မြန်မာရွေးကောက်ပွဲများ စတင်ပြီ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ ရုံးချုပ်ရှေ့တွင် တွေ့ရသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံ ပိုစတာကြီး။ နိုဝင်ဘာ ၆၊ ၂၀၁၀

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်းပထမဆုံးလုပ်တဲ့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် မကြာခင်ကပဲ မဲရုံတွေကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ မဲရုံတွေမှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ရန်ကုန်၊ မန္တလေး၊ဘားအံနဲ့ နေပြည်တော်က မြို့ခံတွေက ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ တချို့မဲရုံတွေမှာတော့ မဲပေးသူ အနည်းငယ်တွေ့ရတယ်လို့ ပြောပါတယ်။

မြန်မာပြည်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေနဲ့ ပြည်တွင်းသတင်းမီယာတွေက သတင်းထောက်တွေဟာ ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က စီစဉ်ပေးတဲ့ကားတွေနဲ့ ရန်ကုန်မြို့တွင်းက မဲရုံ ၁၅ ရုံကို လေ့လာဖို့ ထွက်သွားကြပြီလို့ အခုပဲရတဲ့ သတင်းတွေအရ သိရပါတယ်။ သူတို့ အနေနဲ့ အစိုးရ စီစဉ်ပေးတဲ့အတိုင်းသာ သွားရောက် သတင်းယူရမယ်လို့ သက်ဆိုင်ရာက ကြပ်ကြပ်မတ်မတ် ညွှန်ကြားထားပါတယ်။

ဒီနေ့ရွေးကောက်ပွဲဟာ နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံး ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲဖြစ်သလို စစ်အစိုးရလက်ထက်မှာ ဒုတိယအကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေအတွက် ပါတီပေါင်း ၃၇ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ကြနေကြပါတယ်။ ကချင်၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းစတဲ့ တိုင်းရင်းသားတွေဒေသတွေက မြို့နယ်ပေါင်း ၃၉ မြို့နယ်မှာတော့ မဲဆန္ဒနယ်တွေကို ပယ်ဖျက်တယ်လို့ စစ်အစိုးရက ကြေညာခဲ့တဲ့အတွက် ပြည်သူပေါင်း သန်းချီ မဲပေးခွင့်ရကြမှာ မဟုတ်ပါဘူး။

ဒီရွေးကောက်ပွဲမှာ လက်ရှိ စစ်အစိုးရတာဝန်တွေကို ယူထားကြသူ အများစုပါတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း အများဆုံးနဲ့ ဝင်ပြိုင်နေပါတယ်။ မဲဆွယ်စည်းရုံးရေးလုပ်တဲ့နေရာမှာ ပြည်ခိုင်ဖြိုးပါတီက တခြားပါတီတွေထက် အခွင့်အရေးတွေ ပိုရခဲ့သလို တဖက်သတ်အနိုင်ရအောင် ဆောင်ရွက်မှုတွေရှိတယ်လို့ ပြည်သူတွေက ပြောပြကြပါတယ်။ ဒီနေ့ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်လမ်းတကျဖြစ်ရဲ့လား ဆိုတဲ့အပေါ်မှာလည်း မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

ပြည်ခိုင်ဖြိုးပါတီကလွဲလို့ တခြားနိုင်ငံရေးပါတီတွေ အနေနဲ့ အကန့်အသတ်နဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ရသလို ရွေးကောက်ခံကြမယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့လဲ လွတ်လွတ်လပ်လပ် မဲဆွယ်ဟောပြောမှုတွေ လုပ်ခွင့်မရခဲ့ကြပါဘူး။ ကိုယ်စားလှယ်လောင်း တယောက်နဲ့တယောက်ကြား အခြေအတင် ဆွေးနွေးမှုတွေလဲ မရှိခဲ့ပါဘူး။ နိုဝင်ဘာလ ၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတဝှမ်းမှာ ကြိုတင်မဲတွေ ကောက်ခံနေတာမှာ စစ်အစိုးရ ကြောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ကျယ်ကျယ်ပြန့်ပြန့် မဲမသမာမှုတွေ ရှိခဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားဖို့ လုပ်နေတယ်လို့ အဓိက ဒီမိုကရေစီပါတီတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဗွီအိုအေ မြန်မာပိုင်းကို မနေ့ကပဲပြောပါတယ်။

ဒီနေ့ရွေးကောက်ပွဲကို ပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား သံကိုယ်စားလှယ်တွေ လေ့လာဖို့အတွက် စစ်အစိုးရက စီစဉ်ပေမဲ့ အမေရိကန်နဲ့ ဥရောပ နိုင်ငံကြီးတချို့က အစိုးရရဲ့ အစီအစဉ်ကို လက်မခံနိုင်ကြတဲ့အတွက် လေ့လာမှာမဟုတ်ဘူးလို့ ပြောကြပါတယ်၊ နိုင်ငံခြား သတင်းထောက်တွေ အနေနဲ့လဲ ရွေးကောက်ပွဲ သတင်းတွေကို လာရောက် သတင်းယူခွင့် မရကြပါဘူး။ အခုရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည ်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တဲ့ အတွက် ရွေးကောက်ပွဲကို မဝင်ပါဘူး။ စစ်အစိုးရ ပထမတကြိမ် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD က မဲအပြတ်အသတ် အနိုင်ရခဲ့ပေမဲ့ စစ်အစိုးရက NLD ကိုအာဏာလွှဲ မပေးခဲ့ပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲဟာလဲ စစ်အစိုးရရဲ့ ဟန်ပြ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ နိုင်ငံတော်တော်များများက ပြောကြပါတယ်။