စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှု သမိုင်းမှာ မျက်မြင်သက်သေအဖြစ် အချက်အလက်တွေကို သတင်းမှတ်တမ်းယူနိုင်တဲ့အတွက် ဂုဏ်ယူမိကြောင်း MPA အယ်ဒီတာချုပ် ကိုဂျေပိုင်က ဗွီအိုအေကို ပြောပါတယ်။
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မြို့ပြဆန္ဒပြပွဲတွေဆီကနေ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တဲ့ တိုက်ပွဲထိ သတင်းယူနေသူ လက်ရှိ ကရင်နီပြည်နယ် ရှေ့တန်းတိုက်ပွဲတွေကို ရောက်နေတဲ့ Myanmar Pressphoto Agency တည်ထောင်သူ၊ အယ်ဒီတာချုပ် ကိုဂျေပိုင် ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ဖြေ ။ ။ ရှမ်း-ကယား နယ်စပ် ဖြစ်တယ်။ လအိဆေးရုံကို ဗုံးကြဲတာ ဖြစ်တယ်။ ၁၀ နာရီ ၁၀ မိနစ်လောက်က ဗုံးကြဲတယ်။ နှစ်ခါကြဲတယ်။ ပထမတကြိမ် နောက်ထပ်မိနစ် ၂၀ လောက်မှာ တကြိမ်၊ ၁၀ နာရီခွဲမှာ တကြိမ် နှစ်ကြိမ်ကြဲတယ်။ အဲ့ဒါကို ကျနော်တို့ ဓာတ်ပုံသွားရိုက်တာ ရိုက်တော့၊ ရိုက်နေရင်းနဲ့ဘဲ လေယာဥ်လာတယ် လေယာဥ်လာတယ်ဆိုလို့ ကျနော်တို့ အဲ့ဒီမှာ အင်တာဗျူးဖို့ လူတွေရှာရင်း အင်တာဗျူးဖို့ လုပ်နေတယ်။ မျက်မြင်သက်သေ တယောက်ကို အင်တာဗျူးဖို့ လုပ်နေရင်းနဲ့ နှစ်ယောက်သား ထွက်ပြေးရတာပေါ့။ Tripod တွေ ဘာတွေတည်ပြီးနေပြီ။ အဲ့တော့ Tripod တွေကိုင် ကင်မရာတွေကိုင်ပြီး ထွက်ပြေးရတာပေါ့။ လေယာဥ်က ဆေးရုံပြန်လာကြဲတယ် ထင်တာပေါ့နော်။ ကျနော်တို့ကလည်း ဘေးနားကရှိတဲ့ ဝပ်လို့ရတဲ့နေရာတွေမှာ ဝတ်တာပေါ့။ ဆေးရုံအကျော်မှာရှိတဲ့ တောင်ကုန်းလေးတခုက အဲ့ဒီ့နားက တနေရာကိုလာပြီး ကြဲတာပေါ့နော်။ ဆိုတော့ တခါ တခါကြဲသွားတော့ ပြီးသွားပြီပေါ့။ ဒါပေမယ့် ဝဲပြီးတော့ ပတ်ဝဲပြီးတော့ သွားနေသေးတယ်။ သွားနေပြီးတော့ နောက် ၅ မိနစ် ၁၀ မိနစ်လောက်ကြာတော့ တခေါက်ပြန်ပြီး ကြဲတယ်။ အဲ့ဒီ့ လေယာဥ်ပဲ တခေါက်ကြဲတယ်။ ကြဲပြီးတော့ နောက်တခေါက်ကျတော့ ပြန်ဝဲတယ် ဝဲပြီးတော့ မကြဲတော့ဘဲ ပြန်သွားတယ်။ ပထမတခေါက်ကတော့ မနက်ပိုင်းမှာ ဆေးရုံကြဲတယ်။ ညနေကျတော့ အဲ့ဒီ့ ဆေးရုံအနီးနားက ရွာမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို ကြဲတယ်။ အဲ့စစ်ဘေးရှောင်စခန်း နာမည်က သစ္စာကုန်းစစ်ရှောင်စခန်း ဖြစ်တယ်။ အဲ့ဒီထဲကို ကြဲတာ ဖြစ်ပါတယ်။
မေး ။ ။ အဲ့ဒီ လေယာဥ်ဗုံးကြဲတဲ့ ဒဏ်ကကြတော့ ဘယ်လောက်ကြီးလဲရှင့်။ ဘယ်လောက် ခံရလဲ။
ဖြေ ။ ။ အိမ်ကြီးတလုံးလုံးတောင် မွစကြေသွားပြီး၊ အဲ့ဒီအိမ်နား ဗုံးကျတဲ့နားက အကုန်လုံးက တံမြက်စည်းနဲ့ လှဲလိုက်သလို အကုန်ပြောင်သလင်းခါသွားတာ။ လူမပြောနဲ့ အုတ်တံတိုင်းတွေတောင် အပေါက်တွေဖြစ်ပြီး ကျန်နေခဲ့တာ။ သွပ်ပြားတွေဆိုရင် အစတွေ သေးသေးလေးဖြစ်ပြီး အကုန်လုံးလွင့်ကုန်တယ်။ အဲ့ဒီနားက ကျတဲ့အိမ်ရဲ့ ခြေလှမ်း ၁၀ လှမ်းလောက်မှာ ရှိတဲ့ သစ်သားအိမ်လိုဟာဆိုရင် တစစီဖြစ်သွားတာ။ ကျနော်တို့ ကိုယ်တိုင်တွေ့လိုက်ရတဲ့ ဗုံးကြဲတဲ့ဟာ ဖြစ်တယ်။
မေး ။ ။ ဒီလို ဗုဲးကြဲတိုက်ခိုက်တဲ့အတွက်ကြောင့် လူအသေအပျောက် အနေအထားနဲ့ အခု စစ်ရှောင်တွေရဲ့ အနေအထားကော ဘယ်လိုရှိလဲရှင့်။
ဖြေ ။ ။ ဒီဘက်မှာတော့ စစ်ဘေးရှောင် (၂) ယောက်က သေဆုံးတယ်။ တချို့ ထိခိုက်ဒဏ်ရာရတာတော့ ကြားတယ်။ အတိအကျတော့ ကျနော်တို့ကိုယ်တိုင်လည်း မြေပြင်ရောက်ခဲ့ပေမယ့် မေးရမယ့် လူတွေက ရှိမနေဘူး အခုကျနော်တို့ သွားတဲ့အချိန်ဆို ဒုတိယအကြိမ် ဗုံးကြဲခဲရတော့ ပိုဆိုးတာပေါ့။
မေး ။ ။ အဲ့ဒီမှာရှိတဲ့ စစ်ရှောင်ဒုက္ခသည်တွေရဲ့ အနေအထားကကော ဘယ်လို အခြေအနေရှိလဲ။
ဖြေ ။ ။ စစ်ရှောင်တွေကတော့ နေရာ ကိုယ့်အစုနဲ့ကိုယ် စစ်ရှောင်စခန်းတွေက ဒီမှာ အများကြီး ရှိတယ်။ အများကြီးရှိတော့ ဒီမှာ တနေရာထဲမှာ စစ်ရှောင်တွေ ကျနော်တို့ ကချင်မှာ မြင်ရသလို၊ ကရင်မှာ မြင်ရသလိုမျိူး မဟုတ်ဘူး။ ကိုယ့်အစုဖွဲ့နဲ့ ကိုယ် ကိုယ်အဆင်ပြေတဲ့နေရာလေး တောင်ကုန်းလေးဖြစ်ဖြစ်၊ လျှိုလေးဖြစ်ဖြစ် အဲ့မှာ အစုဖွဲ့လိုက် အဖွဲ့လိုက် ကိုယ့်ဘာကိုယ် နေကြတယ်။ ကိုယ့်နီးစပ်တဲ့ ဆွေမျိုးရှိတဲ့ ရွာလေးတွေမှာ သွားနေကြတယ်။ စစ်ရှောင်စခန်းကြီးဆိုပြီး အကြီးကြီး မဟုတ်ဘူး။ ဟိုပြောက်တောက်ဒီပြောက်တောက်လေးတွေချည်းပဲ။ ဘာလို့ဆိုတော့ အဲ့ဒီလို အစုအဖွဲ့ကြီးလုပ်ရင် အခု ဒုက္ခသည်စခန်းကိုပါ ကြဲသွားတာဆိုတော့ ဗုံးကြဲခံရမလားဆိုတဲ့ စဥ်းစားချက်တွေ ရှိတယ်။
မေး ။ ။ ကရင်နီမှာ အခု စစ်ရှောင်နေတဲ့ ဒေသခံတွေရဲ့ အနေအထားမှာ သူတို့ လိုအပ်နေတဲ့ အကူအညီ အဲ့ဒါကြတော့ရော ဘယ်လို အခြေအနေ ရှိလဲရှင့်။ အခု အဲ့ဒီဘက်မှာ လူသားချင်းစာနာမှု အကူအညီတွေကို ရောက်နိုင်တဲ့ အနေအထား မရှိလို့၊ ဒေသခံတွေ တော်တော် ဒုက္ခရောက်နေရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတော့။
ဖြေ ။ ။ ကျနော်တို့ ရောက်ခါစ တပတ်ဆိုရင် ရေတအား လိုအပ်ချက်တွေ ရှိတယ်။ နေရာတိုင်းမှာပေါ့နော်။ ရေက ဝယ်သုံးရတာကို စစ်ရှောင်တွေကျတော့ ဝယ်မသုံးနိုင်ဘူး။ ရေဝေးတဲ့နေရာဆို ပိုပြီးတော့ ဒုက္ခရောက်တယ်။ ဒါပေမယ့် ဒီတရက် နှစ်ရက် မိုးရွာတော့ သောက်ရေ ဒုက္ခရောက်မှာပေါ့။ ချိုးရေတွေကတော့ အဆင်ပြေနိုင်ပေမယ့် သောက်ရေ ဒုက္ခရောက်တယ်။ အထူးသဖြင့် ကျနော်တို့ ဒီဒေသတွေမှာ သောက်သုံးရေ တော်တော်ခက်ခဲတယ်။ ကရင်နီ တကျော်လုံးပါ။ ပြီးရင် လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် စားသောက်ကုန်တွေ စျေးကြီးတယ်။ လူစားချင်းစာနာမှုကတော့ တတ်နိုင်တဲ့ အဖွဲ့အစည်းက လှူတာရှိသလို၊ ဒီမှာရှိတဲ့ IEC အစိုးရကလည်း တတ်နိုင်တဲ့ အတိုင်းအတာနဲ့ IDPs စခန်းတွေကို လှူနေတာ ရှိတယ်။ သူတို့ကော်မတီတွေ ဘာတွေ သေချာဖွဲ့ထားပြီး လှူနေတာ ရှိတယ်။ တပြည်နယ်လုံးအင်အားနဲ့ သိန်းချီပြီးတော့ ရှိနေတဲ့ စစ်ရှောင်တွေ အင်အားနဲ့ဆိုရင်တော့ လိုအပ်ချက်က အများကြီး ရှိသေးတယ်။
မေး ။ ။ ကရင်နီပြည်နယ် အုပ်ချုပ်ရေးအစိုးရရဲ့ အနေအထားကော ဘယ်လိုရှိလဲရှင့်။
ဖြေ ။ ။ သူတို့ကတော့ အုပ်ချုပ်ရေးပိုင်းမှာတော့ စနစ်တကျ ရှိပါတယ်။ ဥပမာ ပြောရရင်တော့ လူငယ်တွေ အများစုပါတယ်။ အားလုံးက မြေပြင်မှာ ရှိနေတဲ့ အစိုးရ ဖြစ်နေတယ်ဆိုတော့ သူ့အစိုးရနဲ့ သူ့ပြည်သူနဲ့ သူ့ဟာသူ အဆင်ပြေနေတာတော့ ကျနော် တွေ့တယ်။ အခုချိန်ထိတော့ ဘာမှ ပြသနာ မရှိသေးဘူး။ IEC အစိုးရကလည်း သူ့ဟာသူ လေ့လာသင်ယူရင်း ကိုယ့်ဘာကိုယ် အစိုးရကောင်းတရပ်ဖြစ်အောင် တည်ဆောက်နေတယ်လို့ မြင်တယ်။ ကျနော်တို့ အခု MPA သတင်းဌာနက မြေပြင်မှာ ရုံးဖွင့်တာကအစ သူတို့က welcome ဖြစ်တယ်။ ကြိုဆိုတယ်။ လိုအပ်တဲ့ အကူအညီတွေ သွားချင်တာ လာချင်တာ လိုက်ချင်တဲ့သတင်း ရှိတယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်ဆိုတဲ့ဟာမျိူးထိ ကျနော်တို့ ရုံးဖွင့်ပွဲမှာ လာပြောဆိုတာတွေလည်း ရှိတယ်။ မီဒီယာနဲ့တောင် Friendly ဖြစ်တယ်ပြောလို့ရတဲ့ အစိုးရလို့ ပြောလို့ရတယ်။ နိုင်ငံတကာ သတင်းဌာနတွေ သတင်းထောက်တွေကိုလည်း ကရင်နီမှာ ပိုတွေ့ရတယ်။
မေး ။ ။ အဲ့ဒီတော့လေ ကရင်နီမှာ စစ်ကောင်စီ အုပ်ချုပ်လို့ မရဘူးဆိုတဲ့ အခြေအနေထိ ဖြစ်နေပြီလားရှင့်။
ဖြေ ။ ။ ပြောရမယ်ဆိုရင် မြို့နယ်တိုင်းမှာ စစ်ကောင်စီအုပ်ချုပ်မှုဆိုတာ မရှိတော့ဘူး။ ကရင်နီ တပြည်နယ်လုံးနီးပါးက ပြောရမယ်ဆိုရင် ရာခိုင်နှူန်းနဲ့ ပြောရမယ်ဆိုရင် ၆၀/၇၀ ဝန်းကျင်လောက်တော့ လွတ်လပ်နေပြီ။ အရမ်းထုတ်ပြောလို့ မကောင်းတဲ့ဟာတွေလည်း ရှိတယ်။ ထုတ်ပြောလို့ မကောင်းဘူးဆိုတာ လွတ်လပ်သင့်သလောက် တော်တော်လွတ်လပ်နေပြီ။ ကြောက်ရတာတော့ ရှိတာပေါ့နော်။ ဥပမာပြောရရင် လေယာဥ်ပေါ့နော်။ လေယာဥ်သံ ကြားပြီဆိုတာနဲ့ ကျနော်တို့ကအစ ဘယ်သူမဆိုပေါ့နော် ပြီးခဲ့တဲ့ တရက် ၂ ရက်က ကျနော်က လေယာဥ်သံကြားရင် မှု့ချင်မှ မှု့လိမ့်မယ်။ ဒီနေ့ညနေကစပြီး လေယာဥ်သံကြားရင် မရတော့ဘူး။ အရမ်း alarm ဖြစ်နေပြီပေါ့နော်။
မေး ။ ။ ကိုဂျေပိုင် အတွေ့အကြုံကို ပြောပါအုံး။ ကရင်နီပြည်နယ်ဘက် ရောက်ပြီးတော့ သတင်းယူရတဲ့ အတွေ့အကြုံပေါ့နော်။ အထူးသဖြင့် ဘယ်လောက်ကြာပြီလဲရှင့်။ နောက် ကိုဂျေပိုင်ကိုယ်တိုင်ကလည်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်သတင်းယူခဲ့တာတွေ နောက်ဖြိုခွဲခံရတဲ့ သတင်းတွေလည်း ယူခဲ့ရတဲ့ သတင်းထောက်တဦးအနေနဲ့ပေါ့နော်။
ဖြေ ။ ။ အရင်တုန်းက လွိုင်ကော်မြို့မှာ ဆန္ဒပြတဲ့လူငယ်တွေက ကျနော်တို့ လွိုင်ကော်မြို့ထဲမှာ သေနတ်တွေ ကိုင်ပြီးတော့ လမ်းသွားနေတယ်။ စစ်ကောင်စီ မင်းတို့ ထွက်လာခဲ့ ငါတို့နဲ့ ယောကျ်ားချင်း ယှဥ်ပစ်မယ်ဆိုတဲ့ အနေအထားထိ ရှိလာတယ်။ အရင်တုန်းက သူတို့က လွိုင်ကော်မြို့ပေါ်မှာရှိတဲ့ လူငယ်တွေကို ရိုက်နှက်ဖမ်းစီး မျက်ရည်ဗုံးတွေလုပ် ဖမ်းစီးတယ်။ သေနတ်ပစ်ပြီးတော့ ဖြိုခွင်းခဲ့တယ်။ အခုချိန်မှာတော့ လွိုင်ကော်မြို့ပေါ်မှာ လူငယ်တွေက လက်နတ်ကိုင်ပြီးတော့ သေရဲရင် ထွက်ခဲ့ဆိုတဲ့ဟာမျိုး ပြန်ပြီးစိန်ခေါ်လာနိုင်တဲ့ အနေအထားကို ရောက်နေပြီ။ စစ်ဖြစ်နေတဲ့ မြို့ ပြတိုက်ပွဲဖြစ်နေတဲ့ နေရာမှာ သတင်းယူရတာ ကျနော်တို့က ကိုယ့်ကိုကိုယ် လုံခြုံရေးအရရော သတင်းကို သတိထားပြီး ယူရတယ်။ သတင်းတွေက ကျနော်တို့ မြေပြင်မှာ သတင်းတင်ဆက်တဲ့အခါမှာ အခု ကျနော်တို့ သတင်းသွားလုပ်တယ်။ သတင်းတွေက တက်နေပြီ ဒါပေမယ့် ကျနော်တို့က အခုချိန်ထိ ကျနော်တို့ မြေပြင်ယူထားတဲ့ သတင်းအချက်အလက်တွေက မတင်နိုင်သေးဘူး။ အင်တာနက် ဖြတ်ထားတဲ့အတွက် သတင်းတွေက အချိန်နဲ့တပြေးညီ တက်နေပေမယ့် မြေပြင်မှာရှိတဲ့ သတင်းအချက်အလက်မှန်တွေကတော့ တဖြေးဖြေးမှ ပြန်တက်လာတာပေါ့နော်။ စစ်ရေးမှာ ကျနော်တို့ မြေပြင်မှာ သတင်းအချက်အလက် မြန်မြန်ဆန်ဆန်တင်ရင်လည်း ကိုယ်တိုင် မြေပြင်မှာယူတဲ့ သတင်းထောက်ကော တကယ့်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက်က အန္တရာယ်ကြီးမားပါတယ်။ လေယာဥ်လို လက်နက်တွေ အတိအကျတွေ ရောက်လာနိုင်တယ်။
မေး ။ ။ ကိုဂျေပိုင်အနေနဲ့ ဒီလောက်အန္တရာယ်များတယ်၊ နောက်ပြီး အခက်အခဲမျိုးစုံကလည်း ရှိနေတဲ့ အထူးသဖြင့် အသက်အန္တရာယ် ကြီးမားတဲ့နေရာတွေမှာ ဒီသတင်းတွေကို သွားယူချင်တာလဲရှင့်။
ဖြေ ။ ။ ကျနော်တို့က ဘာလို့ မြေပြင်ကိုသွားပြီး သတင်းသွားယူချင်တာလဲဆိုတာက ကျနော်တို့ သတင်းထောက်တွေက မျက်မြင်တွေ့ချင်တာကို။ ဘာတွေဖြစ်နေတာလဲ။ အဓိကကတော့ မြေပြင်မှာ သတင်းသွားယူတယ်ဆိုတာ ကိုယ့်လုံခြုံရေးကော၊ ပြည်သူကော၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးကော ကျနော်တို့က ပိုပြီးတော့ စဥ်းစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ကျနော် လိုက်လိုက်တဲ့ သတင်းတခုက ကျနော်ရေးလိုက်တယ် တင်လိုက်တယ် စသည်ဖြင့်၊ ကျနော်ကတော့ မြန်ချင်လို့ သတင်းတခု တင်လိုက်တယ်။ တင်လိုက်တဲ့ဥစ္စာမှာ အဲ့ဒီနေရာကို ဗုံးလာပြန်ကြဲလား။ ကျနော်တို့ ဒီနေ့ ကျနော်တို့ကိုယ်တိုင် ကြုံရတယ်။ ဗုံးလာပြန်ကြဲတာ။ အဲ့မှာ ကိုယ်တိုင်လည်းကြုံရနိုင်သလို အဲ့မှာရှိနေတဲ့ပြည်သူတွေလည်းကြုံရနိုင်တယ်။ ရဲဘော်တွေလည်း ကြုံရနိုင်တယ်။ ကျနော်တို့က မြေပြင်မှာ သတင်းသွားယူရတာက အရမ်းကို ကျနော်တို့ experience တွေ၊ ရင်းနှီးရတာတွေကော တကယ့်ကို အမှန်တရားနဲ့ ပိုနီးစပ်တယ်။ အဲ့ဒါတွေကို ကျနော်တို့က သတင်းနဲ့ပြန် present လုပ်ချင်မှ လုပ်လိမ့်မယ်။ ဆောင်းပါးလိုဟာမျိုးလား Documentary လိုဟာမျိုးလား ပြန်ပြီး တင်ဆက်လုပ်မယ်ဆိုရင် ပြည်သူက ဒီဥစ္စာ အကြောင်းအရာကို သတင်းတခုထဲနဲ့ တင်ပြတာထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်မယ်ဆိုရင်တော့ ပိုပြီးတော့ကောင်းတဲ့ တော်လှန်ရေးပဲဖြစ်ဖြစ် ပြည်သူတွေ သိရှိနားလည်တဲ့အကြောင်းအရာဖြင့် ပိုပြီးတော့ သိရှိလာမယ်။ ပိုပြီးတော့ နားလည်လာမယ်။ ကျနော်တို့ သတင်းတပုဒ် တချို့အကြောင်းအရာတွေ မြေပြင်မှာ ရှိနေတဲ့ဥစ္စာကို သတင်းတပုဒ် တင်ပြလိုက်ရုံနဲ့ မလုံလောက်ဘူး။ အဲ့လိုအကြောင်းအရာတွေ ရှိတယ်။ ကျနော်တို့ ပိုပြီး ယုံကြည်လာတာက ကျနော်တို့ သာမန်ရိုးကျ Journalism ထက်ပိုပြီးတော့ indepth ဖြစ်တဲ့ journalism ကို ကျနော်တို့ တော်လှန်ရေးမှာ လုပ်မှ ကျနော်တို့ တော်လှန်ရေးအရွေ့တခုကလည်း ရောက်မှာ။
မေး ။ ။ အဲ့ဒီလို တိုင်းရင်းသားဒေသတွေမှာ အခုဆို ကရင်နီပြည်နယ်မှာ လက်နက်ချလာတာပဲဖြစ်ဖြစ်၊ စစ်သုံ့ပန်းဖြစ် ဖမ်းခံရတဲ့ စစ်ကောင်စီ တပ်သားတွေကိုကော တွေ့ရလား။
ဖြေ ။ ။ အဲ့ဒါကတော့ တွေ့ရတယ်။ ဟိုတလောတုန်းက လွိုင်ကော်တက္ကသိုလ်ထဲမှာ ဖမ်းမိတဲ့ အရာရှိ ဗိုလ်ကြီးတယောက်နဲ့ ကျန်တဲ့ရဲဘော်တွေအကုန်လုံး ကျနော်တို့ ကရင်နီအကျဥ်းထောင်မှာ တွေ့ခဲ့ရတယ်။ အဲ့အကြောင်းကိုလည်း ကျနော်နဲ့ MPA က Documentary ရိုက်ထားတာ ရှိတယ်။ ကျန်တဲ့မီဒီယာတွေလည်း သွားကောင်းသွားတာ ရှိလိမ့်မယ်။ ကျနော်တို့ကတော့ အဲ့ဒါကို ပထမဦးဆုံး ရောက်သွားပြီးတော့ ဒီ Story ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ သွားတာကို နေရာတွေ ဘာတွေတော့ ကျနော်တို့ ဖော်ပြထားတာ မရှိဘူး။ နေရာတွေလည်း ပြန်ပြောမယ်ဆို ကျနော်တို့လည်း မပြောတတ်ဘူး။ ခက်ခက်ခဲခဲ သွားပြီးတော့ ကျနော်တို့ အဲ့ဒါကို ရိုက်ရတယ်။ ရိုက်ပြီးတော့ အဲ့ဒီမှာဆိုရင်တချို့ အရင်ကမိထားတဲ့ ရဲတွေဘာတွေဆိုရင် ထောင်ချုပ်တို့ ထောင်မှာပြန်ပြီးတော့ တာဝန်ထမ်းဆောင်နေတယ်။ ပြန်ပြီးတော့ အကျိူးပြုနေရတာပေါ့။ စစ်ဗိုလ် စစ်သားတွေဆိုရင် ငါတို့က အသက်ရှင်ခွင့် ရှိနေတယ်။ တချိန်ကျရင် တော်လှန်ရေးအောင်ရင် ငါတို့က အိမ်ကိုပြန်ရမယ့် သူတွေဆိုပြီးတော့ ပြောဆိုကြတာတွေ ရှိတယ်။
မေး ။ ။ ကိုဂျေပိုင် ပြောသွားတဲ့ထဲမှာလည်း ပါပါတယ်။ ကိုယ်ရှေ့တန်းမှာ ရောက်ပြီးတော့ တိုက်ပွဲတွေကြား သတင်းယူရတဲ့အခါမှာ ကိုယ်တင်ပြတဲ့ ဗီဒီယို မှတ်တမ်းတွေရဲ့ အားသာချက်က အဓိက ဘာတွေလဲရှင့်။
ဖြေ ။ ။ အဓိက အားသာချက်ကတော့ ကျနော်တို့ကဒီမှာ မြေပြင်ကိုဆင်းပြီးတော့ တကယ်ကြုံတွေ့နေရတဲ့ ပြည်သူဘဲဖြစ်ဖြစ် မျက်မြင်သက်သေဘဲဖြစ်ဖြစ် Face to Face စကားပြောရတာ၊ သူတို့ဝမ်းနည်းရင် ကျနော်တို့လည်း ဝမ်းနည်းတယ်။ သူတို့ သွားစရာရှိတယ်၊ လုပ်စရာရှိတယ်၊ ကျန်တဲ့ဟာတွေနဲ့ ယှဥ်ရင် အကုန်လုံးလိုက်သွားကြည့်လို့ ရတယ်။ သူတို့ နောက်ထပ်ဘယ်လိုတွေ ရပ်တည်မယ်ဆိုတာလည်း ကျနော်တို့ မြင်တွေ့ရတယ်။ ကျနော်တို့ Story တွေက ကျနော်တို့ မြင်တွေ့ကိုင်တွယ်လို့ရတဲ့ Physical ဖြစ်တဲ့ လူတွေနဲ့ဆက်ဆံရတာဆိုတော့ ပိုပြီးတော့ အဝေးကလုပ်တဲ့အရာထပ်စာရင် ပိုပြီးတော့ ထိတွေ့ဆက်ဆံရတယ်။ လူသားဆန်တယ်။ ကျနော်တို့ ရိုက်တဲ့ရတဲ့ အချက်အလက်တွေက ဘယ်လောက်ထိ မှန်ကန်လဲဆိုတာကို ကျနော်တို့က သက်သေပြရတာပေါ့နော်။ မြေပြင်မှာကတော့ ပိုပြီးသက်သေပြလို့ ကောင်းတာပေါ့နော်။ အဲ့လိုမျိုးပါ။
မေး ။ ။ ခက်ခက်ခဲခဲ အသက်အန္တရာယ်တွေကြားထဲက ရိုက်ကူးပြီး တင်ဆက်ရတဲ့အခါမှာ ကိုဂျေပိုင် မျှော်မှန်းချက် တင်ဆက်တဲ့သတင်းတွေ မျှော်မှန်းချက်ကကော ဘာလဲရှင့်။
ဖြေ ။ ။ ကျနော်ကတော့ မှတ်တမ်း Documentary ပဲဖြစ်ဖြစ်၊ သတင်းပဲဖြစ်ဖြစ် ကျနော်တို့က သမိုင်းဖြစ်တာကို။ တချို့ဟာတွေက သမိုင်းကို လိုက်မှတ်တမ်းတင်တယ်လို့ပဲ ကျနော် မှတ်ယူထားတယ်။ ဘယ်သူကြည့်ကြည့် မကြည့်ကြည့် ဒါကကျနော် မှတ်တမ်းတင်ရမယ့် တာဝန်တခု။ ဒါကိုပဲကြည့်ပြီးတော့မှ ကျနော်တို့က အနာဂတ်ကို ကျနော်တို့က ငါတို့ဒီမှတ်တမ်းကို ကြည့်ပြီးတော့ မှားခဲ့တာတွေ အားသာချက်တွေ အားနည်းချက်တွေကို ကြည့်ပြီးတော့ ကျနော်တို့က အနာဂတ်ကို လျှောက်ရမှာ။ လူငယ်တွေပဲဖြစ်ဖြစ်၊ ကျနော်တို့ပဲဖြစ်ဖြစ် လျှောက်ရမှာ။ ကျနော်တို့နိုင်ငံမှာ ဘာမှတ်တမ်း ဘာမှတ်ရာမှ မရှိဘူး။ အဲ့ဒီတော့ ကျနော်တို့က မြန်မာပြည်မှာရှိတဲ့ မှတ်တမ်းမှတ်ရာပဲဖြစ်ဖြစ်၊ သမိုင်းဖြစ်ဖြစ် ကျနော်တို့က ဝင်လုပ်တယ်။ ကျနော်တို့က လုပ်စရာရှိတာတော့ Journalist ဖြစ်တဲ့အတွက် ကိုယ်လုပ်ရမယ့် သမိုင်းမှတ်တမ်းပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် လုပ်နေမှာပဲ။