မြန်မာ့နိုင်ငံရေး နှစ်ချုပ်သုံးသပ်ချက်

VOA နိုင်ငံရေးစကားဝိုင်း ဒေါက်တာရန်မျိုးသိမ်း၊ ဦးစည်သူအောင်မြင့်၊ ဦးခိုင်မောင်ရည်၊ ဒေါ်ခင်စိုးဝင်

Your browser doesn’t support HTML5

မြန်မာ့နိုင်ငံရေး နှစ်ချုပ်သုံးသပ်ချက်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နှစ်သစ်ကူးမှာတော့ မြန်မာ့နိုင်ငံရေးနှစ်ချုပ် သုံးသပ်ချက် အထူးအစီအစဉ်မှာ ၂၀၁၆ ခုနှစ်အတွင်း NLD အစိုးရ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ လုံခြုံရေးစတဲ့ နယ်ပယ်အသီးသီးက ဖြစ်ထွန်းမှုတွေကို VOA ရဲ့ နှစ်ချုပ် နိုင်ငံရေးစကားဝိုင်းမှာ ဒေါက်တာရန်မျိုးသိမ်း၊ ဦးစည်သူအောင်မြင့်နဲ့ ဦးခိုင်မောင်ရီတို့နဲ့အတူ ဒေါ်ခင်စိုးဝင်း က သုံးသပ်ဆွေးနွေးထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ၂၀၁၆ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ထွန်းခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ၊ လုံခြုံရေးစတာတွေကို ပြန်ပြီးတော့ သုံးသပ်ဆွေးနွေးကြမယ်လို့ စီစဉ်ထားပါတယ်။ ဒီနေ့ ဆွေးနွေးပွဲကို ဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်တွေကတော့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် ဒေါက်တာရန်မျိုးသိမ်း၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ လွှတ်တော်ကို စောင့်ကြည့်အကဲခတ်သုံးသပ်နေသူ ဦးခိုင်မောင်ရီတို့ ဖြစ်ကြပါတယ်။ ဦးခင်မောင်ရီ က အရင်တုန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။ ကျမတို့ ဒီနေ့စပြီး ဆွေးနွေးချင်တာကတော့ ၂၀၁၆ ခုနှစ်အတွင်းမှာ အထူးခြားဆုံး ဖြစ်ပျက်ခဲ့တာကတော့ NLD အမျိုးသားဒီမိုကရေစီပါတီအနေနဲ့ တကယ်အဓိက အတိုက်အခံပါတီကြီးဘဝကနေ အာဏာရဦးဆောင်ပါတီ အစိုးရဖြစ်လာတဲ့ ဖြစ်စဉ်ပေါ့။ အဲဒီမှာ မတ်လ (၃၀) ရက်နေ့က စပြီးတော့ NLD အစိုးရ အသွင်ကူးပြောင်းလာခဲ့တယ်။ NLD အစိုးရ အသွင်ကူးပြောင်းရေးမှာ ချောချောမွေ့မွေ့ အသွင်ကူးပြောင်းရေး ဖြစ်ခဲ့ပါတယ်။ အဲဒီ အသွင်ကူးပြောင်းရေးကာလနောက်ပိုင်း အခုလက်ရှိ အခြေအနေအထိ NLD အစိုးရအနေနဲ့ ဘယ်လောက်အတိုင်းအတာအထိများ ခြေလှမ်းကို လှမ်းနိုင်ခဲ့ပါပြီလဲရှင့်။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော့်အမြင်ကတော့ ကျနော်တို့နိုင်ငံရဲ့သမိုင်း နှစ်ပေါင်း (၅၀) ကျော်မှာ ပထမဦးဆုံး ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့လူတွေ ဦးဆောင်တဲ့ အစိုးရတက်လာတယ်။ အဲဒီတော့ ဒီနေ့အထိ တွက်မယ်ဆိုရင် အစိုးရသက်တမ်းက (၉) လရှိပြီ။ (၉) လဆိုတာ စုစုပေါင်းသက်တမ်းရဲ့ (၁၅) ရာခိုင်နှုန်းလောက် ပြီးဆုံးသွားပြီပေါ့။ လက်ရှိ အခြေအနေမှာ ကျနော့်အမြင်အားဖြင့်တော့ အစိုးရရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ ကျနော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် အားမရဘူး။ ဆိုလိုချင်တဲ့သဘောက ကျနော်တို့က အခုရေတွင်းတူး အခုရေကြည်သောက်ဖြစ်ဖို့ မျှော်လင့်တာ မဟုတ်ဘူး။ သို့သော်လဲ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲမှာ တကယ့်ကို စနစ်ကျတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ဖို့အတွက် ဒီ (၉) လအတွင်းမှာ ဘယ်လောက်အထိ အခြေခံကောင်းတွေကို လုပ်နိုင်သလဲဆိုတာကို ပြန်ကြည့်တဲ့အခါ အားမရဘူးလို့ ကျနော်က သုံးသပ်တာ။ အဲဒီအခါကြတော့ ကျနော်က တိုက်တွန်းချင်တာက လာမယ့် (၃) အတွင်းမှာ (၃) လနေရင် (၁) နှစ်ပြည့်မယ်။ အဲဒီ (၃) အတွင်းမှာ အစိုးရအဖွဲ့အနေနဲ့ ဝန်ကြီးဌာနအလိုက် သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို စနစ်တကျ စမ်းစစ်ပြီးတော့ ပြုပြင်ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ကျနော်တို့ ၂၀၁၇ ခုနှစ်အတွင်းမှာ အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး ကျနော်တို့ ကြီးကြီးမားမား မျှော်လင့်လို့ ရနိုင်ချေနည်းတယ်လို့ သုံးသပ်တယ်။

ဒေါ်ခင်စိုးဝင်း ။ ။ NLD အစိုးရအနေနဲ့ကလဲ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေးကောင်းမွေးကို ဆက်ခံခဲ့ရတော့ သူတို့ရဲ့ ဆိုးမွေးအများစုကို ပြုပြင်ပြောင်းလဲဖို့ဆိုတာကလဲ သူတို့မှာ အခက်အခဲတွေ အများကြီး ရှိပါလိမ့်မယ်။ နောက် ပြည်သူလူထုတဦးချင်းဆီရဲ့ ပြုပြင်ပြောင်းလဲလိုစိတ်။ ဘေးကနေ ထိုင်ပြီးဝေဖန်နေမယ့်အစား ပြည်သူလူထုတဦးချင်းဆီရဲ့ စည်းကမ်းသေဝပ်မှု၊ တာဝန်သိမှုကလည်း လိုအပ်တယ်လို့ ကျမအနေနဲ့ သုံးသပ်ပါတယ်။ အဲဒီတော့ ဦးခိုင်မောင်ရီအနေနဲ့ လွှတ်တော်ထဲမှာ ဥပဒေပြုလွှတ်တော်၊ မဏ္ဍိုင်မှာ NLD အများစု ဦးဆောင်တဲ့ လွှတ်တော် ဖြစ်လာပြီပေါ့။ အဲဒီမှာ လွှတ်တော်ရဲ့ ဥပဒေပြုရေး အခန်းကဏ္ဍကို ဘယ်လိုသုံးသပ်လို့ ရပါလဲရှင့်။

ဦးခိုင်မောင်ရည် ။ ။ လွှတ်တော်က အစိုးရထက်စာရင် သက်တမ်းပိုရှည်ကြာပါတယ်။ သူက အရင်စခဲ့ရတာ။ ဇန်နဝါရီ (၃၁) ရက်နေ့ကစတာဆိုတော့ (၁၁) လ ရှိပါပြီ။ တနှစ်နီးပါးကို ကျနော်က လက်ရှိ တနှစ်စာ လုပ်ခဲ့တဲ့ NLD အနိုင်ရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ရပ်နဲ့ ပြီးခဲ့တဲ့ လွှတ်တော် (၅) နှစ်တာ ကာလမှာ (၁၁) လပိုင်း လုပ်ခဲ့တဲ့ အလုပ်တွေကို ယှဉ်ထိုးကြည့်ပါတယ်။ ကျနော်တို့ ပြည်သူအစိုးရစစ်စစ် ဖြစ်လာတာကို ထောက်ခံတယ်။ ကြိုဆိုတယ်။ ပြည်သူလူထုကလည်း တအားမျှော်လင့်တယ်။ ဒါပေမဲ့ ပြည်သူလူထု မျှော်လင့်သလို ဖြစ်မလာတာကိုတော့ စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ဥပဒေတွေကို သူတို့ လုပ်ကြတယ်။ တချို့က တဝဲဝဲလည်နေတဲ့ ရပ်ကျေးဥပဒေတွေ ပြင်တာလေးတွေ။ တချို့ တကယ်လူထုက ရင်ဘတ်နဲ့ ခံစားရတဲ့ ဥပဒေမျိုး၊ ချက်ချင်းဖြစ်စေချင်တာတွေ ရှိပါတယ်။ တချို့ဥပဒေတွေ Delay ဖြစ်နေတယ်။ ကြန့်ကြာနေတယ်။ တချို့ ဟိုမရောက်ဒီမရောက် ဥပဒေတွေ ရှိနေတယ်။ ဟိုမရောက် ဒီမရောက်ဆိုတာ သူတို့ကိုတော့ မစော်ကားပါဘူး။ ဥပဒေပြုထားပြီးရင် အဲဒီဥပဒေက ကျင့်သုံးရမယ်။ မကျင့်သုံးနိုင်သေးဘူး။ နည်းဥပဒေ ပေါ်မလာသေးဘူး။ အဲဒီတော့ နည်းဥပဒေ မရှိရင် ဥပဒေက ကျင့်သုံးလို့မရတော့ ဟိုမရောက် ဒီမရောက် ဥပဒေ။ ဥပဒေ မရှိဘူးလားဆိုတော့ ရှိတယ်။ ကျင့်သုံးလို့ရလား မရဘူး။ အဲဒီလို ဥပဒေတွေရှိတယ်။ အဲဒီအတွက် အဲဒါတွေကို နည်းဥပဒေ အမြန်အကောင်အထည်ဖော်ရမှာတွေ ရှိနေတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ နည်းဥပဒေတွေ အကောင်အထည်ဖော်တာ ဘယ်သူ့မှာ တာဝန်ရှိတာလဲရှင့်။

ဦးခိုင်မောင်ရည် ။ ။ တကယ်တော့ ဥပဒေပြုရေးက လွှတ်တော်ဖြစ်တယ်။ ဒါပေမဲ့ ဥပဒေတွေကို ရေးဆွဲဖို့၊ လွှတ်တော်တွေကို တင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်ထောင်စုအဖွဲ့အစည်းဝင်တွေမှာ တာဝန်ရှိပါတယ်။ အဲဒီတော့ ဒီဥပဒေတွေကို နည်းဥပဒေရှိပြီးပြီ၊ ဥပဒေရှိပြီးပြီ နည်းဥပဒေလိုတယ်ဆိုရင် သူ့ပြဌာန်းထားတဲ့အတိုင်း ရက်ပေါင်း (၉၀) အတွင်း ဥပဒေပြုရမယ်။ ဥပမာ ရုပ်သံဥပဒေ - ရုပ်မြင်သံကြားနဲ့ ထုတ်လွှင့်ရေးဥပဒေဆိုရင် နည်းဥပဒေ ပြုရတော့မှာ။ ဒါပေမဲ့ မပြုနိုင်ဘူး။ မပြုနိုင်ရင် အရင်ဥပဒေကိုက ဥပဒေချိုးဖောက်နေတာ ဖြစ်တယ်။ ဥပဒေက ဥပဒေပြန်ချိုးဖောက်တဲ့သဘောမျိုး သက်ရောက်နေတဲ့အတွက် ဥပဒေပြုသူတွေမှာ တာဝန်ရှိသလို၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းတွေကလည်း မိမိဌာနအလိုက် ပြုရမယ့် ဥပဒေတွေကို စာရင်းပြုစုပြီးမှ နည်းဥပဒေပြုဖို့လိုရင် ပြုရမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာရတဲ့အခြေအနေ ဦးစည်သူအောင်မြင့်အနေနဲ့ သမ္မတဖြစ်ခွင့်မရှိဘူး၊ ပုဒ်မ (၅၉-စ) အရ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ့ခေါင်းဆောင်တဦးဖြစ်အောင်ဆိုပြီး နိုင်ငံတော်ရဲ့ အကြံပေးပုဂ္ဂိုလ် အဖြစ်နဲ့ ဖန်တီးပြီးတော့ နိုင်ငံတော်အကြီးအကဲ ဖြစ်လာခဲ့တယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒါ ထိရောက်မှု ရှိပါ့ရဲ့လား။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာမှာ တင့်တင့်တယ်တယ်နဲ့ သွားလို့လာလို့လည်းရတယ်။ သူက နိုင်ငံခေါင်းဆောင်တဦးအနေနဲ့ ဦးဆောင်လာပြီပေါ့။ အဲဒီအခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအပိုင်းကို ဘယ်လို သုံးသပ်လို့ရပါလဲရှင့်။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်ထင်တယ် ဒီဥစ္စာက လက်တွေ့ကျတဲ့ ဖြေရှင်းမှုလို့ပဲ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုရင် ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ (၅၉-စ) ကို ပြင်ဆင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အဲဒီဟာကို အရှေ့ပိုင်းမှာ မလုပ်နိုင်ခဲ့ဘူး။ ပြီးတော့မှ နောက်ရွေးကောက်ပွဲမှာ နိုင်ပြီးတဲ့နောက်ပိုင်းကာလမှာ ညှိနှိုင်းတာတွေ ရှိခဲ့တယ်။ အဲဒီညှိနှိုင်းနေတဲ့ကာလမှာလဲ အဆင်မပြေဘူးလို့ ကျနော်တို့ ကြားသိရတယ်။ အဲဒီကာလမျိုးမှာ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ့။ ဒါပေမဲ့ ဒီတိုင်းပြည်မှာ ပြည်သူလူထု တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်။ သူ ဦးဆောင်မယ် ဆိုတဲ့အခါကြတော့ ဖွဲ့စည်းပုံကိုလည်း မထိခိုက်စေဘူး။ ပြီးတော့ လက်တွေ့လည်းကျတဲ့ ဖြေရှင်းနည်းနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ အနေအထားတခုကို ဖန်တီးပြီးမှ အခုလိုသွားတဲ့ဟာက အခုလောလောဆယ် ကျနော်ကြည့်တဲ့အခါကြတော့ ပြည်တွင်းမှာလည်း ဘာမှပြဿနာ မပေါ်ဘူး။ အရေးကြီးဆုံးဖြစ်တဲ့ တပ်မတော်လို Institution တွေက ဒါကို ကောင်းကောင်းလက်ခံထားတယ်။ ပြီးတော့မှ နိုင်ငံတကာကို ကြည့်လိုက်တဲ့အခါကြတော့လည်း နိုင်ငံတော်ရဲ့ အဓိကခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အသိအမှတ်ပြုထားတဲ့အခါကြတော့ ကျနော်ထင်တယ် ဒါက ဘာမှပြဿနာရှိတဲ့ ကိစ္စတခုလို့ မမြင်ပါဘူး။ ဥပဒေနဲ့လည်း ညီညွှတ်ပါတယ်။ တိုင်းပြည်ရဲ့ ကောင်းကျိုးနဲ့လည်း ညီညွှတ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ NLD အစိုးရအနေနဲ့ ဥပဒေပြုရေးလွှတ်တော်၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာတွေက ဒေါ်အောင်ဆန်းစုကြည် စိတ်သွားတိုင်းကိုယ်ပါအောင် သူတို့တွေက လိုက်နိုင်ပါရဲ့လားရှင့်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာပေါ့။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော့်အမြင်ကတော့ နိုင်ငံရဲ့အနေအထားက နှစ်ပေါင်း (၅၀) ကျော်လောက် အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတယ်။ ရှင်းရှင်းပြောရရင် အဖွဲ့အစည်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ဖျက်ဆီးခံလိုက်ရတယ်။ ပြီးတဲ့အခါမှာ အခုအချိန်ကျမှ လွန်ခဲ့တဲ့ (၅) နှစ်ကစပြီးမှ စခဲ့ရတယ်။ တကယ်တမ်းပြောမယ်ဆိုရင် လွန်ခဲ့တဲ့ (၁) နှစ်လောက်ကမှ ကျနော်တို့ ပြည်သူကနေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရဆိုတာ ပေါ်လာတယ်။ အဲဒီအချိန်မှာ ကျနော့်အမြင်ကတော့ နိုင်ငံမှာ တကယ်လိုအပ်တာက တကယ်အားကောင်းတဲ့ အစိုးရ၊ တကယ်အားကောင်းတဲ့ လွှတ်တော်။ နောက်ပြီးတော့ အဲဒီအစိုးရနဲ့ လွှတ်တော် အပြန်အလှန်ထိန်းကျောင်းမှု အားကောင်းမှုပုံစံမျိုး။ ဒီလို ပုံစံမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်တယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေမှာ သုံးသပ်မိသလောက် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မျှော်မှန်းသလောက် နောက်က သူ့ရဲ့လူတွေက လိုက်ပြီးတော့ လုပ်နိုင်မှုအပိုင်းမှာ အားနည်းနေတယ်လို့ ကျနော်က မြင်တယ်။ နောက်တခုက ကျနော်တို့က ဘာလဲဆိုတော့ လက်ရှိအခြေအနေက အကြပ်အတည်တွေများတယ်။ စိန်ခေါ်မှုတွေများတယ်။ အဲဒီအခါကြတော့ ကျနော်တို့က အားလုံးပါဝင်နိုင်တဲ့ ပုံစံမျိုး စဉ်းစားဖို့လိုတယ်လို့ မြင်တယ်။ ဥပမာ ဆိုလိုချင်တဲ့သဘောက အစိုးရကြီးပဲ၊ လွှတ်တော်ကြီးပဲ သက်သက် လုပ်နေတာမျိုး မဟုတ်ဘဲနဲ့ မိတ်ဖက်နိုင်ငံရေးပါတီတွေ၊ မိတ်ဖက်အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာ၊ Facebook လိုမျိုး Social Media ဒါတွေအားလုံးရဲ့ ဝန်းရံမှုနဲ့အတူ ကျနော်တို့က စနစ်တကျ သွားနိုင်မှ တိုင်းပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲက ပိုပြီးတော့ အားကောင်းမယ်လို့ အဲဒီလို သုံးသပ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်ပြီးတော့ ငြိမ်းချမ်းရေးက ဒေါ်အောင်ဆန်းစုကြည်က (၂၁) ရာစု ပင်လုံညီလာခံကို ဦးတည်နေပါပြီ။ အဲဒီလို ဦးတည်နေတဲ့ တချိန်တည်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ NCA လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့တွေ တော်တော်လေး အရှုပ်အရှင်းတွေလည်း အများကြီး ဖြစ်နေကြတယ်။ လောလောဆယ်မှာလဲ တိုက်ပွဲတွေ ဖြစ်နေကြတယ်ဆိုတော့ အဲဒီတိုက်ပွဲတွေ အဆုံးသတ်ရေးအတွက်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ဘက်ကို၊ လက်နက်ကိုင်အင်အားစုဘက်ကို သူ့အနေနဲ့ ဖျောင်းဖျတာမျိုးတွေ လုပ်ပေးနိုင်ဖို့များ ရှိပါလားရှင့်။

ဦးစည်သူအောင်မြင့် ။ ။ အဲဒီဥစ္စာက ဒေါ်အောင်ဆန်းစုကြည် တက်လာကတည်းက ကျနော် နားလည်သလောက်ကတော့ နံပတ်တစ် ဦးစားပေးပါ။ တိုင်းပြည်မှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေရင်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မရှိရင် ဘယ်လိုမှ လုပ်လို့မရဘူးဆိုတာ သူ နားလည်နားလည်တယ်။ တကယ်လဲ အဲဒါကို အကောင်အထည်ဖော်တယ်။ ဒါပေမဲ့ ပဋိပက္ခတွေရဲ့ သဘာဝက အခု ဘာဖြစ်နေလဲဆိုတော့ ရှေ့အစိုးရအဖွဲ့တုန်းကဆိုရင် ပဋိပက္ခက ဘက်နှစ်ဖက်ပဲ ရှိတယ်။ အစိုးရတပ်မတော်ကတဖက်၊ ပြီးတော့မှ လက်နက်ကိုင် တိုင်းရင်းသားတွေကတဖက်။ အခုကြတော့ ကျနော်တို့က ပိုပြီးအားကောင်းသွားတာက ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရနဲ့ လွှတ်တော်ကလည်း ဘက်တဖက်အနေနဲ့ ရှိလာတယ်။ အင်အားစု (၃) စုပေါ့။ ဒီအင်အားစု (၃) စုမှာ ရေရှည်ပဋိပက္ခ ဖြစ်လာကြတဲ့ တပ်မတော်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ ရှိတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့က ပြေငြိမ်းသွားအောင် ကြားဝင်ပြီးတော့ လုပ်နေတယ်။ လုပ်မယ့်အစီအမံတွေကလည်း သူက သေသေချာချာ ချတယ်။ သေချာချနေပေမယ့် ဘက်နှစ်ဖက်ကို ပြန်ကြည့်တဲ့အခါကြတော့ တပ်မတော် နဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ ရှိနေတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေမှာလည်း နှစ်မျိုး ရှိနေတယ်။ တခုကတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ရှေ့ဆက်သွားနေတဲ့ KNU ဦးဆောင်တဲ့ အုပ်စုရှိတယ်။ နောက်တစုကတော့ အခုထိ လက်မှတ်မထိုးသေးဘူး။ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတဲ့ KIA ဦးဆောင်တဲ့ အုပ်စုတွေရှိတယ်။ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင်တော့ ဒီဟာတွေနဲ့ ပတ်သက်လို ဒေါ်စုက ဘယ်လောက်ပဲ စေ့စပ်သော်ငြားလဲ အင်အားစုတစုတစုက ဒီငြိမ်းချမ်းရေးကို မလိုလားဘူးဆိုရင် ဒါကိုလုပ်ရတာ အတော်ခက်တယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် KIA ဆိုရင် ရှေ့ပိုင်းမှာကတည်းက ထားပါတော့ ပြီးခဲ့တဲ့ NCA လက်မှတ်ထိုးတုန်းကဆိုရင် သူ့က လက်မှတ်ဘာလို့ မထိုးသလဲဆိုတာကို အကြောင်း တချက်ပြတယ်။ အဲဒါ ဘာလဲဆိုတော့ အကုန်လုံး ပါဝင်ခွင့်မရလို့။ (၃) ဖွဲ့ကို ချန်ခဲ့တယ်ပေါ့။ (၃) ဖွဲ့ဆိုတာက ကိုးကန့်၊ တအောင်းပလောင်၊ AA ရခိုင်အဖွဲ့တို့ ဖြစ်တယ်။ အဲဒီတော့ နောက်ပိုင်းကာလမှာ ကျနော်တို့ မျှော်လင့်တာကတော့ ဒီ (၃) ဖွဲ့ ပါဝင်လာအောင် ဘယ်လိုမျိုး ဆက်ပြီးတော့ ညှိနှိုင်းတယ်ဆိုရင် ဒါက NCA စာချုပ်က ပြည့်စုံသွားမှာပေါ့။ ဒါပေမဲ့ အဲဒီလို မဟုတ်ဘူး။ KIA အဖွဲ့က အဲဒီ (၃) ဖွဲ့ကိစ္စကို ထပ်မပြောတော့ဘဲနဲ့ နောက်ထပ် အသစ်သစ်တွေ ထပ်တင်လာတယ်။ ထပ်တင်လာတဲ့အထဲမှာဆိုရင် နောက်ဆုံးဘာတင်လာလဲဆိုတော့ အချက် (၈) ချက် တင်ထားတယ်။ ဒီ (၈) ချက်ကို ဆွေးနွေးပေး။ အဲဒီတော့မှ NCA ထိုးမယ်ဆိုတာ တခါလာတယ်။ အခု နောက်ဆုံးမှာဆိုရင် ဆွေးနွေးမယ်ဆိုရင်တောင်မှ တဖွဲ့ချင်းလဲ မဆွေးနွေးဘူး။ ပြီးတော့မှ (၄) ဖွဲ့ပေါင်းပြီး ဆွေးနွေးမယ် ဘာညာဆိုတော့ အဲဒီလို အခက်အခဲ အကြပ်အတည်းတွေကို ဒေါ်အောင်ဆန်းစုကြည်က ရင်ဆိုင်နေရတယ်။ ရင်ဆိုင်နေရတဲ့အခါကြတော့ ပဋိပက္ခတွေရဲ့ သဘောသဘာဝက ဘက်တဖက်က ဒီလိုမျိုး လိုက်ပါလာခြင်းမရှိဘူးဆိုရင် လုပ်ရတာ အတော်ခက်တယ်။ အဲဒီတော့ အဲဒီဥစ္စာကို ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ညှိနှိုင်းမှုနဲ့ ပြေလည်အောင်တော့ ကြိုးစားရမှာ။ ဒါပေမဲ့ လွယ်သလားဆိုတော့ မလွယ်ဘူးလို့ ကျနော် ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ လာမယ့် ၂၀၁၇ ခုနှစ်မှာ နှစ်သစ်မှာ စစ်ပွဲတွေ ငြိမ်းချမ်းပြီးတော့ ငြိမ်းချမ်းရေးရပါစေလို့ ကျမတို့ ဆုတောင်းကြပါစို့။