အငြင်းပွားဖွယ် ထိုင်း ဦးစီးမည့် မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီ

ထိုင်းလွှတ်တော်ကကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ တက်ရောက်ကြသူများ − ဒေါ်ခင်ဥမ္မာ (ညာအစွန်)

ထိုင်း ဦးစီးမည့် လူသားချင်းစာနာမှု အကူအညီကိစ္စ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ထိုင်းလွှတ်တော်မှာ တင်ပြခဲ့ကြပါတယ်။

မတ်လ (၂-၃ ) ရက်နေ့အထိ ထိုင်းလွှတ်တော်မှာ မြန်မာ့အရေးဆွေးနွေးပွဲကို လွှတ်တော်ရဲ့ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာ၊ အမျိုးသားမဟာဗျူဟာနှင့် အမျိုးသားပြုပြင်ပြောင်းလဲရေးကော်မတီ ဥက္ကဌ Rangsiman Rome က ဦးစီးပြုလုပ်ခဲ့တာပါ။ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်တင်ပြခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားနေသူ ဒေါ်ခင်ဥမ္မာကို Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ မင်္ဂလာပါ မခင်ဥမ္မာ။

မခင်ဥမ္မာ ။ ။ မင်္ဂလာပါ မအင်ကြင်း။

မေး ။ ။ ထိုင်းလွှတ်တော်ထဲမှာ မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပတဲ့အချိန်မှာ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူသာချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စလည်းပါဝင်တယ်ဆိုတော့ အဲဒီအပိုင်းမှာ အငြင်းပွားစရာ ဖြစ်နေတာက ထိုင်းက မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးမယ့်နေရာမှာ မြန်မာစစ်တပ်ကနေတဆင့်သွားမယ်။ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပြီးတော့ ထိုင်နိုင်ငံခြားရေးဝန်ကြီး ပြောသွားတဲ့ကိစ္စမှာ တော်တော်လေး ဝေဖန်ခံရတဲ့အချိန် ဖြစ်သွားတော့ အခု မြန်မာ့အရေး ဆွေးနွေးပွဲမှာ ထိုင်းကနေပြီးတော့သွားမယ့် လူသားချင်းစာနာမှု အကူအညီတွေက ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်မလဲရှင့်။

ဖြေ ။ ။ သူတို့ပြောတာကတော့ မတ်လဆိုရင် ဒီလ လာမယ့် နှစ်ပါတ်လောက်အတွင်းမှာ ပထမဦးဆုံး အစမ်းအနေနဲ့ လူနှစ်သောင်း ကရင်ပြည်နယ်မှာရှိတဲ့ လူနှစ်သောင်းကို စပြီးတော့ပေးမယ်လို့ ပို့မယ်လို့ ပြောတယ်။ ဒါပေမဲ့ အခု အားလုံးဝေဖန်နေတဲ့အတိုင်းပါပဲ အဓိကပြဿနာက သူတို့လုပ်မယ့် ယန္တရားပုံစံက ပုံစံမကျနေဘူး။ ဘယ်လိုမျိုးလဲဆိုတော့ (၁) ထိုင်းအစိုးရအနေနဲ့ အကြမ်းဖက်မြန်မာစစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရသဖွယ် သဘောထားပြီးတော့ ဒီကိစ္စကို နှစ်နိုင်ငံ သဘောတူညီမှုကို စစ်အုပ်စုနဲ့ သွားလုပ်တဲ့ပုံစံမျိုး၊ သွားလုပ်တဲ့အခါဖြစ်တော့ အဲဒီဟာက ပြဿနာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်အုပ်စုမှာက တရားဝင်မှု မရှိနေဘူး။ တိုင်းပြည်ရဲ့ တရားဝင်အစိုးရ မဟုတ်နေတဲ့ အထူးသဖြင့် အကြမ်းဖက်မှုတွေကို နိုင်ငံတကာ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့လူတွေကို သွားပြီးတော့ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုလုပ်တဲ့ကိစ္စက ပထမဦးဆုံး တရားဝင်မှုအရကော၊ Morally အရ မှားယွင်တဲ့အချက်။

နောက်တခုကြတော့ လက်တွေ့မှားတဲ့အချက်။ ဘာလဲဆိုတော့ အခု လူသားစာနာ အကူအညီဆိုတာက အရေးပေါ် လူသားစာနာ အကူအညီကို ပေးကြတယ်ဆိုတာက ထိလွယ်ရှလွယ် အဖြစ်ဆုံး အန္တရာယ်အများဆုံး - အန္တရာယ်ကျရောက်မှု အများဆုံး ခံနေရတဲ့ လူတွေဆီကို ပို့ရတဲ့ကိစ္စ။ ဆိုတော့ အန္တရာယ်အများဆုံး ကျရောက်ခံနေရတဲ့ ပြည်သူဆိုတာ ဘယ်သူတွေလဲလို့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်စစ်အုပ်စုကနေမှ ရွာမီးရှို့လို့ ပြေးရတာ၊ လက်နက်ကြီး ထိမှန်လို့ ပြေးရတာ။ ပြီးနောက် လေယာဉ်နဲ့ ဗုံးကျဲလို့ ပြေးရတာ။ ဒီအကြမ်းဖက်မှုကို ဖန်တီးတဲ့ စစ်အုပ်စုနဲ့ သွားလုပ်နေတဲ့ဥစ္စာက သူ့ရဲ့ မှားယွင်းချက်။ အဲဒီမှာ လမ်ကြောင်းလွဲသွားတာတွေပေါ့။ ပြီးသွားတော့ သူက ဘယ်သူနဲ့ လုပ်မလဲဆိုတော့ ထိုင်းဘက်ကနေ တံတာ ရှိတယ် - Friendship bridge ဆိုပြီး ထိုင်းနဲ့မြန်မာကြားက ချစ်ကြည်မှုတံတားကနေ ဖြတ်ပြီးမှ ထိုင်းဘက်ကနေ ထိုင်းကြက်ခြေနီကနေ ဟိုဘက်ခြမ်းက မြန်မာ့ကြက်ခြေနီက တံတားပေါ်က ဖြတ်ပြီးတော့ လူသားစာနာ အကူအညီကို ပေးမယ်ဆိုပြီးတဲ့ အစီအစဉ်။ ကျမတို့က ပြောတာက ပြဿနာ အရမ်းကြီးတယ်။ မြန်မာ့ကြက်ခြေနီဆိုတာ ၁၉၉၆ ကတည်းက ဗိုလ်ချုပ်သန်းရွှေခေတ်မှာကတည်းက မြန်မာ့ကြက်ခြေနီက စစ်အုပ်စုရဲ့ ပြည်သူကို ဖိနှိပ်ရေး လုံခြုံရေး ယန္တရားအောက်ထဲကို သွတ်သွင်းခံလိုက်ရတဲ့ အုပ်စုအဖွဲ့ ဖြစ်သွားပြီ။ မြန်မာ့ကြက်ခြေနီကို ထိပ်ပိုင်းကနေ အုပ်ချုပ်နေတာ၊ ဦးဆောင်နေတဲ့ တကယ့် အုပ်ချုပ်နေသူတွေက စစ်တပ်မှာ တဝန်ထမ်ဆောင်နေသူတွေ၊ စစ်တပ်ဩဇာခံတွေ၊ စစ်တပ်ဘက်က လာနေသူတွေ ဖြစ်နေတယ်။ ကျမတို့ ဆွေးနွေးတာက ထိုင်းအစိုးရအနေနဲ့ အခု သူတို့ခေါ်တာကတော့ Pilot Project ပေါ့။ ပထမဦးဆုံး နမူနာစလုပ်တာပေါ့။ လာမယ့်နှစ်ပါတ်လောက်မှာ နှစ်သောင်းကို ပေးမယ်ဆိုတဲ့ကိစ္စ။ အဲဒါက စလိုက်ပြီဆိုတော့ ကျမတို့ အဆိုပြုတာက ပြန်ပြီနောက်ဆုတ်ပေးပါ။ တကယ်တမ်းက ထိုင်းအစိုးရ ပူးပေါင်းဆောင်ရွက်သင့်တာက NUG အမျိုးသားညီညွှတ်ရေးအစိုးရ၊ KNU, KNPP, နောက် IEC ကရင်နီ - အဲဒီမှာ ကြားကာလအုပ်ချုပ်ရေး၊ ကြားကာလအစိုးရ၊ လွှတ်တော် ရှိနေပြီ။ သူတို့မှာ လိုအပ်ချက်တွေကို ထိုင်းနိုင်ငံဘက်ကဝိုင်းပြီး ကူညီဖြည့်ပေးလို့ရသလို ကုန်သွယ်ရေးကိုလည်း သူတို့နဲ့ပဲ တရားဝင် ပူးပေါင်းဆောင်ရွက်ပြီးတော့မှ ကုန်သွယ်ရေးကို ဆက်လုပ်မယ်ဆိုရင် နှစ်ဦးနှစ်ဘက် ပိုပြီတော့ မှန်ကန်တဲ့လမ်ကြောင်း ဖြစ်မယ်ဆိုတာမျိုတော့ အဆိုပြုခဲ့တာ ရှိပါတယ်။

မေး ။ ။ ဒါဆိုရင် အခု ထိုင်းနိုင်ငံကသွားမယ့် လူသားချင်းစာနာမှု အကူအညီတွေက တကယ်တမ်းကြတော့ နိုင်ငံပေါင်းစုံ အလှူရှင်တွေက မြန်မာနိုင်ငံအတွက်ပေးတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို သူက တာဝန်ယူပြီးတော့ သူကနေတဆင့် သွားရမယ့်သဘောလာ။ ဥပမာ အာဆီယံဆိုရင် လူသားချင်းစာနာမှု အကူအညီပေရေးကိစ္စ မြန်မာနိုင်ငံအတွက် စီစဉ်နေတာတွေလည်း ရှိတယ်။ အခုအချိန်အထိ မဖြစ်နိုင်သေးဘူးဆိုတော့။ အခုဆိုရင် အမေရိကန်ဆိုလည်း မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး။ အခု သူတို့ လူသားချင်း စာနာမှုအကူအညီပေးရေးတွေကို မြန်မာနိုင်ငံအတွက် ဦးစားပေးလုပ်ဆောင်လာတယ်ဆိုတဲ့ အကြောင်းအရင်းတွေ ဖြစ်လာတဲ့ အနေအထားတွေကို ဘယ်လိုသုံးသပ်ပါလဲရှင့်။

ဖြေ ။ ။ ဟိုးအရင်ကတည်းကနေ အခုအချိန်အထိ ထိုင်းနယ်စပ်မှာ ဒုက္ခသည်စခန်း (၉) ခု ရှိတယ်။ ဒီဒုက္ခသည်စခန်းတွေမှာလည်း ဟိုးအရင်နှစ်ပေါင်း ၂၀၊ ၃၀ ကတည်းကလည်း ထိုင်းနိုင်ငံအစိုးရကနေ စီမံဆောင်ရွက်ပေးတယ်ဆိုပေမယ်လို့ - လမ်းဖွင့်ပေးတယ်၊ လက်ခံပေးတယ် ဆိုပေမဲ့ တကယ့်အကူအညီ ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကူအညီတွေက တခြားနိုင်ငံတွေကနေပဲ လာတာပါ။ အမေရိကန်၊ အီးယူလား၊ ကနေဒါလား၊ ဩစတေးလျ စသည်ဖြင့် ဂျပန်လားဆိုတော့ အခုလည်း ထိုင်းကနေလုပ်မယ့် လူသားစာနာ အကူအညီဆိုတာက ထိုင်းနိုင်ငံရဲ့ နိုင်ငံတော်ဘတ်ဂျက်ထဲကနေ သူတို့လည်း မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်က ဟိုဘက်ခြမ်း နယ်စပ်တဘက်ခြမ်း ကိုယ့်နိုင်ငံထဲမှာကော သူတို့နိုင်ငံထဲမှာ ရောက်နေတဲ့ ပြည်သူတွေကော လိုအပ်ချက်တွေ အများကြီးရှိတယ်။ သေချာတာက သူတို့က နိုင်ငံတကာက ဘဏ္ဍာရေးအကူအညီနဲ့ အဲဒီလိုပဲ လုပ်ရမှာပဲ။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးက အမေရိကကို သွားပြီးတော့ ဘလင်ကန်နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဒီကိစ္စကို သဘောတူညီအောင် တိုက်တွန်းတာတွေ၊ လုပ်ခဲ့တာတွေက ဒါတွေက သူတို့ရဲ့ လိုအပ်ချက်တွေရှိလို့ပေါ့။

မေး ။ ။ အဓိကက NUG, တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘာကြောင့် ချိတ်ဆက်လုပ်ဆောင်မှုမှာ ဘာအတားအဆီးတွေ ဖြစ်နေရတာလဲ။ ဘာကြောင့် သူတို့ မလုပ်နိုင်ဘူးလို့ မြင်လဲ။

ဖြေ ။ ။ ကျမ မြင်တာကတော့ အစိုးရဆိုပြီး ဖြစ်လာတယ်ဆိုရင် သူတို့က အချုပ်အခြာ အာဏာနဲ့ အုပ်ချုပ်ရေးယန္တရားကို ကြည့်ပြီးတော့မှ သူတို့က ထုံးတမ်းစဉ်လာ ပုံစံခွက်ထဲကအတိုင်း ကြည့်တယ်။ ပြောချင်တာက နေပြည်တော်မှာ ဘယ်သူက ထိုင်နေသလဲ။ ဗီဇာကို ဘယ်သူက တုံးထုပေးသလဲ။ ပြီးတော့ ဝန်ကြီးဌာနဆိုတဲ့ အဆောက်အအုံတွေ တကယ့်ကို ပြင်ပအဆောက်အအုံအရ structure အရ ဝန်ကြီးဌာနတွေမှာ ဘယ်သူတွေက ဒီယန္တရားတွေကို ချုပ်ကိုင်ထားလဲ။ ဒါမျိုးတွေကို သူတို့ကြည့်တဲ့အခါကြတော့ ကျမတို့ခေါ်တာကတော့ State Sovereignty အချုပ်အခြာအာဏာကို ဘယ်သူက ကိုင်ထားသလဲဆိုတာကို တိုင်းပြည်တပြည်ရဲ့ မြို့တော်မှာ ဘယ်သူက ဒီမြို့တော်ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေကို ဘယ်သူက အုပ်စီးထားသလဲဆိုတဲ့ဟာမျိုးကို ကြည့်တယ်။ ဆိုတော့ သူတို့ဘက်က အခုလောလောဆယ် အဖြေထုတ်ရမှာက ကျမတို့က ထိုင်းလွှတ်တော်ကို အဆိုပြုတာက ထိုင်းအစိုးရနဲ့ သေချာဆွေးနွေးပြီးမှ ညှိနှိုင်းပေးပါ။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး၊ ကုန်သွယ်ရေးဟာ မြန်မာပြည်သူတွေ၊ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားဒေသအသီးသီးက ပြည်သူတွေအတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့်မို့ နယ်စပ်တွေမှာ နယ်စပ်ကုန်သွယ်ရေးတွေ အကုန်လုံးမှာ ကရင်၊ ကရင်နီ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ကုန်သွယ်ရေး ပေါ်လစီတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရပါပြီ။ အဲဒါကြောင့်မို့ နေပြည်တော်မှာ ရှိနေတဲ့ စစ်အုပ်စုဆီကိုသွားတဲ့ဟာကို မလုပ်တော့ဘဲနဲ့ ဖျက်လိုက်ဖို့ကို ကျမတို့က အဆိုပြုတာပါ။

မေး ။ ။ ထိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲကို ဦးစီးကျင်းပတာက လွှတ်တော်မှာရှိတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ။ ဒီလွှတ်တော်အမတ်က ဦးစီးကျင်းပတာဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးမှာ ထိုင်းဘက်က အဓိက ဘာတွေကို စိုးရိမ်တာတွေ။ သူတို့ အဓိကထားတဲ့ အချက်တွေကို တွေ့ရပါသလဲရှင့်။

ဖြေ ။ ။ သေချာတာကတော့ နယ်စပ်လုံခြုံရေး။ နယ်စပ်လုံခြုံရေးလို့ ပြောတဲ့အခါမှာ သူတို့ဘက်ကနေ မြင်ကြည့်လို့ရတာက စစ်ပွဲတွေ ဖြစ်နေတဲ့ကိစ္စ။ နောက် စစ်ပွဲဖြစ်တဲ့အခါမှာလည်း ရှင်းရှင်းပြောရရင် စစ်အုပ်စုက လေကြောင်းကို အားကိုးတဲ့အခါမှာ လေကြောင်းနဲ့ လာတဲ့အခါမှာ နယ်စပ်ကပ်နေတဲ့ နိုင်ငံတွေမှာ သူတို့ရဲ့ အမျိုးသားလုံခြုံရေးနဲ့ အချုပ်အခြာအာဏာကိုလည်း ထိခိုက်တယ်။ မြန်မာနိုင်ငံဘက်မှာ စစ်အုပ်စု အကြမ်းဖက်ခံရမှုကို ပြန်ပြီးတော့ ခုခံတွန်းလှန်ကြတဲ့၊ ပြန်ပြီးတော့ ကာကွယ်ရတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က လက်တုံပြန်ကြတယ်။ ဒါပေမဲ့ ပြောချင်တာက အနစ်သာရအရမှာ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်တယ်။ အဲဒီစစ်ပွဲတွေရဲ့ နောက်ဆက်တွဲအကျိုး၊ နောက်ဆက်တွဲ သက်ရောက်မှုတွေ။ အဲဒီသက်ရောက်မှုတွေက စစ်ရေးအရ သက်ရောက်တာတွေ ရှိနိုင်တယ်။ ထိုင်းနိုင်ငံ၊ ထိုင်းစစ်တပ်က မြန်မာစစ်တပ်ရဲ့ လူမဆန်မှုတွေ၊ ယဉ်ကျေးမှု မရှိမှုတွေကို ကောင်းကောင်းသိတယ်။ အဲဒီတော့ သူတို့ဘက်က သူတို့နိုင်ငံရဲ့ လုံခြုံရေးအရ ကြည့်ရမယ့်ဟာတွေ အများကြီးရှိတယ်။ လူတွေဝင်လာလို့ ပါလာမည့် နောက်ဆက်တွဲ စီးပွားရေး၊လူမှုရေး ပြဿနာတွေ။ ပြီးရင် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရေးအရ အကြမ်းဖက်မှုတွေကြောင့် သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေနဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်တာတွေကို သူတို့ဘက်က စဉ်းစားရတာတွေ ရှိတယ်ဆိုတော့ ကျမမြင်တာတော့ သူတို့ဘက်က ခြုံပြီတော့မှ စစ်ဘက်ဆိုင်ရာအရ အချုပ်အခြာ လုံခြုံရေး၊ လူသားဆိုင်ရာ လုံခြုံရေး။ သူတို့နိုင်ငံရဲ့ လူမှု social fabric နဲ့ လူမှုအသိုင်းအဝိုင်းပေါ်မှာ ထိခိုက်လာနိုင်တဲ့ အနေအထားမျိုးတွေ ဒါမျိုးတွေကို စီမံခန့်ခွဲဖို့အတွက် သေသေချာချာ လေးလေးနက်နက်ကို တွေးပြီးတော့ စီစဉ်မှုတွေလုပ်ဖို့ လုပ်နေပြီဆိုတာကို ကျမတို့ မြင်ရတယ်။

မေး ။ ။ အဲဒီတော့ တဘက်မှာလည်း စစ်ကောင်စီက တော်တော်လေး ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီတော့ ဒီလို မြန်မာ့အရေးကို လုပ်ရမလားဆိုပြီးတော့ စစ်ကောင်စီက ကန့်ကွက်တယ်။ ဖိအားပေးတာလည်း ရှိတယ်။ ဒါပေမဲ့ ထိုင်းလွှတ်တော်ကလည်း ဒီလို ထိုင်းနဲ့ မြန်မာ အိမ်နီးချင်းဆက်ဆံရေးမှာ စောစောကလို အရမ်းကို ဂရုတစိုက်ထားခဲ့ရ၊ အထူးသဖြင့် ထိုင်းစစ်တပ်အနေနဲ့ မြန်မာစစ်တပ်နဲ့ အနီးကပ်ဆက်ဆံရေးတွေ ရှိနေတဲ့ကြားထဲက ဒီလို မြန်မာ့အရေးကို သူတို့ သေသေချာချာ လေးလေးနက်နက် ဆွေးနွေးဖို့ လုပ်ရတဲ့အကြောင်းရင်းကို ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ဒီမိုကရေစီနိုင်ငံရဲ့ အချုပ်အခြာအာဏာ Power-Balance မှာ ဥပဒေပြုရေး ပြုလုပ်တယ်။ တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးအတွက်ကို ဥပဒေပြုကြတယ်။ ဥပဒေပြုရေး တာဝန်ရှိတဲ့ လွှတ်တော်က အမျိုးသားလုံခြုံရေးအတွက် တာဝန်ယူရတဲ့ ကော်မတီက ဒီကိစ္စကို ကိုင်တွယ်ပြီဆိုရင် စစ်တပ်ဆိုတာက ဥပဒေပြုပြီတော့ ချပေးလိုက်တဲံဟာကို အကောင်အထည် ဖော်ပြီးတော့မှ တိုင်းပြည်ကို ကာကွယ်ရတာ။ အဲဒါက ဒီမိုကရေစီနိုင်ငံတွေရဲ့ ဒီမိုကရေစီ အနစ်သာရပါပဲ။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဟာ အာဏာသိမ်းတာတွေ ခဏခဏ သမိုင်းမှာ ဖြစ်ခဲ့တာ ရှိခဲ့သော်လဲ ဒီမိုကရေစီအုတ်မြစ်က ခိုင်မာထားပြီသား။ အဲဒီအတွက်ကြောင့်မို့ အခုလိုမျိုး လွှတ်တော်ရဲ့ အမျိုးသားကာကွယ်ရေး၊ အမျိုးသားလုံခြုံရေး ကော်မတီကနေ ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်ပြီးလုပ်တယ်ဆိုတော့ ဒါဟာ ထိုင်းစစ်တပ်အနေနဲ့လည်း လွှတ်တော်က ခေါ်ပြီဆိုရင် သူတို့က လာပြီးရှင်းပြရတာပါ။ ကျမတို့နိုင်ငံလို မဟုတ်ဘူး။ အဲဒီတော့ လွှတ်တော်က ခေါ်ပြီဆိုရင် စစ်တပ်ရဲ့ ဗိုလ်ချုပ်တွေလည်း စစ်ဦးချုပ်တွေလည်း လာပြီးတော့ ရှင်းပြပေးရတာပဲဆိုတော့ ဒါဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တွေ အနစ်သာရတွေ ထိုင်းမှာရှိနေတဲ့ဟာက မြန်မာနိုင်ငံ ရှေ့သွားရမယ့်အခါမှာလည်း ဒီလိုမျိုး အခြေခံအုတ်မြစ်မျိုးတွေကိုလည်း ခိုင်အောင်လုပ်ဖို့အတွက် ကျမတို့အတွက် နမူနာယူစရာတွေ။ သူတို့ရဲ့ အလေးထားမှုဟာ ကျမတို့နိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ ရဖို့အတွက် တိုက်ပွဲဝင်နေတာကို နိုင်ငံရေးအရကော၊ ကျမတို့အတွက် အများကြီးအားထားစရာ ဖြစ်တယ်လို့ပဲ ကျမ မြင်ပါတယ်။