အလုပ်သမား အခွင့်အရေး၊ ရပိုင်ခွင့်များအကြောင်း တစေ့တစောင်း

အလုပ်သမား အခွင့်အရေး၊ ရပိုင်ခွင့်များအကြောင်း တစေ့တစောင်း

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ရန်ကုန်မြို့နေ အလုပ်သမားအခွင့်အရေးဆိုင်ရာ အကြံပေး ရှေ့နေ ဦးပိုးဖြူ ကို မြန်မာ့အလုပ်သမားများ အခွင့်အရေး၊ အခြေအနေများကို ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ရန်ကုန် လှိုင်သာယာ စက်မှုစက်ရုံထဲက တိုင်ယီ (Taiyi) ဖိနပ်စက်ရုံမှာ အလုပ်သမား တစ်ထောင်ကျော်က သူတို့ရဲ့ လုပ်ခလစာတွေ တိုးမြှင့်ပေးရေး နဲ့ အလုပ်ချိန်ပုံမှန် သတ်မှတ်ပေးရေး၊ အတင်းအဓမ္မ ခိုင်းတဲ့ကိစ္စတွေ ပပျောက်ရေး စတာတွေအတွက် မတ်လ (၈) ရက်နေ့မှာ စတင် ဆန္ဒပြခဲ့ကြပါတယ်။ အာဏာပိုင်တွေက ဆန္ဒပြကြတဲ့ စက်ရုံတဝိုက် အသွားအလာတွေကို ပိတ်ထားတဲ့အပြင်၊ ဆန္ဒပြသူတွေနဲ့ ပြင်ပက ဥပဒေအကြောင်း ကူညီပေးလိုတဲ့ အဖွဲ့အစည်းတွေကြား ဆက်သွယ်ခွင့် မပေးတာကြောင့် လက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ တကယ်တမ်းမှာတော့ မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ အခုလိုကိစ္စမျိုးတွေမှာ အလုပ်သမားသမဂ္ဂတွေမှတဆင့် စုပေါင်းတောင်းဆို ညှိနှိုင်းပိုင်ခွင့်တွေ ရှိသင့်တယ်လို့ ရန်ကုန်မြို့မှ အလုပ်သမားရပိုင်ခွင့် ဥပဒေအကြံပေးရှေ့နေ ဦးပိုးဖြူ က ဗွီအိုအေကို ပြောပြပါတယ်။

ဦးပိုးဖြူ ။ ။ တိုင်ယီကုမ္မဏီ အလုပ်သမားတွေ လုပ်ခလစာကိစ္စတွေအတွက် ဆန္ဒပြကြတယ်လို့ ကျနော် သိရပါတယ်။ ဒါပေမဲ့ သူတို့အလုပ်သမားတွေနဲ့ ကျနော်တို့ အလုပ်သမားကူညီရေးတွေ မတွေ့ဖြစ်အောင် ခြားထားတယ်။ မဆုံဖြစ်အောင် တားမြစ်ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ကျနော်တို့ မဆုံဖြစ်၊ မတွေ့ဖြစ် မရခဲ့ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အခုလိုဖြစ်တဲ့ လှိုင်သာယာ စက်မှုဇုံ တိုင်ယီ ဖိနပ်စက်ရုံက အလုပ်သမားတွေကိစ္စက ဒီ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ညွှန်ချုပ်ကိုယ်တိုင် လာရောက်ဖြေရှင်းပေးတယ်လို့ ကြားတယ်။ သောကြာနေ့အထိ နောက်ဆုံးအခြေအနေ ဘယ်လိုကြားရပါသလဲ။

ဦးပိုးဖြူ ။ ။ လတ်တလော အခြေအနေမှာတော့ ဒီဟာကို စောင့်ကြည့်ဖို့။ နောက်တခါကြတော့ အလုပ်ရှင်တွေဖက်ကလည်း ပြောင်းလဲလာတာမျိုး၊ အလုပ်သမားတွေဖက်ကလည်း စောင့်ကြည့်နိုင်တာမျိုး ဖြစ်ဖို့ဆိုတာမျိုးလောက်တော့ ညှိနှိုင်းဆွေးနွေးပြီးတာမျိုး ရှိတယ်လို့ ကြားသိရပါတယ်။ ကျနော်တို့ကိုယ်တိုင် တင်သွင်းတဲ့ ဖြေရှင်းမှုမျိုးတွေမှာလည်း အဲဒီအတိုင်းပါပဲ။ ဖြေရှင်းပေးတယ်၊ နှစ်ဖက်ခေါ်ယူ ညှိနှိုင်းပေးတာမျိုးတွေ လုပ်ပေးတယ်။ သို့သော်ငြားလည်း ချက်ချင်း ပြေလည်သွားတာမျိုး၊ တောင်းဆိုတာတွေ အပြည့်အဝရရှိသွားတာမျိုး ကျနော်တို့ မရရှိဘူး။ ညှိနှိုင်းဆွေးနွေးတဲ့ထဲက တဝိုက်ကျော်ကျော်လောက် အောင်မြင်တယ်၊ တဝိုက်ကျော်ကျော်လောက် ရတယ်ဆိုရင်ပဲ တော်တော်ကို ဟုတ်နေပြီ။ ဒါပြီးတော့လည်း အလုပ်ရှင်တွေက ပြန်ပြီတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ပြန်ချိုးဖောက်တာပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဦးပိုဖြူက ကျနော်တို့လို့ ပြောပါတယ်။ ကျနော်တို့ဆိုတာက ဘယ်လိုအဖွဲ့အစည်းမျိုးကို ဆိုလိုတာလဲ။ အခု သပိတ်မှောက်နေတဲ့ အလုပ်သမားတွေရဲ့ ကိုယ်စားပြုအဖွဲ့အစည်းကို ပြောတာလား။

ဦးပိုးဖြူ ။ ။ အဲဒီလိုမျိုး မဟုတ်ပါဘူး။ ကျနော်တို့ဆိုတာက အလုပ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းနေတဲ့ သူငယ်ချင်း အသိုင်းအဝိုင်းတွေ၊ အလုပ်သမားအခွင့်အရေး တက်ကြွဆောင်ရွက်နေသူ၊ အလုပ်သမားဥပဒေကို ဝိုင်းဝန်းပြီးတော့ ဆွေးနွေးအကြံပြုနေတဲ့ ဥပဒေပညာရှင်အသိုင်းအဝိုင်းတွေကို ဆိုလိုတာပါ။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ အလုပ်သမားတွေ ဆန္ဒပြနေတဲ့နေရာမှာ သူတို့ကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းရယ်လို့ မရှိဘူးလား။ ဒါဆိုလို့ရှိရင် သူတို့အနေနဲ့ သူတို့ရဲ့အရေးကိစ္စကို သမဂ္ဂတွေရဲ့ ကိုယ်စားပြုမှုမရှိဘဲနဲ့ ဒီလိုပဲ လက်တွေ့ကျကျ ရင်ဆိုင်နေရတယ်ဆိုတဲ့ သဘောလား။

ဦးပိုးဖြူ ။ ။ ဟုတ်ပါတယ်။ အဲဒါ အမှန်ပါပဲ။ အဲဒီမှာ သူတို့တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြ လေ့ကျင့်ပေးထားတာမျိုး၊ စုစည်းထားတဲ့ အဖွဲ့အစည်းမျိုး သူတို့မှာ တကယ် မရှိပါဘူး။ ဒီဟာနဲ့ ပတ်သက်ပြီး ဦးဆောင်တဲ့၊ ဝိုင်းဝန်းအကြံပေး ဆွေးနွေးတဲ့၊ ဒါမှမဟုတ် အဓိကအချက်ကို ဦးဆောင်ပြီး တင်ပြတဲ့လူတော့ ရှိတယ်လို့ သိရတယ်။ သို့သော်ငြားလည်း အဲဒီလူနဲ့ ကျနော်တို့ တွေ့ခွင့်မရခဲ့ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ သူတို့အနေနဲ့ကတော့ ပထမဦးဆုံး အတွေ့အကြုံတော့ မဟုတ်ဘူးလို့ ကျနော်တို့ ကြားသိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်ပိုင်းတုန်းက ဆိုလို့ရှိရင်လည်း အလားတူဆန္ဒပြပွဲတွေ ဖြစ်ပြီးတော့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ အထိုက်အလောက် ပြေလည်မှု ရခဲ့ဘူးတယ်လို့ ကြားရပါတယ်။ အခု ထပ်ပြီးဆန္ဒပြကြရတဲ့ အကြောင်းအရင်းက ဘာလို့၊ ဘယ်လိုဖြစ်လို့ဆိုတဲ့ အကြောင်းအရင်းကို ကြားရပါသလဲ။

ဦးပိုးဖြူ ။ ။ ထပ်ပြီးတော့ ဆန္ဒပြကြရတဲ့ အကြောင်းအရာတွေကတော့ လုပ်ခလစာတွေနည်းတယ်၊ လုပ်ခလစာတွေထဲကနေ ဖြတ်တောက်ပြစ်တယ်။ ယခင် သဘောတူညီထားတဲ့ သဘောတူညီချက်တွေကို လိုက်နာခြင်းမရှိဘူး။ နောက် အလုပ်ချိန်တွေကို တိုးမြှင့်ပြီးခိုင်းတယ်။ တကယ်နားရမယ့် တပတ်တရက် နားရမှာကိုလည်း အသိအမှတ်မပြုဘူး။ ဒါကြောင့်မို့ ဒီလိုဖြစ်ရတာ၊ ဒါကြောင့်မို့ ကျနော်ဖက်က အလုပ်သမားဥပဒေ ရှုထောင့်ကို တချက်တော့ ပြောပါရစေ - အလုပ်သမားတွေက တဦးတယောက်ချင်း တင်ပြနေ၊ ဆွေးနွေးနေရတဲ့ အခြေအနေမျိုးကို ရောက်နေတယ်။ တကယ်တမ်း သူတို့တဦးချင်းဆီ တယောက်ချင်းဆီ တင်ပြတဲ့အခါကြတော့ အညိုးအတေး နဲ့ အလုပ်ရှင်ဖက်က တေးမှတ်ထားတဲ့ကိစ္စရပ်တွေ၊ ခွဲခြားဆက်ဆံခံရတဲ့ကိစ္စရပ်တွေကို ကြုံတွေ့နေရတယ်။ တကယ်ညှိနှိုင်း ဆွေးနွေးညှိနှိုင်းဆွေးနွေးပေးတဲ့ အရာရှိတွေဖက်ကလည်း ရေရှည်မှာ စိတ်မရှည်ရတော့တဲ့ကိစ္စရပ်တွေကို မြင်တွေ့နေရတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ပေးပါတယ်။ ဒါပေမဲ့ ရေရှည်မှာ စိတ်မရှည်မှုတွေ ဖြစ်ပေါ်နေတယ်။ ဒီအခါမှာ အလုပ်သမားတွေရဲ့ စုပေါင်းဆွေးနွေးပြီးတော့ တောင်းဆိုခွင့်။ စုပေါင်းညှိနှိုင်းပြီးတော့ တောင်းဆိုခွင့် အခွင့်အရေးဆုံးရှုံးနေတယ်။ တနည်းအားဖြင့် Collective Bargaining Right ဆုံးရှုံးနေတယ်။ ILO ရဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်အမှတ် (၁၁၁) ဆိုတဲ့ စုပေါင်းညှိနှိုင်းဆုံးဖြတ်ခွင့်၊ စုပေါင်းညှိနှိုင်းပြီးတော့ တောင်းဆိုခွင့်တွေ ဆုံးရှုံးနေသမျှ ကာလပတ်လုံး ဒီဆန္ဒပြပွဲတွေနဲ့ တောင်းဆိုမှုတွေ၊ မကျေနပ်မှုတွေက ဆက်လက်ရှိနေအုန်းမယ်။ ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအနေနဲ့က အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် အမှတ် (၁၁၁) – Right to Collective Bargaining ဆိုတဲ့အချက်ကို အသိအမှတ်ပြုဖို့၊ လက်မှတ်ရေးထိုးဖို့ လွှတ်တော်ကနေ ဒါကို အသိအမှတ်ပြုဖို့ တင်သွင်းဖို့၊ အစိုးရကနေ လက်မှတ်ရေးထိုး အတည်ပြုပြီးတဲ့နောက်မှာ ဥပဒေအဖြစ်နဲ့ ပြဋ္ဌာန်းဖို့ လိုအပ်တယ်။ ဒါအပြင်ကို စုပေါင်းဆုံးဖြတ်ခွင့်နဲ့ဆိုင်တဲ့ Collective Bargaining Right Convention 98 ကိုလည်း လက်မှတ်ရေးထိုး အတည်ပြုပြီးတော့ ဥပဒေအဖြစ်နဲ့ ပြဋ္ဌာန်းရေးဆွဲဖို့ လိုအပ်တယ်။ ဒီလို Convention 98 နဲ့ Convention 111 ကို အတည်ပြုပြီး အကောင်အထည်ဖော်မှ ပြည်သူတွေ၊ အလုပ်သမားတွေ၊ လုပ်သားပြည်သူတွေဟာ သက်သာချောင်ချိမှုတွေ။ သူတို့ကိုယ်တိုင် ဥပဒေနည်းလမ်းတကျ ဆောင်ရွက်နိုင်တဲ့ ဖြေရှင်းနိုင်တဲ့ အနေမျိုးကို ရောက်ရှိမယ်။ အဲဒီလိုမဟုတ်ဘူးဆိုရင် ~ ကိစ္စရပ်တွေက တခုချင်းဆီဖြစ်လိုက်၊ တိုင်းဦးစီးက သွားလိုက်၊ တနေရာမှာ ဆန္ဒပြလိုက် တိုင်းဦးစီးကသွားလိုက် ပြဿနာရပ်တွေပေါင်းစုံလိုက်၊ ပြဿနာပေါင်းစုံက တနေရာချင်းစီထွက်ပွက်လိုက် - ဒါတွေကိုပဲ ကြုံတွေ့နေရမယ်။ တကယ်တမ်း ဥပဒေပြုဋ္ဌာန်းရေးက ပြောင်းလဲလာမှ နိုင်ငံတကာ စံချိန်စံနှုန်း၊ အလုပ်သမား ဥပဒေစံချိန်စံနှုန်းတွေနဲ့ ညီညွှတ်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ပြည်တွင်းဥပဒေအတွင်းမှာ လတ်တလော အမြန်အဆန်ကို ပြဋ္ဌာန်းပေးနိုင်မှသာလျှင် ဒီကိစ္စတွေ ပြေလည်လာလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အရင် မဆလ - ဆိုရှယ်လစ်ခေတ်တုန်းကမှာ အလုပ်သမားအစည်းအရုံးဆိုတာ ရှိခဲ့တယ်။ အခုလောလောဆယ်က အလုပ်သမားတွေအတွက်ကို ကိုယ်စားပြုပေးနိုင်တဲ့ ဘယ်လို တရားဝင်အဖွဲ့အစည်းမှ မရှိဘူးလား။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွှတ်တော်ဆွေးနွေးပွဲတွေမှာ တစုံတရာ ဆွေးနွေးတာတွေကို ကြားရပါသလား။

ဦးပိုးဖြူ ။ ။ ဒါနဲ့ ပတ်သက်ပြီးတော့ အလားအလာတွေလောက်ကိုပဲ ပြောဆိုသွားတာမျိုးရှိတယ်။ တကယ်တမ်းမှာ ဘာကိုပြဋ္ဌာန်းပေးဖို့ဆိုတဲ့ အဆင့်တခုထိရောက်အောင် ဆွေးနွေးတာမျိုးကိုတော့ ကြားသိရတာခြင်း မရှိပါဘူး။ တကယ်တမ်းဆိုရင် Convention 87 ကို ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရက လက်မှတ်ရေးထိုး အတည်ပြုထားပြီးဖြစ်တယ်။ ဒီအတည်ပြုထားတဲ့အလျောက် ပြည်တွင်းပြဋ္ဌာန်း ဥပဒေကို အမြန်အဆန်ပြဋ္ဌာန်းပြီးတော့ သမဂ္ဂတွေ ဖွဲ့စည်းထူးထောင်ခွင့်ကို ခွင့်ပြုသင့်တယ်။ သို့သော်လည်း အစိုးရရဲ့ အသုံးအနှုန်းကိုယ်က အလုပ်သမားကိုယ်စားပြု အဖွဲ့အစည်း၊ အလုပ်သမား ကိုယ်စားပြုအဖွဲ့ ဆိုတာလောက် ကော်မတီဆိုတာလောက်ကိုပဲ သူတို့အနေနဲ့ အသိအမှတ်ပြုချင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ စကားသံတွေ ပြောဆိုပုံတွေက။ တကယ်တမ်းဆိုရင် State Union ဆိုတဲ့ သမဂ္ဂရဲ့ အဆင့်အတန်းကို ရရှိမှ နည်းပညာတွေ၊ အလွှဲအပြောင်းကိစ္စတွေ၊ အလုပ်သမားတွေရဲ့ ကျွမ်းကျင်အလုပ်သမားရေးကိစ္စတွေ၊ သူတို့တွေရဲ့ စုပေါင်းတောင်းဆိုနိုင်ခွင့်တွေ၊ စုပေါင်းဆွေးနွေးဆုံးဖြတ်နိုင်ခွင့်တွေ၊ ဖွဲ့စည်းနိုင်မှုကိစ္စတွေ မြင့်မားလာမှာဖြစ်တယ်။ အဲဒါမှလည်း ပြဿနာရပ်တွေကို တပေါင်းတည်း ဖြေရှင်းနိုင်ဖို့အတွက် အဆင်ပြေလွယ်ကူလိမ့်မယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ်မှာ ဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာရှိတဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်ရုံးက တစုံတရာ ဝင်ရောက်ဆောင်ရွက်ပေးခြင်း၊ စုံစမ်းပေးခြင်း၊ အရေးပေးခြင်း မရှိဘူးလား။

ဦးပိုးဖြူ ။ ။ အဲဒီလို မရှိရတာလည်း အကြောင်းရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရကြားထဲမှာ နားလည်းမှုစာချွန်လွှာက ကလေးစစ်သားကိစ္စနဲ့ အဓမ္မအလုပ်သမားကိစ္စ အတွက်ကိုပဲ နားလည်းမှုစာချွန်လွှာ သဘောတူချုပ်ဆိုထားခြင်း ဖြစ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့တတွေက Convention 29, Convention 105 နဲ့ ဆိုင်တဲ့ အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေက ပြည်တွင်းပြဋ္ဌာန်းဥပဒေကဲ့သို့ အာဏာသက်ဝင်နေပြီ၊ ဒါဟာ နောက်ဆုံးဖြစ်နေပါပြီ။ ဒီ platform တခုထဲမှာ အားလုံးဝိုင်းလျှောက်နေမယ်ဆိုရင်တော့ နိုင်ငံတကာဥပဒေ၊ အလုပ်သမား ဥပဒေ စံချိန်စံနှုန်းတွေက ထွန်းကားလာစရာ၊ ဒီထက် ပိုကျယ်ပြန့်လာစရာ၊ ပြည်သူတွေ ကျင့်သုံးလာစရာ မရှိပါဘူး။ ဒါကြောင့် Convention 87, 98 တို့ကို ဒီထက်ပိုကျယ်ပြန့်လာအောင် ကျနော်တို့ ပြည်သူတွေကိုယ်တိုင် အလုပ်သမားရေး ဆောင်ရွက်နေသူကိုယ်တိုင် ဒီထက် ပိုကျယ်ပြန့်လာအောင် ကြိုးစားအားထုတ်နေတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခု ကျနော်တို့ ကြားသိရတာက လှိုင်သာယာ စက်မှုဇုံထဲက တိုင်ယီ ဖိနပ်စက်ရုံမှာ ဖြစ်နေတဲ့ကိစ္စတခုတည်းပေါ့။ ပါဝင်တဲ့ ဆန္ဒပြနေတဲ့ အလုပ်သမားတွေ တစ်ထောင်ကျော် ရှိတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ တခြား စက်ရုံ၊ အလုပ်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ၊ ဖိနပ်ချုပ်စက်ရုံတွေ အဲဒီဖက်ကမှာ အများအပြားရှိတဲ့အထဲမှာ တခြားစက်ရုံတွေမှာရော တခြား ပြဿနာတွေ ရှိနေသလား၊ တခြား စက်ရုံတွေက ပါဝင်ပူးပေါင်း တောင်းဆိုကြတဲ့ အလားအလာ မရှိကြဘူးလား။

ဦးပိုးဖြူ ။ ။ အဲဒီလိုမျိုးတော့ မကြားမိသေးပါဘူး။ ဘာကြောင့် ဒီလို မကြားရသေးဘူးဆိုရင် စက်ရုံတွေ တရုံနဲ့တရုံ၊ အလုပ်သမားတွေ အချင်းချင်း ဆက်သွယ်မှု၊ ဆက်ဆံမှုဟာ အလွန်ပဲ အားနည်းနေသေးတယ်။ နောက်တခါ အလုပ်သမားတွေက သူတို့ကိုယ်တိုင် သိပ်နစ်နာလွန်လို့သာ တဦးချင်းဆီ၊ ဒါမှမဟုတ် အများနဲ့ စုဖွဲ့ပြီးတော့ စွန့်စားနေကြတာပဲရှိတယ်။ တကယ်တမ်းမှာ အလုပ်သမားတွေက နေရောညရော မအားကြဘူး။ မနက်အစောကြီး ၇ နာရီ ၇ နာရီခွဲလောက်ကတည်းကနေ အလုပ်ဝင်ရတယ်။ ည ၈ နာရီခွဲမှ ပြန်ရတယ်။ တချို့ စက်ရုံတွေဆိုရင် ၁ နာရီခွဲမှ ပြန်လွတ်တာမျိုးတွေ ရှိတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ သီးသန့်အားလပ်ချိန်ဆိုတာ မရှိဘူး။ တယောက်နဲ့တယောက်၊ တရုံနဲ့တရုံ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့ အနေအထား လတ်တလောမှာ မတွေ့မြင်မိသေးပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့ အခွင့်အရေး မိမိ အခွင့်အရေးတွေကိုယ်တိုင်ကို နားလည်သဘောပေါက်တဲ့ အဆင့်ရှိကြရဲ့ လား။ အထူးသဖြင့် ဒီလို အခွင့်အရေးမျိုးဆိုတာ စုပေါင်းပြီးတော့ ဝိုင်းဝန်းဆန္ဒပြဆိုရမယ့် ကိစ္စမျိုး Collective Bargaining သမဂ္ဂဖွဲ့ပြီးတော့ အရေးဆိုရမယ့် အကြောင်းအရာ၊ ငြိမ်းချမ်းစွာ ညှိနှိုင်းရမယ့် အကြောင်းအရာတွေ ဖြစ်တာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိမှုတွေ ရှိရဲလား။

ဦးပိုးဖြူ ။ ။ မသိပါဘူး။ ကျင့်သုံးမှုလည်း မရှိပါဘူး။ မသိရတဲ့ အကြောင်းရင်းက ဘာကြောင့်လည်းဆိုရင် တဦးချင်းတယောက်ချင်းဆီက တင်ပြလာတဲ့၊ တိုင်ကြားလာတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာတယ်ဆိုရင် အလုပ်သမားဦးစီးဌာနက ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း အလုပ်ရှင်ကို ခေါ်ယူညှိနှိုင်းဆွေးနွေးမှုတွေ မရှိဘူးမဟုတ်ဘူး ရှိပါတယ်။ ဒါပေမဲ့ ပြီးတာနဲ့ တပြိုင်နက်တည်း SB က လိုက်သွားတယ်။ ရဲ က လိုက်သွားတယ်။ မေးမြန်းတာတွေ၊ စုံစမ်းတာတွေ လုပ်သွားတယ်။ အဲဒီအခါမှာ အလုပ်သမားတွေ ကြောက်ရွံစိတ် ဝင်လာတယ်။ ကြောက်စိတ်ဝင်လာတယ် သူလုပ်တာ မှားသွားသလား စိတ်မျိုးကို ဖြစ်ပေါ်စေတယ်။ ဒီလိုနည်းနဲ့ Right of Petition ခေါ်တဲ့ တင်ပြလျှောက်ထားပိုင်ခွင့် အခွင့်အရေးကို ပြည်သူတွေ၊ လုပ်သားပြည်သူတွေက စနစ်တကျ မကျင့်သုံးတတ်ဘူး။ မကျင့်သုံးတတ်တာများတဲ့အခါကြတော့ မကျင့်သုံးဘူး။ မကျင့်သုံးတာ ကြာလာတဲ့အခါကြတော့ အဲဒီအခွင့်အရေးတွေက ပျောက်ဆုံးလာတယ်။ အဲဒီ တဦးတယောက်ချင်းဆီက တင်ပြလာတဲ့အခါကြတော့လည်း စာတွေမှာ ရေးသားမှုတွေမှာ ချွတ်ချော်မှုတွေ၊ အချက်အလက် မှားယွင်းမှုတွေ၊ မှားယွင်းတဲ့ အချက်အလက်တင်ပြမှုတွေ ဖြစ်ပေါ်လာတယ်။ အဲဒီအခါကြတော့ ဦးစီးအရာရှိတွေ၊ အလုပ်ရှင်တွေက စိတ်မရှည်ကြတော့ဘဲ သူတို့ကို ငြိုငြင်တဲ့ကိစ္စတွေ၊ ဖိအားပေးတဲ့ကိစ္စတွေ၊ ဒါတွေက မှားယွင်းတဲ့ဆိုတဲ့ကိစ္စတွေအပေါ် ပြောဆိုတာခြင်းတွေ ပေါ်ပေါက်လာတယ်။ ဒီအခါမှာ အလုပ်သမားတွေက ပိုပြီးကြောက်တဲ့စိတ်မျိုး၊ ပိုပြီလူရာမဝင်တဲ့ အခြေအနေမျိုးတွေ ဖြစ်လာတယ်။ ကိုယ့်အခွင့်အရေးကိုတောင် လွတ်လွတ်လပ်လပ် မကျင့်သုံးနိုင်တော့တဲ့ အခြေအနေမျိုး ဖြစ်လာတဲ့အခါမှာ တခြားထွက်ပေါက်ရှာတဲ့ ဆန္ဒပြတဲ့ပုံစံမျိုးတွေ ပေါ်ပေါက်လာရတယ်လို့ ကျနော် ဒီလိုနားလည်းပါတယ်။ ဒါကြောင့်မို့ သူတို့ကြားထဲမှာ ကိုယ်စားပြုမယ့် အဖွဲ့အစည်းရှိဖို့ လိုအပ်တယ်။ Social dialogue နဲ့ဆိုင်တဲ့ စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းဆွေးနွေးခွင့်တွေ တရားဝင်အသိအမှတ်ပြုဖို့ လိုအပ်တယ်။ အခုအခြေအနေမှာ ဘယ်လောက်များသလဲဆိုရင် အလုပ်သမားက ရှေ့နေရှေ့ရပ်နဲ့ ဥပဒေခွင့်ရ ကိုယ်စားလှယ်နဲ့ တင်သွင်းဆောင်ရွက်တာမျိုး၊ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးတာမျိုးကိုတောင် အစိုးရက အသိအမှတ်မပြုနိုင်လောက်အောင် မရင့်ကျက်သေးဘူးဖြစ်နေတယ်။ တကယ်တော့ ရင့်ကျက်ဖို့ ကောင်းပြီ။

ဦးသန်းလွင်ထွန်း ။ ။ ဦးပိုးဖြူတို့ အနေနဲ့လည်း အလုပ်သမားတွေကို ကိုယ်စားပြုပြီး ဆောင်ရွက်ပေးဖို့ ရှေ့နေရှေ့ရပ်တွေနဲ့ အဖွဲ့အစည်းတွေနဲ့ ဥပဒေအကြောင်းအရာတွေနဲ့ ကူညီဆောင်ရွက်ပေးနေတာကို ကျနော်တို့ နဂိုကလည်း ကြားသိဘူးပါတယ်။ ဒါအပြင်ကိုလည်း ဦးပိုးဖြူတို့အနေနဲ့ အဖမ်းအဆီးခံခဲ့ဘူးတယ်ဆိုတာကိုလည်း ကြားသိရပါတယ်။ အဲဒီတော့ အခုလို ကျနော်တို့ကို ပြောတဲ့ဆိုတဲ့အတွက်၊ အလုပ်သမားအရေးတွေကို ပြောဆိုတောင်းဆိုပေးနေတဲ့အတွက် အပြစ်တစုံတရာရှာပြီး ဖမ်းဆီးခံရမှာမျိုး ရှိလာနိုင်မလား။

ဦးပိုးဖြူ ။ ။ လတ်တလောမှာကို ကျနော် အမှုနဲ့ ရင်ဆိုင်နေရတာပဲ။ ကျနော်ရယ်၊ ကျနော့်သူငယ်ချင်း အပေါင်းအသင်းတွေ၊ အလုပ်သမားအခွင့်အရေး တက်ကြွဆောင်ရွက်နေကြသူ သူငယ်ချင်း (၁၀) ယောက်ဟာ တရားစွဲဆိုခံထားရတယ်။ အမှုအကြောင်းအရာကလည်း ဘာမှမဟုတ်ဘူး။ အမှုအဖြစ်အပျက် အမှန်အတိုင်းကိုပဲ ကျနော် တင်ပြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းချက်အကြောင်းအရာကို တောင်းတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကာယကံကိုယ်တိုင် ကြောက်လွန်လို့ မတင်ပြရဲ မပြောဆိုရဲတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ပန်းကြားလွှာအနေနဲ့ အကြောင်းကြားတယ်။ ဒါကို ကုမ္မဏီအနေနဲ့ ဘာမှငြိုငြင်စရာမရှိဘူး၊ ကုမ္မဏီကလည်း တရားစွဲဖို့ ဆန္ဒမရှိဘူး။ သို့သော်ငြားလည်း အမှုကြီးတင်လာတဲ့ အခြေအနေတခုကို ဖြစ်ပေါ်လာတယ်။ ပြီးတော့ ရုံးချိန်တွေချိန်တယ်။ ဒါကြောင့် ကျနော်တို့ လက်တွေ့ အခုပဲ ရင်ဆိုင်နေကြရတယ်။