဲ့ မူရင်းအလုပ်ကိုပဲ ဘယ်ဘုန်းကြီးရဟန်းသံဃာမဆို လုပ်ချင်ကြတယ်။ ဒါပေမဲ့လို့ ကိုယ့် တိုင်းပြည်မှာ ဆင်းရဲမွဲတေပြီး စားစရာမရှိ၊ ဝတ်စရာမရှိ၊ နေစရာမရှိ စုတ်ပျက်သတ်နေတဲ့အတွက်ကြောင့် ဘုန်းကြီး ရဟန်း သံဃာတော်တွေက ပရဟိတခေါ်တဲ့ လူမှုရေးအလုပ်တွေကို ကူညီစောင့်ရွက်ပေးနေတာကို ဒါလည်း တိုင်းပြည်ကို ကောင်းစေချင်တဲ့ အလုပ်တွေကို လုပ်တာပဲ။ ဘုန်းကြီးတွေကို သူတို့က ကျေးဇူးတောင် တင်ရအုန်းမှာ။ ဒါတွေကို ကျေးဇူးမတင်ဘဲ ဘုန်းကြီးတွေကို သတ်ဖြတ်၊ ထောင်ချ၊ နှိပ်စက်တယ် ဆိုတော့ ဒါက အင်မတန်မှ ဝမ်းနည်းစရာကောင်းတယ်။ အဲဒီတော့ ဘုန်းကြီးရဟန်းသံဃာတွေအပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ကိုကိုကြီး၊ မင်းကိုနိုင်၊ ဦးဂဗ္ဘီရ၊ ဆရာတော်ဦးဝေဒသူတို့ - ဒီလို ဘုန်းကြီးတွေ၊ ကျောင်းသားတွေဟာ တိုင်းပြည်ရဲ့ ကောင်းကျိုးတွေပဲ လုပ်နေတာ၊ ဆိုးကျိုးတွေကို လုပ်နေတာမဟုတ်ဘူး။ အဲဒီတော့ ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ ဘုန်းဘုန်းအနေနဲ့ အဲဒီလို မြင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာ ခြင်းအားဖြင့် လက်ငင် ဘယ်လို နိုင်ငံရေးအရ၊ ပြည်တွင်းမှာရော ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ ဆိုတာကို အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။

ဆရာတော် စံန္ဒောဘာသ ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းအားဖြင့် ပြည်သူလူထုအနေနဲ့ ဒီလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရဟာ တကယ့် တိုင်းသူပြည်သားလူအများတွေကို အာဂတတရား မရှိဘူး။ လွတ်ငြိမ်း ချမ်းသာခွင့်တွေ ပေးပြီးတော့ ညီအကိုမောင်နှမ မိသားစုသဖွယ် ကောင်းတူဆိုးတူ အတူတူ ပူးပေါင်း ဆောင်ရွက်ပြီး တိုင်းပြည်အတွက် အတူတူလုပ်ကြမယ်ဆိုတဲ့ စိတ်ထားမျိုးရှိလို့ဆိုတဲ့ အမြင်မျိုးတွေကို ပြောင်း သွားနိုင်ပါတယ်။ အကယ်လို့ ဒီလို လွတ်ငြိမ်းချမ်းသာခွင့်မပေးဘဲနဲ့ ထောင်ထဲမှာ ဆက်ထားမယ် ဆိုလို့ရှိရင်၊ နှိပ်စက်ထားမယ်ဆိုလိုရှိရင် တိုင်းသူပြည်သားလူအများကနေ ဒီလူတွေ အရင်တုန်းက စစ်အစိုးရ တုန်းကလိုပဲ မထူးပါဘူးဆိုတဲ့ အမြင်မျိုး ပြောင်းသွားစရာမရှိပါဘူး။ အဲဒီတော့ ကိုယ်ကနေ အုပ်ချုပ် အစိုးရ အနေနဲ့ ဒီဟာတွေကို အပြုသဘောဆောင်ပြီးတော့ တကယ်တမ်း အခုလို ထောင်ကျနေတဲ့၊ ထောင်ထဲမှာ နှိပ်စက် ခံနေရတဲ့ ရဟန်းသံဃာ၊ ကျောင်းသားတွေကို သူတို့ဟာ တိုင်းပြည်အတွက် ဒီမိုကရေစီရစေချင်လို့၊ ဒီမိုကရေစီ အစိုးရဖြစ်စေချင်လို့ ဆောင်ရွက်ခဲ့ကြတာပဲ။ တောင်းဆိုခဲ့ကြတာပဲ။ အခုဟာ သူတို့ပြောသလို ဒီမိုကရေစီအစိုးရ အစစ်အမှန်ကြီး မဟုတ်တောင် ဒီမိုကရေစီကို ခြေလှမ်းစနေပြီ၊ ဒီမိုကရေစီဖြစ်အောင် လုပ်မယ်ဆိုတဲ့ စစ်မှန်တဲ့ စိတ်ထားမျိုး၊ စိတ်ဓါတ်မျိုး ရှိတယ်ဆိုလို့ရှိရင် ရဟန်းပြည်သူ ကျောင်းသားတွေ အားလုံး အခု ထောင်ထဲမှာ မတရားသဖြင့် ဖမ်းထားတာတွေအားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးရ မှာ ဖြစ်ပါတယ်။