မြန်မာစစ်အစိုးရက ရန်ကုန်အခြေစိုက် နိုင်ငံခြား သံတမန် အသိုင်းအဝိုင်းကို သူတို့ရဲ့ ကြီးကြပ်စီစဉ်မှုနဲ့ တနင်္ဂနွေနေ့ကျင်းပမယ့် ရွေးကောက်ပွဲမှာ လေ့လာခွင့်ပေးမယ်လို့ ကမ်းလှမ်းတာကို အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က ပယ်ချလိုက်ပါတယ်။ ဘာကြောင့်မို့ ခုလို ပယ်ချခဲ့ရတာပါလဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းထားတဲ့ နော်ရှိုးက တင်ပြထားပါတယ်။
မြန်မာစစ်အစိုးရက ရန်ကုန်အခြေစိုက် သံတမန် အသိုင်းအဝိုင်းကို စစ်တပ်ရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲမှာ လာရောက် လေ့လာခွင့်ပေးမယ်လို့ ကမ်းလှမ်းခဲ့တဲ့အကြောင်း ဝါရှင်တန်အခြေစိုက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက အတည်ပြု ပြောကြားခဲ့ပါတယ်။
“မြန်မာအာဏာပိုင်တွေက ရန်ကုန်အခြေစိုက် သံတမန် အသိုင်းအဝိုင်းကို အစိုးရက ကမကထပြုတဲ့ ရွေးကောက်ပွဲ လေ့လာရေးအစီအစဉ် ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်မှာ ရန်ကုန်က အမေရိကန်သံရုံးက ပါဝင်မှာမဟုတ်ပါဘူး။ ပါဝင်ဖို့ စဉ်းစားခဲ့သေးပါတယ်။ ဒါပေမဲ့ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ပါတယ်။”
အခုလို စစ်အစိုးရ ကမ်းလှမ်းထားတယ်ဆိုတဲ့ ရွေးကောက်ပွဲ လေ့လာရေး အစီအစဉ် အသေးစိတ်ကိုတော့ ရန်ကုန်က အမေရိကန် သံရုံးကပဲ သိမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့ ရန်ကုန် အမေရိကန်သံရုံးက ပယ်ချခဲ့သလဲ ဆိုတာကိုတော့ ဝါရှင်တန်က အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ခုလို ပြောပါတယ်။
“စစ်အစိုးရက တင်းတင်းကျပ်ကျပ် စောင့်ကြည့်တဲ့ ရွေးကောက်ပွဲ လေ့လာတဲ့ အစီအစဉ်ဟာ ရွေးကောက်ပွဲကို တကယ်ပဲ လွတ်လပ် စစ်မှန်စွာ စောင့်ကြည့် အကဲဖြတ်ခွင့်ရတာမျိုးနဲ့ အစားထိုးလို့မရပါဘူး။”
အလားတူ အီးယူ ဥရောပသမဂ္ဂ ကလည်း စစ်အစိုးရ ကမ်းလှမ်းချက်ပါ အချက်အလက်တွေဟာ လက်ခံနိုင်ဖွယ် မရှိတာကြောင့် ပယ်ချခဲ့တယ်၊ အချက်အလက် တချို့ကို ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး အင်ဒရူး ဟိုင်း (Andrew Heyn) ကပြောခဲ့ပါတယ်။
“ခုလောလောဆယ် ဥရောပါသမဂ္ဂက စစ်အစိုးရ ကမ်းလှမ်းထားတဲ့ တရားဝင် ရွေးကောက်ပွဲ လေ့လာရေးမှာ ပါဝင်မှာမဟုတ်ပါဘူး။ ဒီအစီအစဉ်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ လက်ခံနိုင်ဖွယ် မရှိတာကြောင့်ပါ။ ကျနော်တို့အနေနဲ့ စစ်အစိုးရရဲ့ လေ့လာရေး အစီအစဉ်ဟာ ဘယ်လိုမျိုးဆိုရင် ပါဝင်မယ်ဆိုတာ အကြောင်းပြန်ထားတာ ရှိပါတယ်။ ဒါကို ညှိနှိုင်းနေတုန်းပါ။ ညှိနှိုင်းလို့ အဖြေတမျိုးမျိုး ထွက်လာရင်တော့ ပြောင်းသွားနိုင်ပါတယ်။ ဒါကိုတော့ လောလောတယ် မသိသေးပါဘူး။”
စစ်အစိုးရက မြန်မာပြည်တွင်းမှာ နိုင်ငံခြားသံတမန်တွေ၊ သတင်းထောက်တွေ ရှိပြီးသားမို့ ပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့် အကဲဖြတ်သူတွေ၊ နိုင်ငံခြားကလာတဲ့ သတင်းထောက်တွေကို လာခွင့်ပြုမှာမဟုတ်ဘူး ဆိုတာကိုတော့ စောစောကတည်းက ကြေညာထားပြီး ဖြစ်ပါတယ်။ နိုင်ငံခြားဧည့်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကိုလည်း ဆိုင်းငံ့ထားပြီးဖြစ်ပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံတကာသံတမန်တွေ အနေနဲ့ လာမယ့် နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို သွားရောက်လေ့လာနိုင်ဖို့ မြန်မာစစ်အစိုးရက စီစဉ်ထားတာမှာ အာဏာပိုင်တွေဘက်က အစီအစဉ်အတိုင်းဆိုရင် ဥရောပသမဂ္ဂ အီးယူအနေနဲ့ကတော့ ဒီလေ့လာရေးအဖွဲ့တွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း (FCCT) မှာ ပြောဆိုလိုက်ပါတယ်။ လက်ရှိအတိုင်းဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ အသေးစိတ်ကို FCCT မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို သွားရောက်လေ့လာဖို့ နိုင်ငံတကာ သံတမန်တွေကို စစ်အစိုးရက ဖိတ်ကြားထားပေမဲ့ အဲဒီဖိတ်ကြားချက်ဟာ ကန့်သတ်ချက်တွေ ရှိနေပြီး စစ်အစိုးရ အစီအစဉ်နဲ့ ပို့ပေးတဲ့ မဲရုံတွေကိုပဲ သွားကြရမှာကြောင့် အီးယူ တဖွဲ့လုံးက ပါဝင်မှာမဟုတ်ဘူးလို့ မြန်မာ့ရွေးကောက်ပွဲ အပေါ် သံတမန်များရဲ့ ရှုထောင့်မှကြည့်ခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့က ဘန်ကောက်မြို့ နိုင်ငံခြား သတင်းထောက်များ အသင်းမှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးဟိုင်း (Andrew Heyn) က ပြောသွားတာ ဖြစ်ပါတယ်။
“မဲရုံတွေကို သွားလေ့လာဖို့အတွက် စစ်အစိုးရရဲ့ ကန့်သတ်ချက်တွေဟာ လက်ခံနိုင်စရာ မရှိတာကြောင့် အဲဒီ တရားဝင် လှည့်လည် လေ့လာတဲ့အထဲ အီးယူက လိုက်မှာမဟုတ်ပါဘူး။ အီးယူက တင်ပြထားတဲ့အချက်တွေကို စစ်အစိုးရက လက်ခံရင်တော့ အီးယူအနေနဲ့ လေ့လာတဲ့အဖွဲ့ထဲမှာ လိုက်မှာပါ။ ဘယ်လိုဖြစ်မယ်ဆိုတာတော့ အခုချိန်ထိ မသိရသေးဘူး။” - လို့ ပြောသွားတာပါ။
နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် ရွေးကောက်ပွဲ ဖြစ်မှာမဟုတ်ဘူးလို့ ဒီဆွေးနွေးပွဲမှာပဲ ဗြိတိသျှ သံအမတ်ကြီးက ပွင့်ပွင့်လင်းလင်း ပြောကြားသွားပါတယ်။
“ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ ရွေးကောက်ပွဲ လွတ်လွတ်လပ်လပ်နဲ့ တရားမျှတအောင်လည်း လုပ်ဆောင်ခြင်း မရှိဘူး။ အားလုံး ပါဝင်နိုင်အောင်လည်း လုပ်ဆောင်ပေးခြင်း မရှိပါဘူး။ ဒီနေရာမှာ အီးယူ အဖွဲ့ကြီးတခုလုံးရဲ့ ကိုယ်စားမဟုတ်ဘဲ မိမိအနေနဲ့ အထူး ပြောကြားလိုတာကတော့ အီးယူဟာ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်တဲ့နေရာမှာ ဂုဏ်ယူလောက်စရာ သမိုင်းကြောင်း ရှိခဲ့ပါတယ်။ အဲဒါကတော့ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေဖြစ်အောင် ဘယ်လို လုပ်ဆောင်သင့်တယ် ဆိုတဲ့ ညွှန်ကြားချက်တွေကို ချမှတ်ပေးတာပါ။”
အဲဒီ အီးယူကချမှတ်ထားတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် အခြေခံ လိုအပ်ချက်တွေကတော့ -
“အဓိကကျတဲ့ လွတ်လပ်ခွင့် ၅ ချက်ကတော့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ ဖွဲ့စည်းပိုင်ခွင့်၊ စည်းရုံးပိုင်ခွင့်၊ သွားလာပိုင်ခွင့်၊ ဖိနှိပ်ချုပ်ချယ်ခြင်းမှ ကင်းလွတ်ပိုင်ခြင်းတို့အပြင် ဥပဒေမှ အရေးယူခြင်းမှ ကင်းလွတ်ခြင်းတို့ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ နိုင်ငံသားတိုင်းဟာ အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားထဲမှာ ပါဝင်ခွင့်ရှိရမယ်ဆိုတာပဲ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အဲဒီအချက်တွေနဲ့ ညီမညီ ဆိုတာကိုတော့ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးကြတဲ့ကာလ အတွင်း ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတဲ့ အချက်ကိုလည်း အီးယူရဲ့ ညွှန်ကြားချက်ထဲမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက ရွေးကောက်ပွဲ ကော်မရှင် နိုင်ငံရေးပါတီတွေနဲ့ လူထုအတွက် သတင်းအချက်အလက်တွေ ထုတ်ပြန်တဲ့အခါမှာ သူတို့ထင်သလို သင့်လျော်တဲ့အချိန်ကျမှ တခုချင်း ထုတ်ပြန်နေတာကြောင့် ဒါဟာ ပွင့်လင်းမြင်သာမှု မရှိဘူး။ သတင်းလွတ်လပ်ခွင့် မရှိဘူးဆိုတာကို ပြသနေတာပဲလို့လည်း သံအမတ်ကြီး အင်ဒရူးဟိုင်း က ပြောပါတယ်။
လောလောဆယ် လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိ တာဝန်ယူထားပြီး ဥရောပအဖွဲ့ အီးယူအတွင်း မြန်မာ့အရေးတွေကို ထိပ်တန်းက ဦးဆောင်လုပ်ကိုင်ပေးနေတဲ့ ဗြိတိန်လို နိုင်ငံမျိုးက ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန် အခုလို ပြောကြားလာတာဟာ အကျိုးသက်ရောက်မှုရှိတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုအောင်မိုးဇော်က ပြောပါတယ်။
“ရွေးကောက်ပွဲလုပ်ဖို့ ၂ ရက် ၃ ရက်ပဲလိုတော့တယ်။ အခုလိုပြောတဲ့ကိစ္စက တော်တော်လေးကို သက်ရောက်မှုကြီးတယ်လို့ ကျနော်တို့ ပြောချင်တယ်။ UK သံအမတ်ကြီး ပြောတယ်ဆိုပေမဲ့လို့ တစိတ်တပိုင်း အီးယူရဲ့ အသံကိုလည်း လွှမ်းခြုံတယ်လို့ အဲဒီလို ပြောချင်ပါတယ်။ အီးယူထဲမှာ တချို့နိုင်ငံတွေက ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ အပြုသဘော မြင်နေတဲ့ နိုင်ငံတွေ ရှိတယ်။ အဲဒီလို နိုင်ငံတွေက သံအမတ်တွေ၊ INGO တွေအတွက်လည်း ဗြိတိသျှ သံအမတ်ကြီးပြောတဲ့စကားတွေဟာ အတော် သက်ရောက်မှုကြီးလိမ့်မယ်လို့ ကျနော်တို့ထင်ပါတယ်။”
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကိုအောင်မိုးဇော် ပြောသွားတာဖြစ်ပါတယ်။