ရန်ကုန်တိုင်း အပါအဝင် အခြားနယ်မြို့တွေမှာ နည်းလမ်းမကျတဲ့ ကြိုတင်ဆန္ဒမဲ ကောက်ယူ စုဆောင်းမှုတွေ ရှိနေတဲ့အတွက် ဒီမိုကရက်တစ်ပါတီ မြန်မာအဖွဲ့က ကန့်ကွက်ကြောင်း စာကို ဒီကနေ့ ရွေးကောက်ပွဲ ကော်မရှင်ဆီ ပေးပို့လိုက်ပါတယ်။ ဒါဟာ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်နေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက် ထောက်ခံတဲ့ ကြိုတင်မဲတွေရဖို့ ရပ်ကွက်နဲ့ မြို့နယ်အာဏာပိုင်တွေက ထောက်ခံတဲ့ ကြိုတင်မဲတွေရဖို့ နည်းလမ်းတကျမဟုတ်ဘဲ ဖိအားပေး ကောက်ခံနေတာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ရွေးကောက်ပွဲရက်မှာ မဲရုံကို မသွားနိုင်တဲ့ သူတွေကလွဲရင် ကြိုတင်မဲပေးခြင်းကို ခွင့်မပြုဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေ ထုတ်ပြန်ထားတာပါ၊ ဒါပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေ ရဖို့အတွက် လူထုကို လှည်စား ခြိမ်းခြောက်တာမျိုး အခွင့်အရေး ယူပြီး ကြိုတင်မဲကောက်ခံတာတွေ လုပ်နေတာကြောင့် “နည်းလမ်းမကျသော ကြိုတင်ဆန္ဒမဲကို ကန့်ကွက်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ရရှိတဲ့ အချက်အလက် သက်သေနဲ့ပါ ပူးတွဲပြီး ပေးပို့ခဲ့ကြတာပါ။ သူတို့ရရှိတဲ့ အချက်တွေထဲမှာဆိုရင် ရွှေပြည်သာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မြို့နယ်အာဏာပိုင်တွေ ပူးပေါင်းပြီး လမ်းဖောက်ပေး၊ လမ်းကော်မတီတွေ ဖွဲ့ပြီး နောက်ဆုံးမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် လျို့ဝှက် ကြိုတင်မဲတွေ ကောက်ခံခဲ့တဲ့ အချက်အလက်တွေ ပါဝင်သလို နောက်ဆုံး ကြိုတင်မဲတွေလည်း ပေးပြီရော လမ်းသူလမ်းသားတွေက ဝန်ဆောင်မှုအတွက် ကျပ် ၃,၀၀၀ စီ မပေးလို့ဆိုပြီး လမ်းကို ဆက်မခင်းဘဲ ဒီအတိုင်း ထားထားတယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒီလိုပြဿနာတွေက ဓမ္မာရုံတွေ ဆောက်ပေးမယ်၊ စာသင်ကျောင်းနဲ့ တံတားတွေ ဖောက်ပေးမယ်လို့ ပြောပြီး ကြိုတင်မဲစုနေတာတွေ ရှိနေတယ်လို့လည်း ပါဝင်ပါတယ်။ ဒဂုံတက္ကသိုလ်က ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေအပြင် တဖက်နိုင်ငံတွေမှာ တရားမဝင် အလုပ်သွားလုပ်နေကြတဲ့ သူတွေနဲ့ ပတ်သက်လို့လည်း မြန်မာပြည်ထဲမှာ ကျန်ရစ်တဲ့ သူတိုရဲ့ မိသားစုဝင်တွေဆီကို ကြိုတင်မဲတွေ ကောက်နေတယ် ဆိုတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာအဖွဲ့ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။
“အဲဒါတွေက လူထုဆီကရတဲ့ အထောက်အထားတွေကို စုပြီးတော့မှ ဒါကို ကန့်ကွက်ရတာပေါ့နော်။ သက်ဆိုင်ရာ အလုပ်ခံရတဲ့သူတွေက သတင်းပေးလို့ ကျနော်တို့ ရတာပေါ့နော်။ အလုပ်ရုံ၊ စက်ရုံတွေ၊ ဌာနဆိုင်ရာတွေ အကုန်လုံးပေါ့နော်၊ လမ်းဖောက်တဲ့သူတွေ၊ ကျောင်းဆောက်တဲ့သူတွေက သူတို့က သူတို့ကို ဒီလိုလာပြီးတော့ ကြိုတင်မဲပေးဖို့ လုပ်ပါတယ်ဆိုတဲ့အတွက် ဒီကိစ္စကို ကျနော်တို့က တိုင်တာပေါ့နော်။ နယ်တွေကလည်း တချို့ သတင်းရပါတယ်။ အခုဟာကတော့ ကျနော်တို့ ရန်ကုန်မှာကို ဒီအတိုင်း ဖြစ်နေလို့ ကျနော်တို့က ကန့်ကွက်ရတာ။”
ရွေးကော်ပွဲရက် နီးလာတာနဲအမျှ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဟာ ဥပဒေနဲ့ မညီညွတ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုတင်မဲရဖို့ ဖိအားပေး ကြိုးစားလာတာ တွေ့ရသလို ရွေးကောက်ပွဲ ရက်အတွင်း ဖြစ်လာနိုင်တဲ့ မတရားသဖြင့် လုပ်ရပ်တွေကိုလည်း စောင့်ကြည့် ကန့်ကွက်သွားမယ်လို့ ဦးသုဝေက ပြောပါတယ်။
“အခု ရွေးကောက်ပွဲလုပ်တဲ့အခါမှာ အဲဒီလို ကြိုတင်မဲတွေနဲ့ သူတို့က အနိုင်ရအောင် သူတို့လုပ်ဖို့ ရည်ရွယ်တာပေါ့နော်။ ကျနော်တို့ ကြားသလောက်သတင်းက သူတို့ စည်းရုံးရေးမှူးတွေကို ကြိုတင်မဲ အရေအတွက်က ၂၀ ရာခိုင်နှုန်းလောက်ရှိအောင် ရအောင်လုပ်ပေးရမယ် ဆိုပြီးတော့ သူတို့ အဲဒါကို လုပ်နေတာပေါ့နော်။ တိုင်းရင်းသားနယ်တွေမှာ တကယ့်တကယ်ကျတော့ ရွေးကောက်ပွဲမှာ အဲဒီလို မဲတွေ အများကြီးရသွားတယ်ဆိုရင်တော့ ဒါ ကျနော်တို့ အထောက်အထားတွေပြပြီးတော့ တရားဝင် ရွေးကောက်ပွဲအပြီးမှာလည်း ကန့်ကွက်ရတော့မှာပေါ့။”
ဒီမိုကရက်ပါတီ မြန်မာ ဥက္ကဌ ဦးသုေ၀ ပြောသွားတာပါ။ နယ်မြို့တချို့မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲတွေကို ဖိအားပေး ကောက်ခံနေတယ်ဆိုတဲ့ သတင်းတချို့ ရရှိပေမဲ့ အများပြည်သူတွေ သိအောင်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြခွင့်မရှိဘူးလို့ ပြည်တွင်း သတင်းထောက်တွေက ပြောပါတယ်။ အထူးသဖြင့် နယ်မြို့တွေအတွင်းက အသေးစား စီးပွားရေး လုပ်ငန်းငယ်တွေမှာ ကြိုတင်မဲတွေ ဖိအားပေး ကောက်ခံနေတာ တွေ့ရတယ်လို့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
“ကြိုတင်မဲ ပေးတာကတော့ ပုံစံနှစ်မျိုး ရှိတယ်ပေါ့နော်။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီကနေပြီးတော့ ငွေထုတ်ချေးပြီးတော့ သက်သက် ကြိုတင်မဲ တောင်းတာပေါ့နော်။ ကျနော်တို့ လှည်းကူးမှာဆိုရင် လူတစ်ဦးကို ၁၅ သိန်းချေးပြီးတော့ သူတို့ ကြိုတင်မဲယူပါတယ်။ ပြီးတော့ မြောက်ဥက္ကလာဈေးမှာ ဆိုရင် ဈေးသည်တစ်ဦးကို ၆ သောင်း ချေးပြီးတော့ သူတို့ကို ကြိုတင်မဲထည့်ဖို့ လုပ်ပါတယ်။ နောက်တစ်ခုက ဖိအားပေးတဲ့ဟာကျတော့ ဥပမာ မြို့ထဲမှာဖွင့်ထားတဲ့ အနှိပ်ခန်းတို့၊ စားသောက်ဆိုင်တို့၊ လက်ဖက်ရည်ဆိုင်တို့၊ ကားဝက်ရှော့တို့၊ အဲဒီက ပိုင်ရှင်တွေကလည်း သူတို့ဆီမှာလုပ်တဲ့သူတွေကို ကြိုတင်မဲပေးဖို့ ဖိအားပေးပြီးတော့ ပေးခိုင်းပါတယ်။ နောက်တစ်ခုက အစိုးရဝန်ထမ်းတွေရဲ့ မိသားစုတွေကို ကြိုတင်မဲကို မနေ့က ၂၈ ရက်နေ့ကစပြီးတော့ ကြိုတင်ယူနေပါပြီ။”
ပြည်တွင်းသတင်းထောက်တစ်ဦး ပြောသွားတာပါ။ ကချင်ပြည်နယ် မိုးညှင်းမြို့ကနေ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကြံ့ခိုင်နဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းဟာ ဆွေမျိူးနဲ့ နီးစပ်သူတွေကို အတင်းဖိအားပေးပြီး ကြိုတင်မဲ ကောက်နေတယ် ဆိုတဲ့ သတင်းကိုလည်း သိရတယ်လို့ သူက ဆက်ပြောပြခဲ့သလို ပညာရေး ဝန်ကြီးဌာနအပြင် အခြားအစိုးရ ဝန်ထမ်းတချို့မှာလည်း ဝန်ထမ်းမိသားစုဝင် စာရင်းထဲမှာ မဲစာရင်း အမှတ်စဉ်နဲ့ မဲပေးနိုင်မယ့်သူ စာရင်းတွေကို လျှောက်လွှာပုံစံတွေနဲ့အတူ သက်ဆိုင်ရာ အထက် လူကြီးတွေဆီ ပေးပို့နေရတယ်လို့ သူက ပြောပါတယ်။