ဖွဲ့စည်းပုံပြင်ရေး ANP ပါတီအမြင်

ANP ဒုဥက္ကဋ္ဌ ဦးမြင့်နိုင်

Your browser doesn’t support HTML5

ဖွဲ့စည်းပုံပြင်ရေး ANP ပါတီအမြင်

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုဟာ စကတည်း က မှားနေတယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော် ကဏ္ဍမပါဘဲ မဖြစ်နိုင်လို့ ကြိုတင်ညှိနှိုင်းသင့်တယ်လို့ ANP ရခိုင်အမျိုးသားပါတီက ပြောပါတယ်။ ANP ဒုဥက္ကဋ္ဌ ဦးမြင့်နိုင်ကို ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ သာလိစွပါ။ အခုလို ကျမတို့ကို တကူတက ရုံးပိတ်ရက်ကြီးမှာ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဖြေ ။ ။ သာလိစွပါ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

မေး ။ ။ ဦးမြင့်နိုင်အနေနဲ့ ANP ပါတီရဲ့ ဒုဥက္ကဋ္ဌ (၂) လည်း ဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသားလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာလည်း (၄၅) ကော်မတီထဲမှာ တစ်ယောက်အပါအဝင် ဖြစ်တယ်။ ကျမ အခု ဒီဟာကို လေ့လာကြည့်လိုက်တဲ့အခါကြတော့ ပြင်ဆင်ချက်၊ ပြင်ဆင်ဖို့ အဆိုပြုထားတဲ့အချက် သုံးထောင်ခုနှစ်ရာကျော်မှာ ထိပ်ဆုံးကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၁၁၀၀) ကျော်၊ ဒုတိယလိုက်တာ ANP - ရခိုင်အမျိုးသားပါတီအနေနဲ့ (၈၅၈) ချက် ပြင်ဆင်ဖို့ဆိုပြီး အဆိုပြုထားတာကို တွေ့ရပါတယ်။ အဲဒီ (၈၅၈) ချက်ကို ပြင်ဆင်ဖို့နေရာမှာ ဘယ်လောက်အထိ အလားအလာ ရှိပါသလဲ။ အချက်တွေကလည်း အများကြီးဆိုတော့ (၃၇၀၀) ကျော်ထဲမှာ ဆွေးနွေးညှိနှိုင်းရမယ်ဆိုတော့ တော်တော်လေးလည်း ခက်ခဲမယ့်အလုပ်လို့ ထင်ပါတယ်။

ဖြေ ။ ။ အဲဒါကတော့ (၈၅၈) ချက် ဖြစ်သွားတဲ့ဟာကိုတော့ ကျနော် ကြိုပြီးပြောပါမယ်။ ကျနော်တို့ (၄၅) ဦး ကော်မတီ စဖွဲ့လိုက်တဲ့အချိန်မှာ ကျနော်တို့ပါတီက ပါဝင်ခွင့် နှစ်ယောက် ရပါတယ်။ NLD ကတော့ အများစုပေါ့။ (၄၅) ထဲမှာ၊ စစ်တပ်ကလည်း ပါပါတယ်။ ကြံ့ခိုင်ရေးက နှစ်ဦး ရတယ်။ ရှမ်းပါတီက နှစ်ဦး ရတယ်။ ကျန်တဲ့ပါတီသေးသေးလေးတွေကတော့ တစ်ဦးဆီ ဖြစ်ပါတယ်။

သူတို့ စဆွေးနွေးတဲ့အချိန်မှာ အခန်း (၁) ကနေ (၁၅) အထိ - ကျနော်တို့ စပြီး အခန်း (၁) က စပြင်ကတည်းက အခြေခံမူများဆိုပြီး ကျနော်တို့ လိုချင်တဲ့ အချက်ကလေးတွေ တင်ခွင့်ရှိပါတယ်။ ကျနော်တို့ လိုချင်တဲ့ဟာက ကျနော်တို့ ဖယ်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတဲ့အခါကြတော့ ကျနော်တို့က ပြည်နယ်များလည်း ဖွဲ့စည်းချင်ပါတယ်။ အဓိကအချက်ဖြစ်တော့ ပြည်နယ်များနဲ့ ဖွဲ့စည်းမယ်ပြောတယ်ဆိုတော့ ကျနော်တို့က တိုင်းဒေသကြီးတွေကို တရားတဲ့အဆင့်ကို ရောက်သွားပါတယ်။ အဲဒီတော့ ကျနော်တို့က တိုင်းဒေသကြီးကို တောက်လျှောက်ပယ်သွားပါတယ်။ ပြည်နယ်များဆိုတဲ့ စာသားကို အကုန်ထုတ်ရတယ်။ အဲဒီမှာ အချက်တွေက များသွားတယ်။

နောက်တချက် ဘာလို့များလဲဆိုတော့ အုပ်ချုပ်ရေးပိုင်းမှာလည်း ဒီအတိုင်းပဲ ကျနော်တို့က ပြည်နယ်တွေကို ရောက်သွားတဲ့အခါကြတော့ ပြည်နယ်ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းလိုတဲ့ အချက်လေးတွေ ပါပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပြန်လည်ဖွဲ့စည်းပုံကို ရွှေ့ရမယ်ဆိုတာ အများကြီးပါတယ်။ အဲဒါတွေကို ပင်မထဲမှာပြင်ပြီး ပြင်သင့်တဲ့ ရွှေ့ရမယ်ဟာလေးတွေ ပါပါတယ်။ အဲဒါကြောင့် ပို့ရတဲ့အချက်တွေ များသွားပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း များပါတယ်။ ဥပဒေပြုရေးအပိုင်းမှာလည်း အများကြီး ဖြစ်သွားပါတယ်။ အဲဒါကြောင့် (၈၅၈) ချက် ဖြစ်သွားတဲ့ သဘောဖြစ်ပါတယ်။

မေး ။ ။ အခု တပ်မတော်သားအဖွဲ့တွေလည်း ပါတယ်။ နောက်တခုက တပ်မတော်ကိုယ်စားလှယ်တွေအနေနဲ့က ပူးပေါင်းကော်မတီမှာ ပါဝင်တယ်ဆိုရုံ ဝင်ထိုင်တာပဲရှိတယ်။ သူတို့အနေနဲ့ ဝင်ရောက်ဆွေးနွေးတာတွေ မလုပ်ဘူး။ အဲဒီတော့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပူးပေါင်းပါဝင်မှု မပါဘဲနဲ့ အင်မတန်မှ ပြင်ဆင်ဖို့ ခက်ခဲတဲ့ အခန်း (၁၂) ဆိုလို့ရှိရင် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးဆုံးပေ့ါ။ အဲဒီလောက် သူတို့ရဲ့ ပူးပေါင်းပါဝင်မှု မရှိဘဲနဲ့ ဒီပြင်ဆင်ရေးဆိုတဲ့ လုပ်ငန်းစဉ်ကြီးက အထမြောက်အောင်မြင်နိုင်ပါ့မလားရှင့်။

ဖြေ ။ ။ အဲဒါကို ပြောရမယ်ဆိုရင်တော့ NLD စ တာထွက်ကတည်းက မှားတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။ အဲဒီအချက်ကတော့။ ဘာဖြစ်လို့ မှားတယ်လို့ ပြောချင်လဲဆိုတော့ ဒီဖွဲ့စည်းပုံကို ပြင်ဖို့ဆိုရင် တပ်မတော်မပါရင် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ သူတို့က (၂၅) ရာခိုင်နှုန်း ရှိတယ်။ (၇၅) ရာခိုင်နှုန်း ကျော်မှဆိုတဲ့ဟာက ဒါက ပြဿနာ ဖြစ်လာပါပြီ။ အဲဒါကြောင့် စပြင်မယ်ဆိုကတည်းက ကျနော်တို့ ဖြစ်စေချင်တာတော့ ဒီမှာရှိတဲ့ အများစုရဲ့ အင်အားစုတွေကို - တပ်မတော်လည်း အင်အားများတယ်။ NLD လည်း အင်အားများတယ်။ အများစုတွေက ကြိုပြီးညှိနှိုင်းထားသင့်တယ်။ ငါတို့ကတော့ ဒါကိုပြင်ချင်တယ်။ ဒါလေးကိုတော့ ညှိပေးဖို့ဆိုတဲ့ဟာကို ကြိုညှိပြီး ဒီလိုမျိုး တင်လိုက်မယ်ဆိုရင် တပ်မတော်က ကန့်ကွက်စရာ မရှိဘူးလို့ ကျနော်မြင်ပါတယ်။

ကြိုပြီးညှိပြီး သွားလိုက်မယ်ဆိုရင် တပ်မတော်လည်း သူ့ဟာနဲ့သူ ပါလာမှာပါ။ အခုဟာက အဲဒီလိုကြိုမညှိဘဲနဲ့ ဗြုန်းစားကြီး တင်လာတဲ့အခါကြတော့ တပ်မတော်ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး တင်လာတဲ့အချက်တွေက ဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်တယ်အခါကြတော့ သူတို့က တောက်လျှောက်ကန့်ကွက်သွားတဲ့သဘော ဖြစ်ပါတယ်။ (၁၅) ဦးထဲမှာတော့ သူတို့ပါလာပေမယ့် ဟိုထဲမှာ အခန်း (၁) ကနေ (၁၅) အထိ ပြင်ဆင်ချက် တင်တဲ့အချိန်မှာ သူတို့က ဘာတစ်ခုမှ ပြင်ဆင်ချက်တင်တာ မရှိပါဘူး။ ကျနော်တို့ ပါတီတွေကပဲ ပြင်ဆင်ချက်တင်တယ်။ NLD ကလည်း ပြင်ဆင်ချက်တင်တယ်။ အဲဒီလိုမျိုးပဲ တောက်လျှောက် (၁၅) ခန်းကို ကျနော်တို့က ဒီလိုပဲ သွားခဲ့ရပါတယ်။ တပ်မတော်အနေနဲ့ တောက်လျှောက်ကန့်ကွက်ခဲ့တဲ့သဘော ဖြစ်ပါတယ်။

မေး ။ ။ အခု ပြည်ခိုင်ဖြိုးပါတီက နောက်ဆုံး လွှတ်တော်မှာ ကျမ သတင်းထဲမှာ ကြည့်လိုက်ရတာကတော့ သူတို့ပြင်ဆင်လိုတဲ့ အချက်တွေ - သူတို့ကတော့ ပြောပါတယ်။ ဒီပူးပေါင်းကော်မတီမှာ ဝင်ရောက်မဆွေးဘူး။ ဒါပေမဲ့ လွှတ်တော်မှာ တင်တဲ့အခါမှာ လွှတ်တော်က ဒါက တူတဲ့အတွက်ကြောင့်မို့ ဥပဒေကြမ်းထဲကို ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာထဲမှာ ထည့်သွင်းပါသွားတာ သူတို့က (၁၀) ချက်။ အဲဒီ (၁၀) ချက်ထဲမှာ အရေးကြီးတဲ့အချက်က နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်အာဏာကို လျှော့ချဖို့ဆိုတဲ့အဆင့် ပါတာပေါ့။ ရခိုင်တိုင်းရင်းသားပါတီအနေနဲ့ အဲဒီအချက်လည်း ပါတယ်ဆိုတဲ့အခါကြတော့ သဘောထားချင်း တိုက်ဆိုင်တဲ့သဘောများ ရှိပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့က ကြံ့ခိုင်ရေးဘက်က တင်တဲ့ဟာလည်း ပြဿနာတော့ ရှိလာနိုင်တယ်လို့ မြင်တယ်။ (၄၅) ဦးထဲမှာ ပထမတစ်ခေါက် ဦးသိန်းထွန်း တင်တုန်းကလဲ (၄၅) ဦးကို ရွှေ့လိုက်ပါပြီ။ အခု ဦးမောင်သင်း တင်တဲ့ဟာလည်း (၄၅) ဦးကို ရွှေ့ဖို့အတွက် ကျနော်တို့ အစီရင်ခံစာကို သဘောထားပေးထားတာ ရှိပါတယ်။

ကျနော် တစ်ခု စဉ်းစားမိတာက (၄၅) ဦး ကော်မတီထဲကို ရောက်လာလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားပါတီတွေကလည်း တင်ထားတဲ့အချက်တွေ ရှိတယ်။ ကြံ့ခိုင်ရေးကတင်တဲ့ အချက်တွေ ရှိတယ်။ တခြားပါတီက တင်တဲ့အချက်တွေ ရှိတော့ ။ ကျနော်တို့ (၄၅) ဦး ကော်မတီက ကျန်တဲ့အချက်တွေပေါ် မူတည်ပြီးမှ ဥပဒေမူကြမ်းတစ်ရပ် အဆိုပြုပြီးမှ လွှတ်တော်ကို ပြန်တင်ရအုံးမယ်။ အဲဒီမူကြမ်း ဆွဲတဲ့အချိန်မှာ ရွေးချယ်ရမယ့်အချက်က ပြဿနာ ဖြစ်လာနိုင်တယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ (၄၅) ဦး ကော်မတီရဲ့ လုပ်ပိုင်ခွင့်ထဲမှာ များရာဆန္ဒမဲနဲ့ ဆုံးဖြတ်မယ်ဆိုတဲ့ အချက် (၁) ချက် ပါလာပါတယ်။ အဲဒီလိုမျိုးဆိုရင် ကိုယ်လိုချင်တဲ့ အချက်ကလေးတွေ ဖြစ်စေချင်တာကတော့ ကျနော်တို့ တိုင်းရင်းသားပါတီတွေက တင်တဲ့အချက်လေးတွေက ဘာပဲဖြစ်ဖြစ် ဖယ်ဒရယ်မူကို အခြေခံပြီးသွားတဲ့ အချက်ကလေးတွေပါတယ်။ အဲဒီအချက်ကလေးတွေ မရမှာကို စိုးရိမ်တယ်။ ကြံ့ခိုင်ရေးက တင်တာပဲဖြစ်ဖြစ်၊ NLD က တင်တာပဲဖြစ်ဖြစ် ကျနော်တို့က အဲဒါကို လောလောဆယ် မစဉ်းစားဘဲ တိုင်းရင်းသားတွေ လိုချင်တဲ့အချက်ကလေးတွေ - ကျနော်တို့နိုင်ငံမှာ အဓိက ပြဿနာ ဖြစ်နေတာက တိုင်းရင်းသားပြဿနာလို့ ကျနော်မြင်တယ်။ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး မရရှိသေးတဲ့အတွက်ပဲ အခုလို ပြဿနာ ဖြစ်နေတယ်လို့ မြင်တယ်။ အဲဒါကြောင့် ကျနော်တို့ တိုင်းရင်းသားတွေကို ဦးစားပေးတဲ့အနေနဲ့ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့ တန်းတူအခွင့်အရေးကို ဦးစားပေးတဲ့အနေနဲ့ ကျနော်တို့တင်တဲ့ အချက်တွေကိုတော့ ဦးစားပေး ဖြစ်စေချင်တယ်။ အဲဒီ (၄၅) ဦး ကော်မတီထဲမှာ များရာမဲနဲ့သာ အနိုင်ယူပြီး သွားလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားတွေ တင်တဲ့အချက်လေးတွေ မရမှာကိုပဲ အဓိက စိုးရိမ်ပါတယ်။ ကျနော် အဓိက စိုးရိမ်တဲ့အချက်ကတော့ အဲဒါပါပဲ။တွက ဥပဒေနဲ့ မညီဘူး

မေး ။ ။ အဲဒီတော့ NLD ပါတီကို မြန်မာလူမျိုးကြီး၊ ဗမာလူမျိုးကြီးပါတီ တရပ်အနေနဲ့ တိုင်းရင်းသားတွေဘက်က ရှု့မြင်တဲ့သဘောလားရှင်။

ဖြေ ။ ။ ကျနော်တို့ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် မြင်ပါတယ်။ NLD ပါတီကတော့ သူ့ပါတီအောက်မှာလဲ တိုင်းရင်းသားတွေ ပါတယ်ဆိုပေမယ့် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အသံ တောက်လျှောက်ပြောလို့မရဘူး။ အခုလက်ရှိလည်း မြင်နေရပါတယ်။ NLD ပါတီထဲက တိုင်းရင်းသားတွေက သူတို့ပြောချင်တဲ့ အချက်လေးတွေကို ပြောလို့မရဘူး။ NLD ပါတီရဲ့ ခွင့်ပြုချက် ရမှသာ ပြောလို့ရပါတယ်။ အဲဒါကြောင့် တိုင်းရင်းသားတွေ လိုချင်တဲ့ အချက်တွေကို NLD ပါတီအတွင်းမှာပါတဲ့ တိုင်းရင်းသားက တိုင်းရင်းသားအခွင့်အရေးကို ပြောလို့မရဘူးဆိုတာ သေချာပါတယ်။

ကျနော်တို့ တိုင်းရင်းသားပါတီတွေကသာက ကျနော်တို့ လိုချင်တဲ့ အချက်တွေ၊ ကျနော်တို့ ပြောချင်တဲ့ အချက်လေးတွေ၊ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တဲ့အချက်လေးတွေကို လုပ်ခွင့်ရပါတယ်။

ပြောလည်းပြောနေကြပါတယ်။ အခုဆိုရင် လွှတ်တော်ထဲမှာ ကျနော်တို့ ရခိုင်ပါတီက အသံအများကြီးထွက်တယ်ဆိုတာ ပြောခွင့်ရပါတယ်။ အဲဒါကြောင့် ကျနော်တို့ လိုချင်တဲ့အချက်ကလေးတွေ ပြင်ဖို့ အဓိက လိုအပ်တယ်လို့ မြင်ပါတယ်။

မေး ။ ။ NLD ပါတီက ရွေးကောက်ပွဲ ဝင်တုန်းက ရွေးကောက်ပွဲ ကြေညာစာတမ်းအရ ငြိမ်းချမ်းရေးက နံပတ်တစ်၊ ပြီးနောက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကတော့ တောက်လျှောက်ပြောလာခဲ့တာ - ဒါပေမဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို စပြီးအာဏာရကတည်းက လွှတ်တော်မှာ အများစုနေရာရကတည်းက မစခဲ့ဘဲနဲ့ အခုလွှတ်တော်သက်တမ်း ကုန်ခါနီး၊ အစိုးရသက်တမ်း ကုန်ခါနီးကြမှ ထပြီးတော့ ဒီကိစ္စကို စိုင်းပြင်းနေတဲ့သဘောကို ဘယ်လိုသုံးသပ်လို့ ရပါသလဲ။

ဖြေ ။ ။ အဲဒါက ကျနော်တို့ လွှတ်တော်ထဲမှာ ဆွေးနွေးတုန်းကလည်း ပါပါတယ်။ ဆွေးနွေးခဲ့တဲ့ အချက်တွေ ပါပါတယ်။ ဖွဲ့စည်းပုံပြင်ဖို့က နောက်ကျနေပြီ။ စတက်ကတည်းက သူတို့ NLD က ကြေညာချက်ထဲမှာ ပါတဲ့အတိုင်း စပြီးတော့ အကောင်အထည် ဖော်သင့်ပါတယ်။ သူတို့ကတော့ ငြိမ်းချမ်းရေးကစပြီး ပြင်မယ်ဆိုပြီးတော့ ကြိုးစားခဲ့ပါတယ်။ ငြိမ်းချမ်းရေး မအောင်မြင်တဲ့အခါကြမှ အခုမှ လွှတ်တော်ထဲကို ရောက်လာပါတယ်။ လွှတ်တော်ထဲကို ရောက်တဲ့အချိန်ကလည်း ကျနော်တို့မြင်တဲ့ အချက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်လို့က ရပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေက လူတိုင်းမှာ ရှိနေကြပါတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံပြင်ဖို့ ပြင်ဆင်တဲ့ဟာတော့ နောက်ကျနေပါပြီ။ အခု (၁) နှစ်ကျော်ပဲ ကျန်တော့တယ်။ (၁) နှစ်ကျော်အတွင်းမှာလဲ ပြီးနိုင်တဲ့ အခြေအနေက မမြင်ပါဘူး။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ဘာပဲဖြစ်ဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ပြီး တိုင်းရင်းသားတွေနဲ့ ညီညီညွှတ်ညွှတ်နဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ချင်တဲ့ဆန္ဒ၊ တနိုင်ငံလုံးမှာ ရှိပါတယ်။ ဒါကြောင့် အဓိက ပြဿနာက တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြင်ဆင်ရပါမယ်။ ဒါတွေ ပြင်ဆင်ပြီးမှ လိုအပ်တဲ့အချက်လေးတွေနဲ့ လိုအပ်တဲ့ပုဒ်မလေးတွေကို ကြေညာပြီးမှ ရှေ့ဆက်ပြီးသွားလို့ရပါမယ်။ တိုင်းရင်းသားပြဿနာကို ဒီလိုမှ မဖြေရှင်းနိုင်ရင် ရနိုင်မယ့် အခြေအနေ မမြင်ပါဘူး။

မေး ။ ။ ကျမ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိသူတစ်ယောက်နဲ့ မကြာသေးမီကပဲ တွေ့ဆုံမေးမြန်းခွင့် လုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ သူပြောတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာဒုက္ခမှ မပေးပါဘူး။ ဘယ်သူကိုမှလည်း ဒုက္ခမပေးဘူး။ သူ့ဟာသူ ရှိနေတာ။ ဒါက နိုင်ငံရေး ရည်ရွယ်ချက်နဲ့ NLD ကနေ ဦးဆောင်ပြီး လုပ်နေတယ်ဆိုပြီး သူက ဝေဖန်တာ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း၊ မပြင်ဆင်ခြင်းသည် အများပြည်သူနဲ့ သက်ဆိုင်တယ်လို့ ယူဆပါသလား။ အများပြည်သူတွေရဲ့ ဆန္ဒအရ - သူကပြောတာက အများပြည်သူဆန္ဒ မဟုတ်ဘူး။ လူတစ်စုကနေ သွေးထိုးလှုံဆော်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပြင်ဆင်ဖို့ ဖြစ်လာတာ။ ဒီဟာက ပြင်စရာ မလိုဘူး။ ဦးသိန်းစိန်လက်ထက် (၅) နှစ်မှာလည်း ဘာမှမဖြစ်ခဲ့ဘူး။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ခဲ့တယ်။ ဒီဟာနဲ့ ပတ်သက်လို့ သူတို့ရဲ့ အမြင်လေးကို ဘယ်လိုများ သုံးသပ်လို့ရပါသလဲရှင့်။

ဖြေ ။ ။ ကျနော့်အမြင် ပြောရရင်တော့ အများစုကတော့ ပြင်ဆင်ချင်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ပြင်ဆင်ချင်ကြပါတယ်။ ၂၀၁၀ တုန်းက ကြံ့ခိုင်ရေးအစိုးရ တက်တုန်းကလည်း ပြင်ဆင်ဖို့ ကြိုးစားခဲ့တယ် တချက်ပဲ ရခဲ့တဲ့ဟာက အားလုံးအသိပဲ ဖြစ်ပါတယ်။ ပုဒ်မ (၁၅) မှာ နည်းနည်းပါးပါး စကားလုံးလေးပဲ - ဒါပေမဲ့ မအောင်မြင်သေးဘူး။ ပြင်ဖို့အတွက် အဲဒီတုန်းကတည်းက တောင်းဆိုခဲ့တယ်။ အခုလဲ အဲဒီလိုပါပဲ - တောင်းဆိုတဲ့လူက များပါတယ်။ ဒါကို ပြင်ဆင်ပြီးသွားမှသာ ရမယ်လို့ အများစုက မြင်လို့ရှိရင် ပြင်ပေးရမယ်။ ကြံ့ခိုင်ရေးအနေနဲ့ ပြောတဲ့ဟာကတော့ သူတို့အမြင်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့အမြင်ကတော့ ပြင်ဆင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါကို ပြင်ဆင်ပြီးမှ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်လေးတွေကို တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့်လေး။ ကျနော်တို့က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေမှာလဲ ဘာပဲဖြစ်ဖြစ် အဆင်ချောပြီး ပြည်သူတွေ၊ တိုင်းရင်းသား ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်လေးတွေကို ပေးမယ့်အဆင့်လေးတွေက ဒီဖွဲ့စည်းပုံမှာ ရှိပါတယ်။ ပြင်ဆင်ပြီး လုပ်မှပဲ အောင်မြင်နိုင်မယ်လို့ ကျနော်မြင်ပါတယ်။