Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရန်ကုန်လေဆိပ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရပြီးနောက် ဒီအဖြစ်အပျက်ကနေ မီးမောင်းထိုးပြသလို ဖြစ်နေတဲ့ အားနည်းချက်တွေနဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေး နဲ့ အများပြည်သူ လုံခြုံရေးအခြေအနေ အလားအလာတွေပေါ်ကို ဆွေးနွေးသုံးသပ်ထားတဲ့ VOA နိုင်ငံရေးစကားဝိုင်းကို ဒေါ်ခင်စိုးဝင်း က စီစဉ်တင်ဆက်ထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ VOA အထူးနိုင်ငံရေးစကားဝိုင်းက ကြိုဆိုပါတယ်။ ဒီနေ့ ကျမတို့ ဆွေးနွေးမှာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေပြု၊ အထောက်အကူပြုအဖွဲ့ရဲ့ အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ၊ နိုင်ငံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး အကျယ်တဝင့် သုံးသပ်ဆွေးနွေးကြမယ်လို့ စီစဉ်ထားပါတယ်။ ဒီကနေ့ ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့ ပုဂ္ဂိုလ်များကတော့ နိုင်ငံရေးအကဲခတ် ပုဂ္ဂိုလ် ဒေါက်တာခင်မောင်ညို၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး၊ နိုင်ငံရေးအကဲခတ်လေ့လာပြီးတော့ နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေတဲ့ ဦးကောင်းသန့်တို့ ဖြစ်ပါတယ်။ အားလုံးကို ကြိုဆိုပါတယ်ရှင်။
ကျမတို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာတာ အခုဆိုရင် (၉) လ ရှိပြီ။ လွှတ်တော်ရဲ့ သက်တမ်းက (၁) နှစ်ပြည့်သွားပါပြီ။ အဲဒီ (၁) နှစ်ပြည့်တဲ့အချိန်မှာပဲ ဝမ်းနည်းစရာ၊ မထင်မှတ်ဘဲနဲ့ လူပုံအလယ်၊ နိုင်ငံတကာလေဆိပ်ကြီးမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အားထားရတဲ့ ဥပဒေအထောက်အကူပြု အဖွဲ့ဝင်ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦိးကိုနီဟာ မမျှော်လင့်ဘဲနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ အဲဒီတော့ ကျမတို့ နိုင်ငံမှာ ဒီလိုမျိုးဖြစ်တာ လုံခြံရေးစည်းတခု ကျိုးပေါက်သွားတာ။ ဆရာ့အနေနဲ့ နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့အလားအလာ ဘယ်လောက်အထိ စိုးရိမ်ရပါသလဲရှင့်။
ဒေါက်တာခင်မောင်ညို ။ ။ ကျနော်ကတော့ အမြဲတမ်းပြောတယ်။ ကနောင်မင်းသားလက်ထက်ကတည်းက ကျနော်တို့ ဆုံးရှုံးခဲ့တယ်။ ကနောင်မင်းသား မတက်နိုင်တော့ သီပေါမင်းတက်တယ်။ အဲဒီမှာ အင်္ဂလိပ်က ကျနော်တို့ကို အသာလေးသိမ်းသွားခဲ့တယ်။ အဲဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်း ဆုံးရှုံးသွားတော့ တိုင်းပြည်ကြီးက အခုလိုမျိုး ဆင်းရဲဒုက္ခတွေ အများကြီးတွေ့တယ်။ ဥပဒေစိုးမိုးရေး အများကြီးတော့ မဆိုင်ပါဘူး။ ဒီလုပ်ကြံတဲ့ဟာက ခံစားရတဲ့ တိုင်းပြည်သူပြည်သားတွေက ဒီလိုမျိုး ဖြစ်တဲ့ဟာ နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိနိုင်တယ်။ ဒီအတွက်ကို ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်လည်း စဉ်းစားတာပေါ့။ ကျနော်တို့က အပြစ်မတင်ဘဲနဲ့ ပူးတွဲလုပ်ကြရင် ကောင်းမယ်လို့ ယူဆပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကိုမြအေးအနေနဲ့ အဲဒီနေ့က အတူတူလည်း ပြန်လာခဲ့တယ်။ ရုတ်တရက်ကြီး ဒီလိုမျိုး သတင်းကြားလိုက်တဲ့အခါမှာ ဒီလိုမျိုး ဖြစ်နိုင်ပါ့မလားဆိုပြီး ယုံခဲ့ရဲ့လား။
ကိုမြအေး ။ ။ ကျနော် မယုံဘူး။ ကျနော်က အစောကြီး ထွက်လာပြီးတော့ ကားနဲ့ ပြန်လာတဲ့အချိန်မှာ ရွှေတိဂုံဘုရား အနောက်ဘက်မုဂ် ရောက်နေပြီ။ အဲဒီမှာ ကျနော်ဆီ ဖုန်းဝင်လာတယ်။ ကျနော်ကို နောက်နေတယ်ထင်တာ။ နောက်ကျမှ တကယ်ဖြစ်နေတာ။ ကျနော် ချက်ချင်းပြန်ပြီးမှ လေဆိပ်ကိုပြန်ပြေးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ မြောက်ဥက္ကလာပဆေးရုံ ရောက်သွားပြီ။ အဓိကပြောချင်တာက ဒီလေဆိပ်က အရေးကြီး ပုဂ္ဂိုလ်တွေ ဝင်ထွက်သွားလာနေတယ် နေရာဖြစ်တယ်။ နိုင်ငံတကာက ဧည့်သည်တွေပါ။ ကျနော့်တသက်နဲ့တကိုယ်မှာ ဒီလိုမျိုးဖြစ်ရပ် တခါမှ မကြားဖူးဘူး။ ဒါ သိပ်ရဲတင်းလွန်တယ်။ ရပ်နေတယ်။ မြေးလေးကို ချီထားတဲ့အချိန်မှာ နောက်စေ့ကို သေနတ်နဲ့ ချိန်ပြီးတော့ အနီးကပ်ကို အေးအေးဆေးဆေး၊ တည်တည်ငြိမ်ငြိမ်နဲ့ ပစ်သတ်တာ။ သွေးအေးအေးနဲ့ … ဒါက ကျနော်မြင်တာ။ ပြောမယ်ဆိုရင်တော့ ကျနော် ကြီးပြင်းလာတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီစရိုက်မျိုး ပထမဦးဆုံးအကြိမ် တွေ့တာ။ သိပ်စိုးရိမ်ရတယ်လို့ ကျနော်မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့ အကျင့်စရိုက်တွေကအစ။ ဘာဖြစ်လို့ ဒါတွေပြောသလဲဆိုရင် ဒီ ဒဂုံစင်တာမှာဆိုရင်လည်း ရည်းစားနှစ်ယောက်ဖြစ်တာနဲ့ ဒါးနဲ့ထိုးတဲ့ဖြစ်ရပ်တွေ၊ ဒီမှာမှ မဟုတ်ဘူး။ အများကြီး ဖြစ်လာတယ်။ ဘတ်စ်ကားပေါ်မှာကြည့်ရင် အသက် (၆၀) အဖိုးကြီးကို စပယ်ယာ၊ ဒရိုင်ဘာတွေက ဝိုင်းရိုက်တယ်။ ဒါတွေက ကျနော်တို့ မြန်မာတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေရဲ့ စရိုက်မဟုတ်ဘူး။ လုံခြုံရေးပတ်သက်ပြီး ပြောရမယ်ဆိုရင် တင်းကြပ်တဲ့ ဥပဒေတွေဆိုရုံနဲ့ ချုပ်နှောင်ရုံနဲ့ မရဘူး။ လူတွေရဲ့ အသိဉာဏ်ကို နဂိုမူလ ယဉ်ကျေးသိမ်မွေ့တဲ့ အသိဉာဏ်တွေကို ပြန်ရအောင် ဘယ်လိုလုပ်မလဲဆိုတာ ပိုအရေးကြီးတယ်လို့ ကျနော် မြင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဆရာကလည်း ကိုဦးနီရဲ့ မိတ်ဆွေကြီးလည်း ဖြစ်တယ်ဆိုတော့ ဦးကိုနီလို ပုဂ္ဂိုလ်မျိုးကို တကယ်လိုများ ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးရှိခဲ့တယ်။ သတ်ချင်တယ်ဆိုရင်တောင်မှ ဦးကိုနီနေအိမ်နားက စောင့်ပြီးတော့ လုပ်လို့ရတယ်။ ဦးကိုနီရုံးခန်းသွားပြီးတော့ စောင့်လုပ်လို့ရတယ်။ ဒါပေမဲ့ အခုက လူပုံအလယ်မှာ။ နိုင်ငံတကာလေဆိပ်ဆိုတဲ့ တကယ့်ကို အထင်ကရ နေရာကြီးမှာ လုပ်သွားတယ်ဆိုတဲ့ အဖြစ်က တော်ရုံသတ္တိနဲ့ တော်ရုံကြိုတင်ကြံစည်မှုနဲ့ မရနိုင်ဘူးလို့။ ဘယ်လိုများ ထင်ပါသလဲ။
ဦးကောင်းသန့် ။ ။ အုပ်စုတစုကနေ သေချာအကွက်ကျ စီမံပြီးတော့ လုပ်တယ်လို့ ယူဆလို့ရတဲ့ အနေအထား၊ အခင်းအကျင်းတွေ ဖြစ်နေတယ်။ ကျနော်တို့က ဦးကိုနီမိသားစုနဲ့ ရင်းနှီးတယ်။ ဆရာဦးသိန်းလွင်၊ ကျနော်တို့။ ဖုန်းဝင်လာတယ်။ ကျနော်လည်း မယုံဘူး။ ကျနော်တို့ လေဆိပ်လိုက်သွားတော့ မြောက်ဥက္ကလာပ ဆေးရုံကြီးကို လိုက်သွားတယ်။ အဲဒီအခါ လမ်းမှာ ကျနော် ဘာတွေးသလဲဆိုတော့ ဦးကိုနီတောင်မှ အလွယ်တကူ လုပ်ကြံသွားရင် ကျနော်တို့ လူတောထဲသွားနေတဲ့ နိုင်ငံခေါင်းဆောင်ကို အချိန်မရွေး လုပ်ကြံနိုင်တယ်ဆိုတဲ့အတွေး ရလိုက်တယ်။ အဲဒီအတွေးနဲ့ အရမ်းကြောက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုနေမှာ ဒေါ်အောင်ဆန်းစုကြည် တခုခု ဒီလိုဖြစ်ကြည့် တိုင်းပြည်က ထိန်းလို့တောင် ရပါ့မလား မသိဘူး။ ကသောင်းကနင်း ဖြစ်သွားမယ်။ အခု လုံခြုံရေးအနေအထားအရ ဘာမှ စိတ်မချရဘူး ဖြစ်နေတယ်။ သိပ်မကြာသေးခင်မှာပဲ ကျနော့် တပည်လေးတယောက်က တမတ်သားလောက် ဆွဲကြိုးလေးကို ဆွဲပြီးသွားတာကို နောက်ကနေ ဖြုတ်ပြီးလုသွားတယ်။ အဲဒီတော့ ဘာမဟုတ်တဲ့ မြို့တော်ခန်းမဘေးမှာ အမျိုးသမီးတယောက်က ဖုန်းပြောနေတာ၊ ဖုန်းလုပြေးတယ်ဆိုတော့ ကျနော်တိုတွေက မလုံခြုံတော့တဲ့ဘဝကို ရောက်နေတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ သတင်းထုတ်ပြန်ခြင်း နှေးကွေးတာ။ ပွင့်လင်းမြင်သာမှု မရှိဘူး။ သတင်းထုတ်ပြန်တာ နှေးကွေးတယ်ဆိုလို့ရှိရင် နိုင်ငံတကာမှာ သို့လောသို့လောဆိုတဲ့ ထင်မြင်ချက်တွေ၊ ဖေဘုတ်တွေ လူမှု့ကွန်ရက်တွေမှာ ပြန့်ပွားနေတဲ့ သတင်းတွေက အမှန်တွေလား၊ အမှားတွေလားဆိုတာ ဘယ်သူမှလဲ မခွဲခြားတတ်ဘူး။ အဲဒီတော့ ဒီလိုမျိုး သတင်းထုတ်ပြန်တာ အားနည်းနေတာက ဘယ်သူမှာ တာဝန်ရှိတယ်လို့ ထင်ပါသလဲ။ ဥပမာ နိုင်ငံတော်သမ္မတရုံးမှာ တာဝန်ရှိသလား။ ပြန်ကြားရေးဌာနမှာ တာဝန်ရှိသလား။ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ တာဝန်မရှိပေဘူးလား။
ဦးခင်မောင်ညို ။ ။ ပြည်သူ့ရဲတပ်ဖွဲ့ကတော့ တာဝန်ရှိတယ်။ ဒါပေမဲ့ ပြန်ကြားရေးက သူယူထားတာ သတင်းစာ (၃) စောင်လောက်ရှိတယ်။ သတင်းထောက်တွေရှိတယ်။ သူတို့ကလည်း သတင်းစာရှင်းလင်းပွဲကို လုပ်ပေးရမယ်။ သူတို့က Information ကို Access လုပ်ဖို့ရာ သူတို့က အကောင်းဆုံးလူတွေ။ သူတို့လုပ်ရင် အားလုံးရရမယ်။ သူတို့ လုပ်ပေးရမယ်။ ကျန်တဲ့ သတင်းဌာနတွေကို သူတို့ပဲ ပေးရမယ်။ အဲဒီတော့ မှန်ကန်တဲ့သတင်း ဟုတ်မဟုတ်ကို သိဖို့က ပြန်ကြားရေးဝန်ကြီးဌာနက အတော်လေးကို တာဝန်ရှိတယ်။ ဒါပေမဲ့ ဒီဟာကို ရဲကမထုတ်ပေးဘူးဆိုရင်တာ့ ဘယ်လိုမှ လုပ်လို့မရဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ အခုဆိုရင် လေဆိပ်လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ လူမှု့ကွန်ရက်တွေမှာ ဟာသ, သဘောတွေ ပြောနေကြတာ လုံခြုံရေးတိုးမြှင်လိုက်ပြီဆိုပြီး အုတ်နီခဲပုံကြီးတွေ ပြထားကြတယ်။ လေဆိပ်လုံခြုံရေးကဆိုပြီးတော့ တက္ကစီဒရိုင်ဘာတွေရဲ့ သတ္တိကို ချီကျူးကြတာတွေပေါ့။ လေဆိပ်လုံခြံရေးအပိုင်းမှာလည်း လေဆိပ်လုံခြုံရေးကို တာဝန်ရှိတာကလည်း ရှင်းရှင်းပြောရရင် ပြည်သူ့ရဲတပ်ဖွဲ့ပေါ့။ ပြည်သူ့ရဲတပ်ဖွဲ့ကလည်း ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ပါဝင်တယ်။ ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ခံတဲ့ ပုဂ္ဂိုလ်ကတော့ အရပ်သားအစိုးရဆိုပေမယ့် သမ္မတကြီးဦးထင်ကျော်အနေနဲ့ ထိထိရောက်ရောက် အာဏာသက်ရောက်မှု မရှိဘူး။ သြဇာသက်ရောက်မှု မရှိဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဘက်က ကြည့်မယ်ဆိုရင်လည်း ဒါ သူ့သြဇာ တိုက်ရိုက်မသက်ဆိုင်ဘူး။ တိုက်ရိုက်သက်ဆိုင်တဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်လို့တော့ ယူဆရတာပေါ့။ ဒီနေ့အထိလည်း ကာကွယ်ရေးဦးစီးချုပ်ဆီက ဘာသံမှလည်း မကြားရသေးဘူးဆိုတော့ ကိုမြအေးအနေနဲ့ ဘယ်လို စမ်းစစ်လို့ရလဲရှင့်။
ကိုမြအေး ။ ။ အားနည်းချက်တွေက အများကြီး။ ဖွဲ့စည်းပုံအရဆိုရင်တော့ ပြည်ထဲရေးနဲ့ ပတ်သက်ပြီး တာဝန်ခံရမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်။ ဒါပေမဲ့ ဒီနေရာမှာ ကျနော် စဉ်းစားတာက ဒီကိစ္စက သာမန်လူသတ်မှုတခု မဟုတ်ဘူး။ နိုင်ငံရေးနဲ့ ဆက်စပ်တယ်လို့ တွေးရင်တွေးလို့ရတယ်။ ဘာမှအချက်အလက်မရှိသေးလို့ ဘာမှမပြောတာသေးတာ။ ဒီကိစ္စကို ဖြေရှင်းတဲ့အခါမှာ သူ့ဘက်ကိုယ်ဘက်ဆိုပြီး အပြစ်တွေတင် ဖြေရှင်းလို့မရဘူးလို့ ကျနော်ကတော့ အဲဒီလို ယူဆတယ်။ ပေါင်းရတော့မှာ၊ လုပ်ရတော့မှာ။ စောစောက ကျနော်ပြောသလို ကျနော့်အသက် (၅၁) နှစ်ထဲမှာ ဒီလိုမျိုး ဖြစ်ရပ်မျိုးကို တကြိမ်မှ မကြုံဖူးဘူး။ ဒါက First time. ကျနော် မကြုံခဲ့ဘူးသလို လေဆိပ်မှာ တာဝန်ကျတဲ့ ပုဂ္ဂိုလ်တွေလည်း ကြုံခဲ့ဖူးမှာ မဟုတ်ဘူး။ ကျနော်တို့နိုင်ငံမှာ အစဉ်အလာ မရှိခဲ့ဘူး။ ဖဆပလခေတ်တုန်းက ပျူစောထီးတပ်ဖွဲ့တွေ ဘာတွေ ရှိခဲ့တာ။ ဒါတွေ ကျနော်တို့ မမီခဲ့ဘူး။ လေဆိပ်က တာဝန်ကျတွေ မကြုံဘူးတဲ့အခါမှာ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားမယ်လို့ မထင်ဘူး။ အဲဒီတော့ ဒါတွေက အားနည်းချက်တွေတော့ ရှိခဲ့တယ်။ အဲဒီတော့ တခုရှိတာက ဆရာဦးကိုနီရဲ့ နာရေးမှာကော၊ ဦးနေဝင်း နာရေးမှာကော ရန်ကုန်တိုင်း စစ်တိုင်းမှူးကိုယ်တိုင် လာတက်သွားတယ်။ တပ်မတော်က၊ စစ်တပ်ဘက်ကနေ ကြေညာချက်တွေထုတ်ပြီးတော့ ရှာဖွေသွားမယ်ဆိုတာရှိတယ်။ ဒါတွေဟာ ဘယ်လောက်အထိ အလုပ်ဖြစ်လာမလဲ။ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်သွားမလဲ။ ဘယ်လောက်အထိ လုံခြုံရေးကို ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ပြီး လုပ်ကိုင်သွားမလဲဆိုတာ ပိုအရေးကြီးတယ်လို့ မြင်တယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ရှေ့နေကြီးဦးကိုနီနဲ့ ပတ်သက်ပြီးတော့ အမှတ်ရစရာ ဘာတွေများ ရှိပါသလဲ။ ပြောပြပေးပါအုံး။
ဦးကောင်းသန့် ။ ။ သူမဆုံးခင်မှာ ညစာစားပွဲ ကျနော်ထင်ပါတယ် (၂) ပတ်သာသာလောက်က ညစာစားပွဲ တွေ့တဲ့အခါမှာ သူပြောတဲ့အရာတွေက အခုနပြောသလို သက်ဆိုင်ရာ အတိုင်ပင်ခံ ပုဂ္ဂိုလ်
နဲ့တောင်မှ တွေ့ဖို့က အရမ်းခက်တယ်။ အဲဒီတော့ မှန်ကန်တဲ့ သတင်းစကားတွေကို သက်ဆိုင်ရာ လူတွေဆီရောက်ဖို့လည်း ခက်တယ်ဆိုတာမျိုးလေးပေါ့။ အဲဒီတော့ ကျနော်တို့ ဘာတွေးသလဲဆိုတော့ အခုနပြောသလို တာဝန်ခံမှု၊ တာဝန်ယူမှုက ကျနော်တို့နိုင်ငံမှာ အရမ်းအားနည်းတယ်။ တခုခုကို တာဝန်ရှိတဲ့လူက တာဝန်ခံရမယ်။ တာဝန်ယူရမယ်။ သူ့တာဝန်ကို သူက ကျေပြွန်အောင် လုပ်ရမှာ။ အခုန ပြောသလို တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘဲနဲ့ (၂၄) နာရီ မပြည့်သေးခင်မှာ သတင်းထုတ်သင့်တယ်။ အဲဒီလို သတင်းထုတ်လိုက်ပြီဆိုရင် ကောလဟလတွေ မပြန့်တော့ဘူး။ အခု သတင်းမထုတ်လိုက်တဲ့အတွက် Facebook ပေါ်မှာ ကောလဟလတွေက တအားပြန့်ပြီးတော့ ယုန်ထင်ကြောင်ထင်တွေ ဖြစ်ကုန်ပြီး ဟိုလူလုပ်သလိုလို၊ ဘာသာရေးကြောင့် ဖြစ်သလိုလို၊ နိုင်ငံရေးကြောင့် ဖြစ်သလိုလို အဲဒီလို ယောင်ထင်ယောင်ထင်တွေ ဖြစ်သွားတယ်။ ပိုပြီးတော့ တိုင်းပြည်က စိတ်ဝမ်းကွဲသွားတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဆရာအနေနဲ့ ဆရာဦးကိုနီ က နာမည်ကြီးပေါ့။ ဒါကတော့ တနိုင်ငံလုံးလည်း သိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ကို တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့လူတယောက်။ ထုံးလိုကြေ ရေလိုနောက် ပြောလို့ရအောင် ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဂျက်ကျလက်ကျ အမြဲတမ်း ပြောခဲ့တဲ့လူ။ သူရေးခဲ့တဲ့ စာအုပ်လေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါအုံး။
ဒေါက်တာခင်မောင်ညို ။ ။ သူက တရားခွင်က တိုက်ပွဲများဆိုတဲ့ စာအုပ်ကို ရေးတဲ့အချိန်မှာ ကျနော်နဲ့ ဆရာကောင်းသန့်တို့က အမှာစာလေး ရေးပေးရတယ်။ သူ့စာအုပ် ဖတ်ကြည့်လိုက်တဲ့အခါမှာ စာရေးဆရာတယောက် မွေးဖွားလာပြီလို့ ကျနော်က သိတယ်။ ကျနော်တို့က အရမ်းဝမ်းသာသွားတယ်။ သူပြောလေ့ရှိတဲ့ဟာက တကယ့်တကယ်တော့ အခြေခံဥပဒေကို ပြင်ဆင်တာ မဟုတ်ဘူး။ သူက အသစ်ပြန်ရေးမယ်ဆိုတာ တခုရှိတယ်။ နောက်တခုက Religious Harmony Act ဆိုတာလေးကို သူ သဘောကျတယ်။ အထူးသဖြင့် စင်္ကာပူမှာ ကလေးဘဝကနေ စပြီးတော့ ဟိန္ဒူ၊ မူစလင်၊ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာတွေ ဒီ (၄) ဖွဲ့ဟာ အတူတကွ၊ သဟဇာတဖြစ်အောင်လို့ သူတို့ ဘုရားကျောင်းသွားမယ်။ ဒီနေ့က ဘယ်သွားမယ်ဆိုပြီး ကလေးတွေကို အတူတူထားပြီး လုပ်သွားတာ တယောက်နဲ့တယောက် နားလည်တယ်။ အဲဒီ Act လေးကို လုပ်ချင်တယ်။ အဓိကတော့ သူလုပ်ချင်တဲ့ Religious Harmony Act ဘာသာရေးသဟဇာတ ဖြစ်မှု အခြေခံဥပဒေလေးကို သူမလုပ်သွားရဘူး။ သူလုပ်ချင်တဲ့ဟာ … ဒါလေးကိုတော့ ဖြစ်စေချင်တယ်။ သူက အမှန်တရားကို မြတ်နိုးတယ်။ အမှန်တရားကို အမြဲတမ်း ပြောတယ်ဆိုတယ်။ ကျနော်တို့ ငြင်းခုန်တာလည်း ရှိပါတယ်။ အခုနောက်ပိုင်းမှာ သူက တော်တော်လေးကို တည်ငြိမ်လာပြီးတော့ သူ သဘောပေါက်သွားတာက ဒီနိုင်ငံရေးဆိုတာ ဘာလဲဆိုတာ သူ သဘောပေါက်သွားတဲ့အချိန်မှာ ကျနော်တို့ကတော့ သူကို နှမြောတယ်ဆိုတဲ့ဟာက ကျနော်တို့တိုင်းပြည်အတွက် အကျိုးတခုခုရှိအောင် လုပ်နိုင်တယ်လို့ ကျနော် ယူဆတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ကျမနဲ့ဆို သက်တူရွယ်တူလို့ ပြောလို့ရပါတယ်။ နောက်ပြီးတော့ ကျမတို့အားလုံး ဒီမြန်မာနိုင်ငံမှာ မွေးပြီးတော့၊ ဒီမြန်မာနိုင်ငံမှာ ကြီးပြင်းလာကြတယ်။ ကျမ ငယ်ငယ်တုန်းက မူစလင်သူငယ်ချင်းတွေ အများကြီးရှိတယ်။ ဟိန္ဒူသူငယ်ချင်းတွေလည်း အများကြီးရှိတယ်။ ခရစ်ယာန်သူငယ်ချင်းတွေလည်း အများကြီးရှိတယ်။ အားလုံးဟာ သဟဇာတ မျှမျှတတနဲ့ အမိမြန်မာပြည်ကို ချစ်ခဲ့ကြတယ်။ အလားတူပဲ ဦးကိုနီကလည်း ချစ်ခဲ့တယ်။ ကျမတို့ ဒီနေ့ဆွေးနွေးပွဲမှာ ဆရာဦးကိုနီ ကို ဂုဏ်ပြုရင်းနဲ့ ကျမတို့အားလုံး ဘာသာတရား ကွဲပြားတာတွေ၊ မကွဲပြားတာတွေ မဟုတ်ဘူး။ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ကြီးပြီးတော့ အားလုံးအတူတကွ ရှေ့လျှောက်ပြီးတော့ အေးအတူပူအမျှ သဟဇာတ အတူတူနေသွားကြရအောင်လို့ ဆုတောင်းပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ရန်ကုန်လေဆိပ်မှာ အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လေ့လာသူတွေရဲ့ သဘောထားအမြင်ကို ရန်ကုန် Studio မှာ VOA မြန်မာပိုင်းအစီအစဉ်ရဲ့ အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က တွေ့ဆုံဆွေးနွေးပြီးတော့ တင်ဆက်ခဲ့တာပါ။ ဒီဆွေးနွေးပွဲ ကျင်းပပြီး နောက်တရက်မှာပဲ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြစ်မှုကျူးလွန်တဲ့အခါမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရားခံအောင်ဝင်းဇော် ကို ဖားအံမြို့မှာ ဖမ်းဆီးရမိတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။