အနှစ် (၂၀) ကျော်အတွင်း မြန်မာနိုင်ငံလွှတ်တော်မှာ သမ္မတ တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသိန်းစိန်က တင်သွင်းခဲ့တဲ့ အစိုးရအဖွဲ့ဝင်သစ် အမည်စာရင်းကို လွှတ်တော်က အတည်ပြုပေး လိုက်ပါပြီ။ ဖွဲ့စည်းခဲ့တဲ့ အစိုးရသစ်အဖွဲ့ထဲမှာ အများမျှော်လင့်ထားခဲ့တဲ့အတိုင်း အရင် စစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ စစ်ဗိုလ်လူထွက်တွေ အများစုပဲ ပါဝင်ပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ ကတော့ ဒီ အစိုးရအသစ်အပေါ် လက်ရှိ မူဝါဒ ဖြစ်တဲ့ လက်တွေ့ကျဆက်ဆံရေးမူဝါဒနဲ့ ပိတ်ဆို့ ဒဏ်ခတ်ရေး ပူးတွဲမူဝါဒကို ဆက်လက်ကျင့်သုံးသွားမယ်လို့ မြန်မာနိုင်ငံ အမေရိကန်သံရုံး တာဝန်ခံ (Chargé d'Affaires Larry Dinger) Larry Dinger က ဗွီအိုအေ ကို ပြောဆိုခဲ့ပါတယ်။
Mr. Larry Dinger ။ ။ ကျနော့်အမြင် ပြောရရင်တော့ အခုတက်လာတဲ့ အစိုးရဟာ အစိုးရသစ် တခုရယ် တော့ မဟုတ်ပါဘူး။ မြင်နေကျ မျက်နှာတွေပါပဲ။ ဒါပေမဲ့ အရင်ကတော့ အစိုးရအဖွဲ့ဝင်ဟောင်းထဲကလူတွေ ဟာ ရွေးကောက်ပွဲအပေါ်မှာပဲ အာရုံစိုက်နေကြပြီး ဆွေးနွေးပြောဆိုခွင့် သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် အခုအချိန်မှာတော့ ဒီလူတွေဟာ အရင်လူတွေ ဖြစ်နေပေမဲ့ အမြင်နဲ့ ရပ်တည်မှု ပြောင်းလာတာမျိုး ရှိလေ မလား။ ဆွေးနွေးပြောဆိုမှုတွေလုပ်ဖို့ ပိုပြီး လိုလားတာတွေများ ရှိနေမလား ဆိုတာ တီးခေါက်ကြည့်ဖို့ လိုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အင်မတန် နက်နဲတဲ့ ပြဿနာတွေကို မဖြစ်မနေ ဖြေရှင်းဖို့ လိုအပ်နေပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်မြို့တော်ကို ခေတ္တပြန်ရောက်နေတဲ့ အမေရိကန် သံရုံး သံမှူးကြီး Larry Dinger က ပြောကြားသွားတာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး ရစဉ်ကတည်းက အစိုးရအဆက်ဆက်နဲ့ သံတမန်အဆက်မပြတ်ခဲ့သလို အခုလည်း ထိန်းသိမ်း ဆက်ဆံ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုလက်ရှိ ဆက်ဆံရေးဟာ သံမှူးကြီး အဆင့် ဆက်ဆံရေးသာ ဖြစ်ပြီး မကြာခင်မှာ သံအမတ်ကြီးအဆင့် ဆက်ဆံဖို့အလားအလာ ရှိပါသလား ဆိုတဲ့ မေးခွန်းကိုတော့ - ဒါဟာ ဝါရှင်တန်မှာရှိနေတဲ့ မူဝါဒရေးရာ ချမှတ်သူတွေ သုံးသပ်ရမယ့်ကိစ္စ ဖြစ်ကြောင်း။ လက်ရှိကျင့်သုံးနေတဲ့ ဆက်ဆံရေးမူဝါဒ ဘယ်လောက်ထိ တိုးတက်မှုရှိသလဲဆိုတဲ့ အပေါ်မှာ မူတည်နေကြောင်းနဲ့ လတ်တလော မှာတော့ ဒီလို သံအမတ်ကြီးအဆင့်ထိ တိုးမြှင့် ဆက်ဆံဖို့ အခြေအနေ မမြင်သေးပါဘူးလို့ Mr. Dinger က ဆိုပါတယ်။
အမေရိကန်ရဲ့ လက်တွေ့ကျ ဆက်ဆံရေးမူဝါဒအရ ပူးတွဲပြီး ကျင့်သုံးနေတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေး အစီအစဉ် တွေရဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပြောဆိုပါတယ်။
Mr. Larry Dinger ။ ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီးတော့ သုံးသပ်ဖို့ပါပဲ။ နိုင်ငံရေးလှုပ်ရှားနေသူတွေကို မဖမ်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဖိအားပေးဖို့၊ အစိုးရကလုပ်နေတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အားလုံး ဘက်ပေါင်းစုံ ပါဝင်လာစေရေး အခွင့်အလမ်းရှိစေဖို့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို နိုင်ငံရေး အတိုက် အခံတွေ၊ အဖွဲ့အစည်းတွေအားလုံးနဲ့ ဆွေးနွေးညှိနှိုင်းစေဖို့၊ ခြုံပြီးပြောရရင် နိုင်ငံတော်ရဲ့ ကောင်းမွန်တဲ့ အနာဂတ်အရေးကို စဉ်းစားလုပ်ဆောင်လာရေးအတွက် စစ်အစိုးရကိုတွန်းအားပေးဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လဲ အမေရိကန်အစိုးရရဲ့ မူဝါဒသစ် ကြေညာခဲ့တဲ့ ၂၀၀၉ ခု နောက်ပိုင်းမှာ မြန်မာ စစ်အစိုးရရဲ့ လိုက်လျောလုပ်ဆောင်ချက်တွေ သိသိသာသာ တိုးတက်လာတာ မမြင်ရသေးပါဘူး လို့ Mr. Dinger က ဆိုပါတယ်။
Mr. Larry Dinger ။ ။ သူနဲ့ အမြင်မတူသူတွေနဲ့တောင် ဆွေးနွေးဖို့ အဆင်သင့်ရှိပါတယ်ဆိုတဲ့ သမ္မတ အိုဘားမားရဲ့သဘောထားကိုထင်ဟပ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မူဝါဒသစ် ကြေညာခဲ့ကတည်းက ဒီ လက်တွေ့ကျ မူဝါဒဆက်ဆံရေးဟာ အထစ်အငေါ့များစွာနဲ့ ရေရှည်သွားရမယ့်လမ်းဖြစ်တယ်ဆိုတာကို သဘောပေါက်ထားပြီးသားပါ။ ဖြေရှင်းရမယ့်ကိစ္စတွေဟာ သိမ်မွေ့နက်နဲတာနဲ့အမျှ ဘက်ပေါင်းစုံအနေနဲ့ အပြန်အလှန် ညှိနှိုင်းဖို့ ညီမျှတဲ့ အလျှော့ပေး သဘောတူမှုတွေ ရလာဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ ဒါကြောင့် ကျနော့်အမြင် ပြောရရင်တော့ အခု မူဝါဒသစ်ဟာ နောက်ပိုင်း သိပ်ကြီးကြီးမားမား တိုးတက် အောင်မြင်မှု မရှိသေးဘူးလို့ ဆိုရပါလိမ့်မယ်။ ဒီလို မှန်းဆထားလို့လည်း သဘာဝကျမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သာမန်ပြည်သူတွေ ပိုအထိနာပြီး ဆင်းရဲမွဲတေမှုလမ်းကြောင်းပေါ်ကို ပိုပြီး တွန်းပို့နေ သလိုဖြစ်တယ်ဆိုတဲ့ စွတ်စွဲချက်တွေကိုတော့ သူက ငြင်းဆိုခဲ့ပြီး မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှုပြဿနာဟာ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ မမှန်ကန်တဲ့ စီးပွားရေးမူဝါဒတွေကြောင့််သာဖြစ်ပြီး အဂတိ လိုက်စားမှု၊ မူဝါဒရေးရာ ဆုံးဖြတ်ချက် မမှန်ကန်မှု စတာတွေကလည်း အဓိက ပြဿနာတွေဖြစ်တယ်လို့ ဆိုပါတယ်။ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတရပ်က ထောက်ပြ ထားတာနဲ့ ကိုက်ညီနေပါတယ်။
အမျိုးသားဒီမိုကရေစီရဲ့ စစ်တမ်းမှာ နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းအပြောင်းအလဲတွေပါ အလိုက်သင့် ဖြစ်ပေါ်လာစေရေးအတွက် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဘယ်လိုဘယ်အချိန်၊ ဘယ်လိုအခြေအနေမျိုးတွေမှာ ပြန်ပြီး ပြောင်းလဲသုံးသပ်သင့် သလဲဆိုတာကို ဆွေးနွေးလိုပါကြောင်း ကမ်းလှမ်းထားတာနဲ့ ပတ်သက်ပြီး အမေရိကန် သံမှူးကြီး Larry Dinger က-
Mr. Larry Dinger ။ ။ ဆက်ဆံညှိနှိုင်းရေးဆိုတဲ့ လုပ်ငန်းစဉ်ဟာ တစိုက်မတ်မတ် ရွေ့လျားလုပ်ဆောင် သွားရမယ့် လုပ်ငန်းစဉ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံနဲ့ အခြေအနေအားလုံး သုံးသပ် ဆွေးနွေး နိုင်ဖို့ ကျနော်တို့ အမြဲကြိုးစားနေပါတယ်။ အစိုးရနဲ့ ဆက်ပြီးပြောဆို ဆွေးနွေးသွားမှာဖြစ်သလို အတိုက်အခံ တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးနဲ့လည်း စဉ်ဆက်မပြတ် တွေ့ဆုံမှုတွေ လုပ်နေပါ တယ်။ နေပြည်တော်ကို ကျနော် လစဉ်သွားသလိုပဲ အကျယ်ချုပ်က လွတ်မြောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မကြာခဏ တွေ့ဆုံဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲနဲ့ ထွက်လာတဲ့ရလဒ်တွေအကြောင်း ပြန်ပြောင်း ပြောရာမှာတော့- အမေရိကန်ပြည်ထောင်စု သံအရာရှိတွေဟာ ရွေးကောက်ပွဲ မဲပေးတာတွေကို တခြား သံတမန်တွေ၊ ပြည်တွင်းမှာရှိတဲ့သတင်းမီဒီယာတွေနဲ့အတူ လိုက်ကြည့်ဖို့ စစ်အစိုးရက ဖိတ်ခေါ်ချက်ကို ငြင်းပယ်ခဲ့တာကြောင့် မဲပေးပွဲတွေကို မမြင်လိုက်၊ မလေ့လာလိုက်ရတဲ့ အခြေအနေဖြစ်ခဲ့သလားဆိုတဲ့ မေးခွန်းကို -
Mr. Larry Dinger ။ ။ အမေရိကန်အစိုးရအနေနဲ့ အဲဒီအချိန်တုန်းက ကျနော်တို့ကို တရားဝင် လေ့လာ ရေး အဖွဲ့ဝင်သဘောမျိုး ဖြစ်မသွားစေချင်ဘူးလို့ လှမ်းပြီးအကြောင်းကြားထားခဲ့ပါတယ်။ ဒီလို မြန်မာ အစိုးရရဲ့ လေ့လာရေးအဖွဲ့ထဲမှာ မပါခဲ့ပေမဲ့ ကျနော်တို့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှည့်ပတ်ကြည့် ခဲ့တာတွေ ရှိပါတယ်။ ရွေးကောက်ပွဲဟာ အစ နိဒါန်းမှာကတည်းက အညီအမျှအခွင့်အရေးတွေ ပေး မထားခဲ့ဘူးဆိုတာ အမေရိကန်ပြည်ထောင်စုဘက်က အစောကြီးကတည်းက ရှင်းရှင်းလင်းလင်း ပြော ဆိုဝေဖန်ခဲ့ပြီးသား ဖြစ်ပါတယ်။ USDP နဲ့ အခြားအတိုက်အခံပါတီတွေရရှိတဲ့ မဲဆွယ်ပွဲ အခွင့်အရေးတွေဟာ မညီမျှပါဘူး။ USDP က ကိုယ်စားလှယ်တွေတင်နိုင်သလောက်လည်း သူတို့တင်နိုင်စွမ်းမရှိခဲ့ပါဘူး။ မညီမျှတာတွေက အများကြီးပါ။
ရွေးကောက်ပွဲနေ့မှာတော့ အခြေအနေက အေးအေးဆေးဆေးပါပဲ။ ဒါဟာ အတော့်ကိုကောင်းတဲ့ အချက် ပါ။ ဒါပေမဲ့ ညနေဘက်ရောက်လာတော့ မြို့နယ်မဲရုံတွေကို ကြိုတင်မဲ ဆိုတာတွေဝင်လာပြီး ပြဿနာ ပေါ်တော့ တာပါပဲ။ အစောပိုင်းကရထားတဲ့ ရလဒ်တွေဟာ အဲဒီကြိုတင်မဲတွေကြောင့် အကုန် ပြောင်းပြန် ဖြစ်ကုန်ပါ တယ်။ နောက်ဆုံးမှာတော့ ပါလီမန်လွှတ်တော်ထဲကို USDP နဲ့ နီးစပ် သူတွေပဲ အားလုံးနီးပါး အရွေးခံရတယ် ဆိုတဲ့ ရလဒ် ထွက်ပေါ်လာပါတယ်။ မြန်မာစစ်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးကိုလုပ်ဖို့ အခွင့်အလမ်းတရပ် ရခဲ့ပေမဲ့ လုပ်မသွားခဲ့ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ ဒါ့အပြင် အခုနောက်ဆုံး လွှတ်တော်ခေါ်၊ အစိုးရအသစ်ဖွဲ့တော့လည်း အများစုဟာ စစ်အစိုးရအဖွဲ့ဝင်လူဟောင်းတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေပဲ ဖြစ်နေတာမို့ ထူးမခြားနားပဲမဟုတ်လား ဆိုတော့ -
Mr. Larry Dinger ။ ။ အားလုံးခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာတာပါပဲ။ အပြောင်းအလဲ ဖြစ်လာလိမ့်မယ် လို့ ကျနော် မျှော်လင့်မထားခဲ့ပါဘူး။ စစ်တပ်ထဲကလူ၊ ဒါမှမဟုတ် စစ်ဝတ်စုံချွတ်ထားတဲ့လူ ဒီ အရင် လူဟောင်းတွေပဲ အာဏာကို အချိန်အတော်ကြာ ဆက်လက်ယူထားကြအုန်းမှာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စုအစိုးရ မူဝါဒသုံးသပ်သူတွေအနေနဲ့ကတော့ အခြေအနေ ကို စဉ်ဆက်မပြတ်လေ့လာသုံးသပ်နေပြီး လိုအပ်သလို ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်သွားမှာဖြစ်ကြောင်း ဒီအချက်ကို လက်တွေ့ကျဆက်ဆံရေးမူဝါဒကို ကြေညာကတည်းက အသေအချာပြောထားပြီးဖြစ်ကြောင်း လည်း သံမှူးကြီး လယ်ရီဒင်ဂါက ရှင်းပြပါတယ်။ အာဏာရအစိုးရ၊ အတိုက်အခံပါတီစတာတွေ အပြင် ဝေဖန်သူ တချို့ထောက်ပြသလို သာမန်လူထုရဲ့အခွင့်အလမ်း၊ ပညာရေး၊ လူမှုဖွံ့ဖြိုးရေးကိစ္စတွေ အတွက်ရော အမေရိကန်ပြည်ထောင်စု အနေနဲ့ ဘယ်လိုများတိုက်ရိုက်ဆံပြီး လက်တွေ့ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါသလဲဆိုတော့ -
Mr. Larry Dinger ။ ။ အခုလို ဗွီအိုအေကနေတဆင့် ဆွေးနွေးဖြေကြားတာတွေနဲ့ မြန်မာလူထုကို ဆက်သွယ်လိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း လူထုနဲ့ဆက်သွယ်ဖို့ Pubic Deplomacy လို့ခေါ်တဲ့ သံတမန်ရေးနည်းလမ်းတွေရှိပါတယ်။ ဒါတွေဟာ အသုံးဝင်ပေမဲ့ မီဒီယာလွတ်လပ်ခွင့်မရှိတာမို့ လက်တွေ့ လုပ်ရတဲ့အနေအထားကတော့ ခက်ခဲပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ မြန်မာပြည်သူလူထုနဲ့ လက်တွေ့ ထိတွေ့ဆက်ဆံနိုင်ဖို့ တတ်နိုင်သမျှနည်းလမ်းတွေကိုအသုံးချပြီး လူထုကို အနာဂတ် ကောင်းကျိုးအတွက် ပိုပြီးတွေးခေါ်မြော်မြင်နိုင်ဖို့၊ အမြင်ကျယ်ပြန့်လာစေဖို့ အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ နေပြည်တော်မှာ လွှတ်တော်နဲ့ အစိုးရရုံးတွေဖွင့်၊ အစိုးရအဖွဲ့သစ်လည်း ပေါ်လာပြီ ဆိုတော့ ရန်ကုန်မြို့မှာရှိနေတဲ့ နိုင်ငံခြားသံရုံးတွေပါ နေပြည်တော်ကို ပြောင်းရဖို့ ရှိနေတယ်ဆိုတဲ့ သတင်း တွေလည်းထွက်ပေါ်နေပါတယ်။ ဒါဆိုရင် ရန်ကုန်မြို့ပေါ်မှာရှိနေတဲ့ မြို့ခံတွေအပါအဝင် သာမန် လူထုနဲ့ သံတမန်တွေ အဆက်အသွယ်ပြတ်သွားနိုင်သလားဆိုတဲ့ မေးခွန်းကို မစ္စတာဒင်ဂါက အခုလို ဖြေပါတယ်။
Mr. Larry Dinger ။ ။ လုပ်ငန်းကိစ္စတွေအတွက် ကျနော် နေပြည်တော်ကို တလ ၂ ကြိမ်လောက် သွား ရပါတယ်။ အစိုးရကတော့ နေပြည်တော်ကို ပြောင်းရွှေ့လိုတဲ့ အစိုးရသံရုံးတွေအတွက် နေရာတွေငှားဖို့ ကိစ္စ၊ ဆောက်လုပ်ရေးကိစ္စတွေ ကူညီပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။ အတင်းအကြပ်ပြောင်းဖို့ တိုက်တွန်း ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ တကယ်တန်းမှာက နေပြည်တော်မှာလည်း သူတို့အနေနဲ့ ငွေကြေး အကြီးအကျယ် အကုန်အကျခံပြီး ဆောက်လုပ်ထားတာတွေရှိပေမဲ့လည်း နိုင်ငံခြား သံတမန် မိသားစုတွေ အခြေချရလောက်အောင်တော့ အဆင်သင့်မဖြစ်သေးပါဘူး။
အမေရိကန် သံရုံးအနေနဲ့ကတော့ ရန်ကုန်မှာရှိတဲ့ သံရုံးနေရာသစ်ကို ပြောင်းထားတာကလည်း သိပ်တောင် မကြာသေးပါဘူး။ အဲဒီတော့ အမေရိကန်သံရုံး နေပြည်တော်ကို ပြောင်းဖို့ဆိုတာ အလှမ်းဝေးပါသေးတယ်။
ဦးသန်းလွင်ထွန်း ။ ။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်ကို ခေတ္တပြန်လည်ရောက်ရှိနေတဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံးတာဝန်ခံ သံမှူးကြီး လယ်ရီဒင်ဂါကို တွေ့ဆုံမေးမြန်းခဲ့တာပါ။