မြန်မာနိုင်ငံ ကောက်ကြီးပေါ်ချိန် စပါးဈေးကျ

  • မသင်းသီရိ

မြန်မာနိုင်ငံ ကောက်ကြီးပေါ်ချိန် စပါးဈေးကျ

မြန်မာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စပါး အထွက်နည်းတာတွေ ကြုံနေခဲ့ရတဲ့အပြင် အခုလည်း စပါးဈေးတွေ ကျတာကြောင့် လယ်သမားတွေ အရှုံး ပေါ်နေကြပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံထဲကနေ နိုင်ငံခြားကို ဆန်တင်ပို့မှု နည်းတာကြောင့် ပြည်တွင်း ဈေးကွက် အဝယ်မလိုက်ပဲ ဈေးကျနေတာ ဖြစ်တယ်လို့ ဆန်ကုန်သည်ကြီးတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အခုဆိုရင် မိုးစပါးပေါ်ချိန် ဖြစ်နေပေမယ့် စပါးဈေး ကျနေတာကြောင့် လယ်သမားတွေဟာ အခု ကောက်ကြီးစပါး ပေါ်ချိန်မှာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။

မနှစ်က စပါးပေါက်ဈေးဟာ တတင်းကို ၃၆၀၀ ကျော်လောက်ကနေ အခု ၃၀၀၀ နီးပါးလောက်တောင် မရဘူးဖြစ်နေတာမို့ စပါး စိုက်ပျိုးစရိတ် မကြေတာမျိူးတွေ အများကြီး ကြုံနေရတာမျိုးတွေ ရှိတယ်လို့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက လယ်ပိုင်ရှင်တဦးက သူတို့ ကြုံနေရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

"အထွက်ကျလို့ မျှော်မှန်းထားတဲ့၊ အထွက်မရတဲ့အတွက် ဈေးကပါ လိုက်ကျလိုက်တော့ ဘယ်လိုမှ မကာမိတော့တဲ့ အဖြစ်မျိုးကို ရောက်သွားတာပေါ့။ ဥပမာ အထွက်တော့ နဲနေတယ်၊ ဈေးလေးက ပေးတယ်ဆိုရင်လည်း နဲနဲလေး သက်သာသေးတာပေါ့လေ။ အရှုံးဒဏ်လေး ခံရတာ သက်သာသေးတာပေါ့။ အခုကျတော့ မနှစ်ကထက်ကို ကျနော်တို့ စပါးဈေးက ဥပမာ ၃၅ - ၃၆ လောက်နဲ့ တည်ခဲ့တဲ့ဟာက အခု ၃ တောင် မပြည့်လှဘူး ဆိုတော့ ၃၅၀၀ ဆိုတော့၊ ငါးရာ ခြောက်ရာလောက် ပြုတ်ကျတာပေါ့လေ။ အဲဒီလို ဖြစ်သွားတာ။ အဲဒါကြောင့်မို့လို့လဲ တောင်သူက စပါးဈေးနှုန်း ကျလိုက်တဲ့အခါမှာ ဒဏ်မခံနိုင်ပဲ အရှုံးပေါ်ရတဲ့ အဖြစ်ပါပဲ။"

အထူးသဖြင့်ကတော့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရာသီဥတု ဖောက်ပြန်ခဲ့မှု တွေကြောင့် စပါးအထွက်နှုန်း နည်းခဲ့တာပါ။ ဒါ့အပြင် အခု စပါးဈေးကလည်း ထပ်ပြီးတော့ ကျနေပြန်တာကြောင့် စိုက်ပျိူးရေးစရိတ် ကာမိလောက်အောင်ကို ငွေပြန်မရလို့ လယ်သမားတွေဟာ ဒီနှစ် မိုးစပါးမှာတော့ အကြီးအကျယ် ရှုံးနေတာလို့လည်း ရှင်းပြပါတယ်။

"အဲဒီမှာ ကျနော်တို့ တောင်သူတွေက တစ်ဧကပေါ်မှာ ကုန်ကျစားရိတ်ဟာ မြေဆီဖိုးရော၊ လုပ်အားခရော၊ ထွန်တဲ့စားရိတ်တွေရော ဘာတွေရော တွက်လိုက်လို့ရှိရင် တစ်သိန်းခွဲ၊ တစ်သိန်းခွဲကျော်ကျော် ရင်းရပါတယ်။ အခုချိန်မှာ ရောင်းလိုက်လို့ရှိရင် တစ်ဧကပေါ်မှာ တစ်သိန်းကျော် မရတော့ပဲ ကိုးသောင်းကျော် ရတဲ့အတွက် အဲဒီမှာ သွင်းထားရတဲ့ သွင်းအားစုက ကုန်ကျစားရိတ်တွေနဲ့၊ မျိုးဖိုးတွေနဲ့၊ ကျနော်တို့ ထွန်၊ တည် စားရိတ်တွေနဲ့၊ မြေဆီဖိုးတွေနဲ့ ဆိုတာက တစ်သိန်းခွဲထဲကနေ ကိုးသောင်းနှုတ်လိုက်ရင် ၄ - ၅ - ၆ သောင်း ရှုံးကုန်ကြတာ။ အဲဒီသဘောမျိုးနဲ့ ရှုံးတာက ဘယ်လိုမှကို အဆင်မပြေနိုင်တော့ဘူး။ နှစ်ဖက်နာ ဖြစ်သွားတာပေါ့လေ။"


မန္တလေးတိုင်းက လယ်ပိုင်ရှင်တဦးက သူတို့ ကြုံနေရတဲ့ အခြေအနေတွေ ရှင်းပြခဲ့တာပါ။

အလားတူ မြန်မာနိုင်ငံ တဝှမ်းမှာလည်း မိုးများလို့ မြစ်ရေ ချောင်းရေ လျံတာမျိုးတွေ ဖြစ်ခဲ့တာကြောင့် တခြားဒေသ တော်တော်များများမှာလည်း စပါး အထွက်နှုန်းတွေ ကျတာ၊ တခါ ဆန်စပါးထွက်တဲ့ အရေအသွေးတွေ မကောင်းတာ အများကြီး ဖြစ်နေပါတယ်။

ဒီလိုအခြေအနေတွေထဲ မြန်မာနိုင်ငံကနေ နိုင်ငံခြားကို ဆန်တင့်ပို့မှု သိပ်မများတဲ့အတွက် ပြည်တွင်းမှာပဲ ဆန်လက်ကျန်တွေ များနေတာမို့ အဝယ် မလိုက်ဘူးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။ လက်ရှိမှာ ဒေါ်လာဈေး ကျနေတာကြောင့် ပြည်ပကို ဆန်တင်ပို့ဖို မကိုက်တဲ့အတွက် ဆန်တင်တဲ့လုပ်ငန်း သိပ်မလုပ်ကြသလို ဒီနှစ်မှာ စပါး အရည်အသွေးကလည်း ကျတာကြောင့်ပါ ဝယ်အားက မများဘူးလို့ အထက်မြန်မာပြည် ဆန်ကုန်သည်ကြီးများ အသင်းက တာဝန်ရှိသူ တဦးက ဆိုပါတယ်။

"စပါးက အမှန်ဆိုရင် ၂၈ ပိုင်း၊ အပိုင်း ၃၀ ထွက်ရမှာကို ၁၈ ပိုင်း၊ အပိုင်း ၂၀ လောက် ထွက်တဲ့အခါ ကျတော့ တွက်ခြေ မကိုက်တဲ့အခါကျတော့ စပါးအဝယ်ဆင်းတဲ့သူကလဲ ပါးသွားတာပေါ့။ အဲဒါကြောင့် ကျနော်တို့ စပါးဈေးနဲ့ ဈေးကွက်နဲ့ မကိုက်ညီ ဖြစ်တဲ့အခါ ကျတော့ ဆန်ဈေးတွေက နဲနဲ အေးသွားတာပေါ့ဗျာ။ နိုင်ငံခြား ဈေးကွက်နဲ့ ဒီမှာရှိတဲ့ ဈေးကွက်နဲ့ ဈေးကွက်ခြင်း နဲနဲလေး ဟနေတာလေ။ နောက်ဆုံး ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်လာဈေးကလဲ နဲနဲလေး ကျသလို ဖြစ်နေတဲ့အခါကျတော့ ဘယ်သူမှ မကိုက်တာပေါ့။ မကိုက်လို့ အမှန်တော့ မတင်ကြတာပဲ။ လက်ကျန်တွေ များနေသေးတာပေါ့။ ဆန်ဟောင်း လက်ကျန်တွေကလဲ တော်တော် များနေသေးလို့ပါ။"

မနှစ်က ဒေါ်လာဈေး ၈၀၀ လောက်ရှိချိန်မှာ ဆန်တတင်းကို ၃၉၀၀ နဲ့ ၄၀၀၀ ကြား ဈေးရပေမယ့် ဒီနှစ်မှာတော့ ဒေါ်လာဈေးက ၈၀၀ နီးပါး ရှိနေပေမယ့် ဆန်တတင်းကို ၃၅၀၀ အောက်သာ ရတာမို့ နိုင်ငံခြား ဆန်တင်ပို့တဲ့သူတွေ တွက်ချေမကိုက်ပဲ အရှုံးပေါ်နေကြတာ ဖြစ်သလို အိန္ဒိယနေ ဘတ်စမာသီ အမျိူးအစား မဟုတ်တဲ့ ဆန်ကောင်းတွေရဲ့ ဈေးကွက်ဟာ မြန်မာနိုင်ငံက ဈေးနီးပါး ဖြစ်နေတာမို့ အိန္ဒိယ ဈေးကွက်ကို မတိုးနိုင်တာမျိုးတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားဆန်တင်ပို့မှု လုပ်ငန်းတွေအဖြစ် လိုင်စင်တွေ လိုင်စင်တွေ ချပေးတာမျိူးလို အစိုးရက အားပေးမှုတွေ ရှိနေပေမယ့် ရာသီဥတုဒဏ်ကို အကြီးအကျယ် ခံခဲ့ရတာမို့ မြန်မာနိုင်ငံကနေ ဆန်တင်ပို့တဲ့ လုပ်ငန်းတွေဟာ ဒီနှစ်အတွင်းမှာ ကျဆင်းနိုင်တယ်လို့ FAO ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိူးရေးအဖွဲ့ကြီးက မကြာခင်ကပဲ ထုတ်ပြန်ပြောဆိုထားပါတယ်။