မြန်မာ ဝမ်ပေါင် ကုမ္မဏီတာဝန်ခံ ဖြေရှင်းချက် (အပိုင်း - ၂)

  • ဦးရော်နီညိမ်း

ဦးရော်နီညိမ်း နဲ့ ဝမ်ပေါင် ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ်တောင် (တောင်ပိုင်း) နဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လေးခုကို၊ “မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်” Myanmar Economics Holding Ltd. (MEHL) နဲ့ ဖက်စပ်လုပ်ကိုင်နေပြီး တရုတ်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နံှတဲ့ ကုမ္ပဏီကတော့ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ်ရေး လီမိတက်” Myanmar Wanbao Mining Copper Ltd. (MWMCL) ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၄)ရက်နေ့က၊ ဝမ်ပေါင်ကုမ္ပဏီရဲ့ ဖိတ်ခေါ်ချက်နဲ့ ဒီ ကြေးနီစီမံကိန်း လေးခုထဲက အကြီးဆုံးဖြစ်တဲ့ လက်ပံတောင်းတောင်က ကြေးနီသတ္ထုတူး ဖေါ်ရေးနယ်မြေရုံးမှာ ဗီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက သွားရောက်ပြီး ဦးဆောင်ညွှန်ရေးမှူး Mr. Geng Yi ကို သီးသန့်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ရဲ့ တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်ပေါ်လာခဲ့ပြီးတဲ့နောက် ဒီအစီရင်ခံစာအတိုင်း အကောင်အထည်ဖေါ်ရေး အစိုးရဖွဲ့စည်းပေးတဲ့ ကော်မတီတစ်ရပ်လည်း ပေါ် ပေါက်လာခဲ့ပါတယ်။ ဒီအခြေအနေမှာ “မြန်မာ ဝမ်ပေါင် ကြေးနီသတ္ထုတူးဖေါ် ရေး လီမိတက်ရဲ့ ရှေ့ဆက် ဆောင်ရွက်မယ့် လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ပြီး၊ Mr. Geng Yi နဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း - ၂) ကို၊ ဒီ သီတင်းပတ်ရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍကနေ ဆက်လက်ထုတ်လွှင့် ပေးလိုက်ပါတယ်။

ရော်နီညိမ်း ။ ။ နောက်တစ်ခုက (စုံစမ်းစစ်ဆေးရေး)ကော်မရှင်အစီရင်ခံစာမှာ ဆိုထားတာက၊ ဒီ ကြေးနီ စီမံကိန်းကြီးတစ်ခုလုံးကို ၁၉၉၆ ခုနှစ် တုံးက သြစတြေလျက အတိုင်ပင်ခံကုမ္ပဏီကြီး Coffee and Partners က၊ (စီမံကိန်းအတွက်) ပဏာမဖြစ်နိုင်ခြေအစီရင်ခံစာ (pre-feasibility report) ရေးခဲ့ပြီးတော့၊ အဲဒီမှာ ပတ် ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ကိစ္စရပ်တွေကို ဖေါ်ပြခဲ့တယ်၊ ဆိုတာပါ။ အခု နှစ်ပေါင်း (၂ဝ)နီး ပါး ရှိလာပြီဆိုတော့၊ Coffee and Partners ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တွေ့ရှိချက်တွေဟာ၊ ဒီကနေ့ ပြောင်းလဲ နေလောက်ပြီ ဖြစ်တာကြောင့်၊ ခင်ဗျားတို့ရဲ့ ဝမ်ပေါင်ကုမ္ပဏီက ထပ်လေ့လာဖို့လိုတယ်၊ ထပ်ပြီး နိုင်ငံတကာစံ တွေနဲ့ အညီ ပြန်ပြီး မွမ်းမံဖို့လိုတယ်လို့၊ (စုံစမ်းစစ်ဆေးရေး) ကော်မရှင်အစီရင်ခံစာမှာ အကြံပြုထားတယ်။ ဒီအတွက် ခင်ဗျားတို့ ပြင်ဆင်ထားပြီးပြီလား။ ပြီးတော့လည်း ၁၉၈၈-၈၉ လောက်က စခဲ့တဲ့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးနဲ့ နောက်ပိုင်း မြန်မာပြည်ထဲမှာ လာရောက်ရင်းနှီးမြှုပ်နံှ လုပ်ကိုင်ကြတဲ့ တရုတ်စီးပွားရေး လုပ်ငန်းတွေအပေါ်မှာ မြန်မာပြည်သူတွေရဲ့ ခံစားချက်ရှိနေတာကို ကျနော် အခု သတိထားမိပါတယ်။ အဲဒါက တော့ တရုတ်ကုမ္ပဏီတွေဟာ မြန်မာပြည်ထဲ စီးပွားရေးလာပြီးလုပ်ရင် ဘာမှ ချန်မသွားဘူး၊ အကုန်လုံးကို အရယူသိမ်းပိုက်သွားကြတာပဲလို့၊ ပြည်သူလူထုက ခံစားနေရတာကို ကျနော်တို့ တွေ့ရပါတယ်။

ဒါကလည်း တရုတ်ကုမ္ပဏီတွေရဲ့ အဆင့်အမျိုးမျိုးရှိတာကို ကျနော် သတိထားမိပါတယ်။ တရုတ်နိုင်ငံထဲက ဒေသခံအဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်အဆင့်၊ နောက်တစ်ခါ နိုင်ငံတော်အဆင့်၊ နောက်ပြီး နိုင်ငံတကာအဆင့်ဆိုပြီး အဲဒီလို ကုမ္ပဏီတွေ အဆင့်အမျိုးမျိုးနဲ့ တရုတ်ပြည်ထဲ ရှိကြတဲ့အထဲမှာ၊ မြန်မာပြည်ထဲကို လာပြီး ရင်းနှီးမြှုပ်နံှ ကြတာဟာ ဘယ်လိုအဆင့်ရှိတဲ့ ကုမ္ပဏီလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ဝမ်ပေါင်ဟာ နိုင်ငံတကာ အဆင့်ရှိတဲ့ ကုမ္ပဏီကြီးဖြစ်တဲ့အတွက်ကြောင့်၊ အခု မြန်မာပြည်သူတွေ ခံစားနေကြရတာမျိုး မဟုတ်ဘူးဆိုတာကို ပြသဖို့၊ ခင်ဗျားတို့ ပြင်ဆင်လုပ်ကိုင်ထား ပြီးပါပြီလား။
Geng Yi ။ ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စရပ်ဟာ၊ အခုလို သတ္ထုတူးဖေါ်ရေးလုပ် ငန်းနယ်ပယ်အတွက်လည်း သိပ်ကို အရေးကြီးပါတယ်။ အခုလို ကမ္ဘာ့အဆင့်သတ္ထုတူးဖေါ်ရေး စီမံကိန်းကြီး မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုအသိုင်းအဝိုင်းတွေ ထိခိုက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲ မှုစနစ် ဆိုတာတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတို့အတွက် သိပ်အ ရေးကြီးပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီစီမံကိန်းကြီးရဲ့ အစ စောစောပိုင်းမှာ၊ အရင်တုံးက ရင်းနှီးမြှုပ်နံှခဲ့တဲ့ ကော်ပိုရေးရှင်းကြီးက၊ နိုင်ငံတကာစံတွေအတိုင်း၊ ပဏာမဖြစ်နိုင်ခြေ အစီရင်ခံစာ (pre-feasibility report) / ဖြစ်နိုင်ခြေ အစီရင်ခံစာ(feasibility report) တွေကို ကျကျနနလုပ်ခဲ့သလို၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လူမှုပတ်ဝန်းကျင်ထိခိုက်မှုတို့ရဲ့ လိုအပ်ချက်တွေအတွက် ချင့်ချိန်တွက်ဆမှုတွေ လုပ်ကိုင်ခဲ့ကြပါတယ်။ အဲဒီအချိန်က တည်ရှိနေတဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အဆင့်မှီမှီနဲ့၊ “ဖြစ်နိုင်ခြေ” အစီရင် ခံစာတွေ ပြီးစီးအောင် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပါတယ်။

ရော်နီညိမ်း ။ ။ ဒါပေမဲ့ အဲဒီ “ဖြစ်နိုင်ခြေ” အစီရင်ခံစာေတွေက အခုကာလနဲ့ မကိုက်ညီတော့ဘူးလို့ အခု စုံစမ်းစစ်ဆေးရေးအစီရင်ခံစာက ဆိုတယ် မဟုတ်လား။

Geng Yi ။ ။ အခု ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို ကျနော်တို့ အပြည့်အဝ အလေး အနက်ထားပါတယ်။ တခါ “ဖြစ်နိုင်ခြေ” အစီရင်ခံစာတွေ ထွက်ခဲ့ပြီးတဲ့နောက်၊ အခု (၁၅) နှစ်လောက် ကြာလာတဲ့ အခါမှာတော့၊ အထူးသဖြင့် လူမှုအသိုင်းအသိုင်း ပတ်ဝန်းကျင်ကော တရားဥပဒေစနစ်ကော၊ အစိုး ရကော၊ သဘာဝပတ်ဝန်းကျင်ကော ပြောင်းလဲကုန်ကြပြီပေါ့။ လူမှုအသိုင်းအသိုင်း ပတ်ဝန်းကျင်နယ်ပယ်ရဲ့ ပြောင်းလဲမှုက သိပ်ကို များပြားပါတယ်။ အကြီးအကျယ်ကို ပြောင်းလဲလာတာပါ။ တခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့၊ တကယ့်လက်တွေ့ကျကျ နိုင်ငံတကာအဆင့် သတ်မှတ်ချက်စံတွေကလည်း မြင့်တက်လာနေပါတယ်။ ကျနော်တို့က ဒါတွေကို ခေတ်နဲ့အညီ ပြန်လုပ်ရပါတယ်။ ဒီ “ဖြစ်နိုင်ခြေ” အစီရင်ခံစာဟောင်းတွေ အရ သူတို့တုံးက ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ကျနော်တို့က ဘာတွေထပ်လုပ်ကြရမှာလဲ ဆိုတာကို ပြန်သုံးသပ်ခဲ့ကြပါတယ်။ အမှန်အတိုင်းပြောရရင် မနှစ်က နိုဝင်ဘာလမှာ ပြဿနာမဖြစ်ခင်ကတည်းက၊ ကျနော်တို့က ၂ဝ၁၂ ခုနှစရဲ့ နှစ်စကတည်းက ဒီလို ပြန်လှန်သုံးသပ်မှုတွေကို လုပ်ခဲ့ကြပြီးပါပြီ။ ဒီစီမံကိန်းကြီး အတွက် ချင့်ချိန်တွက်ဆမှုအစီရင်ခံစာ (assessment report) တစ်စောင်အသစ်ပြန်ရေးဆွဲဖို့ ကျနော်တို့ ပြင်ဆင်ခဲ့ကြ ပြီးပါပြီ။ ကမ္ဘာပေါ်မှာ သတ္ထုတူးဖေါ်ရေးနဲ့ ပတ်သက်လို့ သိပ်ကိုရှေ့တန်းရောက်နေကြတဲ့ အနောက်နိုင် ငံတွေက နာမည်ကြီး အတိုင်ပင်ခံ ကုမ္ပဏီကြီးတွေ (consultant firms) တွေကို ကျနော်တို့က တင်ဒါစနစ်နဲ့ ခေါ်ယူ ယှဉ်ပြိုင်စေခဲ့ပါတယ်။ ဒီ ချင့်ချိန်တွက်ဆမှုအစီရင်ခံစာ (assessment report) အသစ်ရေးဆွဲဖို့ နောက်ဆုံးမှာ၊ Australia နိုင်ငံကပဲ Knight Piesold Limited (နိုက်ပီဆိုးလ် လီမိတက်) အတိုင်ပင်ခံကုမ္ပဏီကြီးက တင်ဒါမှာ အနိုင်ရခဲ့ပါတယ်။ အခု သူတို့နဲ့ ကျနော်တို့နဲ့ စာချုပ်ချုပ်ပြီးပါပြီ။ ဒီနှစ် မတ်လ စောစောပိုင်းအထိ၊ စာချုပ်ပါအတိုင်း ဒီ ssessment report ရဲ့ အဆင့်(၁) (Phase One)ကို ရေးဆွဲပြီးစီးသွားခဲ့ပါပြီ။

ဒီ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းကြီးတစ်ခုလုံးရဲ့ လုပ်ငန်းစဉ်ကို၊ ပြန်ပြီးသုံးသပ်မှုနဲ့ ပြန်ပြီးမွမ်းမံမှုအစီအစဉ် (updating and reviewing program) အတွက် လေ့လာရမယ့် “နယ်ပယ်သတ်မှတ်မှု” (scoping) နဲ့ အခေါ်အဝေါ် အသုံးအနှုံး (terms)တွေ ပြုစုမှုတွေ ပြီးစီးသွားခဲ့ပါပြီ။ ကျနော်တို့ဟာ Knight Piesold (နိုက်ပီဆိုးလ်) အတိုင်ပင်ခံ ကုမ္ပဏီကြီးဆီကနေ၊ သုံးသပ်ချက်တွေ တွေးဆချက်တွေ အကြံပြုချက်တွေကို ရခဲ့ပါပြီ။ အခု ကျနော်တို့ က နိုင်ငံတကာ စံချိန်စံညွှန်းတွေအရ၊ လိုအပ်ချက်တွေအတိုင်း ပြည့်မှီစေဖို့၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ကိုင်နေကြပါတယ်။ အဲဒါကလည်း အကြောင်းတစ်ခုက ရှိနေပါတယ်။ မြန်မာနိုင်ငံမှာက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးတို့အတွက်၊ အထူးသဖြင့် တရားဥပဒေပိုင်းဆိုင်ရာမှာ သိပ်ပြီး မဖွံ့ဖြိုးသေးသလို၊ အသေးစိပ်သတ်မှတ်ဖေါ်ပြချက်တွေ သိပ်မရှိသေးပါဘူး။ ဒါကြောင့် ကျနော်တို့က၊ နိုင်ငံတ ကာလုပ်ထုံးလုပ်နည်းကိုပဲ လိုက်ရပါတယ်။ နိုင်ငံတကာရဲ့လုပ်ပုံလုပ်နည်းက အကောင်းဆုံးပဲလို့ အခုအချိန်မှာ ကျနော်တို့ ပြောနိုင်ပါတယ်။ Knight Piesold (နိုက်ပီဆိုးလ်) အတိုင်ပင်ခံကုမ္ပဏီကြီးက ကျနော်တို့ကို (အမေ ရိကန်အခြေစိုက် “ နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်းကြီး (International Finance Corporation - IFC) သို့မဟုတ် ကမ္ဘာ့ဘဏ် (World Bank) ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ၊ လမ်းညွှန်မှုတွေ ရေးဆွဲပေးပါတယ်။

ရော်နီညိမ်း ။ ။ ခင်ဗျားတို့ရဲ့ ဒီစီမံကိန်းအကြောင်း စာအုပ်ထဲမှာလည်း၊ ကမ္ဘာ့ဘဏ်ရဲ့စံတွေနဲ့အညီ လုပ်နေပါတယ်လို့တော့ ရေးတော့ ရေးထားတာပဲလေ။

Geng Yi ။ ။ ကမ္ဘာ့ဘဏ်ရဲ့စံတွေ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေအတိုင်းပါပဲ။ ကျနော်တို့ရဲ့ “သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုကို သုံးသပ်လေ့လာခြင်း” (Environmental and Social Impact Analysis - ESIA) အစီရင်ခံစာကို ပြန်ပြီးမွမ်းမံတာနဲ့ “သဘာဝပတ်ဝန်းကျင် ဆိုင်ရာ စီမံခန့်ခွဲရေး” အစီအစဉ် (Environment Management Plan - EMP) တို့ကို ရေးဆွဲပြီးတာနဲ့၊ ဒါတွေ အပေါ်မူတည်ပြီး ကျနော်တို့ကုမ္ပဏီရဲ့ ကိုယ်ပိုင် “သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးစနစ်” ကို ကျနော်တို့ စပြီး တည်ဆောက် ပါတယ်။ ဒါကိုလည်း “သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်း စနစ်” (Environmental Management System – EMS) တစ်ခုတည်ဆောက်ရာမှာ “နိုင်ငံတကာစံ သတ်မှတ်ခြင်း အဖွဲ့ကြီး” (International Organization of Standardization) က ထုတ်ပေးပြီး ကျနော်တို့ ရရှိထားတဲ့၊ “စီးပွားရေး လုပ်ငန်းတွေ ကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေဖို့ စီမံခန့်ခွဲရေး ကျွမ်းကျင်မှု” ISO 14011 လက်မှတ်မှာ သတ်မှတ် ဖေါ်ပြထားတာတွေ အတိုင်း၊ ကျနော်တို့ လုပ်မှာပါ။ ဒါက နေ့စဉ်လုပ်ရမယ့် လုပ်ငန်းအနေနဲ့ သဘာဝပတ်ဝန်း ကျင်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာမှာ ကျနော်တို့ကို ပိုပြီး သဘောပေါက်နားလည်စေပါတယ်။ ဒါဟာ သိပ်ပြီးခိုင်မာတဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲခြင်းစနစ်နဲ့ ကျနော်တို့ကို ချည်နှောင်ထားတာပါ။
ရော်နီညိမ်း ။ ။ ဒါက ခင်ဗျားတို့ကုမ္ပဏီက လုပ်မလို့ဆိုတဲ့ ကိစ္စတွေလား။
Geng Yi ။ ။ ကျနော်တို့ လုပ်ပြီးနေပါပြီ။

ရော်နီညိမ်း ။ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာ မတိုင်ခင် လုပ်ကြတာလား၊ အစီရင်ခံစာ ထွက်ပြီးမှလား။

Geng Yi ။ ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာ မတိုင်ခင်ကတည်းက ကျနော်က စလုပ်နေခဲ့တာပါ။

ရော်နီညိမ်း ။ ။ ဒါကို စုံစမ်းစစ်ဆေးရေးအဖွဲ့က သိပါသလား။

Geng Yi ။ ။ သူတို့ သိပါတယ်။ ကျနော်တို့က အသေးစိပ်တွေနဲ့ကို တင်ပြခဲ့ပါတယ်။ ကျနော်တို့က စုံစမ်း စစ်ဆေးရေးအဖွဲ့ အစီရင်ခံစာ မတိုင်ခင်ထဲက၊ အတိုင်ပင်ခံကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့တာပါ။ အတိုင်ပင်ခံ ကုမ္ပဏီ အသစ်ငှားဖို့ကိုလည်း၊ ကျနော်တို့က စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာ မတိုင်ခင်ထဲက၊ တင်ဒါခေါ် ပြီး ရွေးခဲ့ တာပါ။ စုံစမ်းစစ်ဆေးရေးအဖွဲ့ မပေါ်ပေါက်လေးမှာတင်၊ ဒီ Assessment Report ရဲ့ အဆင့် (၁) (Phase One) ကို ကျနော်တို့ လုပ်လို့ကိုင်လို့ ပြီးခဲ့ပါတယ်။ အဲဒီနောက်မှာလည်း၊ အခု ကျနော်တို့က ဒီ Australia က အတိုင်ပင်ခံကုမ္ပဏီ Knight Piesold (နိုက်ပီဆိုးလ်)က ကျနော်တို့ကို ပေးအပ်တဲ့ အချက်အလက်တွေကို စုံစမ်းစစ် ဆေးရေးအဖွဲ့ကို တင်သွင်းခဲ့ပြီးပါပြီ။ နောက်ထပ်အဆင့် အစီအစဉ်ကို၊ လာမယ့် ဇူလိုင်လထဲမှာ တင်သွင်းပြီးရင် ကျနော်တို့ရဲ့ မွမ်းမံပြင်ဆင်မှုတွေ ပြီးသွားပါပြီ။ အများပြည်သူကို ချပြ၊ အကြံဏ်ရယူဖို့နဲ့ မြန်မာအစိုးရရဲ့ အတည်ပြုချက်ရဖို့တို့အတွက် ကျနော်တို့က ဒါတွေကို ထုတ်ပြန်သွားမှာပါ။ အဲဒီမှာ လက်ရှိ နိုင်ငံတကာစံတွေ လုပ်ထုံးလုပ်နည်းတွေအရ၊ အသစ်ပြန်လည် ရေးဆွဲထားတဲ့ “သဘာဝပတ်ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ထိခိုက် မှု ကို သုံးသပ်လေ့လခြင်း” (Environmental and Social Impact Analysis - ESIA) အစီရင်ခံစာ အသစ် ထွက်လာပြီပေါ့ဗျာ။

ရော်နီညိမ်း ။ ။ အခု ကျနော်တို့ပြောနေတာက စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာကို မူတည်ပြီး ပြော နေကြတာ ဖြစ်တယ်။ ဒီအစီရင်ခံစာထွက်ပြီးတဲ့နောက်၊ အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့အစီရင်ခံစာပါ အကြံ ပြုချက်တွေအတိုင်း “အကောင်အထည် ဖေါ်ရေးကော်မီတီ” (Implementation Committee) တစ်ရပ်ကို ဖွဲ့ စည်းခဲ့တယ် မဟုတ်လား။ ကျနော်တို့ သတိထားမိတာက၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစီရင်ခံစာထွက်ပြီး ရက် ပိုင်းအတွင်းမှာပဲ၊ ဒီကော်မီတီဝင်တွေ ဒီကြေးနီစီမံကိန်းရှိရာဒေသကို သွားပြီးတော့ အစီရင်ခံစာမှာ အကြံပြု ထားတဲ့အတိုင်း၊ ဒေသခံတွေကို လျော်ကြေးတွေတိုးပြီး ပေးတာကို သွားလုပ်ကြတယ်။ ဒါက ခင်ဗျားတို့ ဝမ်ပေါင်ကုမ္ပဏီက ပေးတဲ့ဟာတွေ။ အဲဒါပြီးတော့၊ သူတို့ ဘာတွေလုပ်ကြလဲ၊ ခင်ဗျားတို့နဲ့ ဘယ်လို ဆက်ပြီး ထိတွေ့ကြသလဲ။ အခု ခင်ဗျားတို့နဲ့ ဒီအကြံပြုချက်တွေအတိုင်း အကောင်အထည်ဖေါ်ရေးကော်မီတီက ဘာ တွေလုပ်ကိုင်နေကြသလဲ နည်းနည်း ရှင်းပြပေးပါလား။

ရော်နီညိမ်း ။ ။ ရှေ့သတင်းပတ် တနင်္ဂနွေနေ့ ညချမ်းနဲ့ တနင်္လာနေ့ မနက်ခင်းတွေမှာ မြန်မာဝမ်ပေါင် ကြေးနီကုမ္မဏီ လီမီတက်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်း အပိုင်း (၃) ကို ဆက်လက်ထုတ်လွှင့်သွားပါမည်။ စောင့်မျှော်နားဆင်ကြပါ။